ဆောင်းပါး

အိပ်မက်ပမာ ရောက်လာခဲ့သူ မြန်မာ ဗင်ဂိုး

Want create site? Find Free WordPress Themes and plugins.

ထောင် ၃၆ နှစ်ချခံရပြီး အင်းစိန်ထောင်တွင် ရှိစဉ် ကိုစန်းဇော်ထွေးသည် သူနေ့စဉ်စားသုံးနေသည့် ထမင်းတွင် ရောပါလာသည့် စားမရသော စပါးလုံးများကို စုပြီး ကိုက်အနည်းငယ်အကွာရှိ အကျဉ်းထောင် ခြံစည်းရိုးအနီးတွင် စုရုံးနေသည့် စာကလေးများထံသို့ ကြဲပက်ကျွေးတတ်သည်။

ပထမတွင် ထို စပါးလုံးများကို ခပ်လှမ်းလှမ်းသို့ ရောက်အောင် ပစ်ကျွေးရသော်လည်း ငှက်ကလေးများ သူနှင့် အလွန် အလှမ်းဝေးနေသည်ကို မကြိုက်သောကြောင့် နောက်ပိုင်းတွင် ပိုပို နီးလာအောင် မလှမ်းမကမ်းတွင် ပစ်သည်။

သီတင်း ၃ ပတ်ခန့်ကြာသောအခါ စာကလေးများသည် သူ့ကို ပိတ်လှောင်ထားသည့် တိုက်ခန်းရှေ့ ခုန်ဆွခုန်ဆွ ရောက်လာတတ်ကြပြီ ဖြစ်သည်။ နောက်တနေ့တွင်မူ သူ့ကို အခြားသော ထောင်တခုသို့ ပြောင်းရွှေ့လိုက်သောကြောင့် ထိုမိတ်ဆွေသစ် ငှက်ကလေးများနှင့် လမ်းခွဲခဲ့ရပြန်သည်။

“တော်တော် စိတ်မကောင်းစရာပဲ။ သူတို့တွေကို ထားခဲ့ရလို့ ကျနော် စိတ်ထိခိုက်ရတယ်” ဟု လွန်ခဲ့သော သြဂုတ်လက ရန်ကုန်မြို့စွန် တောင်ဒဂုံရှိ သူ၏ နေအိမ်တွင် စာရေးသူကို ပြန်ပြောပြသည်။

တောင်ကြီးထောင်တွင်လည်း အလားတူစွာပင် ဇီးကွက်တကောင်နှင့် မိတ်ဖွဲ့ခဲ့သည်။ လက်တဘက် ပြတ်နေသော တောက်တဲ့ တကောင်မှာ သူ၏ နေ့စဉ် အဖော် ဖြစ်လာသည်။ “ထမင်းနည်းနည်းလောက် လုံးပြီး ချကျွေးလိုက်ရင် သူလာ စားပြီး ကျနော့်ကို မော့ကြည့်တယ်” ဟု သူက ပြောသည်။ ထို တောက်တဲ့သည် သူ့ကို လှောင်ပိတ်ထားသည့် တိုက်ခန်းတွင် လပေါင်းများစွာ နေခဲ့ပြီးနောက် အကျဉ်းထောင် အလုပ်သမားတဦးက တက်နင်းမိသောအခါ သေဆုံးသွားခဲ့သည်။

“ကျနော့် အဖော် သေဆုံးသွားတော့ အဲဒီညက အိပ်လို့တောင် မရဘူး” ဟုလည်း သူက ပြောသည်။

စာရေးသူကို သူပြောပြသော ဇာတ်လမ်း အများစုကဲ့သို့ပင် သူ၏ ဇာတ်လမ်းများ အဆုံးတွင် အမြဲလိုလို သင်ခန်းစာ ယူစရာ တခု ပါတတ်သည်။ “ ဒီလိုဆုံးရှုံးမှုတွေကို ရင်ဆိုင်ရတဲ့အခါ ပျော်ရွှင်မှုကို ဖွေရှာဖို့ မျှော်လင့်ချက်သစ်တွေကို ထပ်ထပ်ပြီး မွေးဖွားရတယ်” ဟု သူပြောသည်။

ကိုစန်းဇော်ထွေးကို ချစ်ခင်ကြသူများသည် ၎င်းတို့၏ ခင်မင်လှစွာသော ပန်းချီဆရာ၊ တက်ကြွလှုပ်ရှားသူ၊ ကျောင်းဆရာ၊ ကဗျာဆရာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းသည် ကင်ဆာရောဂါဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် စောစောတွင် ကွယ်လွန်သွားပြီး နောက်တွင်လည်း ၎င်းတို့၏ မျှော်လင့်ချက်သစ်များကို ထပ်မံမွေးဖွားပြီး ပျော်ရွှင်မှုကို ရှာဖွေရန် လေ့လာသင်ယူရပေဦးတော့မည်။

ကိုစန်းဇော်ထွေး ကို ၁၉၇၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် မွန်ပြည်နယ် ရေးမြို့နယ်တွင် ဖွားမြင်သည်။ သားသမီး ၆ ဦးအနက် အငယ်ဆုံးသား ဖြစ်ပြီး မွန်၊ ထားဝယ်နှင့် ဗမာ ကပြားဖြစ်သည်။ သူ လူမမယ်အရွယ် ကပင် မိဘများ ကွဲသွားခဲ့ပြီး မိခင်ဖြစ်သူသည် ရန်ကုန်သို့ သွားရောက်ပြီး စောင်ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်သော အခါ ၎င်းတို့မောင်နှမ ၆ ယောက်ကို အဖွားဖြစ်သူထံတွင် အပ်ထားခဲ့ရသည်။

ကိုစန်းဇော်ထွေး၏ ပန်းနုလရောင် အမည်ရှိ စွန့်ပစ်ပစ္စည်းများ ပြန်အသုံးပြုထားသော ပန်းချီကား

သူ ကလေးဘဝက အစ်မအကြီးဆုံး၏ မင်္ဂလာပွဲကို တက်ရောက်ရန် ရန်ကုန်သို့ ရောက်လာခြင်းသည် ရန်ကုန်ကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ “အဲဒီတုန်းက ရွာကနေ လာရတဲ့လမ်းက ခက်ခဲနေတုန်းပဲ ရှိသေးတယ်။ ကားလမ်းက သွားရင် ဓားပြတိုက်ခံရတာပဲ။ လူတွေက ရေလမ်းကပဲ သွားကြတာ။ ရေးမြို့ပေါ်ကို ရောက်ဖို့ ပင်လယ်ထဲမှာ ၂ ညအိပ် ၃ ရက် ခရီးသွားရတယ်” ဟု သူရှင်းပြသည်။

ရန်ကုန်တွင် အခြေချနေထိုင်ရန် အတွက် နောက်တခါ ရောက်လာသောအခါ ကိုစန်းဇော်ထွေးသည် လူပျိုပေါက် ဖြစ်နေပြီ ဖြစ်သည်။ နောင်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သည်။ သို့သော် သူ၏ တက္ကသိုလ် ကျောင်းသားဘဝမှာ သက်တမ်း ရှည်ကြာခြင်း မရှိလှပေ။

သူသည် အခြားသော ဖန်တီးမှုများကို အားသန်ပြီး စိတ်ကူးစိတ်သန်း ဆန်းသစ်သကဲ့သို့ပင် ဒီမိုကရေစီလိုလားသူများ၏ ကွန်ရက်တွင် မိသားစုသဖွယ် ခံစားလာရသည်။ ၁၉၉၉ ခုနှစ်တွင် အစိုးရဆန့်ကျင်သူဟု သူယူဆသူ တဦးသည် သတင်းပေး ဖြစ်နေပြီး သူ့ကို ဖမ်းဆီးကာ ထောင် ၃၆ နှစ်ချခဲ့သည်။

ထောင်တွင်း အကျဉ်းကျခံဘ၀ အမှောင်ထုသည် ကိုစန်းဇော်ထွေး၏ အစ္ဇျတ္တအလင်းရောင်ကို လွှမ်းမိုး ငြိမ်းသတ်နိုင်ခြင်း မရှိပေ။ ထိုအမှောင်ထုသည် သူ ရွာငယ်လေးတခုတွင် လူလားမြောက်ခဲ့စဉ်နှင့် ၁၉၈၈ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က ဖျက်ဆီးခဲ့သော တက္ကသိုလ်တွင် ရှာဖွေတွေ့ရှိခြင်း မရှိသည့် စွမ်းအားများကိုပင် ဖြစ်စေခဲ့သည်။

ထောင်ထဲတွင် သူ့ကို ပန်းချီပညာ သင်ကြားပေးသော သူ့ထက် အသက်ကြီးသည့် အခြားအကျဉ်းသားတဦးနှင့် တွေ့ခဲ့သည်။ နောင်တွင် သူသည် ကပ်ကြေးများနှင့် ကော်များ ရရှိရန် အတွက် အကျဉ်းထောင် အစောင့်များထံတွင် အစားအစာနှင့် လဲလှယ်ယူတတ် လာသည်။

ထိုအစောင့်များက ထောင်တွင်းရှိ အမှိုက်အိတ်များကို မွှေနှောက်ရန်လည်း သူ့ကို ခွင့်ပြုခဲ့သည်။ သူသည် ပလပ်စတစ် အပိုင်းအစများ၊ သတ္တု အပိုင်းအစများကို ယူပြီးနောက် ဖမ်းစားနိုင်သည့် အရောင်အသွေးစုံ ပန်းချီကားများ အဖြစ် ပြောင်းလဲ ပစ်လိုက်သည်။ ထိုပန်းချီကားများသည် အကျဉ်းထောင်အတွင်းမှ သူ ခံစားခွင့် မရသည့် ရှုခင်းများကို သရုပ်ဖော်ထားသလို သူ၏ စိတ်ဝိဉာည်ကို ပြသနေသည့် ပြူတင်းပေါက်များလည်း ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ထောင်မှ ပြန်လည် လွတ်မြောက်လာသောအခါ အရောင်အသွေး၊ အလင်းအမှောင်၊ ပြင်းထန်သော ခံစားချက်များနှင့် ပြည့်နှက်နေသော ကိုစန်းဇော်ထွေး၏ အတွင်းသရုပ်ကို ပြင်ပလောကက တွေ့ မြင်ခွင့် ရလာခဲ့သည်။ ထိုစဉ်က သူသည် ကွဲပြားသော အရာများကို ပေါင်းစပ်ထားသည့် ပန်းချီကား ဒါဇင်ပေါင်းများစွာ ဖန်တီးထား ပြီးလည်း ဖြစ်သည်။

ခြေတံရှည်အိမ်များ၊ မြေသြဇာကောင်းသော တောင်စောင်းတွင် တွေ့ရသည့် ဘုရားပုထိုး စေတီများဖြင့် သူ၏ စိတ်ကူး စိတ်သန်းသည် မြန်မာဆန်မှုကို အထင်အရှား တွေ့မြင်ရ သော်လည်း ထိုလက်ရာများက ပေးသော စိတ်ခံစားမှုသည် အကြွင်းမဲ့သည်။ စိတ်ကို အဖမ်းစားနိုင်သော သူ၏ လက်ရာများမှာ သဘာဝရှုခင်းများ ဖြစ်ကောင်း ဖြစ်နိုင်ပြီး ၎င်းတို့သည် အဝေးမှ ရေးဆွဲထားသော စုတ်ချက်များနှင့် တူသလို သူထောင်မကျမီက သူ မြင်တွေ့ဖူးနိုင်ခြေ မရှိသော အခြား ပန်းချီ ဆရာများ၏ လက်ရာများကို ပေါင်းကူးထားပေးသည်။

ကိုစန်းဇော်ထွေး၏ ပင်လယ်ထဲက တောင် အမည်ရှိ စွန့်ပစ်ပစ္စည်းများ ပြန်အသုံးပြုထားသော ပန်းချီကား

ကိုစန်းဇော်ထွေး၏ collage ပန်းချီများတွင် သရုပ်ဖော်ထားသော သဘာဝပတ်ဝန်းကျင်သည် ခံစားကြည့်ရှုသူကို ချာဂါလီးယန်း ကောင်းကင် (Chagellian sky) ဆန်ဆန် ခံစားရသော ပင်လယ်အောက်တွင် ရှိသည့် ဟီရိုးရှိဂျ်၏ တောင်များ (Hiroshige’s mountains)၊ လယ်ကွင်းများ ရှိရာ အိပ်မက် ကမ္ဘာသို့ ပို့ဆောင်ပေးလိုက်သည်နှင့် တူသည်။

(မှတ်ချက်- Hiroshige’s mountains ဆိုသည်မှာ ဂျပန်ပန်းချီဆရာကြီး Hiroshige ရေးဆွဲသည့် တောင်ကုန်း၊ တောင်တန်း၊ ပင်လယ်၊ ကျွန်းများ၊ သစ်ပင်များကို နီးဝေးအမြင်ကို ပသာဓဖြစ်အောင် ရေးဆွဲထားသည့် ပန်းချီကားများကို ရည်ညွှန်းပြီး Chagellian sky မှာ တောင်တန်းနှင့် တိမ်များကို နီးဝေးအမြင်၊ အရောင်ပြင်များကို သုံးစွဲရေးဆွဲသည့် ပန်းချီကားများကို ညွှန်းသည်။)

သူ၏ collage ပန်းချီကားများတွင် ဝေးကွာသော ယဉ်ကျေးမှုများမှ ပန်းချီဆရာများ၏ လက်ရာများကို တင်ဆက်သည်နှင့် ဆင်ဆင်တူသော အစိတ်အပိုင်းများ ရှိနေသော်လည်း သူ၏ အရောင်ရွေးချယ်မှုနှင့် ဖြစ်ပေါ်စေသော ခံစားမှုသည် ဗင်းဆင့်ဗင်ဂိုး နှင့် အတူဆုံး ဖြစ်သည်။ သူ၏ အကျော်ကြားဆုံးလက်ရာ အချို့ကို မဖန်တီးမီ စိတ်ကုဆေးရုံတက်ခဲ့ရသော ဗန်ဂိုးကဲ့သို့ပင် ကိုစန်းဇော်ထွေးသည် ပြင်ပလောကနှင့် အဆက်အသွယ် ကင်းမဲ့နေချိန် (အကျဉ်းထောင်ထဲ) တွင် သူ၏ ပန်းချီလက်ရာများကို ဖန်တီးခဲ့ရသည်။

ပင်လယ်ထဲမှတောင် အမည်ရှိ သူ၏ ပန်းချီလက်ရာတွင် တစိတ်တပိုင်း ပျောက်ကွယ်နေသော နေတစင်းမှ ရစ်ခွေထွက်လာသော အဝါရောင် အလင်းတန်းများဖြင့် အစင်းအကြောင်း ထင်နေသည့် လှုပ်ခတ်နေသော စိမ်းပြာရောင် ပင်လယ်တခုသည် တောက်ပသော ကုန်းမြေဒေသ တစိတ်တပိုင်းနှင့် အနီရောင်နှင့် အဝါရောင် အလင်းတန်းများ ထင်ဟပ်နေသော ထူးခြားစွာ စိမ်းလန်းနေသည့် တောင်တလုံးကို ဝန်းရံထားသည်။

သူ ကလေးဘဝက ထားဝယ်တွင် သို့မဟုတ် မုတ္တမ ပင်လယ်ကွေ့အတွင်း သူ၏ ပထမဆုံးခရီးက အရောင်များကို ပြန်လည်မြင်ယောင် ဖန်တီးထားသည် ဟု ဆိုနိုင်သည်။

ကိုစန်းဇော်ထွေးသည် ဒီမိုကရေစီ လှုပ်ရှားမှုကို သူ၏ ပန်းချီဖြင့် မကြာခဏ ဖော်ညွှန်းတတ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ကာလကြာမြင့်စွာကပင် ထောက်ခံခဲ့ပြီး ထောင်တွင်း၌သာမက ထောင်ပြင်ပတွင်လည်း သူမ၏ ပုံတူများကို ဖန်တီးရန် ရွှေဆိုင်းများကို အသုံးပြုခဲ့သည်။ သူသည် ကွယ်လွန်ချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားခဲ့သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်သူများ အတွက်လည်း ကိုစန်းဇော်ထွေးတွင် ပြောစရာ သတင်းစကားတခု ရှိသည်။ “ဒေါ်အောင်ဆန်းစုကြည် က သူ တတ်နိုင်တာကို သူ လုပ်နေတယ်။ သူဟာ အကန့်အသတ်ကို ကျော်ဖြတ်သွားဖို့လည်း ကြိုးစားတယ်။ ဒါကြောင့် ကျနော် သူ့ကို လေးစားတယ်။ ကြည်ညိုတယ်။ ကျေနပ်တယ်။ ကျနော်တို့ တဦးချင်း ကိုယ်တိုင်လည်း ဒီလိုပဲ လုပ်ဆောင်သင့်တယ်” ဟု သူက စာရေးသူကို ၂၀၁၇ ခုနှစ်က ပြောခဲ့ဖူးသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သူတွေဟာ ဒီမှာ ရှိနေတဲ့ အရာရာကို ပြောင်းလဲရမယ့် သူတွေရဲ့ အမြင်တွေကို ထည့် မစဉ်းစားကြဘူး။ ဒါကြောင့် သူတို့ ဝေဖန်နေကြတယ်။ ငါလုပ်ဖို့ ကြိုးစားနေတာတွေက တခြားသူတွေကို ဘယ်လို အထောက်အကူ ပြုလဲ ဆိုတာကို မစဉ်းစားကြဘူး။ ကျနော်တို့ ဘယ်လိုလုပ်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်မှာလဲ” ဟုလည်း သူက ပြောသည်။

ကိုစန်းဇော်ထွေး၏ စွန့်ပစ်ပစ္စည်းများ ပြန်အသုံးပြုထားသော အမည်မသိ ပန်းချီကားတချပ်

“လူတိုင်း ဒီလိုလုပ်ဖို့ အခွင့်အလမ်းရှိတယ်။ ဘာမှ အကူအညီမပေးဘဲ ဝေဖန်နေရုံနဲ့ ဘဝက ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ တိုင်းပြည်လည်း ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး” ဟုလည်း သူက ဆိုသည်။

ညှဉ်းပမ်းနှိပ်စက် ခံရသူ ဖြစ်သော်လည်း ကိုစန်းဇော်ထွေးသည် သူ့ကို ညှဉ်းပမ်းသူများကို မေတ္တာထားနိုင်သည်။ သူ လွတ်မြောက်လာပြီးနောက် သူ၏ ပထမဆုံး နိုင်ငံရေး ဆောင်ရွက်ချက်မှာ ထောင်ဝါဒါများနှင့် ပူးပေါင်းပြီး သူ့ကို မကောင်းကြံသည့် အကျဉ်းသားတယောက် လွတ်မြောက်ရေးဖြစ်သည် ဟုသူက ပြောသည်။ ခွင့်လွှတ်ခြင်းသည် အတိတ်က ဖြစ်ရပ်ကို ဖျောက်ဖျက်ခြင်း မဟုတ်ကြောင်းလည်း သူသိသည်။

အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် လုပ်ဆောင်သည့် သူ၏ အနုပညာဆိုင်ရာ ဆောင်ရွက်ချက်များသည် လူထုအသိကို လှုပ်နှိုးရန်နှင့် တရားမမျှတမှုကို သက်သေပြရန် ဖြစ်သည်ဟုလည်း သူက ပြောသည်။

မိသားစုနှင့် မိတ်ဆွေများက ညီထွေး ဟု ခေါ်ကြသော ကိုစန်းဇော်ထွေးသည် သူ့တွင် ရှိသမျှ အနည်းငယ်သော ငွေနှင့် အားလပ်ချိန် အားလုံးနီးပါးကို အခြားသူများ အတွက် အသုံးချသည်။ လွန်ခဲ့သော နှစ်က မိတ်ဆွေတဦး ဖျားနာသောအခါ ပြန်လည် နေကောင်းသည် အထိ သွားရောက် ချက်ပြုတ်ကျွေးမွေးပြီး မစားနိုင်သော အခါများတွင် ဇွန်းဖြင့်ပင် ခွံ့ကျွေး ပြုစုခဲ့သည်။

ဉာဏ်ကောင်းပြီး သိမ်မွေ့သူ ကိုစန်းဇော်ထွေးတွင် ခေါင်းမာသော ပြတ်သားမှုလည်း ရှိသည်။ ထိုသို့သော ခေါင်းမာ ပြတ်သားခြင်းသည် မစဉ်းစားရဲလောက်အောင် ပြင်းထန်သည့် ဖိနှိပ်မှု၊ ကြမ်းကြုတ်ရက်စက်မှုများနှင့် ရင်ဆိုင်ရသော အခါတွင် အခိုင်အမာ ဆက်လက် ယုံကြည်သူတဦး ဖြစ်စေရန် စိတ်ခွန်အား တခုပင် ဖြစ်သည်။

ကိုစန်းဇော်ထွေးသည် ပျော်ပျော်နေတတ်သူ ဖြစ်ပြီး ပျော်ရွှင်မှုကို ဖန်တီးရန် ပူးပေါင်းကြံစည်တတ်သူ ဖြစ်သည် ဟုလည်း သူ၏ မိတ်ဆွေများက အမှတ်ရကြသည်။

ထောင်မှ လွတ်လာပြီးနောက် ကိုစန်းဇော်ထွေးသည် သူ၏ ဆန်းသစ်တီထွင်ခဲ့သည့် မတူညီသော အရာများ ပေါင်းစပ် ဖန်တီးသည့် collage ပန်းချီကိုသုံးပြီး ကချင်စစ်ဘေးရှောင်များ၊ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံလူငယ်များနှင့် ရန်ကုန်ရှိ အခြေခံ အခွင့်အရေး ဆုံးရှုံးနေသောလူငယ်များကို ပန်းချီပညာသင်ကြားပေးသည်။

သူ မကွယ်လွန်မီက စာရေးသူနှင့် ဒီမိုကရေစီ လှုပ်ရှားမှုအကြောင်း၊ ကလေးစာပေများ ထုတ်ဝေရန် ပူးပေါင်းဆောင်ရွက် နေကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ကလေးများ အတွက် ပညာရေး အစီအစဉ်တခုကိုလည်း ပူးတွဲလုပ်ဆောင်နေကြောင်း စသည့် အကြောင်းအရာများ ပြောဆိုဖြစ်ခဲ့သည်။

၂၀၁၄ ခုနှစ်က သူ Artraker Award ဆုရရှိရေး အတွက် လျှောက်လွှာကို စာရေးသူ ကူညီ ရေးသားပေးနေချိန်တွင် ကိုစန်းဇော်ထွေးသည် စာရေးသူထံ စာတစောင် ရေးသားခဲ့သည်။ ညှဉ်းပမ်းနှိပ်စက်မှုများနှင့် ဖိနှိပ်မှုများသည် လူတဦး၏ ခန္ဓာကိုယ်ကို ချိုးဖျက်နိုင်သော်လည်း အတွင်းရှိ စိတ်ဓာတ်ကို ထုတ်ယူသွားနိုင်ခြင်း မရှိဟု သူထင်ကြောင်း ထိုစာတွင် သူက ရေးသားခဲ့သည်။

သူ၏ စိတ်ဓာတ်သည် ခံနိုင်ရည်ရှိသော်လည်း နောက်ဆုံးတွင် သူ၏ ခန္ဓာက အရှုံးပေးလိုက်ရသည်။ ကိုစန်းဇော်ထွေးသည် အသည်းကင်ဆာ ကျွမ်းနေကြောင်း နိုဝင်ဘာလ အစောပိုင်းတွင် သိလိုက်ရသည်။ ထိုကင်ဆာမှာ ထောင်အတွင်း ရောဂါကူးစက်ခံရခြင်းများ၏ အကျိုးဆက် ဖြစ်သည်။ သူ့ကို ပထမဆုံး ထောင်ချစဉ်မှ စတင်ပြီး အခက်အခဲများ ပတ်ချာ ဝိုင်းနေသော သူ၏ မိသားစုသည် သူ့အတွက် လုံလောက်သော ကုသမှုရရန် ရုန်းကန်ရသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အတွက် နစ်နာမှုလျှော်ကြေး မရှိသေးခြင်း၊ သူ့ကို ကူညီမည့်အစီအစဉ် မရှိသလောက် ဖြစ်နေခြင်းနှင့် နိုင်ငံတကာ အသိုင်းအဝန်းက ၎င်းတို့ အပေါ် စာနာမှု မရှိတော့သောကြောင့် သူ၏ မိတ်ဆွေများသည် နောက်ဆုံးတွင် သူ့အတွက် ကင်ဆာကုသစရိတ် ရရန် သူ၏ ပန်းချီကားများကို လေလံတင် ရောင်းချရန် နည်းလမ်းမှအပ အခြားနည်းလမ်း ရှာမရတော့ပေ။

ကိုစန်းဇော်ထွေးသည် ကွဲပြားခြားနားလွန်းသော ဘဝများကို ပေါင်းကူးပေးရန် သူ့ဘဝ အချိန်များစွာကို အသုံးချခဲ့သည်။ သူသည် သူ၏ အနုပညာမှ တဆင့် သူ၏ ကလေးဘဝ အမှတ်သညာများ၏ အစ္ဇျတ္တနှင့် ချိုးဖျက်မရနိုင်သော အတွေး စိတ်ကူး ဖန်တီးမှု အယူအဆများကို ဝေဒနာနှင့် တရားမျှတမှု ကင်းမဲ့ခြင်း၏ ပြင်ပလောကသို့ ဖွင့်ထုတ် ဆောင်ယူပေးခဲ့သည်။

ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ ခံစားနေရသော ဒုက္ခများနှင့် မြန်မာနိုင်ငံရှိ အခြားအသိုင်းအဝန်းများ ခံစားနေရ သော ဝေဒနာများ အကြားတွင် ရှိနေသည်ဟု ထင်ရသော နက်ရှိုင်းသည့် ချောက်ကမ်းပါးသည် ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်သည် ဟု သူ သိမြင်လာသည်။ ထိုသို့ သိမြင်မှုကြောင့်ပင် သူသည် HIV ပိုး ကူးစက်ခံ ကလေးများ၊ ကချင် ဒုက္ခသည်များ၊ အခြေခံအခွင့်အရေး ဆုံးရှုံးနေသည့် မြို့ပြလူငယ်များနှင့် နိုင်ငံရေးအကျဉ်းသားများ အကြားတွင် ပေါ့ပေါ့ပါးပါး သွားလာနေထိုင်သည်။

သူ ကွယ်လွန်ပြီးနောက် သူ့မိသားစုနှင့် စာရေးသူအပါအဝင် မိတ်ဆွေများသည် သူနှင့်အတူ ယုံကြည်ခဲ့သည့် ဤစံနှုန်း အိပ်မက်များကို မည်သို့ အကောင်အထည်ဖော်ရမည်ကို စဉ်းစားရင်း ကျန်ရစ်ခဲ့ကြသည်။

ကင်ဆာရောဂါကြောင့် သူ မသေဆုံးမီ နောက်ဆုံးနေ့ရက်များတွင် ကိုစန်းဇော်ထွေးက စာရေးသူကို မည်မျှကြီးမားသည့် အလှတရားများ ပေးခဲ့သည်၊ သူ၏ သိမြင်မှု အလင်းရောင်ကို မည်မျှအထိ ခွဲဝေပေးခဲ့သည် နှင့် စာရေးသူက အနည်းငယ်သာ တုံ့ပြန်နိုင်ခဲ့သည်ကို မကြာခဏ စဉ်းစားမိသည်။

သူ၏ ပေးဆပ်မှု လက်ဆောင်များ အတွက် စာရေးသူက ပြန်လည်ပေးဆပ်နိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ထင်ယောင်ထင်မှားမှု ရလဒ် အဖြစ် တည်ရှိနေသော ချောက်ကမ္ဘားကြီးကို ပေါင်းကူးပေးဖို့ ကြိုးစားရန်နှင့် သူခံစားခဲ့ရသော ဝေဒနာများကို ကန့်သတ်ချုပ်ချယ်မှု ရှိနေသော နေရာတွင်မထားဘဲ မျှော်လင့်ချက်တို့ စဉ်ဆက်မပြတ် အသစ်တဖန် ရှင်သန်နိုင်ပြီး ချေမှုန်းမရနိုင်သည့် ကိုစန်းဇော်ထွေး၏ စစ်မှန်သော အလှတရားသည် ပင်ကိုယ်အတိုင်း ရှိနေမည့် ပိုမိုကျယ်ပြန့်သော အိပ်စက်ရာ ခြုံလွှာပေါ်တွင်သာ ထားရှိရန် တတ်နိုင်သလောက် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း စာရေးသူ နားလည် မိပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Seinenu Thein-Lemelson ၏ Myanmars Van Gogh Taken Too Soon, Leaves Legacy of Indomitable Beauty ကို ဘာသာပြန်သည်။ ၎င်းသည် မြန်မာ-အမေရိကန်ကပြား၊ စိတ္တဗေဒဆိုင်ရာ မနုဿဗေဒ ပညာရှင် ဖြစ်ပြီး University of California, Berkeley တွင် ဧည့်သုတေသီ အဖြစ်လုပ်ကိုင်နေသည်။ Institute for Democratic Education and Leadership (IDEAL) ကို တည်ထောင်သူလည်း ဖြစ်သည်။ ကိုစန်းဇော်ထွေး၏ ဘဝကို ဂုဏ်ပြုရန် သူမ စုဆောင်း ထားသော ကိုစန်းဇော်ထွေး၏ ပန်းချီကားများကို ယခုနှစ် အတွင်း ရန်ကုန်တွင် ပြသမည် ဖြစ်သည်။ လာရောက် ကြည့်ရှုနိုင်ရေး စုံစမ်းမေးမြန်းရန် အတွက် သူမ၏ [email protected] သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading