• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြောက်ကိုရီးယားနှင့် မြန်မာ စစ်ဘက်ဆက်ဆံရေး ဆက်ရှိဆဲလား

by ဘာတီး(လ် )လင့်တနာ
13 February 2018
in ဆောင်းပါး
A A
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးစဉ်

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးစဉ်

21.2k
VIEWS
Share on FacebookShare on Twitter

နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်မှ မြန်မာသံအမတ်၏ ပြောကြားချက်ကို ယုံကြည်ရမည် ဆိုပါက မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် မည်ကဲ့သို့သော ဆက်ဆံရေးမျှ မရှိဘဲ နျူကလီးယားနှင့် ဒုံးပျံ အစီအစဉ်များကြောင့် လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား အပေါ် ချမှတ်ထားသည့် ဆုံးဖြတ်ချက်များကို လိုက်နာနေသည်။

မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်တွင် ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှု အများအပြားကို ချိုးဖောက်သော ပြည်ပပို့ကုန်များမှ အမေရိကန်ဒေါ်လာ ရရှိသည် ဟူသော ကုလသမဂ္ဂ၏ အတွင်းရေး အစီရင်ခံစာ ပေါက်ကြားသွားခဲ့ပြီးနောက် မြန်မာ သံအမတ်က ထိုသို့ ငြင်းဆိုခြင်း ဖြစ်သည်။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

16 July 2025
1.5k
မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
822
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
365

ထို အရေးယူပိတ်ဆို့မှုကို ချိုးဖောက်သော ပို့ကုန်များတွင် ကျောက်မီးသွေး၊ သံ၊ ခဲ၊ ချည်ထည်၊ ပင်လယ်စာနှင့် မြန်မာနှင့် ဆီးရီးယားသို့ တင်ပို့သည့် ဒုံးကျည် သို့မဟုတ် ဒုံးကျည် နည်းပညာများ ပါဝင်သည်။

နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး ဖြတ်တောက်ထားသည် ဟု နေပြည်တော်က အကြိမ်ကြိမ် ပြောနေသော်လည်း တပ်မတော် ၂ ခုကြား ဆက်ဆံရေးသည် ရှင်သန်ကောင်းမွန်နေဆဲဖြစ်ကြောင်း မြောက်ကိုရီးယားထံမှ ဒုံးကျည်နှင့် ပတ်သက်သော ဆက်လက် တင်သွင်းမှုများ ပေါ်ပေါက်လာခြင်းက ပြသနေသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်သော ကိစ္စများ အားလုံးတွင် လျှို့ဝှက်မှုများဖြင့် လွှမ်းမိုးနေသည်မှာ ရွေးကောက်ခံ အရပ်သားအစိုးရ မဟုတ်ဘဲ သီးခြား ရပ်တည်နေသည့် ဩဇာကြီးမားလှသော တပ်မတော် ဖြစ်ကြောင်းလည်း ၎င်းအချက်တို့က ပြသနေသည်။

ကုလသမဂ္ဂ အစီရင်ခံစာပါ စွပ်စွဲချက်များသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအား ပိုမိုများပြားလာစေမည် ကို သံသယရှိရန် မလိုပေ။ မြန်မာနိုင်ငံသည် ယခုပင် ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းတွင် လုံခြုံရေး တပ်များ၏ ကိုင်တွယ်မှု အတွက် စုံစမ်းစစ်ဆေးမှုများ၊ အရေးယူခံနိုင်ရခြေများကို ရင်ဆိုင်နေရပြီ ဖြစ်သည်။

ကီလိုမီတာ ၃၂၀ မှ ၅၀၀ အထိ ပစ်နိုင်သော မြောက်ကိုရီးယား ၏ ဟွာဆောင် ၅ စကဒ် ဒုံးကျည်များ

မြောက်ကိုရီးယားနှင့် ဆက်ဆံခြင်းကြောင့် အိုဘားမား ချမှတ်ခဲ့သော မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေးမူကို ရုပ်သိမ်းရန် သမ္မတ ဒေါ်နယ်ထရမ့် အတွက် အချက်အလက် ရရှိသွားစေနိုင်သည်။ အိုဘားမား၏ မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံရေးမူသည် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားအကြား မဟာဗျူဟာကျသော ဆက်ဆံရေးကို မဖြတ်တောက်နိုင်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာပါ စွပ်စွဲချက်များက သက်သေပြနေသည်။

အဓိကအားဖြင့် ထို ဆက်ဆံရေးကြောင့်ပင် အမေရိကန်သည် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံကို အထီးကျန်ထား ပိတ်ဆို့ အရေးယူရေးမှ ထိုစဉ်က အာဏာရ စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံရေး မူကို ပြောင်းလဲ ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ရသည်။

“အရေးယူ ပိတ်ဆို့မှုတွေက မြန်မာနိုင်ငံကို တရုတ်လက် ဝကွက်အပ်တာက လွဲပြီး ဘာသက်ရောက်မှုမှ မရှိဘူးလို့ အဲဒီတုန်းက ယုံကြည်ခဲ့ကြတယ်။ ဒီမှာတင် စိုးရိမ်စရာ ကောင်းနေပြီ။ ဒါပေမယ့် မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ကလည်း ချိန်ခွင်လျှာ ညှိဖို့ လုပ်ရဦးမှာ။ တခုခု လုပ်မှရမယ်လို့ သူတို့ တွက်ခဲ့ကြတယ်” ဟု အရှေ့တောင်အာရှ အခြေစိုက် အနောက်တိုင်း သုတေသီတဦးက ဆိုသည်။

ဆယ်စုနှစ်များစွာ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် အမေရိကန် အဆင့်မြင့် အရာရှိ ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံ ခရီးအတွင်း မြောက်ကိုရီးယားနှင့် မြန်မာ ဆက်ဆံရေးသည် ထိပ်တန်းမှ ပါခဲ့သည်။

ထိုစဉ်က မြောက်ကိုရီးယား ပညာရှင်များသည် မြန်မာနိုင်ငံ အနှံ့အပြားတွင် လျှို့ဝှက်လိုဏ်ခေါင်းများ၊ မြေအောက် ကတုတ်ကျင်းများ တူးရာတွင် ပါဝင်ပတ်သက်ကြပြီး မကွေးတိုင်း မင်းလှအနီးနှင့် အခြားနေရာများရှိ စစ်ဘက် ထိပ်တန်းလျှို့ဝှက် နေရာများတွင် ဒုံးကျည် ထုတ်လုပ်ရေး အတွက် မြန်မာ့တပ်မတော် ကို ကူညီနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဒေသတွင်းရှိ ထောက်လှမ်းရေး သတင်းရင်းမြစ်များ ကလည်း မြန်မာ ဆိပ်ကမ်းများတွင် မြောက်ကိုရီးယား သင်္ဘောများ မကြာခဏ ဆိုက်ကပ်သည်ကို မှတ်တမ်းတင်ခဲ့ကြသည်။ ထိုသင်္ဘောများသည် မြန်မာနိုင်ငံသို့ ဆောက်လုပ်ရေး ပစ္စည်းဟု ခေါ်သောအရာများ တင်သွင်းလာပြီး မြောက်ကိုရီးယားသို့ ဆန်များ ပြန်လည် သယ်ဆောင်သွားသဖြင့် ကုန်စည်ဖလှယ်မှု ပြုနေသည့် သဘောဆောင်သည်။

ထိုစဉ်က အရေးယူ ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံသည် သွင်းကုန်များအတွက် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများမှ ငွေပေးချေ၍ မရအောင်ဖြစ်နေပြီး မြောက်ကိုကိုရီးယားမှာ ယခုတိုင် ထိုအခြေအနေတွင်သာ ရှိသေးသည်။

မြောက်ကိုရီးယားက အစားအစာ လိုနေပြီး မြန်မာ့တပ်မတော်ကလည်း ပိုမိုပြင်းအားကောင်းသော လက်နက်များကို အမြဲ ရှာဖွေနေသည်။ မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ် အစောပိုင်းက အမြောက်များနှင့် ထရပ်ကားတွင် တင်ပြီး အတွဲလိုက် ပစ်သည့် ၂၄၀ မီလီမီတာ ဒုံးကျည်စနစ်များကို မြောက်ကိုရီးယားထံမှ ဝယ်ခဲ့ သို့မဟုတ် ကုန်စည်ဖလှယ်ခဲ့သည်။

ဒုံးကျည်များနှင့် ပတ်သက်လျှင် မြောက်ကိုရီးယားသည် အသင့်ပြုလုပ်ပြီး လက်နက်များကို ရောင်းခဲလှပြီး နည်းပညာနှင့် အပိုပစ္စည်းကို ရောင်းသည်သာ များသည်။ မြန်မာနိုင်ငံနှင့် ကိစ္စမှာ ကီလိုမီတာ ၃၂၀ မှ ၅၀၀ အထိ ပစ်နိုင်သော မြောက်ကိုရီးယား ၏ ဟွာဆောင် ၅ နှင့် ၆ ကဲ့သိုသော စကဒ် ဒုံးကျည်များ ထုတ်လုပ်ရေး ဖြစ်သည်။

ထို သဘောတူညီချက်များသည် ဆယ်စုနှစ်ပေါင်းများစွာ အေးစက်နေသော ဆက်ဆံရေးများ ပြန်လည် နွေးထွေးစေရန် အကြောင်းရင်များတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ ၁၉၈၃ ခု အောက်တိုဘာလ ထိုစဉ်က မြို့တော်ရန်ကုန်တွင် တောင်ကိုရီးယား အရာရှိ ၁၇ ဦး အပါအဝင် လူ ၂၁ ဦးသေဆုံးစေသော မြောက်ကိုရီးယား သူလျှိုများ၏ ဗုံးခွဲတိုက်ခိုက်မှု အပြီးတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေး၊ သံတမန်ရေး အဆက်အသွယ်များ အားလုံးကို ဖြတ်တောက်ခဲ့သည်။ ဖမ်းဆီးရမိသော မြောက်ကိုရီးယား သူလျှို ၂ ဦးအနက် တဦးကို ကြိုးပေးသတ်ခဲ့ပြီး ကျန်တဦး ကိုလည်း သေဒဏ်ချမှတ်ထားသည်။

တောင်ကိုရီးယား အရာရှိ ၁၇ ဦး အပါအဝင် လူ ၂၁ ဦးသေဆုံးစေသော မြောက်ကိုရီးယား သူလျှိုများ၏ ရန်ကုန် အာဇာနည်ကုန်း ဗုံးခွဲတိုက်ခိုက်မှု

ခုတ်တခြား ရှရာတလွဲ ဖြစ်ခဲ့သော ဖြစ်ရပ်မှာ ထိုရန်ကုန်တွင် ဗုံးခွဲတိုက်ခိုက်မှုသည် နှစ် နိုင်ငံအကြား ပိုမိုနီးကပ်သော စစ်ဘက် ဆက်ဆံရေး အတွက် ကြားခံဖြစ်ခဲ့သည်။ ၁၉၉၀ ခုနှစ်များ အလယ်တွင် ထိုစဉ်က ဘန်ကောက်ရှိ မြောက်ကိုရီးယား သံအမတ် ရီဒိုဆုပ် (Ri Do-sop) အား ဘန်ကောက်ရှိ မြန်မာသံအမတ်ကို ဆက်သွယ်စေပြီး ဗိုလ်ကြီး ကင်မင်ချူး (Captain Kang Min Chul) ကို လွဲပြောင်းပေးရေး ညှိနှိုင်းရန် မြောက်ကိုရီးယားက ညွှန်ကြားသည်။

ကင်မင်ချူးသည် ရန်ကုန်ဗုံးခွဲ တိုက်ခိုက်မှုတွင် ဖောက်ခွဲရေး ပါရဂူဖြစ်ပြီး မြောက်ကိုရီးယားတွင် နိုင်ငံတော် သစ္စာဖောက်မှု အတွက် ဖမ်းဆီးရန် လိုအပ်နေသူ ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် အသည်းကင်ဆာဖြင့် အင်းစိန်ထောင်တွင် သေဆုံးသည်အထိ သူ့ကို လွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။

သို့သော် ထို အပစ်ပယ်ခံ ၂ နိုင်ငံသည် ဘန်ကောက်ရှိ ထိုလျှို့ဝှက် ဆွေးနွေးပွဲ အတွင်း တဦးနှင့် တဦး ပိုမိုနားလည်ကာ ရိက္ခာနှင့် လက်နက် လဲလှယ်ရေး အစီအစဉ် ဖြစ်လာခဲ့သည်။ မြောက်ကိုရီးယားမှ မြန်မာသို့ လက်နက်တင်ပို့မှု ပထမ အသုတ်သည် ၁၉၉၈ ခုနှစ် နှောင်းပိုင်းတွင် ဖြစ်ပြီး ၁၃၀ မီလီမီတာ စစ်မြေပြင်သုံး အမ် ၄၆ (ပုံစံ ၅၉) အမြောက်များ ပါဝင်သည်။

၂၀၀၃ ခုနှစ် ဇူလိုင်လတွင် မြောက်ကိုရီးယား ပညာရှင် ၂၀ ခန့်ကို သံလျက်စွန်းရှိ ရေတပ်စခန်းဌာနချုပ်နှင့် ရန်ကုန်ရှိ ကာကွယ်ရေး ဝန်ကြီးဌာန ဧည့်ရိပ်သာတွင် တွေ့ရသည်ဟု ဟောင်ကောင် အခြေစိုက် အရှေ့ဖျားဒေသ စီးပွားရေး စာစောင်က ဖော်ပြခဲ့သည်။

သံလျက်စွန်းသည် မြန်မာရေတပ်၏ တရုတ်လုပ် Houxin အတန်းအစား ဒုံးကျည်တင် သင်္ဘောများ ဆိုက်ကပ်သည့် ဆိပ်ကမ်း ၆ ခု အနက်တခု ဖြစ်သည်။ ထို သင်္ဘောများကို ၁၉၉ဝ ခုနှစ်များ အလယ်တွင် မြန်မာနိုင်ငံက ဝယ်ယူခဲ့သည်။ ထို သင်္ဘောများတွင် ရေပြင်မှ မြေပြင်ပစ် ဒုံးကျည်များကို မြောက်ကိုရီးယားက ကူညီတပ်ဆင်ပေးနေသည် သို့မဟုတ် အလားတူ ဒုံးကျည်စနစ်များကို ပြည်တွင်းထုတ် မြန်မာ ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ်များတွင် တပ်ဆင် ပေးနေသည် ဟု ယုံကြည်ရသည်။

မြောက်ကိုရီးယား ပညာရှင်များကို မြန်မာနိုင်ငံတွင် နောက်တကြိမ် တွေ့ရသည်မှာ ၂၀၀၃ ခုနှစ် နိုဝင်ဘာလက ဖြစ်သည်။ နိုင်ငံခြားငွေ ရှာဖွေရန် တာဝန်ပေးထားသော အာဏာရ ကိုရီးယား အလုပ်သမားပါတီ၏ ဗျူရို ၃၉ အောက်မှ ဒေဆောင် စီးပွားရေးအုပ်စု၏ ကိုယ်စားလှယ်များ ရန်ကုန်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

တချိန်တည်း လောက်မှာပင် မြန်မာနိုင်ငံ အလယ်ပိုင်း မြို့သစ်တွင် မြောက်ကိုရီးယား ပညာရှင်များသည် ကြီးမားလှသော ဆောက်လုပ်ရေး စက်ယန္တရားကြီးများကို ရထားပေါ်မှ ချနေသည်ကို တွေ့ရကြောင်း ရန်ကုန်အခြေစိုက် သံတမန်များက ဆိုသည်။ မြောက်ကိုရီးယား လိုဏ်ခေါင်း ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ ရောက်ရှိနေကြောင်း နေပြည်တော်မှ သတင်းကို ၂၀၀၆ ခုနှစ် ဇွန်လတွင် အာရှထောက်လှမ်းရေး အေဂျင်စီများ ကြားဖြတ်ရရှိခဲ့သည်။

၂၀၀၅ ခုနှစ်နှောင်းပိုင်းတွင် စတင် ဖွင့်လှစ်သော ထိုမြို့တော်သစ်မှ အရေးအကြီးဆုံး စစ်ဘက်ဆိုင်ရာ အဆောက်အအုံ များသည် မြေအောက်တွင် ရှိသည်ဟု ပြည်ပ ထောက်လှမ်းရေး ဌာနများက ယုံကြည်ကြသည်။ မြောက်ကိုရီးယားနှင့် မြန်မာ အကြား ဆက်ဆံရေး၏ အဓိက အစိတ်အပိုင်းမှာ မြောက်ကိုရီးယား၏ လိုဏ်ခေါင်း တည်ဆောက်ရေး ကျွမ်းကျင်မှု ဖြစ်သည်။

မြောက်ကိုရီးယားသည် အရေးပေါ် ထိုးစစ်အတွက် တောက်ကိုရီးယား နယ်စပ်တလျှောက်တွင် ကျယ်ပြန့်သော လိုဏ်ခေါင်းများ တူးထားသည် ဟု သိထားကြသည်။ မြောက်ကိုရီးယား၏ ကာကွယ်ရေး ပစ္စည်း စက်ရုံ အများအပြားသည် မြေအောက်တွင် ရှိသကဲ့သို့ ထို ဆယ်စုနှစ် အတွင်း တည်ဆောက်သည့် မြန်မာ စစ်လက်နက်ပစ္စည်း စက်ရုံများသည်လည်း မြေအောက်တွင်သာ ရှိသည်။

၂၀၀၈ ခုနှစ် မြောက်ကိုရီးယားခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးရွှေမန်း နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားတပ်မတော်မှ လက်ဆောင်ပေးစဉ်

၂၀၀၇ ခုနှစ် ဧပြီလတွင် မြောက်ကိုရီးယားနှင့် မြန်မာတို့ သံတမန်ဆက်ဆံရေး တရားဝင် ပြန်လည် ထူထောင်သည်။ ထိုနှစ် နိုဝင်ဘာလတွင် ထိုစဉ်က အုပ်ချုပ်နေသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ ထိပ်တန်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် ပြုံယမ်းသို့ လျှို့ဝှက်သွားရောက်လည်ပတ်ပြီး ကာကွယ်ရေး စာချုပ်များ ချုပ်ဆိုသည်။ ဒုံးကျည်များ ချထားသော နေရာများနှင့် လေကြောင်း ကာကွယ်ရေး ရေဒါများကိုလည်း ဗိုလ်ချုပ်ကြီးရွှေမန်း နှင့် ကိုယ်စားလှယ်များ သွားရောက် စစ်ဆေးခဲ့သည်။

မကျေမနပ် ဖြစ်နေသော အရာရှိတဦးက ဖွင့်ချလိုက်သည့် ထိုမြောက်ကိုရီးယား ခရီးစဉ် သတင်းသည် အင်တာနက်တွင် ဓာတ်ပုံများနှင့် တကွ ပါလာသောအခါ နေပြည်တော်တွင် အရှက်ကွဲခဲ့ရသည်။ ၂၀၁၀ နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲ ပြီးသောအခါ သူရဦးရွှေမန်းသည် အောက်လွှတ်တော် ဥက္ကဌ ဖြစ်လာပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ အထိ ထိုရာထူးတွင် ရှိနေခဲ့သည်။

ယခု သူသည် ဒေါ်အောင်ဆန်းစုကြည်၏ အဖွဲ့ဝင် ၃၅ ဦးပါ ဥပဒေနှင့် အထူးကိစ္စရပ်များ ဆိုင်ရာ ဆန်းစစ်ရေး ကော်မရှင် ဥက္ကဌ တာဝန်ယူပြီး ဥပဒေများကို ဆန်းစစ်ပြီး လွှတ်တော်ကော်မတီများကို ကူညီနေသည်။ သူ၏ သား၂ ဦးမှာ ထင်ရှားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်လာသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့ ပုံမှန်ဆက်ဆံရေး ပြန်လည် ထူထောင်သော ကာလနှင့် နောက်ပိုင်း ဦးသိန်းစိန်ဦးဆောင်သော အရပ်သားတပိုင်း အစိုးရတက်လာသောကာလ အတွင်း မြောက်ကိုရီးယား မြန်မာ စစ်ဘက်ဆက်ဆံရေး အဆုံးသတ် သွားသည် ဟု ယူဆရသည်။ ဦးသိန်းစိန်သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရ၏ နောက်ဆုံးအချိန်များတွင် ဝန်ကြီးချုပ်ဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သည်။

နှစ်နိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး မရှိဟု အကြိမ်ကြိမ် ပြောသော်လည်း ရန်ကုန်မြို့အနီး သီလဝါဆိပ်ကမ်းတွင် မြောက်ကိုရီးယား သင်္ဘောများ တွေ့ရခြင်း ကဲ့သို့သော ဆက်ဆံရေး အထောက်အထားများမှာမူ ဆက်လက် ရှိနေသည်။

မြန်မာ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်မှု ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားနှင့် စစ်လက်နက် တရားမဝင် ကုန်သွယ်သောကြောင့် ဟုဆိုကာ ၂၀၁၃ ခုနှစ်ဇူလိုင်လတွင် အမေရိကန်ဘဏ္ဍာရေး ဌာနက အရေးယူပိတ်ဆို့သော အခါ ထို အကြိမ်ကြိမ် ငြင်းဆိုနေမှုများ မမှန်ကန်ကြောင်း သိလာရသည်။

မည်သည့် အမေရိကန်နိုင်ငံသားမျှ ထိုဗိုလ်ချုပ်နှင့် ရောင်းဝယ်ပတ်သက်ခြင်းကို မဆို အမေရိကန်ဘဏ္ဍာရေး ဌာနက ပိတ်ပင်ပြီး သူ၏ ပိုင်ဆိုင်မှုများ အမေရိကန်တွင် ရှိလျှင် ထိန်းသိမ်းထားမည် ဖြစ်သည်။

ထိုစဉ်က အမေရိကန်သည် ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည် ထူထောင်ရန် လုပ်ဆောင်နေပြီး မြောက်ကိုရီးယားနှင့် လက်နက်အရောင်းအဝယ် မရှိတော့သည့် အထောက်အထားများ ရှိသကဲ့သို့ သံတမန်စကား ဆိုသည်။

သို့သော် သမားရိုးကျ လက်နက်များသာမက ဒုံးကျည်များ အဓိက တင်ပို့သော ကိုရီးယား သတ္တုတူးဖော်ရေးနှင့် ဖွံ့ဖြိုးမှု ကုန်သွယ်ရေး ကော်ပိုရေးရှင်း (KOMID) က ကင်ချိုနမ် (Kim Chol-nam) ဆိုသူကို ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်သောအခါ ဒေသတွင်း လေ့လာစောင့်ကြည့်သူများ သံသယဖြစ်လာသည်။

မြို့တော်ဟောင်း ရန်ကုန်တွင် မြောက်ကိုရီးယား အဆက်အသွယ်များ အထင်အရှား ရှိနေသည်။ ရန်ကုန်၏ ဗဟန်းမြို့နယ်တွင် ပြုံယမ်းကော်ရို စားသောက်ဆိုင် ရှိသည်။ ထိုဆိုင်သည် ဒေသတွင်းမှ ဘန်ကောက်၊ ဖနွမ်ပင်နှင့် ဂျကာတာရှိ အလားတူဆိုင်များနှင့် ဆက်စပ်နေပြီး နိုင်ငံခြားငွေ ပြတ်လပ် အထီးကျန်နေသော မြောက်ကိုရီးယားအစိုးရ အတွက် ငွေရှာပေးနေသည်။

ထို စားသောက်ဆိုင်များသည် အရေးပါသော နိုင်ငံခြားငွေ ရင်းမြစ်များ ဖြစ်သည်မှာ သေချာသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာ ကိုယ်စားလှယ်က ကုလသမဂ္ဂ အစီရင်ခံစာ အကြောင်း မည်သို့ ဆိုစေကာမူ မြန်မာနိုင်ငံ၏ မြောက်ကိုရီးယားမှ ပိတ်ဆို့မှု ချိုးဖောက် သွင်းကုန်စာရင်းတွင် အဓိကကျသော ကုန်စည်များမှာ ကင်ချီ မဟုတ်ဘဲ ဒုံးကျည်နည်းပညာနှင့် လက်နက်များ ဖြစ်ကြောင်းတွေ့ရမည် ဖြစ်သည်။

(www.atimes.com တွင် ဖော်ပြထားသည့် Bertil Lintner ၏ North Korea, Myanmar in a sanctions-busting embrace ကို ဘာသာပြန်သည်။)

Your Thoughts …
Tags: မြောက်ကိုရီးယား မြန်မာ ဆက်ဆံရေး
ဘာတီး(လ် )လင့်တနာ

ဘာတီး(လ် )လင့်တနာ

Contributor

Similar Picks:

No Content Available
Next Post
မိုင်ဂျာယန် မြို့နယ် အခြေစိုက် ကချင်လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့ဝင်များ / ဧရာဝတီ

KIA တပ်မဟာ အသစ် ၂ ခု ထပ်မံ ဖွဲ့စည်း

Cobra Gold  စစ်ရေးလေ့ကျင့်မှု / Bangkok Post

Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်တပ်များ အင်အားအလုံးအရင်းဖြင့် ပါဝင်

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နောင်ချိုမြို့ စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate