နေ့လယ်ခင်း နေပူရှိန်က ပြင်းချိန်၊ သစ်ပင်ရိပ်တွေ မရှိတဲ့ ကွင်းပြင်ကြီး ထဲက အင်ဖက်မိုး ခြေတံရှည် တဲအိမ်ငယ်တွေ ထဲမှာ ကလေး လူငယ် လူကြီးတွေ အပူဒဏ်ကို ချွေးတဒီးဒီး ကျတဲ့ အထိ ခံစားနေရပါတယ်။
တဲအိမ်ငယ်တွေရဲ့ လမ်းတဖက်က သွပ်မိုးထားပြီး လေးဘက်လေးတန် အကာအရံမရှိတဲ့ မီးဖိုဆောင်ကြီးထဲမှာတော့ အမျိုးသား ၃ ဦး ထမင်းအိုးတွေကို တအိုးပြီး တအိုး တည်ရင်း မီးဖိုကြီးတွေထဲ ထင်းမီးထိုးရင်း ချွေးတလုံးလုံးနဲ့၊ သူတို့ ကို ကြီးကြပ်တဲ့ အမျိုးသမီးကလည်း အနားမှာ လမ်းလျှောက်ရင်း နေပူပူထဲက တဲအိမ်တွေဆီကို ငေးနေပါတယ်။
ခဏအကြာမှာတော့ တဲအိမ်ငယ်တွေထဲကနေ ပလတ်စတစ်ခွက်၊ ဇလုံ အလွတ်တွေ ကိုင်ပြီး ကလေးတွေ အမျိုးသမီး တွေ အမျိုးသားတွေ ထွက်လာကြပါတယ်။
သူတို့က မီးဖိုဆောင်ကြီးဆီကို ဦးတည်လာပြီး သူတို့ ပါလာတဲ့ ခွက်၊ ဇလုံ အလွတ်တွေထဲ ထမင်းတွေ ထည့်လို့ ပြန် သွား ကြပါတယ်။
သူတို့တွေကို ငေးနေတဲ့ အမျိုးသမီးက “ဒီမှာ ကျမတို့ ထမင်းအခမဲ့ တနေကုန်ပေးတယ်။ သူတို့က ဒီက ထမင်းကိုပဲ အဓိက အားပြု စားကြတယ်။ လူက ဒီမှာ ၃၀၀၀ ကျော်ရှိတော့ ထမင်းအိုး တည်ရတာတော့ တနေကုန်ပဲ”လို့ ပြောပါ တယ်။
သူကတော့ အေးလင်းမြတ်ရှင် စစ်ဘေးရှောင်စခန်း က ဒုက္ခသည်တွေရဲ့ စားသောက်ရေးကို တာဝန်ယူ ချက်ပြုတ် ပေးနေတဲ့ ကရင် အမျိုးသမီး နော်တင်လှပါ။
စခန်းမှာတော့ သူ့ကို အများက မတင်လှလို့ ခေါ်ကြတာကို ကြားရပါတယ်။
မိုးလင်းကနေ မိုးချုပ်ထိ စားဖိုဆောင်ထဲမှာ ထမင်းအိုးတွေ တည်နိုင်ဖို့ ရိက္ခာဂိုဒေါင်ထဲက တနေ့တာ ကုန်မယ့် ဆန် ရိက္ခာ ထုတ်တာတွေ အထုတ်အသွင်းလုပ်တာ၊ မီးဖိုနိုင်ဖို့ ထင်းဘယ်လောက်ရှိသေးလဲ စတဲ့ စာရင်းဇယား မှတ်ချက် တွေနဲ့ တနေကုန် အလုပ်များ နေတတ်သူပါ။
“ဟင်းကတော့ အလှူရှင်လာမှ ချက်ပေးနိုင်တယ်။ အလှူရှင် မရှိတဲ့အခါ သူတို့ဘာသူတို့ ကြံဖန်စားပေါ့။ ဒီမှာ တနေ ကုန် ချက်ပြုတ်နိုင်ဖို့ စစ်ရှောင်တွေထဲကပဲ လာကူကြတယ်။ အဖွဲ့ ၈ ဖွဲ့ ခွဲထားတယ်။ တဖွဲ့ကို ၃ ရက် အလှည့်ကျ ချက် ကြတယ်”လို့လည်း နော်တင်လှ က ပြောပြပါတယ်။
အေးလင်းမြတ်ရှင် စစ်ဘေးရှောင်စခန်းက ကရင်ပြည်နယ် မြိုင်ကြီးငူဒေသထဲမှာ ရှိပါတယ်။
