ဟောလီးဝုဒ်မင်းသား တွမ်ခရုဇ်ပါဝင်သည့် The Last Samurai ရုပ်ရှင်ဇတ်ကားကို ကြည့်ဖူးကြမည် ထင်ပါသည်။
အဆိုပါ ရုပ်ရှင်သည် ထင်သလောက် အသိအမှတ်ပြုမခံရသော်လည်း ဇာတ်အိမ်ခိုင်ခန့်သည့် ဇာတ် လမ်းတခုဖြစ်ပြီး လှုပ်ရှားမှုများ ကောင်းသည်။ အသစ်နှင့် အဟောင်းကို ကောင်းစွာရောစပ်ထားပြီး ရုပ်ရှင်တကားလုံးတွင် အတွေးအခေါ်များကို စိတ်ဝင်စားစဖွယ်နှင့် နှစ်လိုဖွယ် တင်ပြထားသည်။
လူသိများသော ဇာတ်လမ်းတခု သို့မဟုတ် အရေးပါသော ခေတ်တခေတ်ကို အခြေခံသော်လည်း ဟောလီးဝုဒ်တွင် မည်သည့်သမိုင်း ဇာတ်ကားမျှ တိကျမှုမရှိပါ။
နောက်ဆုံးဆာမူရိုင်း(The Last Samurai) သည်လည်း စိတ်ဝင်စားစရာကောင်းသော ခေတ်နှင့် နေရာတခုဖြစ်သည့် ဂျပန်နိုင်ငံ၏ မေဂျီ ပြန်လည်ထိန်းသိမ်းရေး ခေတ်ကို ရွေးချယ်ထားသည်။
ထိုခေတ်ကို ဂျပန်နိုင်ငံ၏ ခေတ်မီပြောင်းလဲရေး ခေတ်အဖြစ်ဖြင့်သာ သာမန်ရှင်းပြကြသော်လည်း အခက်အခဲများနှင့် ပြည့်နှက်နေသည့် ကာလဖြစ်သည်။
တိကျစွာပြောရပါက စစ်တပ်၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုနှင့် ၎င်း၏ စစ်သည်တော် လူတန်းစား ဖြစ်သော ဆာမူရိုင်းများ၏ ကျဆုံးခြင်းအဖြစ်ဖေါ်ပြကြသည်။
ဂျပန်သည် ကနဦးက ဥရောပကုန်သည် အနည်းငယ်ကိုသာလျှင် နိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုခဲ့သည်။ ၎င်းတို့သည် သေနတ်နှင့် ကုန်စည်များကို သယ်ဆောင်ပြီး ကမ္ဘာတဝန်းမှ လာကြသည်။
ရိုးရာတန်ဖိုးများပျောက်ကွယ်သွားမည်ကို စိုးရိမ်သောကြောင့် တိုဂူဂါဝါ ရှိုးဂန်းနိတ် အစိုးရက ၁၇ ရာစုတွင် ဥရောပသား များကို ဂျပန်မှ မောင်းထုတ်ခဲ့ပြီး ဥရောပနှင့် ကုန်သွယ်မှုကို နာဂါစကီရှိ ဒတ်ချ် ဆိပ်ကမ်းငယ်တွင်သာ အကန့်အသတ်ဖြင့် ခွင့်ပြုခဲ့သည်။
နောင်နှစ် ၂၀၀ ခန့်အကြာ အမေရိကန်ရေတပ်ဗိုလ်မှူးချုပ် မက်သရူးပယ်ရီသည် အမြောက်ဒါဇင် ပေါင်း များစွာတင်ထား သည် သင်္ဘောကြီးများဖြင့် ရောက်လာသောအခါ ဂျပန်တို့အနေဖြင့် ဖွံ့ဖြိုးတိုးတက် ပြီးသော ကမ္ဘာမှ အခြေခိုင်ပြီးသော နိုင်ငံတိုင်းသည် ၎င်းတို့ထက် လုံးဝသာလွန်နေသည်ကို သိရှိလိုက် ရသည်။
အမေရိကန်သည် အသေအပျောက် အများဆုံးဖြစ်သော ပြည်တွင်းစစ်အတွက် အရှိန်ယူနေစဉ် ဂျပန် သည် အလယ်ခေတ် တွင်သာရှိနေသေးသည်။ ဥရောပတိုက်သားများသည်လည်း နပိုလီယံစစ်ပွဲများကို ကြုံတွေ့ ကြရပြီးဖြစ်သည်။
