ပူလစ်ဇာ ဆုရှင်သတင်းထောက် တဦးဖြစ်သည့် အက်စ်သာ ထုဆန်မှာ သူ၏ မိခင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံမှ နေ၍ သတင်းများပေးပို့ရန် လုံခြုံမှု မရှိတော့ပါ။ AP သတင်းဌာန၏ သတင်းထောက် တဦးဖြစ်သည့် အက်စ်သာ ထုဆန်သည် ပြီးခဲ့သည့် နှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ ရိုဟင်ဂျာ ဒုက္ခသည်များ ထွက်ပြေးခြင်းနှင့် ရခိုင်ပြည်နယ်မှ တပ်မတော်၏ အငြင်းပွားဖွယ်ရာ သောင်းကျန်းသူ နှိမ်နှင်းရေး စစ်ဆင်ရေးများမှသည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပဋိပက္ခကို ကိုင်တွယ်မှုအထိ အာဏာပိုင်များက ထိရှလွယ်သည်ဟု ယူဆသော အကြောင်းအရာ အမျိုးမျိုးကို ဝေဖန်သည့်သတင်းများ ရေးသားခဲ့ခြင်းကြောင့် ခြိမ်းခြောက်မှုများ ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းတွင် ဖြစ်သည်။
နိုဝင်ဘာလအတွင်းတွင် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု၊ အကြမ်းဖက်ဝါဒနှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းမှု ကိစ္စများနှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတခုကို သူက လွဲမှားစွာ သတင်းရေးခဲ့သည်ဟု အစိုးရက ယူဆခဲ့ပြီး နောက် ပြင်းထန်သော တရားဝင် ဝေဖန် ပြစ်တင်မှုနှင့် အက်စ်သာထုဆန် ရင်ဆိုင်ခဲ့ရသည်။ ဆူညံပွက်လောရိုက်မှုများ ကြားတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ထင်ရှားသူတဦးက followers ၃ သိန်းကျော် ရှိသော သူ၏ Facebook စာမျက်နှာမှတဆင့် အက်စ်သာထုဆန်၏ အသက်ကို ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သည့် အမည်မဖော်လိုသူ AP သတင်းထောက်များက ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (Committee to Protect Journalists – CPJ) သို့ ပြောသည်။
ထိုဖြစ်ရပ်မတိုင်မီတွင် ညနေခင်းတခု၌ မည်သူမည်ဝါမှန်း မသိရသည့် အမျိုးသားတဦးက အိမ်အထိ သူ့နောက်က လိုက်လာခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ အက်စ်သာ ထုဆန်၏ တိုက်ခန်း အပြင်ဖက် အမှောင်ထုထဲမှနေ၍ သူ၏ အမည်ကို အော်ဟစ်ခဲ့သည်။ သူ၏ လုံခြုံရေးကို စိုးရိမ်သည့်အတွက် ဒီဇင်ဘာလတွင် အက်စ်သာထုဆန် ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့သည်။ မကြာသေးမီ ရက်ပိုင်းအတွင်းတွင် အရပ်ဝတ်ဖြင့် ရဲတပ်ဖွဲ့ဝင်များဟု ယူဆရသူများက ရန်ကုန်မှ အက်စ်သာထုဆန်၏ တိုက်ခန်း ရှိရာ အဆောက်အဦးသို့ ရောက်လာ၍ အိမ်နီးချင်းများကို အက်စ်သာ ထုဆန် မည်သည့်နေရာတွင် ရှိသည်ကို မေးမြန်း စုံစမ်းမှုများ ပြုလုပ်ခဲ့သည်ဟု CPJ နှင့် တွေ့ဆုံခဲ့သော ဂျာနယ်လစ်များက ပြောကြသည်။
“လောလောဆယ်မှာတော့ မြန်မာနိုင်ငံကို သူပြန်သွားမှာ မဟုတ်ဘူး” ဟု သတင်းထောက်တဦးက ပြောသည်။
ပြည်တွင်းရော ပြည်ပပါ ပါဝင်သည့် မြန်မာနိုင်ငံ၏ မီဒီယာမှာ စစ်အုပ်ချုပ်ရေးလက်ထက်က စာနယ်ဇင်းကို ဖိနှိပ်ရန် လုံခြုံရေးကို အသုံးချ၍ ကြီးလေးသော နှောက်ယှက်မှုအောက်တွင် ရှိခဲ့သလိုမျိုး ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သား တပိုင်း ဒီမိုကရေစီ အစိုးရလက်ထက်တွင်လည်း ပြန်လည် အသက်ဝင်လာသည်ဟု မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတင်းရယူ ရေးသားနေသော ဂျာနယ်လစ် အများအပြားက ပြောသည်။ လတ်တလော ရရှိနေသည့် စာနယ်ဇင်း လွတ်လပ်ခွင့်က မယုံနိုင်စရာ နောက်ကြောင်းပြန်သွားခြင်းကို ဖော်ပြနေသလို စစ်အုပ်ချုပ်ရေးမှ ရွေးကောက်ခံ အုပ်ချုပ်ရေးသို့ သိမ်မွေ့ သော အသွင်ကူးပြောင်းရေး ကျရှုံးမှု နိမိတ်လည်း ဖြစ်သည်။
အကြောင်းအရာ အတော်များများနှင့် ပတ်သက်၍ သတင်းရေးသားခြင်းကို ဖိနှိပ်ရန် ခေတ်မမီတော့သည့် ကိုလိုနီခေတ် ဥပဒေများနှင့် စစ်အုပ်ချုပ်ရေးခေတ်က ဥပဒေများကို အာဏာပိုင်များက အသုံးပြုခြင်း ပိုတိုးလာသည်။ လွတ်လပ်သော ပြုပြင်ပြောင်းလဲရေးများမှ တဆင့် ဒီမိုကရေစီ အပြောင်းအလဲကို တွန်းအားပေးရန် ခိုင်မာသော ရွေးကောက်ပွဲ ကတိဖြင့် ဒေါ်အောင်ဆန်းစုကြည် အာဏာ ရရှိလာခဲ့သည့် အချိန်တွင် ဥပဒေများကို ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်လိမ့်မည်ဟု ဂျာနယ်လစ်နှင့် တက်ကြွလှုပ်ရှားသူများက မျှော်လင့်ထားခဲ့ကြသည်။
သို့သော်လည်း ရိုက်တာ သတင်းဌာနမှ သတင်းထောက် ဝလုံး နှင့် ကျော်စိုးဦးတို့ကို ကိုလိုနီခေတ် ဥပဒေ တခုဖြစ်သည့် နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် ဖမ်းဆီး တရားစွဲဆိုခြင်းခံနေရဆဲ ဖြစ်ခြင်းနှင့် အတူ နောက်ကြောင်းပြန်သွားခြင်းက ပိုမို ထင်ရှားလာနေသည်။ အဆိုပါ ဂျာနယ်လစ်၂ ဦးကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့သည်။ လျှို့ဝှက်ချက်များ ဖြစ်သည်ဟု အာဏာပိုင်များက ပြောသော စာရွက်စာတမ်းများကို ရဲတပ်ဖွဲ့ ထံမှ လက်ခံရယူခဲ့ပြီးနောက်တွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
ရိုက်တာ သတင်းဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့သော “မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” အမည်ရှိ အထူးသတင်းတွင် ဝလုံးနှင့် ကျော်စိုးဦးတို့ အဖမ်းခံခဲ့ရခြင်းသည် စက်တင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ် အင်းဒင် ကျေးရွာတွင် ရိုဟင်ဂျာ အမျိုးသားများကို ရွာသားများနှင့် လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့ခြင်းကို စုံစမ်းဖော်ထုတ် ရေးသားခဲ့ခြင်းကြောင့် ပိုမို၍ ဖြစ်နိုင်ဖွယ်ရာ ရှိသည်။
ထိုသတ်ဖြတ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာသတင်းများကို တုန့်ပြန်ရာတွင် မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က အင်းဒင်ရွာတွင် မြေမြှုပ်ထားသည်ကို တွေ့ရသော ရိုဟင်ဂျာ မွတ်ဆလင် ၁၀ ဦး အသတ်ခံရခြင်း၏ နောက်ကွယ်တွင် သူ၏ တပ်ဖွဲ့များနှင့် ကျေးရွာသားများ ရှိခဲ့ကြောင်း လက်ခံခဲ့သည်ဟု သတင်းများအရ သိရသည်။
သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးလုံးက ရိုက်တာ သတင်းထောက်များ တရားရုံးတင် စစ်ဆေးခြင်း မပြုမီ ဖမ်းဆီးထိန်းသိမ်းခြင်းကို ကာကွယ်ခဲ့ကြခြင်းက ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရနှင့် အာဏာပြင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော တပ်မတော်တို့သည် ယခုအခါတွင် အစောပိုင်းက ခွင့်ပြုခဲ့သော မီဒီယာ လွတ်လပ်ခွင့်ကို ပြန်သိမ်းရန်နှင့် အစိုးရနှင့် တပ်မတော်ကို မကောင်းပြောသည့် သတင်းများကို တက်ကြွစွာ ဖိနှိပ်ရန် လိုအပ်ကြောင်း အမြင်တူညီနေကြသည် ဆိုသည့် အယူအဆကို ဖော်ပြနေသည်။
ယခင်က စာနယ်ဇင်း လွတ်လပ်ခွင့် အတွက် အဓိက စိုးရိမ်စရာမှာ ဂျာနယ်လစ်များနှင့် အခြားသူများကို ဆက်သွယ်ရေး ဥ ပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုုခံရခြင်း ဖြစ်သည်။ ကျယ်ပြန့်၍ မရေရာသော သတ်မှတ်ချက်များ ပါဝင်သည့် ဆက်သွယ်ရေး ဥပဒေက အွန်လိုင်းတွင် အသရေဖျက်ခြင်းအတွက် ထောင်ဒဏ် ၂ နှစ် အထိ ချမှတ်ခွင့် ပြုထားသည်။ သတင်းထောက် အများအပြားမှာ စုံစမ်း စစ်ဆေးမှုများ ပြလုပ်စဉ်အတွင်းတွင် တရားရုံးတင် စစ်ဆေးခြင်းမပြုမီနှင့် တရားရုံးတင် စစ်ဆေးစဉ် ကာလရှည်ကြာစွာ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရကြောင်း CPJ ၏ သုတေသနက ဖော်ပြနေသည်။
ပြည်တွင်းမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခု ဖြစ်သော Free Expression Myanmar က ပြုလုပ်သည့် သုတေသန တွင် ၂၀၁၆-၁၇ ကာလအတွင်းတွင် အဆိုပါဥပဒေအရ တရားစွဲဆိုမှုများ၏ ၁၀၀ ရာခိုင်နှုန်းက ပြစ်ဒဏ် စီရင်ခြင်းခံရ ကြောင်း ဖော်ပြနေသည်။ ဂျာနယ်လစ် အများအပြားသည် ယခုအခါတွင် ဝေဖန်မှုများ အသံတိတ်စေရန်နှင့် ခြိမ်းခြောက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တပ်မတော်တို့ ၂ ခုလုံးက အသုံးချခဲ့ပြီးဖြစ်သော ပြင်းထန်သည့် သတ်မှတ်ချက်များ၏ အောက်တွင် ဆိုင်းငံ့ တရားစွဲဆိုမှုများကို ရင်ဆိုင်နေရကြောင်း CPJ က သတိပြုမိပါသည်။
သို့သော်လည်း ပြည်တွင်း ဂျာနယ်လစ် ၃ ဦး ဖြစ်သော ဧရာဝတီ သတင်းဌာနမှ သိန်းဇော်နှင့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ အေးနိုင် နှင့် ပြည့်ဖြိုးအောင်တို့ကို ဇွန်လ ၂၆ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းလိုက် သည့် အချိန်တွင် ကျယ်ပြန့်သည့် ဖြိုခွဲတိုက်ခိုက်မှုတခုကို အများစုက ခံစားမိခဲ့ကြသည်။ သူတို့ ၃ ဦးလုံးကို စစ်အစိုးရလက် ထက်က ဂျာနယ်လစ်များ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ အကြောင်းကို ရေးသားခြင်းမှ ကာကွယ်ရန် အသုံးပြုခဲ့သည့် ဥပဒေ တခုဖြစ်သော ၁၉၀၈ ခုနှစ် မတရားအသင်း ဥပဒေဖြင့် ဖမ်းဆီး တရားစွဲဆိုခဲ့သည်။
သတင်းထောက် ၃ ဦးကို စက်တင်ဘာလ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က စွဲချက်များ ပြန်လည် ရုပ်သိမ်းပေးခဲ့သော်လည်း ခြိမ်းခြောက်မှု အစဉ်အလာက ရှိလာခဲ့ပြီ ဖြစ်သည်။ “ကျနော်တို့ သတင်းထောက်နဲ့ DVB သတင်းထောက်တွေကို တပ်မတော်က ဖမ်းဆီးခြင်း ခံခဲ့ရတဲ့ ပြီးခဲ့တဲ့နှစ်က စလို့ ဂျာနယ်လစ်တိုင်း စိတ်ပျက်အားလျော့မှုနဲ့ မလုံခြုံမှုကို ခံစားကြရမှာ သေချာပါတယ်။ ရိုက်တာက သတင်းထောက်တွေကို ဖမ်းဆီးခြင်းက အခြေအနေ ပိုဆိုးသွားစေခဲ့ပါတယ်” ဟု ဧရာဝတီ (အင်္ဂလိပ်ပိုင်း)မှ အယ်ဒီတာ ကျော်စွာမိုးက ပြောသည်။
ယခုအခါတွင် အစိုးရ၏ ဖိနှိပ်မှုက ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၅ ရက် နောက်ပိုင်းတွင် တပ်မတော်၏ စစ်ဆင်ရေးများကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရိုဟင်ဂျာ မွတ်ဆလင် ၆၈၀၀၀၀ ကျော် ထွက်ပြေးခဲ့ကြရသော ရခိုင်ပြည်နယ် အနောက်ပိုင်းမှ သတင်းများကို စိစစ်ရေး၌ အာရုံစူးစိုက်နေသည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင် ရိုဟင်ဂျာ ကယ်ဆယ် ရေးတပ်မတော် (ARSA) က လုံခြုံရေးတပ်ဖွဲ့ စခန်းများကို တိုက်ခိုက်ခဲ့ခြင်းက အကြမ်းဖက်မှု စက်ဝန်းကို လှုပ်ရှားစေခဲ့သည်။
အစိုးရက လုံခြုံရေးကို အကြောင်းပြ၍ (အစိုးရက စီစဉ်သည့် စာနယ်ဇင်း ခရီးစဉ် အနည်းငယ်မှ လွဲ၍) ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သတင်းထောက်များ သွားလာမှုကို တင်းကျပ်စွာ တားမြစ်ထားခဲ့သည်။ မတရားပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်း နှင့် အခြားသော အကြမ်းဖက်မှု စွပ်စွဲချက်များနှင့် ပတ်သက်သည့် သတင်းအများစုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကို တွေ့ဆုံမေးမြန်းမှုများကို အရင်းအမြစ် ပြုခဲ့ကြခြင်း ဖြစ်သည်။
မြန်မာ အစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အလောင်းများ မြှုပ်နှံထားသည်ကို တွေ့ရှိရသော လတ်တလော သတင်း များ အပါအဝင် စွပ်စွဲမှု အားလုံးနီးပါးကို ညင်းပယ်ခဲ့သည်။ လတ်တလောတွင် AP သတင်းဌာနက အသက်ရှင် လွတ်မြောက်လာသူများနှင့် အင်တာဗျူးများ နှင့် မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသည့် အချိန်ရက်စွဲပါသော ဗီဒီယိုများ အရ ဖော်ထုတ်၍ အလောင်းများ မြှုပ်နှံထားသည့် နေရာ ၅ ခု ရှိသည်ဆိုသော သတင်းကို အာဏာပိုင်များက ပယ်ချခဲ့သည်။
အာဏာပိုင်များက သတင်းနှင့် ပတ်သက်၍ တရားစွဲရန် ခြိမ်းခြောက်ခဲ့သော်လည်း အမှုဖွင့် တိုင်ကြားခြင်း မရှိသေးပါ။ AP သတင်းဌာနက အမှားပြင်ဆင်ချက်နှင့် တောင်းပန်ကြောင်း ထုတ်ပြန်ရန် တောင်းဆိုခဲ့သည်။
ရခိုင်ပြည်နယ်၏ တိုင်းရင်းသား နိုင်ငံရေးနှင့် ပဋိပက္ခကို သတင်းရယူရန် ကြိုးစားသော ပြည်တွင်း သတင်းထောက်များမှာ အကြမ်းဖက်ခြင်း ခံရလေ့ရှိသည်။ Roma Time ဟုသိကြသည့် သတင်းဌာနတခုကို လုပ်ကိုင်နေသည့် ပြည်တွင်း သတင်း ထောက်တဦး ဖြစ်သော ကျော်လင်းမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆိုင်ကယ် စီးလာစဉ် အမည်မသိသူ တဦးက နောက်ကျောကို ဒါးဖြင့် ၂ ချက်ထိုးခြင်း ခံခဲ့ရသည်။
ပြင်းထန်သော ဒဏ်ရာများကို စစ်တွေ ဆေးရုံတွင် ၅ ရက်ကြာ ကုသခဲ့ပြီးနောက် လုံခြုံရေးအတွက် စိုးရိမ်သောကြောင့် ရန် ကုန်သို့ ပြောင်းလာခဲ့သည်ဟု သူက CPJ သို့ပြောသည်။ နောက်ထပ် တလ ကြာသောအခါ တရားမဝင် မူးယစ်ဆေး ကုန်သွယ်မှုနှင့် ပတ်သက်၍ သတင်းရေးသားခြင်းကို ရပ်တန့်စေလိုသော ရခိုင်အမျိုးသားရေး ဝါဒီများနှင့် ဆက်နွယ်မှု ရှိသည်ဟု ယူဆရသော ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူကို ရှာဖွေဖမ်းဆီးရန် အာဏာပိုင်များက အနည်းငယ်မျှသာ အား ထုတ်ခဲ့သည်ဟု ကျော်လင်းက ပြောသည်။
သူ၏ တယ်လီဖုန်းနှင့် ဆိုရှယ်မီဒီယာတွင် ခြိမ်းခြောက်မှုများ ဆက်လက်ရရှိနေသည်ဟု ကျော်လင်းက ပြောသည်။ အမည်မသိ Facebook သုံးစွဲသူတဦးက “ဒီတကြိမ်တော့ မင်း အသက်ရှင်ချင် ရှင်လိမ့်မယ်။ နောက်တခါတော့ မရဘူး” ဟု မကြာသေးမီက ရေးသားခဲ့သည်။ ထိုသို့ခြိမ်းခြောက်မှုများကြောင့် ရန်ကုန်မြို့တွင် လူမသိသူမသိ နေထိုင်နေရသော ကျော်လင်းက လတ်တလောတွင် သူ၏ ဇနီးသည်နှင့် ကလေးရှိရာ ရခိုင်ပြည်နယ်သို့ ပြန်သွားရန် မရည်ရွယ်ကြောင်း ပြောသည်။ “ကျနော်တို့ ဂျာနယ်လစ်တွေ အမှောင်ခေတ်ထဲမှာ နေနေရတယ်” ဟု သူက CPJ သို့ ပြောသည်။
အခြေအနေက နိုင်ငံခြား သတင်းထောက်များနှင့် သူတို့၏ သတင်းရင်းမြစ်များအတွက်လည်း ပိုဆိုးလာသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် သတင်းထောက်တဦး ဖြစ်သော ဘာတေးလင့်တနာ Bertil Lintner က ပြောသည်။ စစ်အုပ်ချုပ်ရေး ကာလအတွင်းတွင် နှစ်ပေါင်း ၃၀ နီးပါး အစိုးရက နာမည်ပျက် စာရင်းသွင်းခြင်းခံခဲ့ရသော ဘာတေးလင့်တနာက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း သတင်းရေးသားရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် သူ့ကို ရဲ သတင်းတပ်ဖွဲ့ က နောက်ယောင်ခံ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်ဟု CPJ သို့ ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဆက်လက်တိုက်ခိုက်နေသည့် မြောက်ပိုင်း ကချင်ပြည်နယ်တွင် အာ ဏာပိုင်များက ဘာတေးလင့်တနာကို ဓာတ်ပုံရိုက်ယူခဲ့ကြသည်။ နောက်ပိုင်းတွင် သူ၏ သတင်းရင်းမြစ်များထဲမှ တဦးကို သူတို့ တွေ့ဆုံမှု အကြောင်း မေးမြန်းခဲ့သည်။ ဘာတေးလင့်တနာ အင်တာဗျူး လုပ်ခဲ့သော UNHCR အရာရှိတဦး၏ ယာဉ်မောင်းကိုလည်း တာဝန်ရှိသူများ စစ်ဆေးမေးမြန်းခဲ့ကြသည်ဟု သူက ပြောသည်။ သူ့ကို အစိုးရ အရာရှိများက ပြောင်ပြောင်တင်းတင်း နောက်က လိုက်ခဲ့ကြသည့် ၂၀၁၃ ခုနှစ် နောက်ပိုင်း ပထမဆုံး ဖြစ်သည်ဟု ဘာတေးလင့်တနာ က ဆိုသည်။
“သူတို့က ဒေသခံတွေကို နိုင်ငံခြားသတင်းထောက်တွေနဲ့ စကားမပြောအောင် ခြိမ်းခြောက်ဖို့ ကြိုးစားနေတယ်” ဟု ဘာတေးလင့်တနာက ပြောသည်။ ဂျာနယ်လစ် ဗီဇာ မရရှိမီ ခရီးစဉ် အသေးစိတ်၊ အင်တာဗျူးရန် အဆိုပြုထားသူများ စာရင်းနှင့် သတင်းခေါင်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးရန် လိုအပ်ခြင်းက သူ့အတွက် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံး ဖြစ်သည်ဟု သူက ဆိုသည်။ ယခင်က ဂျာနယ်လစ် ဗီဇာကို ပြန်ကြားရေး ဝန်ကြီး ဌာန ကသာ စီမံခန့်ခွဲခဲ့သည်။
CPJ နှင့် တွေ့ဆုံခဲ့သည့် အခြားသော နိုင်ငံခြားသား ဂျာနယ်လစ်များကလည်း သူတို့အနေဖြင့် စာနယ်ဇင်း ဗီဇာ ရယူရေးနှင့် သက်တမ်းတိုးရေးတို့တွင် အခက်အခဲများ ရင်ဆိုင်နေရကြောင်းနှင့် အရေးပါသော သတင်းများနှင့် ပတ်သက်၍ သူတို့၏ ဗီဇာလျှောက်လွှာများ အပယ်ခံရနိုင်ခြင်းကို ရှောင်ရှားရန် အချို့က အမည်ဝှက်များဖြင့် သတင်းရေးသားကြရကြောင်း ပြောကြသည်။ နိုင်ငံတကာ သတင်းဌာန အများအပြားအတွက် ရေးသားပေးနေသော အလွတ်တန်း သတင်းထောက်တဦး ဖြစ်သည့် Kayleigh Long က သူ့ကို ကူညီပေးနေသည့် ပြည်တွင်းဂျာနယ်လစ်များနှင့် အဆက်အသွယ်များ အန္တရာယ် မဖြစ်စေရေး နိုင်ငံအတွင်းမှ ထွက်သွားရန် မကြာသေးမီက ဆုံးဖြတ်ခဲ့ကြောင်း CPJ သို့ ပြောသည်။
“ကျမတို့ အလုပ်တွေကို လုပ်ဖို့ ကျမတို့ကို ကူညီနေတဲ့ ပြည်တွင်းက လူတွေအတွက် အန္တရာယ်များပါတယ်။ ကျမကြောင့် ကျမကို ကူညီတဲ့သူတယောက် သို့မဟုတ် ယာဉ်မောင်းတယောက် ထောင်ကျတာမျိုး ဘယ်တော့မှ မဖြစ်စေချင်ပါဘူး။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အခုတလောမှာ အဲဒီ ဖြစ်နိုင်ချေက မြင့်တက်လာတာကို တွေ့နေရပါတယ်” ဟု မကြာသေး မီက ရန်ကုန်မှ ဘန်ကောက်သို့ ပြောင်းရွှေ့ခဲ့သော Kayleigh Long က ပြောသည်။ “ကျမ အတွက်ကတော့ အဲဒီမှာ အခြေစိုက်ရတာ မတန်တော့ပါဘူး။”
(Shawn W. Crispin သည် နယူးယောက်အခြေစိုက် ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (Committee to Protect Journalists – CPJ) ၏ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ်ဖြစ်သည်။ ၎င်း၏ Threats, arrests, and access denied as Myanmar backtracks on press freedom ကို ဘာသာပြန်ဆိုသည်။)