အဲဒီစခန်းမှာ ၂၀၁၆ ခုနှစ်က မယ်သဝေါ ဒေသမှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)နဲ့ တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)တို့ တိုက်ပွဲတွေကြောင့် နေအိမ်တွေက နေထွက်ပြေးလာကြ သူတွေ ခိုလံှုနေတာပါ။
စခန်းက ပုံမှန်ပင်တိုင် အလှူရှင် မရှိသလို ပြည်တွင်းက စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေလည်း လာရောက်ထောက်ပံ့တာ မရှိတာကြောင့် တခြား စစ်ရှောင်စခန်းကြီး တွေလို တော့ တလစာ စားနပ်ရိက္ခာဝေမျှပေးရတာတွေ စာရင်းဇယားကြီးကြီးမားမား လုပ်ကိုင်ရတာ မျိုးတွေတော့ မရှိပါဘူး။
နေ့စဉ် ထမင်းဝေနိုင်ဖို့ ချက်ပြုတ်ရေး တာဝန်ကသာ အကြီးဆုံး တာဝန်ဖြစ်ပေမယ့် သူနေ့စဉ် ခေါင်းခဲ တွက်ချက် နေရ တာကလည်း ရှိပါသေးတယ်။
အဲ့ဒါကတော့ ဂိုဒေါင်ထဲက ရှိတဲ့ ဆန်အိတ်တွေ ဘယ်နေ့ထိ ချက်ပြုတ်လို့ ရမလဲ။ ဒီနေ့ ဆန်အိတ် ဘယ်လောက် ကုန်တယ်။ ဟင်းသီးဟင်းရွက် အလှူရှင်ပေါ်ရင် စစ်ရှောင်တွေ စားလို့ မြိန်အောင် ဝမ်းမပျက်အောင် ဘယ်လို ချက်ကျွေးမလဲ ဆိုတာတွေကို နေ့စဉ် စဉ်းစားချိန်ဆပြီး တာဝန်ယူရတယ်လို့ ဆိုပါတယ်။
“အလှူရှင်တွေ လာမှပဲ ကျမတို့က စားရတယ် ဆိုတော့ အလှူရှင်တွေ မလာဘူးဆိုရင် ဆန် မပြတ်ပေမယ့် ကျပ်တည်း သွားတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကဆို ဆန် ပြတ်ထွက်သွားတာ ၂ ရက်တောင် ရှိတယ်”လို့လည်း နော်တင်လှ က ပြောပြ ပါတယ်။
ဆန်ပြတ်သွားတဲ့ ၂ ရက်မှာ စခန်းက လူ ၃၀၀၀ ကျော်အတွက် ထမင်း မချက်ပေးနိုင်တာကြောင့် အဲဒီ ၂ ရက် အတွင်း မှာ ဒုက္ခသည် အများစု ထမင်း မစားခဲ့ရဘူးလို့ သိရပါတယ်။
နော်တင်လှ တယောက် သူ့ရဲ့ စားဖိုဆောင် ပြန် လည်ပတ်နိုင်ဖို့ အရေး ဆန်ရဖို့ အလှူရှင်တွေ အုပ်ချုပ်ရေး တာဝန် ရှိသူတွေဆီ ဆက်သွယ်ပြီး အလှူခံခဲ့ရပါတယ်။
ဆန်ရလာတော့ စစ်ရှောင်တွေကို ထမင်းချက်ပြုတ် အခမဲ့ ပြန်လည် ဝေငှနိုင်လို့ စိတ်မအေးရသေးပါဘူး။ ထင်း မပြတ် စေဖို့ ထပ်ပူပန်ရ ပြန်ပါတယ်။
ထင်းမရှိရင်လည်း ထမင်းအိုး တနေကုန် တည်ဖို့ အခက်အခဲကြုံရမှာလို့ နော်တင်လှက ပြောပါတယ်။
“တနေကုန်ချက်ရတော့ ထင်းက တနေ့ကို ဆယ်ဘီးကား တစီးစာ နီးနီးလောက်ကို တခါတလေ ကုန်တယ်။ ထင်း အလှူရှင်က အစတုန်းက ရှိတယ်။ အခုဆို နည်းသွားပြီ။ တခါတလေဆို အလှူရှင် မရှိဘူး။ အဲ့ဒီတော့ ထမင်းချက် တာဝန် အလှည့်မကျတဲ့ အဖွဲ့က ထင်းရှာကြတယ်”လို့လည်း သူက ပြောပြပါသေးတယ်။
