နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘေလ် ရစ်ချတ်ဆန်တို့ လွန်ခဲ့သောလ နှောင်းပိုင်းက ထပ်မံ တွေ့ဆုံသောအခါ သူတို့နှစ်ဦးကြား လူသိရှင်ကြား အငြင်းပွားမှု ဖြစ်လိမ့်မည်ဟု ထိုမိတ်ဆွေဟောင်း ၂ ဦးအနေဖြင့် ထင်ထားကြမည် မဟုတ်ပါ။
၎င်းတို့ ၂ ဦး၏ ခင်မင်မှုသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ဘဝတွင် ပထမဆုံးပြင်ပ ဧည့်သည် အနေဖြင့် ရစ်ချတ်ဆန် လာရောက် တွေ့ဆုံသည့် ၁၉၉၄ ခုနှစ်ခန့်ကပင် စတင်ခဲ့သည်။ ၂၀၁၂ ခုနှစ်မှ စတင်ပြီး ရစ်ချတ်ဆန်၏ နိုင်ငံတကာ ဆက်ဆံရေးဌာန (Center for Global Engagement) သည် မြန်မာနိုင်ငံတွင် ကဏ္ဍပေါင်းစုံမှ လူများကို နိုင်ငံရေးနှင့် အုပ်ချုပ်ရေး သင်တန်းများ ပို့ချပေးခဲ့သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ၏ အကြံပေး အဖွဲ့တွင် ထင်ရှားသော နိုင်ငံတကာ ခေါင်းဆောင် ၅ ဦးကို မနှစ်က ခန့်အပ်ခဲ့ရာ အသက် ၇၁ နှစ် ရှိပြီဖြစ်သော ရစ်ချတ်ဆန်ကို ရွေးချယ်ခြင်းမှာ သဘာဝကျသော ရွေးချယ်မှု ဖြစ်သည်။ မြန်မာ့အရေး ကိစ္စများတွင် နှစ်ပေါင်းများစွာ ပါဝင်ပတ်သက်ခဲ့သူ ဖြစ်သောကြောင့် မြန်မာပြည် အကြောင်း နားလည်သဘောပေါက်သူဟု ယူဆနိုင်သောကြောင့် သူကို ခန့်အပ်ခြင်းမှာ ကျိုးကြောင်း ဆီလျော်သည် ဟု ဆိုနိုင်ပါသည်။
ထို့ကြောင့်လည်း ဇန်နဝါရီလ ၂၂ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ထို အကြံပေးအဖွဲ့နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံသောအခါ မြင့်မားလှသော မျှော်မှန်းချက်များ ထားရှိခဲ့ကြသည်။
ပြည်တွင်းမှ ၅ ဦးနှင့် နိုင်ငံတကာမှ ၅ ဦးပါဝင်သော အကြံပေး ဘုတ်အဖွဲ့ဝင်များသည် အကောင်အထည် ဖော်ရေး ကော်မတီ အတွက် လာမည့် လ အနည်းငယ်တွင် အကြံဥဏ်များ ပေးနိုင်ရေး အတွက် အမြင်အားလုံးကို နားထောင်ရန် စိတ်ရှင်းရှင်းဖြင့် လာရောက်ကြသည် ဟူသော အခြေခံမူဖြင့် တွေ့ဆုံ ဆွေးနွေးကြသည်။ ပဋိပက္ခ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် အတွက် အကောင်းဆုံး ဖြစ်စေမည့် အကြံပြုချက်များကို ပေးကြရမည် ဖြစ်သည်။
ထိုနေ့ အစည်းဝေးနှင့် ပတ်သက်ပြီး အစိုးရက သတင်း ထုတ်ပြန်ရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ရေးနှင့် ပတ်သက်သောကိစ္စများ နှင့် အကြံပေးအဖွဲ့၏ လုပ်ငန်းအစီအစဉ်များ အကြောင်း ဆွေးနွေးသည် ဟုသာ ရှင်းလင်း ဖော်ပြထားသည်။ ထို ကြေညာချက်နှင့် ပူးတွဲထုတ်ပြန်သော ဓာတ်ပုံများတွင်လည်း ဒေါ်အောင်ဆန်းစုကြည် က အလယ်တွင်ရပ်နေပြီး ကင်မရာကို ပြုံးရွှင်စွာ ကြည့်နေသော ရစ်ချတ်ဆန် အပါအဝင် အကြံပေး အဖွဲ့ဝင်များ အားလုံးသည် သက်သောင့်သက်သာ ရှိနေကြသည်ကို တွေ့ရသည်။
သို့သော် ထိုအပြုံးများ၏ နောက်ကွယ်တွင် ဖမ်းဆီးခံထားရသော Reuters သတင်းထောက် ၂ ယောက်နှင့် ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးနှင့် တွေ့ဆုံမည့် သူ၏ အစီအစဉ်ကို အချိန်ကပ်ပြီး ပယ်ဖျက် ခံရသောကြောင့် ရစ်ချတ်ဆန်က ဒေါ်အောင်ဆန်းစုကြည် ကို မကျေမနပ် ပြောဆိုမှုများ၊ မထေမဲ့မြင် ပြုမှုများ၊ ဒေါသများ၊ အံ့ဩမှုများ၊ အပြန်အလှန် စွပ်စွဲ ပြောကြားချက်များ ရှိနေသည်။
အကြံပေးအဖွဲ့ဝင်များသည် ရစ်ချတ်ဆန်၏ ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံရန် ချိန်းဆိုထားကြောင်းကို ကြိုတင်သိရှိထားခြင်းမရှိဘဲ အစည်းအဝေးတွင် သူပြောသောအခါမှ သိရပြီး အံအားသင့်ကြရသည်ဟု ထိုအစည်းအဝေးအကြောင်းကိုသိသော သံတမန် သတင်းရင်းမြစ်များက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
“ပြည်ထဲရေး ဝန်ကြီးနဲ့ သူနဲ့ မတွေ့ရတော့ဘူး၊ မသိရင် ဒေါ်အောင်ဆန်းစုကြည် ကြောင့်ပဲ ပျက်ရသလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ကို (ရစ်ချတ်ဆန်က) ဒေါနဲ့မောနဲ့ ပြောတယ်” ဟု သတင်းရင်းမြစ် တခုက ဆိုသည်။
“ကိုယ့် အနေနဲ့ သဘောမတူရင်တောင်မှ နိုင်ငံခေါင်းဆောင် တယောက်ကို မရိုမသေ မလုပ်သင့် မရိုင်းစိုင်းသင့်ဘူး” ဟုလည်း ထို သတင်းရင်းမြစ်က ပြောသည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ သမ္မတ မဟုတ်သော်လည်း ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရသည်မှ စတင်ပြီး နိုင်ငံ၏ ခေါင်းဆောင် ဖြစ်လာသည်။
အကြံပေးအဖွဲ့ အစည်းအဝေးတွင် ရစ်ချတ်ဆန် ပါဝင်ဆွေးနွေးခဲ့သော်လည်း အထိန်းသိမ်းခံ သတင်းသမားများ အကြောင်းသာ ခေါင်းထဲ ရှိနေပုံရသည် ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။
အထိန်းသိမ်းခံ သတင်းသမားများ ကိစ္စသည် အကြံပေးအဖွဲ့ လုပ်ငန်းစဉ် နှင့် သက်ဆိုင်ခြင်း မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရှင်းလင်းပြတ်သားစွာ ပြောကြားသည်။
“မြန်မာနိုင်ငံ အကြောင်း သူ ကောင်းကောင်းသိရင် ပြည်ထဲရေးဝန်ကြီးဌာနကို ဘယ်သူ ထိန်းချုပ်ထားလဲ ဆိုတာ သူ သိသင့်တာပေါ့” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ မြန်မာနိုင်ငံတွင် ပြည်ထဲရေး ဝန်ကြီးဋ္ဌာနသည် တပ်မတော် လက်အောက်တွင် ရှိသည်။
အကြံပေးအဖွဲ့ ဥက္ကဌ ဒေါက်တာ ဆူရာကီရတ် ဆတ်သီရာထိုင်း ကလည်း ရစ်ချတ်ဆန်သည် Reuters သတင်းထောက်များ လွတ်မြောက်ရေး ကြံစည်ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံသို့ လာခဲ့ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံပိုင် မီဒီယာသို့ ပြောသည်။
“သူက အဲဒီ အကြောင်းကို အကြံပေး အဖွဲ့ကို လုံး၀ မပြောပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့တော့ပြောတယ်။ ဒါက အကြံပေး အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်လည်း မဟုတ်ဘူး။ ကျနော်တို့ လုပ်တဲ့ အစည်းအဝေးမှာ သူက အဖွဲ့ကို တရားဝင် တိုင်ပင်တာ မျိုးလည်း မရှိခဲ့ဘူး” ဟုလည်း သူက ဆက်ပြောသည်။
အစည်းအဝေး ပြီးသောအခါ ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးတွင် အချေအတင် ဖြစ်ခဲ့သည့် အတွက် စိတ်မကောင်းကြောင်း တောင်းပန်ရန် အခြားသော ပြည်ပ အကြံပေးအဖွဲ့ဝင် ၄ ဦးကို သူမ၏ နေအိမ်သို့ ဖိတ်ခေါ်ခဲ့ သော်လည်း ရစ်ချတ်ဆန်ကို ချန်လှပ်ထားသည် ဟု ဆိုသည်။
ရွှေစံအိမ် ဟိုတယ်တွင် ကျင်းပသည့် ထိုညက ညစာစားပွဲတွင် ရစ်ချတ်ဆန်သည် အပြုအမူ ဆိုးရွားလာပြီး အရက်မူးနေပုံလည်း ရသည်ဟု အထက်ပါ ရင်းမြစ်များက ဆိုသည်။ သူသည် ဒေါက်တာဆူရာကီရတ် ကို စကားလုံးဖြင့် တိုက်ခိုက်ပြီး သူ့ ဘက်မှ မရပ်တည် ဟု စွပ်စွဲသည်ဟု ဆိုသည်။ ထိုညစာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ရှိနေသည်။
“ညစာစားပွဲမှာ ရစ်ချတ်ဆန်ရဲ့ အပြုအမူက လက်ခံနိုင်ဖွယ် မရှိဘူး” ဟု ညစာစားပွဲ တက်ရောက်ခဲ့သူ တဦးက ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည် ကတော့ ဘာမှ မပြောပါဘူး” ဟုလည်း သူက ပြောသည်။
ဒေါက်တာ ဆူရာကီရတ်က ရစ်ချတ်ဆန်၏ အပြုအမူများသည် လက်ခံနိုင်ဖွယ်မရှိ ဟု မြင်သောကြောင့် စိတ်လျှော့ရန် ရစ်ချတ်ဆန်ကို ပြောခဲ့သည် ဟု မျက်မြင်သက်သေများက ဧရာဝတီကို ပြောသည်။
ညစာစားပွဲ အပြီးတွင် အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းသည် သင်္ဂဟဟိုတယ်ရှိ ရစ်ချတ်ဆန်၏ အခန်းသို့ ဆွေးနွေးရန် သွားရောက်ခဲ့သည် ဟု မျက်မြင်များက ဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အကြံပေး အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ ထွက်ခွာသော အခါ ရစ်ချတ်ဆန် လိုက်ပါသွားခြင်း မရှိချေ။ ထိုအချိန်တွင် သူသည် ရန်ကုန်သို့ သွားနေပြီ ဖြစ်သည်။ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အကြံပေးအဖွဲ့မှ နှုတ်ထွက်ကြောင်း ကြေညာချက် တစောင် ထုတ်ပြန်သည်။
သူ၏ အမြင်တွင် အကြံပေးအဖွဲ့သည် အစိုးရ၏ မူဝါဒကို ထောက်ခံသော အဖွဲ့သာ ဖြစ်ကြောင်းနှင့် Reuters သတင်းထောက် နှစ်ဦး ကိစ္စကို လျင်မြန်မျှတစွာ ကိုင်တွယ်ရန် သူ၏ တောင်းဆိုမှုကို ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်ပုံကြောင့် လွန်စွာ စိတ်ပျက်ရကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခေါင်းဆောင်ပိုင်း တဦးအနေဖြင့် လိုက်နာသင့်သည့် ကျင့်ဝတ်များကို လိုက်နာခြင်း မရှိဟု လည်း ထို ကြေညာချက်တွင် ဖော်ပြထားသည်။
“အကြံပေးအဖွဲ့တွေက ရခိုင်ပြည်နယ်က ပြန်လာမှ သူ့ ကြေညာချက်အကြောင်း သိရတာ။ သူက ရခိုင်ပြည်နယ်ကို မလိုက်ဘူးလေ” ဟုလည်း သတင်းရင်းမြစ် တခုက ဆိုသည်။
ရစ်ချတ်ဆန်၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် အကျိုးအတွက် အကြံပေးရန် မဟုတ်ဘဲ သူ၏ ပုဂ္ဂလ အကျိုးကို ရှေးရှု ပုံရကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနက ရစ်ချတ်ဆန်၏ ကြေညာချက်ကို တုံ့ပြန်ကြေညာသည်။
“မတူညီသည့် ခံယူချက်များကြောင့် ၎င်းအား အကြံပေးအဖွဲ့တွင် ဆက်လက် ပါဝင်စေခြင်းမှာ သက်ဆိုင်သူ အားလုံးကို အကျိုးပြုစေမည် မဟုတ်” ဟု အစိုးရက ဆုံးဖြတ်လိုက်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
အကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသော ကိစ္စတခုကို ရစ်ချတ်ဆန်က ဆွေးနွေးခဲ့သည် ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေးက ဧရာဝတီသို့ ပြောသည်။
“အကြံပေးအဖွဲ့က ကျနော်တို့ကို အကြံပေးရမှာ၊ တခြား ကိစ္စတွေ မပါဘူး။ ကျနော်တို့ကို အကြံပေးပြီး အကောင်အထည် ဖော်ရေးကို ကူညီမယ့် သူတွေပဲ ကျနော်တို့ လိုလားပါတယ်” ဟုလည်း သူက ပြောသည်။
အကြံပေး အဖွဲ့သည် ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာအစိုးရကို အကာကွယ်ပေးရုံ ထောက်ခံရုံ သက်သက်သာ ဖြစ်သည် ဆိုသော ရစ်ချတ်ဆန်၏ ပြောကြားချက်များကို အခြားသော အကြံပေး အဖွဲ့ဝင်များကလည်း တုံ့ပြန်ခဲ့သည်။
ထိုစဉ်က အစည်းအဝေးသည် အကြံပေး အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသည့် အစည်းအဝေးသာ ဖြစ်ကြောင်း နှင့် အကောင်အထည်ဖော်ရေး ကော်မတီသို့ တင်သွင်းရန် မည်သည့် အကြံပြုချက်ကိုမျှ သဘောတူညီခြင်း မရှိသေးကြောင်း အကြံပေးအဖွဲ့ဝင် ရို့လ်ဖ်မေယာက အရေးပေါ် စီစဉ်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
“ဒါကြောင့် အကြံပေးအဖွဲ့က ဖုံးဖိတယ်တို့၊ တယောက်ယောက်ကို ထောက်ခံတယ် လို့ ပြောတဲ့ စကားတွေဟာ လုံး၀ တရားဝင်ခြင်း မရှိပါဘူး” ဟု တောင်အာဖရိကတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ တိုးတက်ရေးနှင့် ပြည်နယ်များရေးရာ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ရို့လ်ဖ်မေယာက ပြောသည်။
အကြံပေးအဖွဲ့သည် ၎င်း၏ ပဏာမသုံးသပ်ချက်များကို အကြံပြုချက်များအဖြစ် အကောင်အထည်ဖော်ရေး ကော်မတီသို့ တင်သွင်းမည်ဟုလည်း ထိုသတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
နိုင်ငံတကာ မီဒီယာများသို့ ပြောကြားခဲ့သည့် “မြန်မာအစိုးရကို ဖုံးဖိပေးသော အဖွဲ့၊ ကာကွယ်သောအဖွဲ့” အဖြစ် အကြံပေး အဖွဲ့ကို ရစ်ချတ်ဆန်၏ မှတ်ချက်သည် ဆီလျော်ညီညွတ်မှု မရှိဟု ထင်ကြောင်းလည်း ဆူရာကီရတ်က ထိုနေ့တွင်ပင် ပြောသည်။
“ကျနော်တို့က ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရကို ထောက်ခံသူ ဖြစ်ဖို့ မရည်ရွယ်သလို နိုင်ငံတကာ အသိုင်းအဝန်းကို ထောက်ခံသူဖြစ်ဖို့လည်း မရည်ရွယ်ဘူး” ဟု ဆူရာကီရတ်က ပြောသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်သည် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် အကြံပြုချက် ၈၈ ချက်ပါဝင်သော နောက်ဆုံး အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီသည် ထို အကြံပြုချက်များကို အကောင်အထည်ဖော်လျှက်ရှိသည်။
ယခု အကြံပေးအဖွဲကို ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကျွမ်းကျင်သူများဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲ ပြောဆိုချက်များ ရှိခဲ့သော်လည်း ရစ်ချတ်ဆန်က ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် အကောင်းဆုံး မျှော်လင့်ချက်သာ ဖြစ်နေသေးကြောင်းနှင့် အနောက်နိုင်ငံများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် ဆက်လက်ထိတွေ့ ဆက်ဆံရန် လိုကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့က ပြောကြားခဲ့သည်။
(ဧရဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် ကျော်ဖြိုးသာ၏ How the Suu Kyi-Richardson Clash Unfolded ကို ဘာသာပြန်သည်။)