ဆောင်းပါး

ဦးကိုနီ ဆုံးတာ တနှစ်ပြည့်ပေမယ့် မေ့မရသေး

Want create site? Find Free WordPress Themes and plugins.

ထင်ရှားသော မွတ်ဆလင် ရှေ့နေ ဦးကိုနီသည် ဆယ်စုနှစ် ၄ ခုကျော် မရေမတွက်နိုင်သော မိသားစုများ၊ လူပုဂ္ဂိုလ်များအတွက် အမှုများ လိုက်ပါဆောင်ရွက်ပေးခဲ့သူတဦး ဖြစ်သည်။ သို့သော် တနေ့နေ့တွင် သူကိုယ်တိုင် ထိပ်တန်းရာဇဝတ်မှုတခု၏ သားကောင်ဖြစ်လာလိမ့်မည်ဟု မည်သည့်အချိန်ကမျှ တွေးခဲ့လိမ့်မည် မဟုတ်ပါ။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ ၊ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်၊ လူမြင်ကွင်းတွင် ဦးကိုနီသည် သေနတ်သမားတဦး၏ အနီးကပ်ပစ်ခြင်းကို ခံခဲ့ရသည်။ ဦးကိုနီ သတ်ဖြတ်ခံခဲ့ရမှုသည် သတင်းများတွင် ဆွေးနွေးပြောဆိုမှု အများဆုံး ကိစ္စများအနက် တခုဖြစ်ခဲ့သည်။ ဦးကိုနီသည် သေဆုံးချိန်တွင် အသက် ၆၃ နှစ် ရှိပြီဖြစ်သည်။

ဦးကိုနီသတ်ဖြတ်ခံခဲ့ရမှုက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ၁ နှစ်တင်းတင်းပြည့်ပြီ ဖြစ်သော်လည်း လုပ်ကြံမှု၏ နောက် ကွယ်မှ အကြောင်းရင်းက ယနေ့အထိ မသဲကွဲသေးပါ။ အာဏာရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥပဒေ အကြံပေးတယောက် ဖြစ်ခဲ့သော ဦးကိုနီသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ တယောက်လည်း ဖြစ်သည်။ တပ်မတော်က ရေးဆွဲခဲ့ပြီး ဒီမိုကရေစီနည်းလမ်းနှင့်မညီဟု ဝေဖန်ခံနေရသည့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲနိုင်ရေး ကာလရှည်ကြာစွာ တောင်းဆိုကြိုးပမ်းခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ရေးအပေါ် သူ၏ စိတ်အားထက်သတ်မှုက သူသေဆုံးခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်ဟု အများစုက ထင်ကြေးပေးခဲ့ကြသည်။ လုပ်ကြံသတ်ဖြတ်ရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ ကျေနပ်လောက်စရာအဖြေ ယခုအချိန်အထိ မရှိသေးသော်လည်း ပြည်ထဲရေးဝန်ကြီးကမူ အမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် သံသယရှိသူများ၏ ပုဂ္ဂိုလ်ရေးမုန်းတီးမှုတခုဖြစ်ပြီး ဦးကိုနီ၏ နိုင်ငံရေးလုပ်ဆောင်မှုများကို မုန်းတီးခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း NLD ဥပဒေအကြံပေး၏ ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများကို အဆုံးသတ်သွားစေချင်သည့် ပိုမိုသြဇာကြီးမားသူများ ပါဝင်ပတ်သက်နေနိုင်သည်ဟု အများစုက သံသယရှိကြသည်။

စစ်ကိုင်းတိုင်း၊ ကသာဇာတိ ဦးကိုနီသည် ရန်ကုန်တက္ကသိုလ်သို့ ၁၉၇၁ ခုနှစ်တွင် ဥပဒေပညာသင်ယူရန် ရောက်ရှိခဲ့သည်။ ဆင်းရဲနွမ်းပါးသော မိသားစုမှ မွေးဖွားလာခဲ့သူဖြစ်သည့်အတွက် တက္ကသိုလ် ပညာသင်ယူစဉ်ကာလတလျှောက်လုံး ကျောင်းစရိတ်အတွက် ကိုယ်တိုင်အလုပ်လုပ်ကာ ရှာဖွေခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင် ဦးကိုနီ ဥပဒေပညာဘွဲ့ရရှိခဲ့သည်။

မောင်ကိုနီ ကလောင်နာမည်ဖြင့် ဥပဒေနှင့်သက်ဆိုင်သည့် ဆောင်းပါးနှင့် စာအုပ်အများအပြား ရေးသားခဲ့ပြီး အများပြည်သူကို ဥပဒေအကြောင်း အသိပညာပွားစေခဲ့သည်။ ဝါရင့်သတင်းစာဆရာနှင့် စာရေးဆရာ မောင်ဝံသက ဦးကိုနီ၏ ခက်ခက်ခဲခဲ လိုက်ပါဆောင်ရွက်ခဲ့ရသော တရားမမှုများအကြောင်း ဖတ်ရှုရင်း ဦးကိုနီက သူ့ကို နာမည်ကြီး အမေရိကန် စုံထောက်ဝတ္ထုများ၏ ဇာတ်ကောင် ပယ်ရီမေဆင် Perry Mason ကို သတိရမိစေသည်ဟု ချီးမွမ်းရေးသားဖူးသည်။ ဦးကိုနီက တရားမမှုများကို အဓိကလိုက်ပါဆောင်ရွက်ပြီး ပယ်ရီမေဆင်က ရာဇဝတ်မှုများကို အဓိကကိုင်တွယ်ခြင်းကတော့ ကွာခြားသည်ဟု ဆိုထားသည်။

ဦးကိုနီ သေဆုံးအပြီး ဥရောပသမဂ္ဂမှ ပေးသော Schuman Award ဆု/မျိုးမင်းစိုး/ဧရာဝတီ

“တရားမမှုတွေ လိုက်ပါဆောင်ရွက်တဲ့အခါမှာ ဦးကိုနီဟာ ရှေ့နေကြီးပယ်ရီမေဆင်လိုပဲ မတရားသဖြင့် ခံရသူဘက်က လိုက်ပါလေ့ရှိတယ်။ လူလိမ်၊ လူကောက်တွေဘက်က မှားယွင်းပြီး မလိုက်မိအောင် ရှောင်ရှားသူ၊ ဓမ္မနဲ့ အဓမ္မမှာ ဓမ္မသမားဘက်ကပဲ အမြဲရပ်တည်ခဲ့သူလို့ ဂုဏ်သတင်း ထင်ရှားပါတယ်” ဟု မောင်ဝံသက ချီးမွမ်းရေးသားခဲ့ဖူးသည်။

ဦးကိုနီ ကွယ်လွန်သည့်အခါ ဇနီးနှင့် သားသမီး ၃ ယောက် ကျန်ရစ်ခဲ့သည်။ အသက် ၃၄ နှစ် အရွယ် မယဉ်နွယ်ခိုင်က သမီးအကြီးဆုံး သမီး ဖြစ်သည်။

မယဉ်နွယ်ခိုင်နှင့် ကွယ်လွန်သူဖခင် ဦးကိုနီတို့ နောက်ဆုံးပြောဆိုခဲ့သည့် အကြောင်းအရာမှာ ချယ်ရီသီးများအကြောင်း ဖြစ်သည်။ ထိုနေ့က အင်ဒိုနီးရှားနိုင်ငံမှ ပြန်လာသူဖခင်ကို ကြိုရန် မယဉ်နွယ်ခိုင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရှိနေခဲ့သည်။ ဦးလေးဖြစ်သူက လေဆိပ်ကို ကားမောင်းပို့ပေးခဲ့ပြီး သူနှင့်အတူ တူဖြစ်သူကိုလည်း လေယာဉ်ကွင်းသို့ ခေါ်လာခဲ့သည်။

ဦးကိုနီ ဂိတ်ပေါက်မှ ထွက်လာပြီးနောက် မြေးဖြစ်သူအတွက် ချယ်ရီသီးများ ဝယ်လာခဲ့ကြောင်း ပြောပြပြီး “ချယ်ရီသီး ဒီကောင် မစားဖူးသေးဘူးနော်” ဟု သမီးဖြစ်သူကို မေးသည်။ “ပါးပါးရယ် ချယ်ရီသီးက ချဉ်တယ်နော် သူ စားပါ့မလား” ဟု မယဉ်နွယ်ခိုင်က ဆိုသော်လည်း ဦးကိုနီက ယင်းချယ်ရီသီးများကို မြည်းကြည့်ပြီး ဖြစ်သဖြင့် မချဉ်ကြောင်း၊ မြေးဖြစ်သူ ကြိုက်လိမ့်မည်ဟု ပြောသည်။

အဖြစ်အပျက်များ အားလုံးက လျှင်မြန်စွာပင် ဖြစ်ပျက်သွားခဲ့သည်။ မယဉ်နွယ်ခိုင်က ဦးလေးဖြစ်သူကို Terminal အပေါက်ဝရှေ့ တွင် ဖုန်းခေါ်နေချိန် ဖောက်ကနဲ အသံတခုကို ကြားလိုက်ရပြီး ဖခင်ဖြစ်သူကလည်း ကလေးကိုချီထားရင်း လဲကျသွားသည်ကို တွေ့လိုက်ရသည်။ ဆရာဝန်တယောက်ဖြစ်သည့်အလျောက် ပထမဆုံးတွေးမိသည်က ဖခင်ဖြစ်သူ ရုတ်တရက် လေဖြတ်သွားသည်လားဟု ဖြစ်သည်။ ချက်ချင်း အနားသို့ ပြေးသွားလိုက်သည်။ ဦးကိုနီ၏ ဦးခေါင်းမှ သွေးများယိုစီးထွက်လာသည်ကို မြင်သည့်တိုင် သူကြားလိုက်သော အသံသည် ဖခင်ဖြစ်သူ၏ ဦးခေါင်းထဲ ဖောက်ဝင်သွားကာ အသက်ကို နှုတ်ယူသွားသော သေနတ်သံဟု သူ မတွေးခဲ့မိပါ။