မီးဖိုဆောင်မှာ ချွေးတလုံးလုံးနဲ့ ထမင်းချက်နေတဲ့ ကိုဌေး ဆိုသူကလည်း ထင်းမီးထိုးရင်း “ထင်းတစီးက လူတဖက်စာ ရှိတယ်လေ။ ထင်းမီးက ပြိုက်ပြိုက်နဲ့ မီးအားကောင်းတော့ ခဏနဲ့ ကုန်တယ်”လို့ ပြောပါတယ်။
ထင်းရှာဖွေရာမှာလည်း စခန်းအနီးအနား ပတ်ပတ်လည်က ထင်းတချောင်း ကောက်မိရင်တောင် ပိုင်ရှင်ရှိတယ် ဆိုပြီး တာဝန် ရှိသူတွေကို လာရောက် တိုင်ကြားတဲ့ အတွက် သစ်သားခြောက် တချောင်းကောက်ဖို့ အတွက်တောင် ခက်ခဲမှု တွေ ရှိနေတယ်လို့ ကိုဌေးက ပြောပြပါတယ်။
အလုပ်အကိုင် အခွင့်အလမ်းအရ ကြည့်မယ်ဆိုရင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ အခြေအနေနဲ့ ဝင်ငွေမရှိ အလုပ်အကိုင် မရှိကြတော့ စစ်ဘေးရှောင် ဒုက္ခသည်တွေ အတွက် ဟင်းတနပ်ရဖို့ အနိုင်နိုင်ပါ။ နေ့စဉ် ဝမ်းရေး အတွက် စခန်းက ဝေတဲ့ အခမဲ့ ထမင်းကို အဓိက အားကိုးကြရပါတယ်။
မြိုင်ကြီးငူ အထူးဒေသက မြိုင်ကြီးငူ ဆရာတော်ကြီးရဲ့ ဘာသာရေးအရ စည်းကမ်း သတ်မှတ်ချက်နဲ့ သားသတ်လွတ် သာ စားသုံးရတဲ့ နယ်မြေ ဖြစ်တာကြောင့် စစ်ဘေးရှောင် စခန်းကို ရံဖန်ရံခါ လာလှူကြတဲ့ အလှူရှင်တွေက ဘူးသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ အာလူး၊ ပဲ နဲ့ အသားတုတွေကို ယူလာပြီး ပေးတတ် ကြပါတယ်။
ဟင်းစားအတွက် အသီးအနှံရတဲ့ အခါမျိုးမှာတော့ နော်တင်လှတို့ ထမင်းချက် အဖွဲ့က အသီးအနံှတွေကိုပါ ချက်ပြုတ် ပြီး အခမဲ့ထမင်း လာယူသူတွေကို ဟင်းတွေပါ ဝေငှပေးပါတယ်။
အသီးအနှံ အလှူရှင်မရှိတဲ့ အခါမှာတော့ ထမင်း အခမဲ့ကိုပဲ ဝေသလို တခါတရံမှာတော့ ဟင်းမချက်နိုင်တဲ့ စစ်ဘေး ရှောင် တွေ ထမင်းမြိန်စေဖို့ ငါးပိပုံစံဖြစ်အောင် နှမ်းဖတ်နဲ့ပြုလုပ်ထားတဲ့ ဒေသအခေါ် နှမ်းဖတ် ငါးပိကို ကြိုချက်ပြီး လည်း ဝေငှပေးဖို့ သူက စီစဉ်ပေးလေ့ ရှိပါတယ်။
စခန်းက စစ်ဘေးရှောင်တွေ ဝမ်းရေးကို နေ့စဉ် ဖြေရှင်းပေးနိုင်ဖို့ နော်တင်လှ တယောက် အမြဲ အကြံထုတ်နေလေ့ လည်း ရှိပါတယ်။
မီးဖိုဆောင်မှာပဲ အာရုံစိုက်နေရလို့ နော်တင်လှကို အိမ်မှုကိစ္စ လုပ်စရာ မလိုတဲ့ တကိုယ်တည်း သမားလို့လည်း မထင်လိုက်ပါနဲ့။
သူ့မှာ ၁၅ နှစ်၊ ၁၀ နှစ်နဲ့ ၅ နှစ်အရွယ် သားသုံးယောက်နဲ့ ခင်ပွန်းသည် ရှိပါတယ်။ သူတို့ရဲ့ ဝေယျာဝစ္စတွေကိုလည်း မလစ်ဟင်းအောင် ကလေးတွေ ကျောင်းကြိုကျောင်းပို့ အလုပ်နဲ့ မိသားစုတွေရဲ့ အဝတ်တွေ လျှော်ဖွပ်ဖို့လည်း ရတဲ့ အချိန်မှာ လုပ်ရသူပါ။
သို့ပေမယ့် သူ့တနေတာရဲ့ အချိန်အများဆုံးကိုတော့ မီးဖိုဆောင်မှာပဲ အချိန်ကုန်လေ့ရှိပါတယ်။
သူ့ တနေ့တာလုံးကို မီးဖိုဆောင်မှာပဲ မြှုပ်နှံထားပေမယ့် စစ်ဘေးရှောင် ဒုက္ခသည်စခန်းက အိမ်ရှင်မ တွေကတော့ သူတို့ မိသားစုဝင်တွေကို ကိုယ်တိုင်ချက်ပြုတ် မပေးနိုင်ဘဲ စခန်းက အခမဲ့ထမင်းကိုသာ မှီခိုနေရလို့ စခန်းမှာ ဆက် မနေချင်ကြဘူးလို့ ပြောကြပါတယ်။
နော်တင်လှက စခန်းက ကလေး၊ လူငယ်၊ လူကြီး တွေရဲ့ စားဝတ်နေရေး အခက်အခဲကို နားလည်သလို စစ်ဘေးဒဏ် သင့်ပြီး ထွက်ပြေးရတဲ့ အမျိုးသမီးတွေရဲ့ အကြောင်းကို သူကောင်းကောင်း နားလည်တယ်လို့ ပြောရင်း သူ့ငယ်ဘဝ ကိုလည်း ပြန် ပြောပြပါသေးတယ်။
“၁၉၉၃ခုနှစ်၊ ကျမ အသက် ၁၄ နှစ်၊ ဖာပွန်က ညောင်ဝိုင်းစုရွာမှာ ကျမမိဘတွေနဲ့ နေတဲ့အချိန် KNU (ကရင် အမျိုးသား အစည်းအရုံး) နဲ့ စစ်တွေ ဖြစ်တာ အကြီးအကျယ်ပဲ။ ကျမတို့ ဗုံးခိုကျင်းထဲ နေနေတုန်းက တပ်က ကျမကို ပေါ်တာဖမ်းတဲ့ထဲ ခေါ်သွားတယ်။ အဲ့ဒီ တုန်းက ကြောက်စိတ်က အခုထိကျမမှာ ရှိတယ်”လို့ သူက ပြောပါတယ်။
ပေါ်တာ ပါသွားတဲ့ နော်တင်လှ မိသားစုနဲ့ ကွဲသွားပြီး စစ်သားတွေက သယ်ခိုင်းတဲ့ ဆန်၊ ရိက္ခာတွေနဲ့ လက်နက်ကြီး ကျည်တွေကို ၂၈ ရက်လုံးလုံး တောလမ်းထဲမှာ စစ်ကြောင်းတွေ နောက်ကလိုက်ပြီး သယ်ပေး ခဲ့ရပါတယ်။
အဝတ် တထည် ကိုယ်တခုနဲ့ စစ်ကြောင်းတွေနောက် ပါသွားတဲ့ ၂၈ ရက်အလွန် ပစ္စည်းတွေသယ်ပေးပြီး နောက်မှာ တော့ ကရင်သူပုန် တဦးဦးရဲ့ သမီးလို့ သံသယရှိခံရပြီး ဖာပွန် ရဲစခန်းကို အပို့ခံရတာကြောင့် အချုပ်ခန်းထဲမှာ ၁၁ ရက် ထပ်နေလိုက်ရပါတယ်။
ဖခင်ဖြစ်သူက ဖာပွန် ရဲစခန်းမှာ လာထုတ်မှ ပြန်လွတ်လာခဲ့တာပါ။
အဲဒီလောက်နဲ့တင် နော်တင်လှ တယောက် လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဆိုးကျိုး ခံရတာ မကုန်သေးပြန်ပါဘူး။
ပေါ်တာပါသွားချိန်က လမ်းမှာ မြင်တွေ့ခဲ့ရတဲ့ မိုင်းကြောင့် ပြတ်ရှဒဏ်ရာ ရနေသူတွေ အပြန်အလှန်ပစ်ခတ် နေကြတဲ့ မြင်ကွင်းတွေကြောင့် အိမ်ပြင်မထွက်ရဲ၊ ညဆိုရင် စိတ်ချလက်ချ မအိပ်ရဲ ဖြစ်လာတဲ့ နော်တင်လှကြောင့် မိဘတွေက ဖာပွန်မှာ ဆက်မနေတော့ဘဲ မိသားစုလိုက် ထိုင်းနိုင်ငံဘက်က ဘောနော်ဒုက္ခသည်စခန်းကို သွားခိုလှုံကြပြန်ပါတယ်။
ဒုက္ခသည်စခန်းမှာ နေပြန်တော့လည်း စခန်းအပြင်ကို သွားလာဖို့ခက်၊ တဖက်ထိုင်းနိုင်ငံမှာ ဖြစ်တာကြောင့် စခန်းမှာပဲ အလှူရှင်တွေ ပေးတာနဲ့ နေလာရင်း ၂ နှစ်အကြာမှာ မြိုင်ကြီးငူဆရာတော်က သူ့ရဲ့ စစ်ကင်းမဲ့ဇုန်မှာ လာခိုလှုံဖို့ ဖိတ် ခေါ်တာနဲ့ နော်တင်လှတို့ မိသားစုတွေ မယ်သဝေါဒေသကို ပြန်ပြောင်းလာခဲ့ ပြန်ပါတယ်။
စစ်ဘေးသင့်တဲ့ ဆိုးကျိုးကတော့ အတန်းပညာ ပြီးဆုံးအောင် မနေခဲ့ရပါဘူး။ သူဖြစ်ချင်တဲ့ ဘွဲ့ရပညာတတ် အမျိုးသမီး တယောက်လည်း ဖြစ်ခွင့် မရခဲ့ပါဘူး။ သူ့ငယ်ဘဝ တလျှောက်လုံးက ပြေးလွှားရင်းနဲ့ပဲ အချိန်ကုန်ခဲ့ရတာပါ။
မယ်သဝေါမှာ ၁၁ နှစ်ကြာနေပြီး အိမ်ခြံနဲ့ လယ်ယာနဲ့ အခြေကျနေကာမှ BGF နဲ့ DKBA တို့ တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူကို စစ်ဘေးရှောင် အဖြစ် ပြန်ရောက်ရှိလာပါတယ်။
ဒီတကြိမ်မှာတော့ မြိုင်ကြီးငူ ဆရာတော်ကြီးက နော်တင်လှခေါင်းကို ပုတ်ပြီး “နင်က စစ်ဘေးရှောင်တွေကို ကြည့်ရ မယ့် တာဝန်ရှိတယ်။ နင်သူ့တို့ကို စောင့်ရှောက်ရမယ်”လို့ ပြောပြီး စားဖိုဆောင်နဲ့ ဂိုဒေါင် ကြီးကြပ်တဲ့ တာဝန်ကို ပေးလိုက်တာကြောင့် စားဖိုဆောင် တာဝန်ခံ ဖြစ်လာပါတယ်။
“ကျမ ကြုံခဲ့ရတာတွေကြောင့် အခု ပြန်ကူခွင့်ရတော့လည်း ကျမတတ်နိုင်သလောက် ကူတယ်။ ဒါပေမယ့် အားမရဘူး။ တခါတလေဆို စိတ်ဓာတ်ပါကျတယ်။ ဒါပေမယ့် ဒါက ကိုယ်ရသလောက်ပဲလေ ဆိုပြီး ပြန်အားတင်းရတယ်”လို့လည်း နော်တင်လှ က ပြောပါတယ်။
ပြောဆိုနေရင်း စခန်းက ကလေးငယ်တွေကို နေ့လယ်စာ စားဖို့ ဖရဲသီးစိတ်လာလှူတဲ့ လူငယ်အဖွဲ့ တဖွဲ့ ရောက်လာ တာနဲ့ နော်တင်လှ တယောက် အလုပ်များပါတော့တယ်။
နေပူပူထဲမှာ ဖရဲသီးစိတ်လာယူကြတဲ့ ကလေးငယ်တွေကို တန်းစီဖို့ ပြောရင်း မီးဖိုဆောင်မှာ ချွေး တလုံးလုံးနဲ့ ချက်ပြုတ် နေတဲ့ အမျိုးသားတွေကိုလည်း လှမ်းကြည့်ရင်း “ပစ်နေတဲ့ အဖွဲ့တွေ ပြေလည်ရင် အိမ်ပြန်မယ်။ မပြန်နိုင်ခင် ထိတော့ ကျမ ဒီမှာပဲ ဆက်ကူညီနေမယ်”လို့လည်း နော်တင်လှ ပြောဆိုလိုက်ပါတယ်။ ။