ဆောင်းပါး

သေဒဏ်အကြောင်း သိကောင်းစရာ

Want create site? Find Free WordPress Themes and plugins.

သမိုင်းမှတ်တမ်းများ စတင်သည့် အချိန်ကစ၍ ရာဇဝတ်သားများကို သေဒဏ်စီရင်ခြင်းကို လူ့အဖွဲ့အစည်း အားလုံး နီးပါးတွင် အသုံးပြုခဲ့ကြသည်။

သမိုင်းနောက်ကြောင်း

ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် အသုံးပြုသည့် (ဝေဒနာ မခံစားရစေရန်) သက်ညှာစွာဖြင့် သေဒဏ်စီရင်ခြင်း မစတင်မီအချိန်အထိ ရေနွေးပူပူဖြင့် သေသည်အထိပြုတ်ခြင်း၊ အရေခွံများ ကျွတ်ထွက်သည်အထိ ပြင်းထန်စွာ ရိုက်နှက်ခြင်း၊ တဖြည်းဖြည်းချင်း အလွှာလိုက် လှီးဖြတ်ခြင်း၊ ကားစင်တင်ခြင်း၊ တံကျင်လျှိုခြင်း၊ ခဲဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်း၊ ခေါင်းဖြတ်ခြင်းနှင့် သားရဲတိရိစ္ဆာန်များအား အစာ အဖြစ် ကျွေးခြင်း စသည်တို့ကို အသုံးပြုခဲ့ ကြသည်။

ရှေးအခါက သေဒဏ်စီရင်ခြင်းကို ယနေ့ခေတ်အခါဆိုလျှင် ခေတ်မမီတော့ဟု မြင်ကြမည့် အကြောင်းရင်း အမျိုးမျိုး အတွက် အသုံးပြုခဲ့ကြသည်။ အချို့ယဉ်ကျေးမှုများတွင် မှော်ပညာ၊ ဘာသာရေးကို ချိုးဖောက်ခြင်း၊ ဘုရားကို ပြစ်မှားပြောဆိုခြင်း၊ သဘာဝ မဟုတ်သည့် လိင်ဆက်ဆံခြင်း အပါအဝင် လိင်မှုဆိုင်ရာ ရာဇဝတ်မှုများနှင့် လူသတ်မှုတို့ အတွက် အပြစ်ပေးရန် သေဒဏ်ကို အသုံးပြုခဲ့ကြသည်။

ယနေ့ခေတ်တွင် အမေရိကန်နိုင်ငံ၌ သေဒဏ်အပြစ်ပေးခြင်းမှာ အဓိက အားဖြင့် လူသတ်မှု၊ သူလျှိုမှု နှင့် ပုန်ကန်မှု တို့ အတွက် ဖြစ်သည်။ တရုတ်နိုင်ငံတွင် လူကုန်ကူးခြင်းနှင့် အရေးကြီးသည့် အကျင့်ပျက်ခြစားခြင်းတို့က သေဒဏ် အပြစ်ပေးခြင်းခံရနိုင်သည့် ပြစ်မှုများ ဖြစ်သည်။ ကမ္ဘာပေါ်မှ တပ်မတော် အများအပြားတွင် တပ်ပြေးမှု၊ တပ်တွင်း ပုန်ကန်မှုနှင့် အမိန့် မနာခံခြင်း ကိုပင်လျှင် သေဒဏ်ချမှတ်သည်။ အရှေ့အလယ်ပိုင်း နိုင်ငံများတွင် မုဒိန်းမှု၊ အိမ်ထောင်ရှိသူနှင့် ဖောက်ပြန်ခြင်း၊ သွေးသားတော်စပ်သူချင်း လိင်ဆက်ဆံခြင်းနှင့် သဘာဝ မဟုတ်သည့် လိင်ဆက်ဆံခြင်းတို့ကို ဘာသာရေး တားမြစ်ချက်များကို ချိုးဖောက်ခြင်းအဖြစ် သေဒဏ်ပေးသည်။

စက်မှုဖွံ့ဖြိုးသည့် နိုင်ငံအများစုတွင် သေဒဏ်ပေးရန် သေစေနိုင်သော ဆေးထိုးခြင်း သို့မဟုတ် လျှပ်စစ် ကုလားထိုင် တို့ကို အသုံးပြုသော်လည်း နိုင်ငံအများအပြားတွင် ကြိုးပေးခြင်း၊ ခေါင်းဖြတ်ခြင်း သို့မဟုတ် ကျောက်တုံးများဖြင့် ပစ်ပေါက်ခြင်းတို့ကို အသုံးပြုနေဆဲ ဖြစ်သည်။ အမေရိကန် နိုင်ငံမှ အချို့ပြည်နယ်များတွင် သေနတ်ကိုင်တပ်ဖွဲ့ဖြင့် ပစ်ခတ်၍ သေဒဏ်ပေးခြင်းကို အသုံးပြုနေဆဲ ဖြစ်သည်။

သေဒဏ် ပေးသင့် မပေးသင့်

သေဒဏ်ပေးခြင်းကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများ၏ ကြားမှ တိုက်ပွဲက အခြားသော အချေအတင် ငြင်းခုန်ဆွေးနွေးမှုများနှင့် စာလျှင် ရိုးရှင်းပါသည်။ သေဒဏ်ပေးခြင်းကို ထောက်ခံသူများက ထိုသို့ပြုလုပ်ခြင်းက ရာဇဝတ်မှုများကို တားဆီးနိုင်သည်ဟု ယုံကြည်ကြသည်။ ပြစ်မှုကျူးလွန်ခြင်းက တစုံတယောက်၏ အသက်ရှင်ခွင့် အခွင့်အရေးကို ဖယ်ရှားလိုက်သည်ဟု ယုံကြည်ကြသည်။

သေဒဏ်ပေးခြင်းကို ဆန့်ကျင်သူများကမူ အရေးအကြီးဆုံး အချက်အနေဖြင့် အစိုးရအပါအဝင် မည်သူ တဦးတယောက်ကမျှ မည်သို့ အကြောင်းအရင်းနှင့်မှ အသက်တခုကို နုတ်ယူရန် အခွင့်အရေး မရှိဟု ယူဆကြသည်။ ရာဇဝတ်မှုနှင့်အတူ နေထိုင်ရခြင်းက သူတို့အတွက် သေသွားသည်ထက် ပိုဆိုးစေသည့် ပြစ်ဒဏ် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သေဒဏ်ဖြင့် ခြိမ်းခြောက်ခြင်းက လူတယောက်ကို ရာဇဝတ်မှု ကျူးလွန်ခြင်းမှ တားမြစ်နိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်တတ်ကြသည်။ အပြစ်မရှိသည့် လူတယောက်ကို သေဒဏ်ပေးမိနိုင်သည့် အန္တ ရာယ်ကလည်း ပိုမြင့်မားသည်ဟုလည်း သူတို့က ယုံကြည်ကြသည်။

ဘက် ၂ ခုကြားမှ အချေအတင် အငြင်းပွားမှုက တခါတရံ အရှိန် မြင့်တက်သွားတတ်သည်။ နာမည်ကြီး အမှုများ ရှိသည့်အခါမျိုးတွင် တရားရုံးများ၊ အကျဉ်းထောင်များ၏ အပြင်ဘက်တွင် အုပ်စု ၂ ခုက အပြိုင်အဆိုင် ဆန္ဒပြတတ်ကြသည်။ သို့သော်လည်း ၂၀၀၆ ခုနှစ်တွင် တကမ္ဘာလုံး အတိုင်းအတာဖြင့် ကောက်ယူခဲ့သည့် သဘောထား စစ်တမ်းတခုအရ ကမ္ဘာ့လူဦးရေ၏ ၅၂ ရာခိုင်နှုန်းက သေဒဏ် အပြစ်ပေးခြင်းကို ထောက်ခံကြသည်ကို တွေ့ရသည်။

အမေရိကန် နိုင်ငံ တခုတည်းကြည့်မည် ဆိုလျှင်ပင် ထောက်ခံသူက ၆၅ ရာခိုင်နှုန်း ရှိပါသည်။

ကုန်ကျစရိတ်နဲ့ လုပ်ထုံးလုပ်နည်း

ပျမ်းမျှကြည့်မည်ဆိုလျှင် အမေရိကန် နိုင်ငံ ဖက်ဒရယ်အဆင့်က ဆုံးဖြတ်သည့် သေဒဏ်ကျပြစ်မှုတခု စီရင်စစ်ဆေးခြင်းက အမေရိကန် ဒေါ်လာ ၆၂၀၉၃၂ ကုန်ကျပြီး သေဒဏ်ချမှခြင်း မရှိသည့် အမှုတခုထက် ၈ ဆ ပိုမိုကုန် ကျနေသည်။ အယူခံဝင်ခြင်းများ၊ ဖမ်းဆီး ထိန်းသိမ်းထားသည့် ကာလများနှင့် သေဒဏ်ကျ အမှုတခုကို အမှန်တကယ် သေဒဏ်ပေးလိုက်သည့် အချိန်အထိ တွက်မည်ဆိုလျှင် ကုန်ကျစရိတ်က အကျဉ်းသားတဦး ကို ဒေါ်လာ ၃ သန်းနီးပါးအထိ ရောက်ရှိသွားသည်။

သို့သော်လည်း တရားရုံးစရိတ်များ၊ ရှေ့နေခများနှင့် ထောင်ထဲတွင် တသက်လုံးထားရှိခြင်း (တသက်တကျွန်း)စရိတ်က ဒေါ်လာ ၁ သန်းကို အနည်းငယ်မျှသာ ကျော်ပါသည်။ လတ်တလောပြုလုပ်ခဲ့သည့် လေ့လာမှုများအရ သေဒဏ်ချမှတ်သည့် အမှုတခု၏ တရားရေးစရိတ် မြင့်မားခြင်းကြောင့် တရားခံက သေဒဏ်ချမှတ်ခံရဖွယ်ရာ နည်းပါးလာသည်ကို တွေ့ရှိရပြီး လုပ်ငန်းစဉ်၏ မျှတမှုကို မေးခွန်းထုတ်ခဲ့သည်။

အမေရိကတွင် သေဒဏ်ချမှတ်ခံရနိုင်သည့် အမှုတခုကို ဂျူရီလူကြီးများ (များသောအားဖြင့် ၂၃ဦး) ၏ ရှေ့မှောက်တွင် စစ်ဆေးခြင်းဖြင့် စတင်သည်။ စစ်ဆေးခြင်းမပြုမီ ကထဲက အစိုးရရှေ့နေများက သေဒဏ်အပြစ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ဂျူရီလူကြီးများကို သိစေပြီး ဖြစ်သည်။ စစ်ဆေးခြင်း၏ ပထမပိုင်းက အပြစ်ရှိ/မရှိ ဆုံးဖြတ်သည့် အဆင့်ဖြစ်သည်။ ၂ ဘက်လုံးမှ ရှေ့နေများက လျှောက်လဲကြသည်။

ထို့နောက် တရားခံသည် သူ့ ကို စွဲချက်တင်ထားသည့် အမှုအတွက် အပြစ်ရှိ/မရှိကို ဂျူရီလူကြီးများက ဆုံးဖြတ်ကြသည်။ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီးလျှင် နောက်တဆင့်မှာ ပြစ်ဒဏ်ချမှတ်သည့် တရားခွင်ဖြစ်သည်။ ဂျူရီလူကြီး များ၏ ရှေ့မှောက်တွင် ၂ ဘက်လုံးက နောက်တဖန် လျှောက်လဲကြရပြန်သည်။ ထို့နောက် ဂျူရီလူကြီးများက အကြံပြုချက် ထုတ်ပေးပြီးနောက် တရားသူကြီးက စီရင်ချက်ကို ကြေညာရသည်။

အချို့ပြည်နယ်များတွင် တရားသူကြီးများက ဂျူရီလူကြီးများ၏ အကြံပြုချက်အတိုင်း ဆောင်ရွက်ရန် မလိုပါ။ သို့သော်လည်း အများစုက ဂျူရီလူကြီးများ၏ အကြံပြုချက် အတိုင်း ဆောင် ရွက်ကြသည်။ စီရင်ချက်ချပြီးနောက်တွင် ဆုံးဖြတ်ချက်က အယူခံတရားရုံးက သုံးသပ်ခြင်းနှင့် ပြည်နယ် တရားရုံးမှ သုံးသပ်ခြင်းများဆီသို့ရောက်ရှိသွားပြီး ပြစ်ဒဏ်အတွက် အယူခံဝင်သည့် လုပ်ငန်းစဉ် ဖြစ်သည်။

အကယ်၍ ပြစ်ဒဏ်ကို ပြန်လည်သုံးသပ်မှုအားလုံးက အတည်ပြုခဲ့လျှင် အကျဉ်းသား၏ ပြစ်ဒဏ်က သမ္မတ ပါဝင် ပတ်သက်လာခြင်းမရှိခဲ့ပါက ပြောင်းလဲ၍ မရတော့ပါ။ အကျဉ်းသားသည် စီရင်ချက်ကို အမှန်တကယ် အကောင်အထည်ဖော်သည့် အချိန်အထိ သေဒဏ်ကျ အကျဉ်းသားများ ထားသည့်နေရာတွင် နှစ်ပေါင်းများစွာ နေရလေ့ရှိပါသည်။

အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်အများအပြားတွင် သဘာဝအတိုင်း မသေဆုံးမီ သူတို့၏ ပြစ်ဒဏ်ကို စီရင်ခြင်းခံရသော သေဒဏ်ချမှတ်ခံရသူ အရေအတွက်မှာ စုစုပေါင်း၏ တဝက်ပင် မရှိပါ။

ကိုးကား။ ။ Criminal Justice Degree Schools

Did you find apk for android? You can find new Free Android Games and apps.
Loading