ကင်မရာများ၊ လျှပ်စစ်ဓါတ်အားနှင့် အခြားမရေတွက်နိုင်သော တီထွင်မှုများသည် ကမ္ဘာ့ကျန် အစိတ် အပိုင်းများတွင် ပျံ့နှံ့နေပြီဖြစ်သော်လည်း ဂျပန်နိုင်ငံသည် ပဒေသရာဇ် စနစ်တွင်သာရှိနေသေး သည်။
ထို့ကြောင့် ကြီးမားသော စစ်သင်္ဘောကြီးများ ၎င်းတို့၏ ပင်လယ်အော်များသို့ရောက်လာသည်ကို ဂျပန်တို့တွေ့လိုက်ရ သောအခါ ကျိုးကြောင်းဆီလျှော်သော အမြင်တို့ ဖုံးလွှမ်းသွားသည်မှာလည်း အံ့သြစရာမဟုတ်။

ထို့နောက် ၎င်းတို့သည် ကုန်သွယ်ရေးကို ဖွင့်လိုက်ပြီး ပြည်ပနိုင်ငံများ အနေဖြင့် ဂျပန်နိုင်ငံကို ခေတ်သစ်သို့ ဆောင်ကျဉ်း ပေးရန် အားပေးသည်။
The Last Samurai ဇတ်ကားတွင် ထိုဖြစ်ရပ်များကို အကောင်းအဆိုးရောထွေးသော အယူအဆဖြင့် တင်ပြထားသည်။
ဂျပန်သည် စစ်တပ်သစ်တခုကို လေ့ကျင့်ပေးရန် မင်းသားတွမ်ခရုဇ်၏ ဇာတ်ရုပ်ဖြစ်သော ကပ္ပတိန် အယ်လ်ဂရန်းကို နိုင်ငံတွင်း ခေါ်ဆောင်လာသည်။
ခေတ်မီစစ်တပ်အတွက် သာမန်အရပ်သားများ စစ်မှုထမ်းခွင့်ရခြင်းကို ယခင်က ဘုရင့်တပ်မတော် တွင် ကြီးစိုးနေသည့် ဆာမူရိုင်းတို့က မနှစ်သက်ကြ၊ ထို့အတွက် ပုန်ကန်ကြသည်။ ဆာမူရိုင်းများကို စစ်လိုလားသည့် သူပုန်များအဖြစ် ကြေညာသည်။
ကပ္ပတိန်အယ်လ်ဂရန်းသည် ဆာမူရိုင်းတို့၏ ဖမ်းဆီးခြင်းခံရပြီး လွတ်လမ်းမရှိသည့် ဆာမူရိုင်းတို့ နယ်မြေသို့ ခေါ်ဆောင် ခြင်းခံရသော်လည်း ကပ္ပတိန် အယ်ဂရန်းအနေဖြင့် ဆာမူရိုင်းတို့၏ ငြိမ်းချမ်းရိုးရှင်းသော ဘဝကို လေ့လာခွင့်ရခဲ့သလို ဂျပန်ဘုရင်သည့် မည်သို့ကြိုးကိုင်ခံနေရပြီး ဆာမူရိုင်းများမှာ ပျောက် ကွယ်သွားတော့မည့် အထိ ဖိနှိပ်ခံနေရသည်ကို သူသိရှိလိုက်ရသည်။
အယ်လ်ဂရန်း တိုကျိုသို့ ပြန်ရောက်သောအခါ ဂျပန်နိုင်ငံ၏ ခေတ်မီတိုးတက်ရေးသည် လွန်စွာခရီး ရောက်နေသည်ကို သိလိုက်ရသည်။ သံတမန်များသည် လက်နက်များရောင်းချရန် ပြောဆိုစည်းရုံး နေကြသည်။ လူအများသည် ဦးထုပ်များဆောင်းပြီး လျှပ်စစ်ဓတ်ကြိုးများ ရှုပ်ရှက်ခပ်နေသော လမ်း များတွင် မြင်းလှည်းများဖြင့် သွားလာနေကြပြီး တိုကျိုသည် လန်ဒန်နှင့် ပိုတူနေသည်။
ဆာမူရိုင်းခေါင်းဆောင် ကက်ဆုမိုတိုမှာလည်း သူ၏ ဧကရာဇ်သည် ဥရောပ စီးပွားရေးလုပ်ငန်းရှင် များနှင့် စစ်မှအကျိုး အမြတ်ထုတ်လိုသော စီးပွား ရေးသမားများ၏ ရုပ်သေးရုပ်ဖြစ်နေသည်ကို သိရသော အခါ မှာ လွန်စွာ စိတ်ပျက်သွား သည်။
ဤဇတ်ကားတွင် ဧကရာဇ်တပ်မတော် အတွင်းမှ တပ်ဖွဲ့ဝင်များကို တဦးချင်းအနေဖြင့် ပြစ်တင်ရှုတ်ချ ခြင်း မရှိဘဲ အဆင့် မြင့်ခေါင်းဆောင်များ၊ အစိုးရယန္တရား အားလုံးနှင့်ပြည်ပသြဇာလွှမ်းမိုးမှုများကိုသာ လူကြမ်းအဖြစ် သရုပ်ဖေါ်ထားသည်။
ဆာမူရိုင်းများသည် ရိုးရှင်းကောင်းမွန်သန့်စင်သူများဖြစ်ပြီး ခေတ်မီတိုးတက်ရေးသည် မကောင်းဆိုးရွား ဖိနှိပ်မှု အဖြစ် ဟောလီးဝုဒ်က သရုပ်ဖေါ်သည်။
လက်တွေ့တွင် မေဂျီပြန်လည်ထိန်းသိမ်းရေးအား လူတန်းစားဖျက်ဆီးခြင်းအဖြစ်သရုပ်ဖေါ်သည်မှာ ဆန့်ကျင်ဖက်ဖြစ်နေ သည်။
အစိုးရသစ်သည် ဆာမူရိုင်းစနစ်ကို ဖျက်သိမ်းရန် လုပ်ဆောင်ခဲ့သည်။ ဆာမူရိုင်းများကို အဓိကအားဖြင့် လယ်သမားများ ကထောက်ခံကြပြီး ၎င်းတို့သည် ဂျပန် သမိုင်းတလျှောက်တွင် ရက်စက်ကြမ်းကြုတ် အနိုင်အထက်လုပ်ကြသည်။

အစိုးရသည် ရိုးရာအစဉ်အလာ စနစ်အရ ဆာမူရိုင်းများကိုသာ စစ်မှုထမ်းခွင့် ပေးထားရာမှ သာမန် ပြည်သူများကိုပါ စစ်တပ်အတွင်း ဝင်ခွင့်ပြုလိုက်ပြီး စစ်မှုမထမ်း မနေရစနစ်ကိုလည်း လုပ်ဆောင်ပေးခဲ့သည်။
ထိုသို့လုပ်ဆောင်ခြင်းကို ဆာမူရိုင်းအားလုံးကဆန့်ကျင်ကြသည်လည်းမဟုတ်ပေ။ ဆာမူရိုင်းများသည် အထက်တန်းစား များတွင် ပါဝင်သောကြောင့် ၎င်းတို့အနက်အများအပြားသည် စနစ်သစ်တွင် တခန်းတကဏ္ဍမှ ပါဝင်ကြသည်။
ဆာမူရိုင်းများသည် ဝါရင့်စစ်သည်တော်များအဖြစ် တပ်မတော်သစ်တွင် အဓိကနေရာမှ ပါဝင်သလို ၎င်းတို့အနက် အများ အပြားသည်လည်း အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာကြသည်။
သို့သော အချို့သော ဆာမူရိုင်းများသည် ထို အပြောင်အလဲများအားလုံးကို နှစ်ခြိုက်ခြင်းမရှိကြပေ။ အစိုးရသစ်သည် ၎င်းတို့၏ အာဏာများကို ဖယ်ရှာလိုက်သည်ဟု မြင်ပြီး လက်နက်ကိုင်ပုန်ကန်မှု စတင်ကြခြင်းဖြစ်သည်။
နောက်ဆုံး ဆာမူရိုင်းဇာတ်ကားသည် နှစ်များစွာအတွင်း ဖြစ်ပွားခဲ့သော ပုန်ကန်မှုအများအပြားကို တခုတည်းအဖြစ် ပေါင်း စပ်ကာ ရိုက်ကူးခဲ့ပြီး၊ အဓိကဇတ်ရုပ် ဆာမူရိုင်းခေါင်းဆောင် ကက်ဆုမိုမှာ နောက်ဆုံးပုန်ကန်မှု၏ ခေါင်းဆောင် သြဇာ ကြီးမားလေးစားစရာကောင်းသည့် ဆိုင်ဂို တာကာမိုရီ ကိုအခြေခံထားခြင်းဖြစ်သည်။
ရုပ်ရှင်၏ နောက်ဆုံးတိုက်ပွဲအထိ ဖြစ်ရပ်အများအပြားကို ရောနှောထားသည်။ ရုပ်ရှင်ပါ ထိုနောက်ဆုံး တိုက်ပွဲသည် ဆာမူရိုင်း ပုန်ကန်မှု၏ နောက်ဆုံးတိုက်ပွဲနှင့်လည်း ဆက်စပ်နေသည်။
ဇတ်ကောင် ကက်ဆုမိုတို(ဆာမူရိုင်းခေါင်းဆောင်တာကာမိုရီ)သည် ခေတ်မီဧကရာဇ် တပ်မတော်၏ လက်တွင် သေဆုံးရ ပြီး ပုန်ကုန်မှု နိဂုံးချုပ်သွားသည်။
The Last Samurai ရုပ်ရှင်တွင် စစ်မြေပြင်၌ ဆာမူရိုင်းများကို ဖျော်ဖြေရေး ရှု့ထောင်မှ သရုပ်ဖော် သည်၊ ပထမဆုံး စစ်ပွဲ တွင် ဆာမူရိုင်းများသည် ဓားများနှင့် လေးမြှားတို့ကို ကျွမ်းကျင်စွာကိုင် ဆောင်ပြီး လက်နက်ကောင်းတပ်ဆင်ထားသော် လည်း စစ်ရေးအတွေ့အကြုံမရှိသည့် ဘုရင့်စစ်တပ်ကို မည်သို့ တိုက်ခိုက်ကြောင်း ပြသည်။
နောက်ဆုံးတိုက်ပွဲတွင် ဆာမူရိုင်းများသည် ခြေလျင်တပ်များကို ထောင်ချောက်ဆင်ရန် အကောင်းဆုံး နည်းပိရိယာယ်ကို သုံးခြေမှုန်းခဲ့ပြီးနောက် နောက်ဆုံး အမြောက်ဆံ၊ ရှေးဟောင်းစက်သေနတ်သံ များကြား သေသည်အထိ တိုက်ကြသည်။
ဤသည်မှာ ဆာမူရိုင်းနှင့်ပတ်သက်သော အယူအဆကွဲလွဲချက်ဟုု ဆိုရမှာဖြစ်ပြီး ရှေးဟောင်း လက် နက်များကို ဖက်တွယ် နေခြင်းကြောင့် ဆာမူရိုင်းများမှာ သနားစရာဖြစ်နေသည့် သဘောဖြစ်နေကာ သမိုင်းအချက်အလက်နှင့် ဆန့်ကျင်ကွဲလွဲ နေသည်။
ဆာမူရိုင်းတို့သည် တိုက်ပွဲတခုတွင်သာ ခေတ်မီလက်နက်များကို မသုံးသော်လည်း ဆက်ဆူမာတွင်ဖြစ် ပွားသည့် နောက်ဆုံးတိုက်ပွဲ အထိကျန်တိုက်ပွဲများတွင် ခေတ်မီလက်နက်များသုံးခဲ့ကြသည်။

ဆက်ဆူမာတိုက်ပွဲတွင် ဆာမူရိုင်းခေါင်းဆောင် တာကာမီုရီ အပါအဝင် သူပုန်များသည် ရိုင်ဖယ်များ သုံးကာ တခါတရံ အနောက်တိုင်းဝတ်စုံများဝတ်ဆင်ကြပြီး အချို့သာ ဆာမူရိုင်းဝတ်စုံ ဝတ်ဆင်ကြ သည်။ သူပုန်များတွင် အမြောက် ၆၀ ကျော်ရှိပြီး ၎င်းတို့ကိုသုံးခဲ့ကြသည်ဟု ဆိုသည်။
ဂျပန်ဧကရာဇ်၏ တပ်မတော်သည် နောက်ဆုံးတိုက်ပွဲ ရှီရိုယာမ တွင် အနိုင်ရခဲ့ခြင်းမှာ အခြားကြောင့် မဟုတ်ဘဲ အင်အားသာ လွန်သောကြောင့်သာဖြစ်သည်။ ဆာမူရိုင်းတို့ နောက်ဆုံးတိုက်ပွဲမှာ ရုပ်ရှင်ထဲ တွင် ပြသထားသည်နှင့် အတော်အတန်တူ သည်။
The Last Samurai ဇတ်ကားတွင် အမေရိကန်သူရဲကောင်း လုပ်ထားသည့် ဇတ်ကောင် ကပ္ပတိန် အယ်ဂရန်းမှာ ပြင်သစ် လူမျိုး ဂျူးလ်ဘရန်းနက်စ်ကို အခြေခံထားပြီး၊ သူသည် ဆက်ဆူမာ ပုန်ကန်မှု မတိုင်မီ၊ မေဂျီပြန်လည်ထိန်းသိမ်းရေးခေတ် မတိုင်မီကပင် ခေတ်မီအမြောက်ပညာသင်ကြားပေးရန် ဂျပန်သို့ စေလွှတ်ခံရခြင်းဖြစ်သည်။
ဂျူးလ်ဘရန်းနက်ကို ပြင်သစ်သို့ ပြန်လည်ခေါ်သော်လည်း မပြန်ဘဲ ဘိုရှင်းပြည်တွင်းစစ်တွင် ရှိုးဂန်း များ ဘက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ကျော်ကြားလှသည့် မော်ကွန်းတင် နောက်ဆုံးတိုက်ပွဲအထိ ပါဝင်ခဲ့သော်လည်း သေဆုံးခြင်းမရှိပေ။

နောက်ဆုံးဆာမူရိုင်းသည် ပြင်သစ်သူရဲကောင်းကို အမေရိကန် သူရဲကောင်းလုပ်ပြီး ဆယ်စုနှစ် တခု ကြာသမိုင်းကို ဇာတ်လမ်းတိုလေးအဖြစ် ရောထွေးပြစ်လိုက်သည်။
The Last Samurai ဇတ်ကားသည် ပြင်သစ် သူရဲကောင်းကို အမေရိကန်သူရဲကောင်းလုပ်ခဲ့သလို၊ ဘက်အသီးသီး၏ အမြင်များကိုလည်း အကြီးအကျယ်ပြောင်းလဲပစ်ကာ အစိုးရသစ်ကို မကောင်းဆို ရွား ဖိနှိပ်သူ လုပ်သည်။
လက်တွေ့တွင်မူ အစိုးရသစ်သည် ဂျပန်များကို လွတ်လပ်မှုပိုမိုပေးပြီး ဂျပန်သမိုင်းတွင် ပထမဆုံး အမျိုးသား အဆင့်သို့ တက်လှမ်းခဲ့သောအစိုးရဖြစ်သည်။
အချို့သောဆာမူရိုင်းများသည ်လေးစားဖွယ်ဖြစ်ပြီး အခြားသူများမှာမူာအစိုးရသစ် လက်အောက် တွင် ၎င်းတို့၏ အခန်းကဏ္ဍ လွန်စွာနိမ့်ကျသွားသောကြောင့် ထိုစနစ်ကို ခါးသီးစွာတိုက်ခိုက်ကြသည်။
ရှီရိုယာမ နောက်ဆုံးတိုက်ပွဲမှာ သင်္ကေတဆန်လှပြီး ဂျပန်သမိုင်းအတွက် ပျော်ရွှင်မှု၊ ကြေကွဲမှုများ ရောပြွန်းနေသော ကာလဖြစ်သည်။
ဆာမူရိုင်းတို့ ပုန်ကန်စဉ် ခြိမ်းခြောက်မှု တရပ်ဟု ယူဆခဲ့မှုမှာ သူတို့ပျောက်ကွယ်သွားချိန်တွင် စံပြု သရုပ်ဖော်ဖြစ်လာပြီး၊ နောက်ဆုံးတွင် ဆာမူရိုင်း သမိုင်းနှင် စစ်သည်တော် ယဉ်ကျေးမှုကို အသုံးချကာ ၂၀ ရာစု စစ်ပွဲကြီးများတွင် ဂျပန်တပ်များ ကို လှုံဆော်မှု တခုအဖြစ် အသုံးချကြပြန်သည်။
၁၉ ရာစုအတွင်း ဂျပန်၏ ကြီးမားလှသောအပြောင်းအလဲများကို ပြသရာတွင် ထိုရုပ်ရှင်သည် ပုန်ကန်မှုအများအပြားကို စံပြုဖေါ်ပြထားသော်လည်း ဂျပန်ယဉ်ကျေးမှု၏ နောက်ကွယ်မှ သွင်ပြင်လက္ခဏာများကို အနောက်နိုင်ငံများအားပြသနိုင် ခဲ့သည်ဟု ဆိုရပေမည်။
War History မှ The Last Samurai: The True History Behind The Film ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။