“သေနတ်ဆိုလည်း မမြင်ဖူးဘူး အပြင်မှာ။ ပစ်တာ၊ ခတ်တာတွေလည်း မမြင်ဖူးဘူးလေ။ ချက်ချင်းကျတော့ မဆက်စပ်မိဘူး” ဟု မယဉ်နွယ်ခိုင်က ဖခင် သေနတ်အပစ်ခံရသည့်အချိန်က အကြောင်းကို ပြန်ပြောပြသည်။

ယင်းအဖြစ်အပျက်သည် သူ့ဘဝအတွက် အလွန်ကြီးမားသော ရိုက်ခတ်မှုတခု ဖြစ်ခဲ့သော်လည်း တည်တည်ငြိမ်ငြိမ်နှင့် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်ဟု မယဉ်နွယ်ခိုင်က ဆိုသည်။

“လက်ခံလိုက်တယ် ပြီးသွားပြီပေါ့။ It’s finished. ဘယ်သူပဲ လုပ်သွား၊ လုပ်သွား။ သေသွားပြီဆိုတာ အမှန်တရား၊ လက်ခံရမယ့်ကိစ္စ။ အခု လူတယောက်က သေသွားပြီဆိုတော့ ဒါကို အမတို့က ဘာဆက်လုပ်မှာလဲ၊ ဒီကိစ္စကို အခုလောလောဆယ် ဘယ်လိုဆက်ကိုင်တွယ်မလဲ။ ဒါကို အမ ငိုနေလို့ မရဘူး” ဟု မယဉ်နွယ်ခိုင်က ဖခင်ဖြစ်သူ အသတ်ခံရပြီးပြီးချင်း အချိန်တွင် သူ့ကိုယ်သူ မည်ကဲ့သို့ တည်ငြိမ်အောင် ပြုလုပ်ခဲ့ရသည် ဆိုသည်ကို ပြန်ပြောပြသည်။

ဖခင်ဖြစ်သူ သေဆုံးသွားခြင်းသည် သူ့အတွက် အရာရာဆုံးရှုံးသွားခြင်း ဖြစ်သည်ဟု သူကပြောသည်။

“ခိုင်းနှိုင်းစရာ စကားလုံးမှ မရှိတာ။ အစားလည်း ပြန်မရနိုင်တဲ့ အရာမျိုးလေ။ ဒါက လူတိုင်းနားလည်နိုင်တဲ့ ခံစားမှုမျိုးပါ” ဟု မယဉ်နွယ်ခိုင်က ဆိုသည်။

Laurel Law Firm ရုံးခန်းတွင် ယခု ဆောင်းပါးအတွက် ဓာတ်ပုံရိုက်ခံသော မယဉ်နွယ်ခိုင်/ တင်ထက်ပိုင်

“မူနှင့်နေသူ”

အခြားသော မွတ်ဆလင် သားသမီးများကဲ့သို့ပင် မယဉ်နွယ်ခိုင်က သူ၏ ဖခင်ကို “ပါပါ” ဟု ခေါ်သည်။ ဖခင် ဦးကိုနီသည် မျက်နှာထားတည်တည်နှင့် နေတတ်သူ ဖြစ်ပြီး သားသမီးများနှင့် ရောရောနှောနှောနေကာ နွေးထွေးမှုကို “ပြ” တတ်သူ မဟုတ်ဟု ဆိုသည်။ ဆူပူ အော်ငေါက်ခြင်း မရှိသော်လည်း ခပ်တည်တည်နေတတ်မှုကြောင့် ဖခင်ဖြစ်သူကို ကြောက်ရသည်ဟု မယဉ်နွယ်ခိုင်က သူငယ်စဉ်က ဖခင်ဦးကိုနီ၏ ပုံရိပ်ကို ပြန်ပြောင်းပြောပြသည်။

မယဉ်နွယ်ခိုင်သည် လက်ရှိတွင် ရန်ကုန် သူနာပြုတက္ကသိုလ်၌ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်နေပြီး သူ၏ အသက်မွေးဝမ်းကျောင်းတလျှောက် ထောက်ခံခဲ့ခြင်းနှင့် သားသမီးများ ဆုံးဖြတ်ချက်ချရာတွင် မည်သည့်အခါကမှ ဖိအားမပေးခဲ့သည့်အတွက် ဖခင်ဦးကိုနီကို ကျေးဇူးတင်ရသည်ဟု ဆိုသည်။ ဆရာဝန်တယောက် ဖြစ်ချင်ကြောင်း ပြောပြသည့်အခါ ဖခင်ဦးကိုနီ တုံ့ပြန်ခဲ့ပုံကို ယနေ့တိုင် အသေးစိတ်မှတ်မိနေဆဲ ဖြစ်သည်။

“လောကမှာ အလုပ်နှစ်မျိုးက သူများအပူ ကိုယ့်အပူဖြစ်တယ်၊ ဆရာဝန်နဲ့ ရှေ့နေတဲ့။ တသက်လုံးစာ သူများအပူကို ကိုယ့်အပူ ယူနိုင်တယ်ဆိုရင် လုပ်၊ မတားဘူး။ ဘဝမှာ ကိုယ့်ဘာသာကိုယ် ရွေးချယ်၊ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်တာဝန်ယူရမယ်ပေါ့” ဟု ဦးကိုနီ၏ ဆုံးမစကားကို မယဉ်နွယ်ခိုင်က ပြောပြသည်။

“စည်းကမ်းနဲ့ ဘောင်ကို သူ့ရဲ့ လုပ်ဆောင်မှုတွေကနေတဆင့် သင်တဲ့ အဖေမျိုးနဲ့တူတယ်” ဟု ဦးကိုနီကို မယဉ်နွယ်ခိုင်က အဓိပ္ပါယ်ဖွင့်ဆိုသည်။

“စကားတွေအများကြီး ပြောပြီး မသင်ဘူး။ အော်တာ၊ ရိုက်တာ၊ ဆူတာမျိုးတွေနဲ့လည်း မသင်ဘူး။ သူက စကားနည်းနည်းပဲ ပြောတယ်။ သူလုပ်စေချင်တဲ့ဟာကို အမတို့ကို မသိမသာနဲ့ လေ့ကျင့်ပေးသွားတယ်” ဟု ပြောသည်။

Laurel Law Firm ရုံးခန်းတွင် ယခု ဆောင်းပါးအတွက် ဓာတ်ပုံရိုက်ခံသော ကိုစန်းနိုင်/ တင်ထက်ပိုင်

ဖခင်တယောက်သဖွယ်

ဦးကိုနီ၏ တပည့်သားအဖြစ် နှစ်ပေါင်း ၂၀ ကျော် အနီးကပ်နေခဲ့သော ကိုစန်းနိုင်က မယဉ်နွယ်ခိုင်၏ ဆုံးရှုံးမှုကို ပဲ့တင်ထပ်သည်။

၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဦးကိုနီထံ ကိုစန်းနိုင်ရောက်ရှိလာခဲ့သည်။ မိခင်ဖြစ်သူ ကွယ်လွန်သွားပြီးစတွင် ပညာရေးအပေါ် အာရုံမစူးစိုက်နိုင်သောကြောင့် ဦးကိုနီ၏ ရုံးခန်းတွင် အလုပ်လုပ်ရန် ရောက်ရှိလာခြင်းဖြစ်သည်။ ထိုနေ့မှ စ၍ ၂၀၁၇ ခုနှစ် ဦးကိုနီ သေဆုံးသည်အထိ ယင်းအလုပ်ကို ကိုစန်းနိုင် မထွက်ဖြစ်တော့ပါ။ သူ့အတွက် ဦးကိုနီက ဖခင်တယောက်သဖွယ်ဖြစ်သည်ဟု ကိုစန်းနိုင်က ဆိုသည်။

“သူက ကိုယ့်ကို မိဘမေတ္တာပေးတယ်။ မိဘလိုပဲ ဆက်ဆံတယ်။ ကိုယ်လည်း မိဘမေတ္တာ ငတ်နေတဲ့အချိန် သူ့ရဲ့ မေတ္တာနဲ့ တွေ့တယ်ထင်တယ်။ (အလုပ်) မထွက်ဖြစ်တော့ဘူး” ဟု ကိုစန်းနိုင်က ပြောပြသည်။

ကိုစန်းနိုင်သည် ရှေ့နေတဦးမဟုတ်သော်လည်း ဦးကိုနီ၏ အမှုကိစ္စများစွာအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။ ဦးကိုနီသည် ကျီးပေါင်းရှိသည့်အတွက် စာကြာကြာမရေးနိုင်သဖြင့် ဦးကိုနီ နှုတ်ကခေါ်သည့်စာများကို ကိုစန်းနိုင်က ချရေးပေးခဲ့ရသည်။ ဦးကိုနီ၏ စာအုပ်အမှာစာများတွင် သူ့ကို “အကြိမ်ကြိမ် စိစစ်ပေးခဲ့သော ရုံးအဖွဲ့မှူး ဦးစန်းနိုင်” ဟု ထည့်သွင်းဖော်ပြလေ့ရှိသည်ကို တွေ့နိုင်မည်ဖြစ်သည်။ ဦးကိုနီ၏ တရားရုံးလျှောက်လဲချက်များ၊ ဆောင်းပါးများ၊ စာအုပ်များအတွက် ကူညီပေးခဲ့ရသည့် နေ့ရက်များကို ကိုစန်းနိုင်က အမှတ်ရကာ ပြန်ပြောင်းပြောပြသည်။

အနီးကပ်ဖြတ်သန်းခဲ့ရသည့် နှစ်ပေါင်းများစွာကာလအတွင်း ဦးကိုနီသည် ကိုစန်းနိုင်အတွက် မိဘသဖွယ်၊ မိတ်ဆွေသဖွယ်၊ ဆရာသဖွယ်၊ လုပ်ဖော်ကိုင်ဖက်သဖွယ်၊ တိုင်ပင်ဖော်တိုင်ပင်ဖက်သဖွယ် ရှိခဲ့သည်ဟု ဆိုသည်။ ကိုစန်းနိုင်က သူ၏ အချစ်ရေးကိစ္စများကိုပင် ဦးကိုနီနှင့် တိုင်ပင်ခဲ့ဖူးပြီး ချစ်သူမိန်းကလေးနှင့်ပင် မိတ်ဆက်ပေးခဲ့ဖူးသည်ဟု ဆိုသည်။ သိကျွမ်းခဲ့သည့် ကာလများအတွင်း အမှတ်အရဆုံး အဖြစ်အပျက်များထဲမှ တခုမှာ ကိုစန်းနိုင် တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲ ထပ်မံကျသည့်နေ့ ဖြစ်သည်။

ရုံးခန်းတွင် စောင့်နေခဲ့သူ ဦးကိုနီကို ကိုစန်းနိုင်က စာမေးပွဲကျသည်ဟု ပြောလိုက်သည့်အခါ ဦးကိုနီတယောက် မျက်နှာနီမြန်းကာ ဒေါသတကြီးနှင့် တုံ့ပြန်ခဲ့သည်။

“မင်းကွာ ဒီတက္ကသိုလ် ဖိုင်နယ်ကို ပထမနှစ်လည်း ကျတယ်။ အခုလည်း ကျတယ်ဆိုတော့ မင်းက ဒီစာမေးပွဲတောင် အောင်အောင် မဖြေနိုင်ဘူးဆိုပြီး အသားကုန်ဆူတာ” ဟု ကိုစန်းနိုင်က ပြန်ပြောပြသည်။ ဒေါသတကြီး ဆူပြီးသည့်နောက် ဦးကိုနီက သူ၏ သူငယ်ချင်း ပါမောက္ခတဦးထံ ဖုန်းဆက်ကာ ကိုစန်းနိုင်ကို အပ်နှံပေးသည်ဟု ဆိုသည်။

“နောက်နှစ်မှာ အောင်ရင်အောင် မအောင်ရင် ဒီမှာ ငါ့သားသမီးကိုတောင် ပြောတာ မဟုတ်ဘူး။ ငါ မင်းကို ပြောမယ်နော်တဲ့ ဟိုမှာတွေ့လား တုတ်တဲ့၊ ငါရိုက်မှာ ၊ ငါ မင်းကို တကယ်ရိုက်မှာ၊ ငါညှာမယ်မထင်နဲ့ ဆိုပြီး အဲဒီဆရာကို ချက်ချင်း ဖုန်းလှမ်းဆက်ပေးတယ်” ဟု ကိုစန်းနိုင်က ရယ်ပြုံးပြုံးနှင့် ပြန်ပြောင်းပြောပြသည်။

“မိဘမရှိတော့တော့ နောက်ပိုင်း သူပဲတွယ်တာစရာ ရှိတာ။ အရင်က အလုပ်လည်း ရှိတယ်၊ ဆရာလည်း ရှိတယ်။ စာရေးလိုက်ကြ၊ စကားပြောကြ၊ ဆိုကြပေါ့။ အခုကျတော့ တော်တော်ဟာပါတယ်။ နေလို့ထိုင်လို့လည်း မထိဘူး။ အခုလည်း မထိပါဘူး” ဟု ကိုစန်းနိုင်က မျက်ရည်ဝဲရင်း ပြောပြသည်။

သူတို့နှစ်ဦး တယောက်ကိုတယောက် ၂၂ နှစ်ကြာ သိကျွမ်းခဲ့သော်လည်း နှစ်ဦးအတူတူ ရိုက်ထားသည့် ဓာတ်ပုံတပုံမျှ မရှိခဲ့ပါ။

ဦးကိုနီ အမှုတွင် တရားလို ဥပဒေအကျိုးတော်ဆောင် အဖြစ် လိုက်ပါနေသူလည်းဖြစ် ဦးကိုနီ၏ သူငယ်ချင်းဖြစ်သူ ရှေ့နေ ဦးနေလ/ တင်ထက်ပိုင်

တရားမျှတမှု တိုက်ပွဲ

ကြိုးတပ်မျက်မှန်နှင့် အမြဲတွေ့ရတတ်သည့် အရပ်ထောင်ထောင်မောင်းမောင်း ဦးကိုနီသည် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုအတွက် အမြဲတောင်းဆိုခဲ့သူတဦး ဖြစ်သော်သည်း သူသေဆုံးပြီး ၁ နှစ်ကြာသည့် အချိန်ထိ သူ့အတွက် တရားမျှတမှုကို မရရှိသေးပါ။

သေနတ်နှင့် ပစ်ခတ်ခဲ့သူ ကြည်လင်းနှင့် လုပ်ကြံမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသရှိသူ အခြား ၃ ဦးကို ရုံးတင် စစ်ဆေးနေသည်မှာ ၁၀ လ ရှိပြီ ဖြစ်သည်။ သို့သော်လည်း လုပ်ကြံမှု၏ နောက်ကွယ်တွင် အဓိက ပူးပေါင်းကြံစည်သူတဦး အဖြစ် ရဲအဖွဲ့က ဝရမ်းထုတ်ခဲ့သော ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်မှာ လွတ်မြောက်နေဆဲ ဖြစ်သည်။ ဝရမ်းပြေး ဖြစ်နေသည့် အောင်ဝင်းခိုင်နှင့် ပတ်သက်ပြီး သဲလွန်စအသစ် မတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ဇွန်လ အတွင်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ပြောကြားခဲ့သည်။ ယခုအချိန်အထိ တရားရုံးက သက်သေ ၈၀ အားလုံးနီးပါးကို စစ်ဆေးပြီး ဖြစ်သည်။

ဦးကိုနီ လုပ်ကြံခံရမှုအတွက် တရားမျှတမှု ရရှိရေး ကြိုးစားနေသည့် ရှေ့နေ ၂ ဦးမှာ ဦးကိုနီ၏ လုပ်ဖော်ကိုင်ဖက် ဦးခင်မောင်ဌေး နှင့် သူငယ်ချင်းဖြစ်သူ ဦးနေလတို့ ဖြစ်သည်။

ဦးနေလ နှင့် ဦးကိုနီတို့သည် ဥပဒေကျောင်းသားများအဖြစ် ရန်ကုန်တက္ကသိုလ်တွင် ၁၉၇၃ ခုနှစ် ကတည်းက စတင်သိကျွမ်းခဲ့ကြသည်။ ဦးကိုနီက ဦးနေလ ထက် ၂ နှစ်စော၍ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သော်လည်း နှစ်ဦးလုံးသည် နာမည်ကျော် ရှေ့နေကြီးဦးကိုယု၏ ရုံးခန်းတွင် အလုပ်သင် ဆင်းခဲ့ကြသည်။ ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းပြုရန် အတူတူရုန်းကန်ကြရင်း ဥပဒေသင်တန်းတခုတွင် ၃ နှစ်ခန့် အတူတူ သင်တန်းပို့ချပေးခဲ့ကြဖူးသည်။

ယင်းနောက် ဦးကိုနီက ဥပဒေသင်တန်းများနှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်တို့တွင် ဆက်လက်၍ စာသင်ပေးနေခဲ့သော်လည်း ဦးနေလက ၁၉၈၂ ခုနှစ်တွင် စာသင်ခြင်းကို ရပ်နားလိုက်ပြီး အမှုလိုက်ခြင်းကိုသာ အာရုံစိုက်ခဲ့သည်။ တခါတရံတွင် တရားရုံးများ၌ အမှုတခုတည်းကို သူတို့ ၂ ယောက်က တဘက်စီမှ ရှေ့နေလိုက်ကြရသည်များလည်း ရှိခဲ့ဖူးသော်လည်း တရားခွင် အပြင်ဖက်တွင် သူငယ်ချင်းကောင်းများအဖြစ် ရှိနေခဲ့ကြသည်ဟု ဦးနေလက ပြောပြသည်။

“တရားခွင်မှာ စစ်တဲ့ ဆေးတဲ့အပိုင်းမှာ အကြိတ်အနယ်တွေ ဖြစ်ခဲ့ကြပေမယ့် လူချင်းတွေ့တဲ့အခါကျရင်တော့ အဲဒီအမှုကိစ္စကို ဘယ်တော့မှာ မဆွေးနွေးဘူး” ဟု ဦးနေလက ပြောသည်။

ရှေ့နေအဖြစ်အသက်မွေးဝမ်းကျောင်းတလျှောက် အဆက်အသွယ်ရှိခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းကို အတူတကွ ပူးပေါင်းတည်ထောင်ခဲ့ကြသည်။

အသက်အရွယ်ကြီးလာချိန်အထိ ရည်ရွယ်ချက်တူ၊ ဆန္ဒတူသည့် အလုပ်များကို နီးနီးကပ်ကပ် လုပ်ကိုင်နေချိန်တွင် ယခုကဲ့သို့ ဆုံးရှုံးရခြင်းအတွက် ဖော်မပြနိုင်လောက်အောင် စိတ်ထိခိုက်ရသည်ဟု ဦးနေလက ဆိုသည်။

“ကိုယ့်သူငယ်ချင်း အသတ်ခံရတဲ့ကိစ္စကို (လိုက်ရမယ်လို့) ဘယ်တုန်းကမှ မစဉ်းစားခဲ့မိဘူး။ ကိုနီအသတ်ခံရလို့ သူ့အမှုကို တရားလိုဘက်က လိုက်ရမယ်လို့ကို တခါမှ မစဉ်းစားမိဘူး” ဟု ဦးနေလက ပြောသည်။

အမှုကို လိုက်ပါဆောင်ရွက်ပေးရန် ဦးကိုနီ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့် တိုင်ပင်ပြီး ဦးကိုနီ၏ Laurel Law Firm မှ ရုံးအဖွဲ့သားများက လာရောက်ညှိနှိုင်းသည့်အခါ မတုံ့မဆိုင်း လက်ခံကတိပေးခဲ့သည်ဟု ဦးနေလက ပြောသည်။

ဦးကိုနီအမှုကိစ္စသည် ဦးကိုနီတယောက်တည်း၏ ကိစ္စမဟုတ်ဘဲ ရှေ့နေအသိုင်းအဝိုင်းတခုလုံး၏ ကိစ္စဖြစ်ခြင်း၊ ဦးကိုနီ၏ သားသမီးများကိုလည်း ၎င်း၏သားသမီးများသဖွယ် သဘောထားကာ လိုက်ပါဆောင်ရွက်ပေးရန် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီအမှုကို သူ့အတွက် လိုက်ပါဆောင်ရွက်ပေးတဲ့ ကိစ္စဟာ သေဆုံး၊ အသတ်ခံရတဲ့သူ၊ ကွယ်လွန်သွားတဲ့သူအတွက် ပြီးပြည့်စုံအောင် မလုပ်ပေးနိုင်သေးဘူးလို့ အခုချိန်အထိ ခံယူထားတယ်။ သူသာ သက်ရှိထင်ရှား ရှိနေသေးရင် သူကျေနပ်နိုင်လောက်အောင် စွမ်းဆောင်မပေးနိုင်သေးဘူးလို့ ယူဆတယ်” ဟု ဦးနေလက ပြောသည်။

ဦးကိုနီသေဆုံးမှုက လူများစွာအပေါ် သက်ရောက်ခဲ့ပါက သူ၏ လုပ်ဖော်ကိုင်ဖက် ဦးခင်မောင်ဌေး အတွက်လည်း ခြွင်းချက်မရှိပါ။ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာမေဂျာဖြင့် ပညာသင်ကြားနေရင်း အလုပ်သမားသပိတ်ကိစ္စနှင့် ၁၉၇၅ ခုနှစ်တွင် အဖမ်းခံခဲ့ရသည်။ ၁၉၇၇ ခုနှစ်တွင် ထောင်မှပြန်ထွက်လာခဲ့ကာ ဦးကိုနီ၏ ဥပဒေသင်တန်းတွင် တက်ရောက်ခဲ့သည်။ ရှေ့နေဖြစ်လာသည့် ၁၉၈၀ ခုနှစ်မှစကာ ဦးကိုနီသည် သူ၏ အသက်မွေးဝမ်းကျောင်းအတွက် များစွာ လမ်းညွှန်ပုံဖော်ပေးခဲ့သည်ဟု ဦးခင်မောင်ဌေးက ပြောသည်။ ၁၉၉၅ ခုနှစ်တွင် ဦးကိုနီ၊ ဦးခင်မောင်ဌေးနှင့် အခြား ဝါရင့် ရှေ့နေတဦးတို့ ပူးပေါင်းကာ Laurel Law Firm ကို စတင်မှတ်ပုံတင် တည်ထောင်ခဲ့သည်။

“တဖက်သားကို အမြဲတန်းတူရည်တူ သဘောထားပြီး သူဆောင်ရွက်တယ်။ ကျနော်နဲ့ သူနဲ့ဆို ဆရာ၊ တပည့် ဆက်ဆံရေးလည်း ရှိတယ်။ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးလည်း ရှိတယ်။ သူငယ်ချင်းဆက်ဆံရေးလည်း ရှိတယ်။ များသောအားဖြင့် သူနဲ့ ကျနော်နဲ့ ကြားထဲမှာ ဆရာ၊တပည့်ဆက်ဆံရေးဆို သူမကြိုက်ဘူး။ အားလုံးတန်းတူရည်တူပဲ။ ရှေ့နေကြီးတွေ အချင်းချင်း ဆရာ၊ တပည့်မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေပါတဲ့” ဟု ဦးခင်မောင်ဌေးက ဦးကိုနီ၏ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်သော စိတ်အရင်းခံကို ပြောပြသည်။

ဦးကိုနီကို ဆုံးရှုံးလိုက်ရခြင်းသည် သူ့ကို အစဉ် ကြည့်ရှုစောင့်ရှောက်နေသော “အကိုကြီးတယောက်” မရှိတော့သကဲ့သို့ ဖြစ်သည်ဟု ဦးခင်မောင်ဌေးက ပြောပြသည်။

“သူ့အကူအညီဘယ်တော့မှ မရနိုင်တော့ဘူးဆိုတဲ့ အနေအထား ဖြစ်သွားတာပေါ့။ ကျနော်ဆို အသက်အရွယ်လည်း ရလာပြီဆိုတော့ ဆုံးမမယ့်သူက မရှိဘူး။ သူဆိုရင်တော့ အမြင်မတည့်တာရှိရင် တန်းပြောတာ။ မောင်ဌေး မင်းကတော့ ဘာဖြစ်နေပြီပေါ့။ အဲလို ဆုံးမမယ့်သူ၊ ဝေဖန်ပိုင်းခြားပြီး ပြောမယ့်သူ မရှိတော့ဘူး” ဟု ပြောသည်။

မွတ်ဆလင်ဖြစ်ခြင်းအတွက် ခွဲခြားဆက်ဆံခံရမှုများ ရင်ဆိုင်ခဲ့ရသော်လည်း ဦးကိုနီသည် သူ၏ ရှေ့နေအလုပ်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့သည်ဟု ဦးနေလက ပြောသည်။

“အန်ကယ်ရော သူရော ဆင်းရဲတာခြင်း အတူတူ သူ့ရဲ့ ရုန်းကန်လှုပ်ရှားမှုက အန်ကယ်တို့ထက် အများကြီးမြင့်တယ်။ ရှေ့နေလုပ်ငန်း လုပ်တဲ့အခါမှာလည်း ဘာသာခြားမို့လို့ အနှိမ်ခံရတဲ့ကြားက အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်” ဟု ဦးနေလက ပြောသည်။

အမျိုးသားရေးဝါဒီများက သူ၏ ကိုးကွယ်ယုံကြည်ရာ အစ္စလာမ်ဘာသာကို အစဉ်ထိုးနှက်ခဲ့ပြီး ဘုံရန်သူအဖြစ် ပုံဖော်ခဲ့သည့်တိုင် ဦးကိုနီက ပြန်လည်အာဃာတ မထားဘဲ သူသည် မြန်မာနိုင်ငံတွင် မွေး၊ မြန်မာနိုင်ငံသားတယောက်ဟုသာ ခံယူထားရှိသူဖြစ်သည်။ “ငါတို့အားလုံးဟာ မြန်မာနိုင်ငံသားဆိုတဲ့ စိတ်ဓာတ်ရှိဖို့ အင်မတန်အားပေးတဲ့သူ” ဟု ဦးခင်မောင်ဌေးက ဦးကိုနီ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် စိတ်ထားကို ပြောပြသည်။

မယဉ်နွယ်ခိုင်ကလည်း သူငယ်စဉ်ဘဝမှစကာ ဖခင်၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းလာသည့်တလျှောက် ဖခင်ဖြစ်သူက မတူသည့် ဘာသာ သို့မဟုတ် ကိုးကွယ်ယုံကြည်မှုတခုခုကို အပြစ်တင်၊ မုန်းတီးခြင်းမျိုး မကြားခဲ့ရဖူးပါဟု ဆိုသည်။ ဘာသာတရားတိုင်းကို လေးစားရန်နှင့် ဘာသာတိုင်းတွင် ကောင်းသည်ကို လုပ်ပြီး၊ မကောင်းမှုကို ရှောင်ကျဉ်ရန်ဟူသည့် အခြေခံမှာ တူတူပင် ဖြစ်ကြောင်း သူ၏ သားသမီးများကို ဦးကိုနီက သွန်သင်ခဲ့သည်ဟု မယဉ်နွယ်ခိုင်က ပြောသည်။

“ကိုယ်မကောင်းရင် ဘာသာက မကောင်းတာ မဟုတ်ဘူး။ ကိုယ်က မကောင်းတာပဲ ဖြစ်မယ်” မယဉ်နွယ်ခိုင်က ဦးကိုနီ သားသမီးများကို သွန်သင်ခဲ့သည့်စကားကို ပြန်ပြောင်းပြောပြသည်။

ဖခင်ဖြစ်သူ လုပ်ကြံခံရမှုကို တရားရုံးက စစ်ဆေးနေပြီး အမှုပြီးဆုံးသည့်အခါ မည်သည့် ရလာဒ်မှုမျိုးကို မျှော်လင့်ထားသနည်းဟု မေးသည့် အခါ တရားဥပဒေစိုးမိုးမှုနှင့် တရားဥပဒေမျှတမှုကို လိုချင်ကြောင်း မယဉ်နွယ်ခိုင်က ပြောသည်။ သူ၏ဖခင် အသက်ရှိစဉ်က စဉ်ဆက်မပြတ် ပြောဆိုခဲ့သည့်အတိုင်း “တရားဥပဒေကတော့ စိုးမိုးရမယ်” ဟု ချက်ချင်း တုံ့ပြန်သည်။

“လူတယောက်ကို နေ့ခင်းကြောင်တောင် ဒီလိုမျိုးလုပ်လို့ရတယ်။ ပြီးတော့ ဘာမှလည်း ဖြစ်မလာဘူးဆိုရင် အမတို့ မိသားစုအတွက်က အကြီးကြီး နစ်နာမှုဖြစ်သလို နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု ပုံရိပ်ကြီး အရမ်းထိသွားမှာပေါ့” ဟု မယဉ်နွယ်ခိုင်က ဆိုသည်။

“အဖေက ပြန်လည်း မရနိုင်တော့ဘူး။ ဒီကိစ္စအပေါ်မှာ မျှော်လင့်နိုင်တာဆိုလို့ တရားမျှတမှု။ ဒီတရားမျှတမှုဆိုတာ အားလုံးအတွက် အဖြေတခု ဖြစ်သင့်တယ်” ဟု သူက ဆိုသည်။

(တင်ထက်ပိုင်သည် ရန်ကုန် အခြေစိုက် အလွတ်တန်း သတင်းထောက်တဦး ဖြစ်သည်။ ယခင်က ဧရာဝတီသတင်းဌာနတွင် သတင်းထောက် အဖြစ် ၃ နှစ် ကြာလုပ်ကိုင်ခဲ့သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading