ဆောင်းပါး

ဦးကိုနီ အသတ်ခံရမှု တရားခွင်ကိုပါ ခြိမ်းခြောက်လာပြီလား

Want create site? Find Free WordPress Themes and plugins.

တနှစ်ခန့် ရှိလာပြီဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို စစ်ဆေးနေတဲ့ တရားခွင်ဟာ လုံခြုံရေး စိုးရိမ်ဖွယ်ကောင်းတဲ့ အခြေအနေကို တွေ့မြင်နေရပါတယ်။
လုပ်ကြံမှုကျူးလွန်တဲ့ သေနတ်သမား ကြည်လင်းနဲ့ အပေါင်းအပါတွေကို လာမယ့် ဖေဖော်ဝါရီ ၉ ရက်နေ့ ရုံးချိန်းမှာ အမှုစွဲချက် တင်တော့မယ်လို့လည်း သိရပါတယ်။

လူသတ်သမားကို ထောက်ခံကြောင်း ပြသတဲ့ လူတစုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ရုံးချိန်းမှာ တရားခွင်ရှေ့ကို ပြောင်ပြောင်တင်းတင်း ရောက်လာခဲ့ပါတယ်။

“မင်းတို့ ထမင်းဝအောင် စားထား”ဆိုတဲ့ စာသားအလယ်မှာ လက်ညိုးထိုးနေပုံ ပါဝင်တဲ့ တီရှပ်အကျီၤကို ဝတ်ဆင်ထား သူ အမျိုးသားတဦးက အပေါင်းအပါတချို့နဲ့အတူ လူသတ်သမား ကြည်လင်းနဲ့ အဖွဲ့ကို ထောက်ခံကြောင်း လာရောက် ပြသခဲ့တာပါ။

ဒီလုပ်ရပ်ဟာ လွတ်လပ်တဲ့ တရားစီရင်ရေးကို ခြိမ်းခြောက်ဖိအားပေးတဲ့ လုပ်ရပ်အဖြစ် တရားရေးအသိုင်းအဝိုင်း က ရှုမြင်ခဲ့ကြပြီး ဒီလူတွေကို ဖော်ထုတ်အရေးယူဖို့ ရှေ့နေအဖွဲ့အစည်းတွေက တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“ဒါဟာ ဦးကိုနီအမှုသက်သက်မဟုတ်ဘူး၊ တရားဥပဒေ စိုးမိုရေးတခုလုံးကို ခြိမ်းခြောက်လိုက်တာ။ အနာဂတ်မျိုး ဆက်တွေ အတွက်ပါ ဒီလိုအကျင့်မျိုးတွေပါသွားရင် တရားစီရင်ရေးက ပျက်မှာပဲ။ ဒါကို လက်ခံလိုက်ရင် တရား ရုံးအဆောက်အဦး ကနေ တရားခွင်ထဲအထိရောက်လာလိမ့်မယ်။ ဒါကို ဟန့်တားပါ၊ ရှုတ်ချပါ၊ ဖော်ထုတ်အရေး ယူပါဆိုပြီး တောင်းဆိုတာ ဖြစ်တယ်” လို့ ုမြန်မာ မီဒီယာ ရှေ့နေများ ကွန်ရက် ဥက္ကဋ္ဌ ဦးအောင်စိုးဦးက ပြောဆိုပါ တယ်။

အဲဒီလို “မင်းတို့ ထမင်းဝအောင် စားထား” ဆိုသူများကို ဖေဖော်ဝါရီ ၆ ရက်က အများပြည်သူကိုု ထိတ်လန့်စေမှှုနဲ့ သက်ဆိုုင်တဲ့ ပုုဒ်မ ၅၀၅ (ခ) နဲ့ ပြည်သူ့ဝန်ထမ်းကိုု နစ်နာစေဖို့ ခြိမ်းခြောက်မှှု ပုုဒ်မ ၁၈၉ တို့ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ဖော်ပြမှုများအရ သိရပါတယ်။

လူသတ်သမား ထောက်ခံ အားပေးသူတွေ လုပ်ရပ်ဟာ လူထုအတွင်း ပဋိပက္ခဖြစ်စေလိုတဲ့ အသွင်ကိုဆောင်လာပြီး တဖက် နဲ့ တဖက် ထိပ်တိုက် တွေ့စေရဖို့၊ အေးချမ်းတည်ငြိမ်မှုကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သလို ဖြစ်နေကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

တရားရုံးအထိ လာရောက်ကာ ကြည်လင်းကို ထောက်ခံ ဝန်းရံခဲ့သူတွေထဲက တင်ဌေးအောင်(ခ) အကြီးကောင်နဲ့ မြတ်ဖုန်းမိုရ် ဆိုသူတို့ဟာ ပြီးခဲ့တဲ့နှစ် မေလတုန်းက ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ်ထဲမှာ ခိုးဝင်ဘင်္ဂါလီတွေ ရောက်နေတယ် ဆိုပြီး ဝင်ရောက်ရှာဖွေရာမှ လူစုလူဝေး ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို ပြုလုပ်သူတွေထဲမှာ ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ သူတို့အနေနဲ့ ဆူပူအောင်လှုံ့ဆော်မှုဖြင့် အရေးယူခြင်းခံခဲ့ရပါတယ်။ သူတို့ဟာ တပ်မတော်ကို ထောက်ခံ သူ တွေဖြစ်သလို မျိုးချစ်ပုဂ္ဂိုလ်တွေလို့လည်း သူတို့ကိုယ်သူတို့ သတ်မှတ်ထားကြသူတွေပါ။

သူတို့ကို ဖေဖော်ဝါရီ ၄ ရက်နေ့ ရန်ကုန် ဒဂုံမြို့နယ် မိုင်ဒါကွင်းမှာ လုပ်ခဲ့တဲ့ တပ်မတော် ထောက်ခံပွဲမှာလည်း ကိုအေးနေဝင်း၊ ဦးလှဆွေ၊ ဒေါ်ခင်ဝိုင်းကြည် စတဲ့သူတွေနဲ့အတူ တွေ့ခဲ့ရပြီး လူမှုကွန်ရက်ပေါ် တက်လာတဲ့ ဓာတ်ပုံ တချို့မှာလည်း “မင်းတို့ ထမင်းဝအောင် စားထား” စာသားပါ တီရှပ်ကို ကိုင်ဆောင်ထားတာ တွေ့ရပါတယ်။

“ကျနော်တို့ အမြင်မှာ သူ(ကြည်လင်း)က လုပ်သင့် လုပ်ထိုက်တာကို လုပ်လိုက်တာလို့ မြင်တယ်၊ အဲ့ဒီ အတွက် ပုဂ္ဂိုလ်ရေး အရ သူ့ကိုအားပေးတာပါ၊ တခြား ရည်ရွယ်ချက် မရှိပါဘူး” လို့ ကြည်လင်းကို ထောက်ခံခဲ့သူ ကိုမြတ်ဖုန်းမိုရ် က ပြောပါတယ်။

အဲဒီလိုပဲ အမျိုးသားရေး ဆရာတော် တပါးဖြစ်တဲ့ ဦးဝီရသူက လူသတ်သမား ကြည်လင်းအပေါ် လူသိရှင်ကြား ထုတ်ဖော် ချီးကျူးခဲ့တဲ့ အတွက် လူထုကြား ပြစ်တင်ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။
“မင်းတို့ ထမင်း ဝအောင် စားထား” ဆိုသူများ ဝန်းရံတဲ့ လူသတ်မှု ကျူးလွန်ထားသူ သေနတ်သမား ကြည်လင်းဟာ ဘုရားခိုးမှုနဲ့ ထောင်ကျဖူးသူ ဖြစ်ပါတယ်။

အဲဒီ လူသတ်သမား ကြည်လင်း နဲ့ အတူ ဖမ်းဆီး ခံရထားရသူတွေကို “မင်းတို့ ထမင်း ဝအောင် စားထား”ဆိုတဲ့ စာသား ပါ အကျီၤတွေကို ဝန်းရံသူတွေက ကိုယ်ထိလက်ရောက် ပေးခဲ့ပေမယ့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ တားဆီး နိုင်ခြင်း မရှိခဲ့ပါဘူး။

အဓမ္မ ဝါဒ ဆန့်ကျင်ရေး ကော်မတီမှ ကိုမြတ်ကျော်က “လူသတ်တရားခံ တယောက်ကို တရားရုံးမှာတောင် ထောက်ခံ အားပေးလို့ ရတယ် ဆိုတာမျိုး အသိတွေ စွဲသွားခဲ့ရင် အနာဂတ် တိုင်းပြည်အတွက် အလွန်အန္တရာယ် ကြီးပါတယ်။ ဒါကို ကျနော်တို့ လက်ခံလို့ မရပါဘူး” လို့ ပြောပါတယ်။

“မင်းတို့ ထမင်းဝအောင်စားထား”ဆိုတဲ့ စကားဟာ လူသတ်သမား ကြည်လင်းနဲ့ အပေါင်းအပါတွေက ရှေ့နေတွေနဲ့ သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်တယ်လို့ အမှုမှာ လိုက်ပါ ဆောင်ရွက်နေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်ဆန်းအောင် က ပြောကြားထားပါတယ်။

ဒီပြောဆိုချက်အပေါ် ဖမ်းဆီးခံထားရသူတွေက သူတို့မပြောကြောင်း ငြင်းဆိုထားပါတယ်။ ကြည်လင်းကို ထောက်ခံ သူတွေက “မင်းတို့ ထမင်းဝအောင် စားထား”ဆိုပြီး လာရောက် ဝန်းရံခဲ့ခြင်းဟာ ဝန်ခံသလို ဖြစ်စေခဲ့ပါတယ်။

မှန်ကန်တဲ့ တရားစီရင်မှုရရှိရေး ကြိုးပမ်းဆောင်ရွက် နေသူတွေအပေါ် စိတ်သောက ရောက်ဖွယ်ရာ ခြိမ်းခြောက်ခံနေရ တယ် လို့ ယူဆချက်တွေအပေါ် ရဲတပ်ဖွ့ဲအနေနဲ့ လက်ပိုက်ကြည့် မနေသင့်ဘဲ စုံစမ်းမေးမြန်းသင့်တယ်လို့ ဦးကိုနီ အမှု မှာ လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေ တဦးကလည်း ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက “ဒါဟာ ဘယ်သူ့ကို ခြိမ်းခြောက်နေတာလဲ၊ တရားသူကြီးကိုလား၊ ရှေ့နေ တွေ ကိုလား၊ တရားခံတွေကို ချောက်ချနေတာလား။ တရားစီရင်ရေးမှာ မလုပ်ရဲမကိုင်ရဲ ဖြစ်အောင် ဖိအားပေး တာဆိုရင် တရားစီရင်ရေးကို အနှောင့်အယှက်ပေးတာပဲ”လို့ ပြောဆိုပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လုပ်ကြံခံခဲ့ရတဲ့ ဦးကိုနီနဲ့ တရားခံ ဖမ်းရင်း သေဆုံးခဲ့သူ ဦးနေဝင်းတို့ အမှုဟာ တနှစ်ကျော် ကြာလာပြီဖြစ်ပေမယ့် အဓိက တရားခံလို့ ယူဆရသူ တပ်မတော်မှ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ဟာလည်း လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဦးကိုနီဟာ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ရဲ့ ဗဟိုဥပဒေ အကြံပေး တဦးဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကို ထောက်ပြဝေဖန်လေ့ ရှိသူဖြစ်ပါတယ်။

လုပ်ကြံမှုဟာ လူငယ်သဘာဝ ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ သတ်ဖြတ်မိခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးရဲ့ဖြေရှင်းမှု ဟာ လှောင်ရယ်စရာ ဖြစ်ခဲ့ပြီး နောက်ကွယ်မှ အင်အားကြီးမားတဲ့ အုပ်စုတခုရဲ့ ကြိုးကိုင်မှုနဲ့ နိုင်ငံရေးလုပ်ကြံမှု ကျူးလွန်ကြ ခြင်းဖြစ်တယ်လို့ ပြည်သူတချို့က သုံးသပ်ကြပါတယ်။

လူသတ်သမား ကြည်လင်းကို ထောက်ခံသူတွေ လုပ်ရပ်နဲ့ပတ်သက်လို့လည်း နစ်နာသူ ဦးကိုနီနဲ့ ဦးနေဝင်းတို့ ဘက် က နေ ရပ်တည်တဲ့သူတွေက လာမယ့် ရုံးချိန်းမှာ တန်ပြန် လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လူမှုကွန်ရက်တွေမှာ လှုံ့ဆော်နေ တာ တွေ့နေရပါတယ်။

“တရားရုံးကို ဖိအားပေးတဲ့အတွက် တရားစီရင်ရေးဟာ လမ်းကြောင်း တိမ်းသွားနိုင်တယ်။ အကြောက်တရားနဲ့ ဖြစ် လာ တာကိုး။ ဒါကို လက်ခံသွားရင် ပဋိပက္ခတွေ တရားရုံးအတွင်းမှာ ဖြစ်လာမှာကို စိုးရိမ်တယ်။ လာမယ့်အပတ် ရုံးချိန်း ဘာဖြစ်မလဲ စိုးရိမ်တယ်”လို့ ရှေ့နေကြီး ဦးအောင်စိုးဦးက ဆိုပါတယ်။

လူထုအတွင်း မတည်မငြိမ်ဖြစ်စေဖို့ ဖန်းတီးမှုတွေဟာ အလွန်အန္တရာယ်ကြီးတဲ့ အတွက် အားလုံးဟာ သတိကြီးကြီး ထားသင့်ပြီး အမှန်တရား ပေါ်ပေါက်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ အတွက် တာဝန်ရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဌာန အနေနဲ့ ပဋိပက္ခဖြစ်စေဖို့ လှုံ့ဆော်မှုတွေကို လျစ်လျူမရှုသင့်ကြောင်း အမှုကို စောင့်ကြည့်နေသူ တွေက ထောက်ပြ ကြပါတယ်။

လူသတ်မှု၊ ပူးပေါင်ကြံစည်တွေနဲ့ ဖမ်းဆီး စစ်ဆေးခံနေရသူ လူသတ်သမား ကြည်လင်းနဲ့ အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ အနေနဲ့ အမှုအပေါ် စိုးရိမ်မှု ရှိမရှိတော့ မသိပါ။ သူတို့ကို ထောက်ခံ ဝန်းရံသူတွေ ရှိနေတဲ့ တရားရုံး အထွက်မှာ အောင်ဝင်းထွန်း ကတော့ လှောင်ပြောင်မှုပင် ပြုလုပ်သွားခဲ့ပါတယ်။

ဒါကြောင့် လူသတ်မှု ကျူးလွန်တဲ့ ကြည်လင်းနဲ့ ဖမ်းဆီးခံထားရသူတွေ အပါအဝင် သူတို့ကို ဝန်ရံသူတွေဟာ တရား စီရင်ရေးနဲ့ တရားခွင်ကို အလေးထားစရာ မလိုတဲ့အပြင် ခြိမ်းခြောက်မှုတွေပင် ပြုလုပ်နေတာလား ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading