“ဟေ့ကောင် ဇော်ဇော် (အမည်လွှဲ) မင်းရော ဖေဖော်ဝါရီ ၁၄ ရက်နေ့ (ချစ်သူများနေ့) အတွက် အိတ်ဖောက်စရာရှိပြီလား ၊ ငါ့ညီမလေးကတော့ ငါ့ကို သဘောတူလိုက်ပြီ” လို့ နွားနို့ခွက်ကို တကျိုက်တည်း မော့သောက်ပြီး မောင်မောင်က သူ့သူငယ်ချင်းကို ပြောလိုက်ပါတယ်။
အိတ်ဖောက်ခြင်းရဲ့ အဓိပ္ပာယ်
မောင်မောင်( အမည်လွှဲ) နဲ့ ဇော်ဇော် (အမည်လွှဲ) တို့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း လာမယ့် ချစ်သူများနေ့ (ဖေဖော်ဝါရီ ၁၄) အတွက် စကားစမြည်ပြောနေကြခြင်းပါ ။ သူတို့ နှစ်ယောက်စလုံးက အသက် ၂၀ ဝန်းကျင်ရှိ လူငယ်တွေဖြစ်ကြပြီး နေပြည်တော် ၊ ရေဆင်းရှိ စိုက်ပျိုးရေး တက္ကသိုလ် တက်ရောက်နေသူတွေ ဖြစ်ပါတယ်။
စာရေးသူနဲ့ သူတို့နှစ်ဦး စကားစမြည်ပြောကြရင်း မောင်မောင် ဆိုလိုတဲ့ “အိတ်ဖောက်ခြင်း” ဆိုတဲ့ ဝေါဟာရကိုလည်း အဓိပ္ပါယ်ဖွင့်ဖြစ်ခဲ့ပါတယ်။ ဒီဘက်ခေတ် လူငယ်အများစု စကားပြောဆိုပုံက အရင်နဲ့ သိသိသာသာ ကွဲပြားလာတဲ့အတွက် အသက် ၄၀ ပတ်ဝန်းကျင်တွေ နားလည်ဖို့ မလွယ်တော့ပါဘူး။
“ဂျင်းထည့်တယ် ၊ တိုင်ပတ်တယ် ၊ ဒစ်လည်နေတယ်” စတဲ့ ဗန်းစကားတွေလိုပဲ “အိတ်ဖောက်တယ်” ဆိုတာလည်း အခုနောက်ပိိုင်း လူငယ်တချို့ သုံးစွဲလာတဲ့ ဗန်းစကားတမျိုးပါ။
အိတ်ဖောက်ခြင်းဟာ “ပါကင်ဖောက်ခြင်း”ဆိုတဲ့ ဗန်းစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပာယ်က “အမျိုးသမီးတဦးအား ပထမဦးဆုံးအကြိမ် လိင်ဆက်ဆံစေခြင်း” ဖြစ်တယ်လို့ မောင်မောင်တို့ သူငယ်ချင်းက ရယ်မောရင်း ရှင်းပြပါတယ်။
မောင်မောင်က အမျိုးသမီးတဦးနဲ့ ပထမဦးဆုံးအကြိမ် လိင်ဆက်ဆံဖို့ လူစည်ကားရာ လက်ဖက်ရည် ဆိုင်လို နေရာမျိုးမှာ သူ့သူငယ်ချင်းနဲ့ ပြောဆိုနေတာပါ။ သူတို့ရဲ့အခြား သူငယ်ချင်း အများစုကလည်း “အဲဒီနေ့အတွက် ဒီလို အခွင့်အရေးရဖို့ ကြိုးပမ်းနေကြတယ်” လို့လည်း ရှင်းပြပါသေးတယ်။
၂၀၀၀ ခုနှစ်ပါတ်ဝန်းကျင်က လူငယ်တွေ ဒါမျိုးပြောဆိုကြဖို့ ခဲယဉ်းပေမယ့် တိုင်းပြည်ခေတ်မှီ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အတူ ၂၀၁၅ ခုနှစ် နောက်ပိုင်းလူငယ်တွေလည်း အံ့သြစရာ ကောင်းအောင် ခေတ်မှီပွင့်လင်း လာကြပါပြီ ။
ချစ်သူများနေ့ (Valentine’s Day) ဘယ်လိုဖြစ်လာလဲ
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို “ချစ်သူများနေ့”အဖြစ် သတ်မှတ်ထားပြီး နိုင်ငံတကာ နည်းတူ မြန်မာနိုင်ငံမှာလည်း တနှစ်ထက်တနှစ် ပိုမို စည်ကားအောင် ကျင်းပလာကြပါပြီ။
Valentine’s Day (ချစ်သူများနေ့) ဆိုတာ ခရစ်ယာန် ဘုန်းတော်ကြီးတပါးရဲ့နာမည် ဖြစ်တဲ့ St.Valentine ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော်ကာလက စစ်သည်တော် အင်အား အဆမတန် လိုအပ်နေတာကြောင့် ရောမအင်ပါယာကြီး မှာ “မချစ်ရ ၊ မကြိုက်ရ ၊ လက်ထပ် ထိမ်းမြှားခြင်းမပြုရ” ဆိုတဲ့ အမိန့်တခု ထုတ်ပြန်ခဲ့ပါတယ်။
ဒါကို နှစ်မြို့ခြင်းမရှိတဲ့ St.Valentine က သူရဲ့အနီးပတ်ဝန်းကျင်မှာ ချစ်ခင်စုံမက်ပေမယ့် အမိန့်ကြောင့် မြိုသိပ်ထားရတဲ့ စုံတွဲတွေကို တိတ်တိတ်ပုန်း လပ်ထပ်ထိမ်းမြှားစေခဲ့ပါတယ် ။ ဒီလိုဆောင်ရွက်ခြင်းကြောင့် St. Valentine ကို လူချစ်လူခင် ပိုများလာပေမယ့် နောက်ဆုံးမှာတော့ ရောမစစ်သည်တော်တွေရဲ့ ဖမ်းဆီးနှိပ်စက် သေဒဏ်ပေးခြင်းကိုခံခဲ့ရတယ်လို့ နိုင်ငံတကာ ရုပ်သံလိုင်း တခုဖြစ်တဲ့ History ရဲ့ www.history.com Website မှာဖော်ပြထားပါတယ်။
သူ သေဒဏ်ပေးခံခဲ့ရတဲ့ အေဒီ ၂၆၉ ခန့်၊ ဖေဖော်ဝါရီ လ ၁၄ရက်နေ့ကို အစွဲပြုပြီး နှစ်စဉ် အဲဒီနေ့ ရောက်တိုင်း လူသားတဦးနှင့်တဦး ချစ်ခင်စုံမက်တဲ့ ပုံစံကို ဖော်ပြလေ့ရှိကြတာပါ။ အဲဒီနေ့ရောက်တိုင်း ချစ်သူတွေဟာ လက်ဆောင်လဲလှယ်တာ ၊ ချောကလက်ကျွေးတာ ၊ ပို့စကတ်ပေးတာတွေ ပြုလုပ်လေ့ ရှိကြပါတယ်။
နိုင်ငံတကာမှာတော့ ခရစ်စမတ်ပြီး ရင် ဒုတိယလူကြိုက်အများဆုံးနဲ့ ပို့စ်ကတ် ပေးပို့မှုအများဆုံး နေ့တနေ့ ဖြစ်ပြီး အဲဒီနေ့ရောက်တိုင်း ချစ်ခင်ကြသူအချင်းချင်း ခန့့်မှန်းကတ်သန်းပေါင်း ၁၅၀ အထိ ပေးပို့လေ့ရှိတယ်လို့ www.history.com မှာဖော်ပြထားပါတယ်။
“ချစ်သူများနေ့” နောက်ဆက်တွဲ ဆိုးကျိုးများ
မြန်မာနိုင်ငံမှာလည်း ၂၀၀၀ ခုနှစ် နောက်ပိုင်း ဒီလို အလေ့အထတွေ စတင်လုပ်ဆောင်ခဲ့ပြီး လက်ရှိ ကာလမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာပါပြီ။
သားဖွားမီးယပ်အထူးကု ဒေါက်တာ ဝင်းဇော်ဦးက “အခုလို ချစ်သူများနေ့ဆို ပိုဆိုးတယ်၊ မြီးကောင် ပေါက်လေးတွေ စိတ်မထိန်းနိုင်ပဲ ကျူးလွန်မိကြ၊ ဘာဗဟုသုတမှမရှိတော့ နောက်ဆက်တွဲ ပြဿနာတွေဆိုတာ ရှင်းလို့ကို မပြီးတော့ဘူး” လို့ ပြောပါတယ်။
အရွယ်မတိုင်ခင် ရင်သွေးရပြီး တိတ်တိတ်ပုန်း ဖျက်ချရတာမျိုးတွေ၊ သန္ဓေတားဆေး သုံးစွဲမှုကြောင့် ဘေးထွက်ဆိုးကျိုး ခံရတာတွေ ၊ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ရတာမျိုးတွေ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကြုံတွေ့လေ့ရှိတယ်လို့လည်း ဒေါက်တာ ဝင်းဇော်ဦးက ပြောပါတယ်။
နိုင်ငံတကာမှာ ချစ်ရည်လူးခြင်းဟာ မဆန်းကြယ်တော့သလို ယနေ့ခေတ်မြန်မာ့ လူငယ်တွေအဖို့ လည်း အထူးအဆန်း ကိစ္စရပ်တခု မဟုတ်တော့ပါဘူး။ ဒါကို လိုက်လံတားဆီးနေတာထက် လိင်အသိပညာပေးမှု ဆောင်ရွက်တာတွေက ပိုအကျိုးရှိနိုင်တယ်လို့ ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံကျောင်းသူတဦးဖြစ်တဲ့ မဆုရတနာမြင့်က ပြောပါတယ်။
ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ကျောင်းသူတဦးဖြစ်တဲ့ မဆုရတနာမြင့်က “ဒီကိစ္စတွေဟာ လူတဦးတယောက်ချင်းရဲ့ Personal Freedom ဖြစ်တယ်။ အဲတော့ လိုက်တားဆီးနေလို့ မရသလို လိုက်ပြီး ထိန်းချုပ်ဖို့လည်း မလွယ်ဘူး” လို့ပြောပါတယ်။
နှစ်ဦးသဘောတူ လိင်ဆက်ဆံခြင်းက ပြဿနာမဟုတ်ပေမယ့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း ကတော့ ဆိုးကျိုးတွေ အများကြီး ရှိလာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ တနှစ်ထက်တနှစ် ကလေးဖျက်ချ နှုန်းတွေ၊ အမျိုးသမီးသေဆုံးမှုနှုန်းတွေ မြင့်တက်လျက်ရှိပါတယ်။
မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုသန့်ဇင်ထွန်းက “အတူနေမိလို့ ကိုယ်ဝန်ရှိတာမျိုး ဖြစ်လာရင်ကျ လူငယ်သဘာဝက တာဝန်ယူဖို့ မလွယ်တော့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ လိင်ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ယူနိုင်တဲ့ အချိန်ထိ ရှောင်နိုင်တာ အကောင်းဆုံးပါ”လို့ ဆိုပါတယ်။
လိင်ပညာပေး (Sex Education) အားနည်းခြင်းရဲ့ အကျိုးဆက်
တခြာနိုင်ငံ အများစုမှာရှိတဲ့ Sex Education (လိင်ပညာပေး) ကတော့ မြန်မာနိုင်ငံကို ကောင်းစွာ ရောက်ရှိ မလာသေးပါဘူး။ ဒီလို ကောင်းစွာ ရောက်ရှိလာခြင်း မရှိသေးတဲ့အတွက် အထူးသဖြင့် ကျေးလက်နေ ငယ်ရွယ်သူတချို့ဟာ Sex နဲ့ Love မကွဲပြားတာ ၊ လိင်ဆက်ဆံခြင်းဆိုင်ရာ ဗဟုသုတတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကိုလည်း ကောင်းစွာ နားလည်သဘောပေါက်ခြင်း မရှိကြသေးပါဘူး ။
“လောကသဘာဝအရ အချိန်တန်ရင် ဖြစ်ပေါ်လာတတ်တဲ့ လိင်ပိုင်းဆိုင်ရာ စူးစမ်းလေ့လာချင်စိတ်ကို လူကြီးသူမတွေက တားဆီးတတ်တာကြောင့်လည်း မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာစေနိုင်တယ်” လို့ နေပြည်တော်ရှိ သားဖွားနှင့်မီးယပ်အထူးကု ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ ဝင်းဇော်ဦးက ပြောပါတယ် ။
ဒေါက်တာ ဝင်းဇော်ဦးက “မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းတာက သက်သက် ၊ လိင်ပညာပေးရေးက သက်သက်ပဲ”လ ို့ပြောပါတယ်။
မြန်မာနိုင်ငံမှာ Sex Education ကို စာသင်ခန်းအတွင်းကနေ မဆောင်ရွက် နိုင်သေးရင်တောင် မိဘများအနေနဲ့ အရွယ်ရောက် သားသမီးတွေအတွက် လိင်နဲ့ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန် တွေကို ပြောပြတာ ၊ လိင်ပိုင်းဆိုင်ရာ ပညာပေး စာအုပ်ဝယ်ပေးတာမျိုးတွေ ဆောင်ရွက်သင့်ပါတယ် ။ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း လိင်ပညာပေးဟောပြောပွဲတွေ ၊ ဆွေးနွေးပွဲတွေကို ပွင့်ပွင့်လင်းလင်းနဲ့ အရေအတွက်များများ လုပ်ပေးဖို့ လိုအပ်နေပါတယ်။
ပျဉ်းမနား လူငယ်ကွန်ယက် အဖွဲ့ဥက္ကဌ ကိုသိန်းသန်းဦးကတော့ “ချစ်သူများနေ့ဟာ နေ့တိုင်းပါ။ ဒါကြောင့် မိမိချစ်မြတ်နိုးရ သူတိုင်းအပေါ် နေ့စဉ်ဂရုစိုက်ခြင်းဖြင့် ချစ်ခြင်းတို့ တည်မြဲကြပါစေ”လို့ အကြံပြုပါတယ်။
စာရေးသူ ဆောင်းပါးအဖွင့်မှာ ဖော်ပြခဲ့တဲ့ မောင်မောင်တို့ သူငယ်ချင်း နှစ်ယောက်လည်း ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အိတ်ဖောက်ကြမယ်ဆိုရင်ဖြင့် ဒီဆောင်းပါးကို အရင်ဆုံး ဖတ်သင့်တယ်လို့ အကြံပြု တိုက်တွန်းရင်း… ။ ။