ဝါ၊ စိမ်း၊ နီ၊ ပြာ စတဲ့ ရောင်စုံမီးရောင်တန်းတွေ ပြေးနေတဲ့ မျက်နှာကျက်နဲ့ ခန်းမကြီးထဲမှာ လူတွေ ရာဂဏန်းလောက် ရှိနေပေမယ့် တယောက်နဲ့ တယောက် မျက်နှာကိုတောင် စေ့စေ့မကြည့်၊ စကားမပြောဘဲ စားပွဲခုံတွေပေါ်မှာပဲ အာရုံ စိုက် နေကြပါတယ်။
သူတို့အားလုံးက လက်သွယ်သွယ်လေးတွေနဲ့ ဖဲချပ်တွေ လှန်လိုက် ချိုးလိုက်လုပ်နေတဲ့ အနီရောင်အကျႌ ဝတ်ဆင် ထား တဲ့ မိန်းကလေးတွေဆီကို နဂါးရုပ်၊ ကျားရုပ်နဲ့ ကိန်းဂဏန်းတွေ ရေးဆွဲထားတဲ့ ဘဲဥပုံစံ အပြာရောင်စားပွဲ တွေဆီ ကိုပဲ မျက်တောင်မခတ် ကြည့်နေကြတာပါ။
အနီရောင် ဝမ်းဆက်နဲ့ မိန်းကလေးက ဘဲလ် တချက် တီးလိုက်တာနဲ့ အပြာရောင် စားပွဲခုံ ဘေးမှာ ဝိုင်းနေကြတဲ့ အမျိုးသား အမျိုးသမီး ၆ ဦးက စားပွဲခုံပေါ်မှာ ဇယားကွက်နဲ့ ရေးဆွဲထားတဲ့ အနီရောင် နဂါးပုံ၊ အဝါရောင် ကျား ပုံတွေ အသီးသီးပေါ်မှာ ထိုင်းဘတ် ၁၀၀၀ တန်၊ ၁၀၀ တန်တွေကို လောင်းကြေး အဖြစ်တင်လိုက်ပါတယ်။
လောင်းကြေး အများဆုံးဖြစ်တဲ့ ဘတ် ၁၀၀၀ တန်ကို ကျားပုံပေါ်မှာ ထိုးလိုက်တဲ့ အမျိုးသားဆီကို မိန်းကလေးက ဖဲချပ် တချပ် ပစ်ပေးလိုက်တဲ့အခါ အမျိုးသားက ဖဲချပ်ထိပ်ကို နည်းနည်း ခေါက်ချိုးပြီး ပြန်ပေးလိုက်ပါတယ်။
ခေါက်ချိုး ထားတဲ့ ဖဲချပ်ကို ပြန်ရတဲ့အခါ အခြားဖဲချပ် တချပ်ကို မိန်းကလေးက လှန်လိုက်ပါတယ်။
ဒီမှာ အနိုင်အရှုံးက ပေါ်သွားပါပြီ။ အမျိုးသားရဲ့ ဖဲချပ်က ၄ ပွင့်၊ မိန်းကလေးရဲ့ ဖဲချပ်က ၇ ပွင့် ဖြစ်တာကြောင့် ကစား ဝိုင်း ရဲ့ ဒိုင်အဖြစ် ထိုင်နေတဲ့ မိန်းကလေးက အနိုင်ရသွားပါတယ်။
နဂါးပုံမှာ လောင်းကြေး ထိုးထားတဲ့ သူတွေကိုတော့ မိန်းကလေးက ထိုးထားတဲ့ ငွေကြေးတွေ အတိုင်း ပြန် အလျော် ပေးလိုက်ပြီး ကျားပုံမှာ လောင်းကြေး ထိုးထားတဲ့သူတွေရဲ့ ငွေတွေ အားလုံးကိုတော့ အံဆွဲထဲကို သိမ်းလိုက်ပါတယ်။
သူတို့က ကာစီနို ကစားနည်းတွေထဲက တခုဖြစ်တဲ့ Dragon – Tiger လောင်းကစားကို ဆော့နေကြတာပါ။ ကစားပွဲ တပွဲကို စက္ကန့် ၄၀ လောက်သာ ကြာပါတယ်။
ကစားဝိုင်းရှိတဲ့ နေရာကတော့ ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ထဲက ကာစီနိုရုံကြီး တခုထဲမှာပါ။
မြဝတီမြို့ ဒေသခံတွေကတော့ ၉၉၉ (ကိုးသုံးလုံး) ကာစီနိုရုံလို့ သိကြပါတယ်။ ကာစီနိုရုံရဲ့ အမည်ရင်း ကတော့ Myawaddy Online/ M Club/ Royal Entertainment ပါ။
သောင်ရင်း မြစ်ကမ်းပါးမှာ တည်ဆောက်ထားတဲ့ Myawaddy Complex ထဲမှာ ရှိပါတယ်။
မြဝတီမြို့ဒေသခံ ဦးကိုကိုကတော့ “မစမ်းနဲ့နော်။ စမ်းရင်း စိတ်ပါလာရင် အိမ်တွေကားတွေ ကုန်တဲ့ အထိပါ ဖြစ်တယ်။ ကျနော့်သူငယ်ချင်းတယောက် ပြီးခဲ့တဲ့ လကပဲ ကား ၅စီး ကုန်သွားတယ်။ ဘဝကို ပျက်တာပဲ” လို့ ပြောပါတယ်။
ကာစီနိုရုံထဲမှာ ဆော့ကစားနေကြတဲ့ ကစားသမား ဦးရေ ၁၀၀ ဝန်းကျင်လောက်က ထိုင်းလူမျိုးတွေပါ။ မြန်မာ လူမျိုး အမျိုးသား၊ အမျိုးသမီး ၁၀ ဦးလောက်ကိုလည်း ထိုင်းလူမျိုးတွေ ကြားမှာ လောင်းကြေး ဝင်ထည့်နေတာ တွေ့ရပါ တယ်။
ထိုင်းဘတ်ငွေ ထောင်တန်တွေကို နှမြောခြင်းမရှိဘဲ ကစားပွဲကိုသာ အာရုံစိုက်ပြီး လောင်းကြေး များများ ထိုးနေကြတဲ့ သူတွေ ကတော့ ထိုင်းလူမျိုးတွေပါ။ မြန်မာလူမျိုး ကစားသမား များကတော့ ပွဲတပွဲကို ထိုင်းဘတ် ၄၀ လောက်ပဲ ထည့်ပြီး လောင်းကြေး ထည့်နေတာ တွေ့ရပါတယ်။
မြဝတီ ဒေသခံ ဦးကိုကိုက “မြန်မာလူမျိုးတွေ ဒီထဲကို သိပ်မဝင်ရဲဘူး။ လာလည်း မလာကြသလောက်ပဲလေ။ ဒီနေရာ ကို ထိုင်းတွေ ဆော့တဲ့ ကာစီနီုရုံလို့ပဲ အများသိကြတာ”လို့ ပြောပါတယ်။
ကာစီနိုရုံကို လာကြတဲ့ ထိုင်းလူမျိုးတွေက M Club ရဲ့စက်လှေနဲ့ ထိုင်းနိုင်ငံ တဖက်ကမ်းကနေ သောင်ရင်းမြစ်ကို ဖြတ်ကူး ပြီး လာဆော့ ကြတာပါ။
Myawaddy Complex ကို ထိုင်းနိုင်ငံဘက် ခြမ်းကနေ လှမ်းကြည့်ရင် ကမ်းနားဘေးက စားသောက်ဆိုင်နဲ့ နိုင်ငံခြား အရက်၊ ဆေးလိပ်၊ ချောကလက် အပါအဝင် လက်ကိုင်အိတ်တွေ ရောင်းတဲ့ Duty Free ကုန်တိုက်ငယ်လေးကိုပဲ တွေ့ရ ပါတယ်။
စားသောက်ဆိုင်နဲ့ ကုန်တိုက်ငယ်ကို ကျော်ပြီး ဝင်လာမှ ကာစီနိုရုံ အဆောက်အအုံထဲကို ရောက်လာမှာပါ။
ကာစီနိုရုံ အဝင်ဝမှာ နက်ပြာရောင်ဝမ်းဆက် ဝတ်ထားပြီး စကားပြောစက်တွေကို ခါးမှာ ချိတ်ထားတဲ့ အမျိုးသားတွေ ကို ဖြတ်ကျော် ဝင်လာရမှာဖြစ်ပြီး ရုံထဲမှာတော့ ထိုင်းဘတ်ငွေ ရာတန်၊ ထောင်တန်တွေကို လက်မှာ အထပ်လိုက် ကိုင်ပြီး လောင်းကြေးထိုးဖို့ အာရုံစိုက်နေတဲ့ ထိုင်းအမျိုးသား၊ အမျိုးသမီးတွေနဲ့ စားပွဲခုံမှာ ဒိုင်အဖြစ် ထိုင်ပေးနေတဲ့ ပိန်ပိန် သွယ်သွယ် မျက်နှာပေါက် ချောချောနဲ့ အမျိုးသမီးတွေ အမျိုးသားတွေ အပြည့်ပါပဲ။
ရုံထဲမှာ Dragon – Tiger ကစားနည်းအပြင် ဒိုင်မိန်းကလေးက စက်ဝိုင်းကို လှည့်ပြီး ကစားသူက သုည ကနေ ၃၆ ဂဏန်းထိ လောင်းကြေးထိုး ဆော့နိုင်တဲ့ Roulatte ကစားနည်း၊ စားပွဲခုံပေါ်က ကျား-နဂါး အကွက်တွေမှာ လောင်း ကြေး ထိုး ဖဲချပ် ၂ချပ်ကနေ ၃ ချပ် ဆွဲပြီး အနိုင်အရှုံး သတ်မှတ်တဲ့ Baccarat ကစားနည်းနဲ့ အန်စာတုံး ၃တုံး ခေါက်ပြီး လောင်းကြေး ထိုးနိုင်တဲ့ Tai-Sai ခေါ် Sico ကစားနည်းတွေ ဆော့နေကြတာလည်း တွေ့ရ ပါတယ်။
ကစားနည်း အသေးစိတ်နဲ့ အလျော်အစားတွေကတော့ ရှုပ်ထွေးလွန်းတာကြောင့် ပုံမှန်ဆော့ကစား နေကြ လောင်း ကစား သမား တယောက် မဟုတ်ရင်တော့ ကာစီနိုဝိုင်းထဲမှာ မျက်စိလည်နေနိုင်ပါတယ်။
ကစားနည်းတွေ မရှုပ်ထွေးဘဲ လွယ်လွယ်ကူကူ ဆော့နိုင်တဲ့ အကြွေစေ့ထည့်ပြီး ငါးပစ်တဲ့ ဂိမ်းခုံတွေလည်း ရှိပါတယ်။
ကာစီနို ကစားဝိုင်း စားပွဲခုံတွေနဲ့ ဂိမ်းစက်တွေ စုစုပေါင်း အရေအတွက် ၅၀ လောက် ရှိပါတယ်။
ကာစီနိုရုံကို လာရောက် ဆော့ကစားသူတွေကတော့ ကျွမ်းကျင်တဲ့ လောင်းကစားသမားတွေ ဖြစ်ပုံရပါတယ်။
သူတို့တွေက တယောက်နဲ့ တယောက် စကားလုံးဝ မပြောဘဲ ကစားပွဲတွေကို တပွဲပြီးတပွဲ လောင်းကြေးထပ် ဆော့နေကြတာပါ။
ကာစီနိုခုံတွေရဲ့ ဘေးတဖက်တချက်မှာ ငွေလဲဖို့ အကြွေဖြတ်ဖို့ကောင်တာတွေရှိသလို ပါလာသမျှ ငွေတွေ ကုန်သွား ရင် အိမ်၊ ဆိုင်ကယ်၊ ကား စာချုပ်တွေကို ပေါင်နှံဆော့ဖို့အတွက်လည်းပေါင်နှံနိုင်တဲ့ကောင်တာတွေက အသင့် ရှိနေ ပါတယ်။
လောင်းကစားဝိုင်းတွေ အပြင် ကာစီနိုရုံထဲမှာ မနက်တကြိမ်၊ ညတကြိမ် ၂လုံးထီ ကစားနိုင်အောင်လည်း ဖွင့်ပေး ထား ပါ သေးတယ်။
ကာစီနို ကစားသူတွေကို မဲလက်မှတ်တွေ ပေးပြီး ညနေပိုုင်းတွေမှာလည်း ရွှေဆွဲကြိုး၊ အရုပ်၊ အိမ်သုံး စက်ပစ္စည်းတွေ လည်း မဲဖောက်ပေးတယ်လို့ သိရပါတယ်။
ကာစီနိုလာကစားတဲ့ သူတွေကို ထိုင်ရာက မထ ကစားနိုင်အောင် စားသောက်စရာ အဖျော်ယမကာတွေကို အခမဲ့ ဝန်ဆောင်မှု ပေးတယ်လို့ မြဝတီမြို့က ဒေသခံတွေကြား ပြောဆိုနေကြပေမယ့် တကယ်အခမဲ့ ဝန်ဆောင်မှု ပေး မပေး ကိုတော့ မေးမြန်းခွင့် မရခဲ့ပါဘူး။
ကာစီနို ကစားသူတွေ အတွက် နောက်ထပ် ဝန်ဆောင်မှု တခုလည်း ရှိပါသေးတယ်။
အဲ့ဒါကတော့ ကာစီနိုရုံထိ လာဆော့စရာ မလိုဘဲ အိမ်ကနေ အင်တာနက်ဖွင့်ပြီး ကစားနိုင်တဲ့ အွန်လိုင်း ကာစီနို ဝန်ဆောင်မှု လည်း ရှိတယ်လို့ ကာစီနို ဝန်ထမ်းတွေဆီက သိရပါတယ်။
ကာစီနိုရုံထဲမှာ အသားဖြူဖြူ ပိန်ပိန်နဲ့ ကုတ်အကျႌ၊ စတိုင်ပန်ဘောင်းဘီနဲ့ သပ်သပ်ရှိတဲ့ လူငယ် အမျိုးသားတဦး ကတော့ အွန်လိုင်း ကာစီနို အတွက် စာရွက်ကလေးတွေ ဝေပြီး ဘယ်လို ဆော့လို့ ရတယ်ဆိုတာကို ထိုင်း-မြန်မာ နှစ်ဘာသာနဲ့ ဒိုင်ခံ ရှင်းပြနေပါတယ်။
ထိုအမျိုးသားက “အစမ်းကစားဖို့ အကောင့်ထဲမှာ ဘတ် ၁၀၀၀ ထည့်ပေးထားပါတယ်။ အဲ့ဒီ ၁၀၀၀ က ထုတ်လို့ တော့ မရဘူး။ အခမဲ့ စမ်းဆော့လို့ ရတာပေါ့။ တကယ်လို့ အွန်လိုင်းကနေ ဆော့ပြီး စိတ်ပါရင် ဘတ် ၅၀၀ နဲ့ ကိုယ်ပိုင် အကောင့်တခု ဖွင့်ပြီး ဆော့လို့ ရပါတယ်။ နိုင်ရင်တော့ ငွေထုတ်လို့ ရပါမယ်”လို့ ရှင်းပြပါတယ်။
ရှင်းပြရင်း ထိုအမျိုးသားက Myawaddy Online ကာစီနို ဆော့ဖို့ လင့်ခ်တခု ဖုန်းမှာ ထည့်ပေးပါတယ်။
လောင်းကြေး ထည့်ပြီး ဆော့နိုင်ဖို့ Viber ၊ Line ၊ Wechat အကောင့်တွေကနေ ဆက်သွယ်ပြီး မိမိကိုယ်ပိုင် အကောင့် ထဲ ငွေထည့်မယ်ဆိုရင် ဧရာဝတီ ဘဏ်၊ ကမ္ဘောဇ ဘဏ်၊ စီဘီ ဘဏ်တွေကနေ တဆင့် ငွေလွှဲနိုင်တယ်လို့ ထို အမျိုးသား က ပြောပါတယ်။
မြဝတီမြို့က ဒေသခံတွေကတော့ Myawaddy Complex ကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ပိုင်ဆိုင်ပြီး ကာစီနိုရုံကိုတော့ ထိုင်းလုပ်ငန်းရှင် တဦးနဲ့ ပူးပေါင်း ဖွင့်ထား တာလို့ ပြောဆိုကြပါတယ်။
Myawaddy Complex ကို ၂၀၁၅ ခုနှစ်က စတင်ပြီး ဖွင့်လှစ်တာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီက BGF အရာရှိတချို့ကို ဆက်သွယ်ပြီး ကာစီနိုရုံအကြောင်း မေးမြန်းပေမယ့် ပြန်လည် မဖြေဆိုကြပါဘူး။ သူတို့မှာ ဖြေဆိုဖို့ တာဝန်ပေးခံထားရခြင်း မရှိတာကြောင့် ဗိုလ်မှူးကြီး စောချစ်သူ ကိုသာ တိုက်ရိုက် မေးမြန်းဖို့ ပြောဆို ကြပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူကိုတော့ ဧရာဝတီက သီးခြားမေးမြန်းဖို့ ဆက်သွယ်နိုင်ခြင်း မရှိပါဘူး။
Myawaddy Complex ထဲကို သွားဖို့ မြဝတီမြို့ကနေ သွားမယ်ဆိုရင်တော့ BGF တပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေတဲ့ အမှတ် (၆) နယ်စပ် လုံခြုံရေး စခန်းကို ဖြတ်ပြီးမှ ဝင်လို့ ရမှာပါ။
အမှတ်(၆) နယ်စပ် လုံခြုံရေး စခန်းဂိတ်ကို ရောက်ရင် ကားစီးလာရင်တော့ ကားမှန်တွေ ချပေးပြီး လူတွေကို စစ်သား တွေက စစ်ဆေးတာ ရှိသလို ဆိုင်ကယ်နဲ့ လာရင်တော့ လမ်းဆင်းလျှောက် ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ လယ်လောက်က မြဝတီမြို့တွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ နယ်ခြား စောင့် တပ်ဖွဲ့ဝင်တွေက လောင်းကစားဝိုင်းတွေကို လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။
မြဝတီမြို့တွင်းမှာ ရှိတဲ့ လောင်းကစားဝိုင်းတွေ ပိတ်ပေးဖို့ ပြည်သူလူထု ၂၀၀ လောက်ကလည်း လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီ့ အဖြစ်အပျက်တွေနဲ့တော့ Myawaddy Complex က မဆိုင်သလိုဘဲ ဆော့ကစား သူတွေနဲ့ ဆက်လက် လည်ပတ် နေဆဲပါ။
မြဝတီမြို့ ပြည်နယ် လွှတ်တော်အမတ် ဦးအိုက်ကျန်ခမ်း ကတော့ ဇန်နဝါရီလအတွင်းက အဲဒီ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ပူးပေါင်းဖမ်းဆီးခဲ့တဲ့ လောင်းကစားဝိုင်းတွေက မြို့တွင်းမှာ အသေးစား ဖွင့်ထားတဲ့ ပုဂ္ဂလိက ပိုင်တွေသာ ဖြစ်ပြီး ကလေးတွေ စာမေးပွဲရှိတာကြောင့် ရှောင်တခင်ဖမ်းတဲ့ သဘောမျိုးပဲလို့ ပြောပါတယ်။
ပုဂ္ဂိလပိုင် လောင်းကစားဝိုင်းတွေကို လိုက်လံ ဖမ်းဆီးနိုင်ပေမယ့် မြဝတီမြို့ပြင်မှာ တခမ်းတနား ဖွင့်လှစ်ထားတဲ့ ကာစီနို ရုံကြီးတွေကတော့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)နဲ့ ဆက်နွယ်နေတာကြောင့် ဘယ်သူကမှ ဝင်ရောက် ဖမ်းဆီးတာမျိုး မရှိဘူးလို့ ဦးအိုက်ကျန်ခမ်းက ပြောဆိုပါတယ်။
ဦးအိုက်ကျန်ခမ်းက “ကာစီနိုတွေက BGF နဲ့ နွယ်တယ်။ BGF က ပြည်ထဲရေးနဲ့ သွားနေပေမယ့် အခွန်မရဘူး။ သူတို့ ထဲက ပုဂ္ဂိလ်ရေး အရ အပေါ်မိန့်နဲ့ ဖွင့်ထားတာမျိုး ဖြစ်နေတယ်။ အပေါ်မိန့်နဲ့ ဖွင့်ထားတာ ဖြစ်လို့ ကျနော်တို့ အစိုးရက ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာ ဆွေးနွေးမယ်။ နည်းနည်းတော့ အစိုးရဘက်က တီးခေါက်နေတာရှိတယ်” လို့ လည်း ပြောပါတယ်။
ကာစီနိုရုံတွေကို အစိုးရက အခွန်စနစ်နဲ့ ကြီးကြပ်တဲ့ ပုံစံမျိုးကိုလည်း စဉ်းစားတာ ရှိသလို ပြဿနာ မဖြစ်စေဖို့ ကို လည်း သတိပြုပြီး အစိုးရဘက်က ဆောင်ရွက်မှာပါလို့လည်း ဦးအိုက်ကျန်ခမ်းက ပြောဆိုပါတယ်။
မြဝတီမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးထွန်းနေအောင်က မြို့တွင်းမှာ လူထုနဲ့ ဆန္ဒပြပြီး လောင်း ကစားဝိုင်းတွေ ဖျက်သိမ်းပေးဖို့ ဆန္ဒပြတဲ့ လုပ်ရပ်ကို သဘောမတွေ့လှဘူးလို့ ဆိုပါတယ်။
ဆန္ဒပြသူတွေ ပြောဆိုနေတဲ့ လောင်းကစားဝိုင်းတွေကြောင့် သူတို့သားသမီးတွေ ကလေးငယ်တွေ ပျက်စီးတယ်လို့ ပြောဆိုတဲ့ အပေါ်မှာလည်း သူက လက်မခံဘူးလို့ ဦးထွန်းနေအောင်က ပြောပါတယ်။
“သူတို့သားသမီးတွေ ပျက်စီးနေပြီ ဘာဖြစ်နေပြီဆိုတာ မိဘအလုပ်လေ။ ကျနော်တို့မှာလည်း သားသမီးတွေ ရှိတာ ဒီလိုပဲ ထိန်းကွပ်ထားတာပဲ။ သားသမီး လိမ္မာတယ် ဆိုးတယ်ဆိုတာ မိဘနဲ့ ဆိုုင်တာ။ မိဘမှာ တာဝန်ရှိတာ။ သွားပုံ မချနဲ့လေ။ ကိုယ့် သားသမီး မကောင်းတာ ကိုယ့်အပြစ်ပဲ”လို့ ဦးထွန်းနေအောင်က ပြောဆိုပါတယ်။
ဦးထွန်းနေအောင်က သူနဲ့ ရင်းနှီးတဲ့ သူတွေ ပြောဆိုချက်အရ လောင်းကစားဝိုင်းနဲ့ ကာစီနို ဝိုင်းတွေကြောင့် စီးပွား ရှာလို့ ရတယ်၊ ရပ်တည်လို့ ရတယ်၊ ဒေသဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေး လုပ်လို့ ရတယ်ဆိုတဲ့ စကားတွေ ကြားနေ ရတယ် လို့ ပြောဆိုပါသေးတယ်။
ဦးထွန်းနေအောင်က “တချို့ဆို ဘယ်လိုပြောလည်း ဆိုရင် သူတို့ ဒီလို စီးပွားရှာလို့ ရလို့ သူတို့ ရပ်တည်လို့ ရတယ်။ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး သူတို့ လုပ်လို့ ရတယ်လို့ ပြောတယ်။ သူတို့ ပြောသလို ဒါတွေ လုပ်လို့ ဒါတွေ ပံ့ပိုးနိုင် တယ်လို့ ဆိုလာတော့ ဒါအပြစ် သွားမြင်လို့ မရဘူး”လို့လည်း ဆိုပါတယ်။
တရားမဝင်တဲ့ လောင်းကစားဝိုင်းတွေကို ဖမ်းဆီးရာမှာ ရဲတပ်ဖွဲ့ရဲ့ တာဝန်ဖြစ်လို့ တာဝန်ရှိတဲ့ အတိုင်းသာ ဆောင်ရွက် မယ် ဆိုရင် ပြည်သူလူထုက ဝင်ပါစရာ မလိုဘူး လို့လည်း ဦးထွန်းနေအောင်က ပြောဆိုပါတယ်။
လောင်းကစားဝိုင်းတွေ၊ ကာစီနိုရုံတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့တွေ ဘယ်လို ဆောင်ရွက်နေသလဲ ဆိုတာကို မေးမြန်း တော့ မြဝတီမြို့ ရဲတပ်ဖွဲ့မှ အရာရှိတဦးက မြို့ထဲက လောင်းကစားဝိုင်းတွေကို လိုက်သိမ်းတာ ဖမ်းဆီးတာတွေ ရှိပေ မယ့် မြို့ပြင်က ကာစီနို ဝိုင်းတွေဆီကိုတော့ သူတောင် မရောက်ဖူးဘူး လို့ ပြောပါတယ်။
ထိုအရာရှိက “ကျနော်တို့ ကြားဖူးတာ အဲ့ဒီ ကာစီနိုထဲကို မြန်မာတွေ ဝင်လို့ မရဘူး။ ထိုင်းတွေပဲ လာဆော့ကြတာ ဆိုပြီး လေ။ နောက် အဲ့ဒီထဲမှာ အမှုအခင်း တခုခုဖြစ်ရင်တောင် ကျနော်တို့ ဝင်လို့ မရဘူး။ BGF ပဲ ကိုင်တွယ်တာ” လို့ ပြောဆိုပါတယ်။
ထိုအရာရှိက သူပြောတဲ့ စကားတွေကို သူ့နာမည်သုံးပြီး သတင်းမှာ မဖော်ပြဖို့လည်း ပြောပါသေးတယ်။
မြဝတီမြို့ မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး မင်းကို ကတော့ ကာစီနိုဝိုင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းတာတွေကို ဖြေဆို ခြင်း မရှိပါဘူး။
လောင်းကစားဝိုင်းတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ သူက ပြန်လည် ဖြေဆိုပါတယ်။
မြဝတီမြို့မှာ လောင်းကစားဝိုင်းတွေ ရှိခဲ့ပေမယ့် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အဖွဲ့အစည်းများ၊ နယ်မြေခံ တပ်များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များ နဲ့ ပူးပေါင်း ပိတ်သိမ်းလိုက်လို့ လောင်းကစားဝိုင်းတွေ မရှိတော့ဘူး လို့လည်း ပြောဆိုပါတယ်။
မြဝတီမြို့တွင်းက လောင်းကစားဝိုင်းတွေ ပပျောက်ဖို့ အတွက်လည်း BGF အပြင် ငြိမ်းချမ်းရေး ဆောင်ရွက် ထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ဒုရဲမှူး မင်းကို က ဆိုပါတယ်။
ကရင် နိုင်ငံရေး အသိုင်းအဝိုင်းက ပြောရေး ဆိုခွင့် ရှိသူ တချို့ကတော့ မြဝတီမြို့တွင်းမှာ BGF ရဲ့ ကာစီနိုရုံ အပြင် အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) လက်မှတ် ထိုးထားတဲ့ ကရင် အမျိုးသား အစည်းအရုံး (KNU) က အရာရှိတဦးကလည်း ကာစီနိုရုံတခု ဖွင့်လှစ်ထားတယ်လို့ ပြောဆိုနေကြပါတယ်။
ဖလုံ-စဝေါ် ပါတီ ဒုဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက “KNU ပွဲမှာ အဲ့ဒီက KNU က ဗဟိုကော်မတီဝင်ကို ကျနော်က မေး တာ။ ကာစီနိုတခုက ဗိုလ်မှူးကြီးတယောက် ပိုင်တယ်ဆို လို့ ဆိုတော့ ဆရာသွားပြောလေတဲ့။ ကျမတို့တော့ မပြော ချင် ဘူးတဲ့ ပြန်ပြောတယ်။ နာမည်တော့ မပြောချင်ပါဘူး။ သူငယ်ချင်းတွေပါပဲ”လို့ ပြောပါတယ်။
မြဝတီမြို့တွင်းမှာ Myawaddy Complex ဝင်းထဲမှာသာ ကာစီနိုရုံ ရှိတာ မဟုတ်ဘဲ BGF နဲ့ ဆက်နွယ်နေတဲ့ ကာစီနိုရုံ ၃ရုံ လောက် ရှိတယ်လို့လည်း ဦးမန်းအောင်ပြည်စိုးက ဆိုပါတယ်။
ဦးမန်းအောင်ပြည်စိုးက “ပြောရမယ် ဆိုရင်တော့ အစိုးရ မသိဘဲနဲ့ ဘယ်သူမှ မလုပ်ရဲဘူး။ နောက်တခါ အစိုးရက လည်း ကရင် လက်နက်ကိုင် အဖွဲ့အစည်းတွေကြောင့် မလွှဲ မရှောင်သာ နားလည်မှု ပေးလိုက်ရတဲ့ အပိုင်းတွေ ရှိကောင်း ရှိမယ်။ ဝေစား မျှစားလည်း ဖြစ်ချင် ဖြစ်မယ်။ ဒါကတော့ အန်ကယ်တို့ အမြင်အတိုင်းပဲ”လို့ လည်း ပြောပါ တယ်။
မြဝတီမြို့ ဒေသခံတချို့ကတော့ လောင်းကစား ဝိုင်းတွေထဲမှာ မူးယစ်ဆေးဝါးတွေ ရောင်းကြတာ ရှိသလို လောင်း ကစား ရှုံးလို့ ခိုးဝှက် လုယက် တာတွေလည်း ပေါများလာတယ်လို့ ပြောဆို နေကြပါတယ်။
မြဝတီမြို့ ရပ်ကွက် (၄)နေ ဒေါ်ကျင်သန်းက “ကျမသားတွေဆို ဒီဂိမ်းဆိုင်ပဲ ရောက်နေတော့ စာလည်း မကျက်၊ ကျောင်း စာ လည်း မလုပ်နဲ့။ ခဏနေ ပျောက်သွားပြန်ပြီ။ ထွက်သွားပြန်ပြီ။ ဒီလောင်းကစားဝိုင်းတွေ ဂိမ်းစက်တွေက ကလေးတွေကိုလည်း စွဲလမ်းအောင် လုပ်ပြီး ဖျက်ဆီးတယ်။ ဒါတွေကို ကျမကတော့ မရှိစေချင်ဘူး” လို့ ပြောပါတယ်။
မြဝတီမြို့ဒေသခံ ဦးဘိုဘိုကလည်း အစိုးရအနေနဲ့ လောင်းကစားဝိုင်းတွေကို ပိတ်ပင်တာမျိုး မလုပ်နိုင်ရင်လည်း တရားဝင် ဖြစ်အောင် ထိန်းကွပ်သင့်တယ်လို့ ပြောဆိုပါတယ်။
ဇန်နဝါရီ လလယ်ပိုင်းက မြဝတီမြို့ ရပ်မိရပ်ဖတွေနဲ့ ကျောင်းသူကျောင်းသား မိဘတွေ ၂၀၀ လောက် စုစည်းပြီး လောင်းကစားဝိုင်းတွေ ပိတ်ပစ်ဖို့ ဆန္ဒ ထုတ်ဖော်ချိန်နဲ့ တပြိုင်တည်း ရဲတပ်ဖွဲ့ဝင်တွေBGF တပ်ဖွဲ့ဝင်တွေ လိုက်လံ ဖမ်းဆီး တာကြောင့် မြို့တွင်းက လောင်းကစားဝိုင်းတွေ ခေတ္တ ပိတ်သွားခဲ့ပါတယ်။
အခု ချိန်မှာတော့ ရပ်ကွက်တွေအတွင်းက လောင်းကစားဝိုင်းတချို့က ပြန်ဖွင့်နေတာ တွေ့ရသလို နယ်စပ်က ကာစီနို ရုံကြီး ကလည်း လူစည်ကားဆဲပါပဲ။
ဧရာဝတီက ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ၎င်းတို့က မြဝတီက သက်ဆိုင် ရာ ရဲတပ်ဖွဲ့ကိုသာ မေးမြန်းပါလို့ ပြောပါတယ်။
ကရင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်ကတော့ “လောင်းကစားဝိုင်းတွေ ရှိတာ တွေ့နေရတာပဲ။ ဘယ်သူမှ မကြိုက်ဘူး။ လက်နက်ကိုင်တွေနဲ့ ပတ်သက်တာတွေ ရှိရင်တော့ ကိုင်တွယ်ရ ခက်တာပေါ့။ အစိုးရဝန်ကြီးတွေ အသိ ဆုံး”လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ တည်ဆဲ လောင်းကစား ဥပဒေ (၁၉၈၆) မှာတော့ လောင်းကစားဝိုင်းတွေ လုပ်နေတယ်လို့ သတင်း ကြားရင် မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့က ဝင်ရောက် ရှာဖွေ ဖမ်းဆီးနိုင်သလို အများပြည်သူ ပိုင်နေရာမှာ လောင်းကစားလုပ်နေတာ တွေ့ရင်တော့ ရဲတပ်ဖွဲ့ဝင် တဦးဦးက ဝရမ်းမပါဘဲ ဖမ်းဆီးပြီး လောင်ကစား ပစ္စည်းတွေနဲ့ ငွေကြေးတွေ အားလုံးကိုလည်း သိမ်းဆည်းနိုင်တယ်လို့ ပြဌာန်း ထားပါတယ်။
ထို့ပြင် လောင်းကစားအိမ်မှာ လောင်းကစားနေသူတွေ အပြင် လောင်းကစားမလုပ်ဘဲ ရှိနေသူတွေကိုလည်း ဖမ်းဆီး နိုင်တယ်လို့ လောင်းကစား ဥပဒေရဲ့ ပုဒ်မ ၆ (က) မှာ ပြဌာန်းထားပါတယ်။
ပြစ်ဒဏ် အလိုက် ထောင်ဒဏ် ၃လမှ ၅ နှစ်အထိ ထောင်ဒဏ်များနဲ့ ငွေဒဏ်များကိုလည်း ချမှတ်ခံရမှာ ဖြစ်ပြီး သိမ်းဆည်း ရမိတဲ့ ပစ္စည်းနဲ့ ငွေကြေးတွေကိုလည်း လောင်းကစား ဥပဒေအရ ပြည်သူပိုင် သိမ်းဆည်းခံရမှာပါ။
သို့ပေမယ့် မြဝတီမြို့က ကာစီနိုရုံကြီးကတော့ ထိုင်းလူမျိုးတွေနဲ့ စည်ကားပြီး ကမ္ဘာ့ကာစီနို လမ်းညွှန် ဝက်ဘ်ဆိုက် ထဲမှာတောင် ၂၄ နာရီ ဆော့ကစားနိုင်တဲ့ ဝန်ဆောင်မှုကောင်းတဲ့ စာရင်း ဝင်နေပါတယ်။
ကာစီနို ကစားသမားတွေ အနေနဲ့ အရှေ့တောင်အာရှကို လာမယ်ဆိုရင် သွားရောက်လည်ပတ် ကစားနိုင်တဲ့ ကာစီနို ရုံတွေ စာရင်းထဲမှာ Myawaddy Complex က ကာစီနိုရုံလည်း ပါရှိနေပါတယ်။
မြဝတီမြို့က လောင်းကစားဝိုင်းတွေကို နိုင်ငံတကာမှာလို အစိုးရက အခွန်စည်းကြပ်တဲ့ စနစ်တွေနဲ့ ထိန်းကွပ်မလား၊ လောင်းကစား ဥပဒေ ရှုထောင့်အရပဲ တရားမဝင် လုပ်ငန်းတွေ အဖြစ် သတ်မှတ်မလား၊ ဘယ်လို ကိုင်တွယ်သွားမလဲ ဆိုတာကတော့ အာဏာပိုင်တွေကိုပဲ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ ။