မြန်မာနိုင်ငံတွင် ဖြစ်လာနိုင်ဖွယ်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်မူများ တိုးပွားလာနေသည်။ အဆိုပါ ခြိမ်းခြောက်မှုများကို တုန့်ပြန်ရန် မြန်မာအစိုးရ၏ စွမ်းရည်နှင့် ပတ်သက်၍ မေးခွန်းများ ထုတ်နေကြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့ အရပ်သားများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် ဟိန္ဒူ ဘာသာဝင်များကို တိုက်ခိုက်ခြင်းအားဖြင့် တပ်မတော်၏ လက်တုန့်ပြန် စစ်ဆင်ရေးများ ဖြစ်လာစေရန် ရန်စခဲ့သော ရခိုင် ရိုဟင်ဂျာ ကယ်ဆယ်ရေး တပ်မတော် (ARSA) အကြမ်းဖက်သမားများအကြောင်း တခုုတည်းကိုု ကျနော်တို့ ပြောနေခြင်း မဟုတ်ပါ။
ပြည်တွင်းမှ အစွန်းရောက်များနှင့် ပူးပေါင်း၍ ကြီးကျယ်သော တိုက်ခိုက်မှုများ ပြုလုပ်ခြင်းအားဖြင့် အခြေ အနေကို အမြတ်ထုတ်ရန် ကြိုးစားမည်မှာ အလွန်သေချာနေသော နိုင်ငံခြား အကြမ်းဖက် အဖွဲ့အစည်းများ အကြောင်း ကျနော်တို့ ပြောနေခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့သော တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံက အမှန်တကယ် အားနည်းနေသည်။
အစ္စလမ်မစ် စစ်သွေးကြွများနှင့် နိုင်ငံခြား အကြမ်းဖက် တိုက်ခိုက်ရေးသမားများကို နှိမ်နင်းရန် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် လိုအပ်ကြောင်း ဖေဖော်ဝါရီလဆန်းပိုင်းက အရှေ့တောင်အာရှမှ ကာကွယ်ရေး ဝန်ကြီးများ ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
စင်ကာပူနိုင်ငံတွင် ၂ ရက်ကြာပြုလုပ်ခဲ့သည့် အစည်းအဝေး နိဂုံးချုပ်တွင် “ပိုမို၍ ခေတ်မီဆန်းပြားလာပြီး အသက်အန္တရယ် ဖြစ်စေနိုင်လောက်သည့် ဗျူဟာများနှင့် လက်နက်များ ရှိနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက ကျူးလွန်သည့် အကြမ်းဖက်မှုများ ဒေသတွင်းတွင် မြင့်တက်လာခြင်းကို ကျနော်တို့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ၏ ကာကွယ်ရေး ဝန်ကြီးများက အထူး စိုးရိမ်သည်” ဟု သူတို့က ပြောကြားခဲ့သည်။
“ကျနော်တို့ ဒေသတွင်းတွင် ရင်ဆိုင်နေရသည့် အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှု၏ အတိုင်းအတာနှင့် ရှုပ်ထွေးမှုက အိမ်ပြန်လာသော နိုင်ငံခြား အကြမ်းဖက် တိုက်ခိုက်ရေးသမားများ၊ အကြမ်းဖက်သမားတို့၏ နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှု မြင့်မားလာခြင်းနှင့် အတူ ဆက်လက် တိုးပွားနေပါသည်” ဟုလည်း ဆိုသည်။
ကမ္ဘာပေါ်တွင် မွတ်ဆလင်လူဦးရေ အများဆုံး ဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံတွင် အစ္စလမ်မစ်နိုင်ငံအဖွဲ့ (IS) ကို ထောက်ခံ သူ ရာနှင့်ချီ၍ အခြေချနေကြောင်း သိရခြင်းနှင့်အတူ ဒေသတွင်းတွင် အစွန်းရောက်ဝါဒ (radicalism) ပြန်လည်ထွန်းကားလာခြင်း အပေါ် စိုးရိမ်နေရခြင်းက အမှန်တရား ဖြစ်သည်။
ရန်ကုန်တွင် နိုင်ငံခြား သံရုံးများက လုံခြုံရေးကို တိုးမြှင့်ထားခဲ့ကြပြီး မြန်မာ အာဏာပိုင်များနှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများကလည်း စောင့်ကြည့်မှုများ တိုးမြှင့်ခဲ့သည်။ ဗီဇာ လျှောက်ထားမှုများကိုလည်း ပိုမို တင်းကျပ်စွာ စစ်ဆေးလာခဲ့သည်။
အရှေ့အလယ်ပိုင်းနှင့် မွတ်ဆလင် အများစု နိုင်ငံများမှ လူများမှာ ပိုမို၍ စေ့စပ်သည့် စစ်ဆေးမှုများနှင့် ရင်ဆိုင်ရဖွယ် ရှိပြီး ပြည်ဝင်ခွင့် ဗီဇာလည်း ငြင်းပယ်ခံရဖွယ် ရှိနေသည်။
ယခုအချိန်သည် တိုင်းပြည်တွင် (မည်သည့် အချိန်တွင် ဖြစ်လာ မည်မသိသော) အကြမ်းဖက်တိုက်ခိုက်မှုတခုနှင့် မကြုံရသေးမီ အချိန် ဖြစ်သည်ဟု အချို့ လုံခြုံရေး လေ့လာ ဆန်းစစ်သူများက ယုံကြည်ကြသည်။ သို့သော် အကြမ်းဖက်တိုက်မှုတခု နောက်ပိုင်း စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ ပြင်ဆင်ထားခြင်း မရှိသေးပါ။ ပြည်သူများ စိတ်အေးစေရေးနှင့် သွေးထွက်သံယို ကိစ္စများကို ကာကွယ်တားဆီးရန် မည်သူက ဆောင်ရွက်မည်နည်း။
အားအနည်းဆုံး ပစ်မှတ်များမှာ အာရှ ဒေသတွင်းမှ မြန်မာသံရုံးများ ဖြစ်လိမ့်မည်ဟု လေ့လာဆန်းစစ်သူ အချို့က ဆိုသည်။
၂၀၁၄ ခုနှစ်တွင် အင်ဒိုနီးရှား တရားရုံးတရုံးက ဗုံးလုပ်သူ အစ္စလမ်မစ် အစွန်းရောက် တဦးကို ဂျကာတာရှိ မြန်မာသံရုံးကို တိုက်ခိုက်မည့် အစီအစဉ်တွင် ပါဝင်ခဲ့ခြင်း အတွက် ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်လိုက်သည်။ အဆိုပါ သံသယရှိသူက (မြန်မာနိုင်ငံတွင် ဘင်္ဂလီဟု သိကြသော) ရိုဟင်ဂျာများ အသတ်ခံရခြင်း အတွက် လက်စားချေရန် ကြိုးစားခြင်း ဖြစ်သည် ဟု သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သည့် ဘင်္ဂလီများ သို့မဟုတ် မွတ်ဆလင်များ အပေါ် မြန်မာနိုင်ငံ၏ ဆက်ဆံမှု အတွက် ရဲအဖွဲ့က မြန်မာသံရုံးကို ဗုံးခွဲရန် စီစဉ်သည်ဟု သံသယရှိသော နောက်ထပ် အမျိုးသား ၂ ဦးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာတွင် ဖမ်းဆီးခဲ့သည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ရိုဟင်ဂျာ ဆန့်ကျင်ရေး ပဋိပက္ခ ထပ်ဖြစ်သည့် အပေါ် မကျေနပ်သည့် သဘောဖြင့် ဂျကာတာမှ မြန်မာ သံရုံးကို ဓာတ်ဆီဗုံးဖြင့် ပစ်ခတ်ခြင်း ခံခဲ့ရသည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေသည်ဟု ယူဆရသော IS ထောက်ခံသူဟု သံသယ ရှိသူ တဦးကို မလေးရှား အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ထိုသူမှာ အင်ဒိုနီးရှား နိုင်ငံသား တဦး ဖြစ်ပြီး မြန်မာ အစိုးရကို ဘာသာရေး စစ်ပွဲ (jihad) ဆင်နွဲရန် စီစဉ်နေခဲ့သည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေး အရာရှိ တဦးဖြစ်သော Ayob Khan Mydin Pitchay ၏ အဆိုအရ သိရသည်။
မြန်မာနိုင်ငံ အတွင်းမှ ခွဲခြားရေး မတည်ငြိမ်မှု၏ သက်ရောက်မှုများက နိုင်ငံအပြင်ဖက်သို့ ပျံ့နှံ့ခဲ့ပြီ ဖြစ်ကြောင်း အဆိုပါ ဖြစ်ရပ်များက ဖော်ပြနေသည်။ သတိမူ မှတ်သားခြင်း မရှိခဲ့လျှင် ၎င်းတို့က အစွန်းရောက်များကို နောက်ထပ် တွန်းအား ပေးမှုများ ဖြစ်လာနိုင်ပါသည်။
အင်ဒိုနီးရှား အစိုးရ ထံမှ အကူအညီ
မြန်မာ တာဝန်ရှိသူများက အင်ဒိုနီးရှား အစိုးရ၏ အကူအညီ တောင်းခံခဲ့သည်)။ အင်ဒိုနီးရှားနိုင်ငံ၏ လုံခြုံရေး၊ တရားဥပဒေ နှင့် နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး Wiranto က မြန်မာနိုင်ငံအတွင်းတွင် အကြမ်းဖက်ဝါဒ ပေါ်ပေါက်လာ ဖွယ်ရှိသည့် အခြေအနေကို စီမံခန့်ခွဲရန် မြန်မာနိုင်ငံကို အင်ဒိုနီးရှား အစိုးရက ကူညီမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က ပြောကြားခဲ့သည်။ “ဒေသတွင်းမှာ အကြမ်းဖက်သမားတွေ အခြေစိုက် စခန်းသစ်တွေ တည် ထောင်ခြင်းကို ကာကွယ်ဖို့ အတွက် ကျနော်တို့က ဗဟုသုတနဲ့ အတွေ့အကြုံတွေ ဝေမျှပေးခြင်း အားဖြင့် ကူညီချင်ပါ တယ်။” ဟု သူက ပြောသည်။
IS က ဖိလစ်ပိုင် နိုင်ငံတွင် အင်အားချည့်နဲ့ လာပြီး နယ်မြေများ ဆုံးရှုံးနေသည့် အတွက် ဒေသတွင်းမှ အခြား မည်သည့်နေရာတွင်မဆို စခန်းများ ထူထောင်ရန် ကြိုးစားလိမ့်မည် ဆိုခြင်းက ဖြစ်နိုင်ချေများနေကြောင်း သူက သတိပေးလိုက်သည်။ “နိုင်ငံတခုတည်းနဲ့ အကြမ်းဖက်ဝါဒကို ကျော်ဖြတ်ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။ အကြမ်းဖက်ဝါဒမှာ နယ်နိမိတ်မရှိသလို စည်းမျဉ်းတွေနဲ့ သတ်မှတ်ထားတာ မဟုတ်တဲ့ အတွက် နိုင်ငံတွေ ပူးပေါင်း ဆောင်ရွက်ရပါမယ်” ဟု Wiranto က ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဒုက္ခသည်များ ပြန်လာခြင်းနှင့် အတူ IS နှင့် ဆက်နွယ်နေသော စစ်သွေးကြွများ မြန်မာနိုင်ငံတွင်း သို့ ဝင်ရောက်လာနိုင်သည့် အန္တရယ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံက စိုးရိမ်ကြောင်း ပြောကြားခဲ့သည်ဟု သူက ဆိုသည်။
သို့သော်လည်း အကယ်၍ နိုင်ငံခြား အကြမ်းဖက်သမားများက ရန်ကုန်နှင့် သမိုင်းဝင်နေရာများတွင် ကြီးကျယ်သော တိုက်ခိုက်မှုများ ပြုလုပ်ချင်မည် ဆိုလျှင် ပြည်တွင်းတွင် အစွန်းရောက် အခြေခံ အဆောက်အဦးတခု တည်ထောင်ရန် အတွက် ဒေသခံ မိတ်ဖက်များ လိုအပ်လိမ့်မည် ဖြစ်သည်။
ဒေသတွင်းမှ အကြမ်းဖက် အဖွဲ့အစည်းများ နှင့် ပတ်သက်၍ နားလည်ကျွမ်းကျင်သည့် လေ့လာဆန်းစစ်သူ အချို့က IS ကို ထောက်ခံသည့် အဖွဲ့အစည်း တခုထက်စာလျှင် al Qaeda နှင့် ဆက်နွယ်သည့် အဖွဲ့အစည်းတခုက တိုက်ခိုက်ရန် ပို၍ ဖြစ် နိုင်ဖွယ်ရာ ရှိကြောင်း ပြောကြသည်။
စိတ်ပူစရာ ရှိသည်မှာ အာရေဗျ ကျွန်းဆွယ်မှ al Qaeda အဖွဲ့(AQAP) က မြန်မာနိုင်ငံမှ မွတ်ဆလင်များ ဖိနှိပ်ခံရခြင်းကို ကာကွယ်သည့် jihad ဆင်နွဲရေးကို အလေးပေးသော ပြင်းထန်သည့် ကြေညာချက် အများအပြား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ မေးခွန်းထုတ်စရာ ရှိလာသည်မှာ AQAP နှင့် IS တို့၏ ဦးစားပေးစာရင်းတွင် မြန်မာနိုင်ငံက မည်သည့် အဆင့် တွင် ရှိနေပါသနည်း။ သူတို့တွင် အလေးပေးရမည့် ပစ်မှတ်များ ရှိသည်ဟု ယူဆရပါသည်။
အင်ဒိုနီးရှား နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ပဋိပက္ခများကို အလေးပေးလေ့လာသည့် Institution for Policy Analysis of Conflict (IPAC) က ပြီးခဲ့သည့် ဇွန်လ အတွင်းတွင် အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပြီး အရှေ့တောင် အာရှမှ IS ကို ထောက်ခဲသည့် အဖွဲ့များက မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ဘင်္ဂလီ(ရိုဟင်ဂျာ)များကို ဖိလစ်ပိုင် လုံခြုံရေးတပ်ဖွဲ့ များ နှင့် တိုက်ခိုက်နေသော အစ္စလမ်မစ် စစ်သွေးကြွ တိုက်ပွဲများတွင် ပါဝင်ရန် အတွက် စည်းရုံးသိမ်းသွင်း ကြိုးစားနေကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မေလအတွင်းတွင် ထုတ်ဝေခဲ့သည့် “How Southeast Asia and Bangladeshi Extremism Intersect,” အမည်ရှိ အစီရင်ခံစာတွင် IPAC က ဆီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှ အခြေအနေများက တောင်အာရှနှင့် အရှေ့ တောင်အာရှ အစွန်းရောက်များကို အလွန် အန္တရာယ်ကြီးလာအောင် ခိုင်မာသည့် အခြေခံ တခုပေါ်သို့ ပို့ခဲ့ကြောင်း ဖော်ပြထားသည်။
စင်ကာပူနိုင်ငံ Rajaratnam School of International Studies မှ လုံခြုံရေး ကျွမ်းကျင်သူ တဦးဖြစ်သည့် Rohan Gunaratna က IS နှင့် ပတ်သက်သည့် ဒေသတွင်းမှ အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင်းမှာရော ပြည်ပမှ မြန်မာနှင့် ဆိုင် သည့် ပစ်မှတ်များကိုပါ တိုက်ခိုက်မှုများ ပြုလုပ်ရန် ဆုံးဖြတ်ထားကြကြောင်း ပြောသည်။
“မြန်မာနိုင်ငံ အတွက် အမြင့်ဆုံး ခြိမ်းခြောက်မှုတွေက IS ကွန်ရက်တွေ ဆီကနေ ထွက်လာပါတယ်။ ရိုဟင်ဂျာ ပဋိပက္ခက IS အတွက် အရေးယူဆောင်ရွက်ရမယ့် ပြဿနာတွေထဲက တခုအဖြစ် ပေါ်ထွက်လာပါတယ်။ ဗျူဟာအရ ဆိုရင် မြန်မာနိုင်ငံအနေနဲ့ IS ရဲ့ သြဇာ လွှမ်းမိုးမှုနဲ့ တိုးချဲ့မှုကို တားဆီးဖို့ အတွက် ရိုဟင်ဂျာ ပြဿနာကို ဖြေ ရှင်းသင့်ပါတယ်” ဟု သူက ပြောသည်။
သို့သော်လည်း သတိပေးမှုနှင့် ကျယ်ပြန့်သော လေ့လာဆန်းစစ်မှုများ လိုအပ်ပါသည်။
ဘရပ်ဆဲလ် အခြေစိုက် International Crisis Group (ICG) က ပြီးခဲ့သည့် နှစ်က အစီရင်ခံစာတစောင်တွင် ရခိုင်ပြည် နယ်အတွင်းမှ ရဲတပ်ဖွဲ့စခန်းများအား အချိန်ကိုက် တိုက်ခိုက်မှုကို Harakah al-Yakin အမည်ရှိ အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ အဖွဲ့သည် ဆော်ဒီအာရးဗီးယား၊ ပါကစ္စတန်တို့နှင့် ဆက်နွယ်မှုများ ရှိသော်လည်း နိုင်ငံတကာ ဆက်နွယ်မှု ထင်ထင်ရှားရှား ရှိနေသည်ဟု အလွန်အကျွံ ယူဆပါက မှားယွင်းလိမ့်မည် ဖြစ်ကြောင်း ICG က ပြောသည်။
နိုင်ငံခြား အကြမ်းဖက်သမားများ နှင့် ARSA ဆက်နွယ်မှု
၎င်းတို့က ငြင်းထားသော်လည်း ARSA က နိုင်ငံခြား အကြမ်းဖက် အဖွဲ့အစည်းများနှင့် အဆက်အသွယ်များ ရှိနေသည်မှာ သံသယရှိရန် မလိုပါ။ ဥပမာပြရလျှင် မြန်မာနိုင်ငံတွင် ဘာသာရေးစစ်ပွဲ ဆင်နွဲရန် တောင်းဆိုခဲ့သော ပါကစ္စတန် နိုင်ငံသား ရိုဟင်ဂျာ နွယ်ဖွားတဦး ဖြစ်သည့် Abdus Qadoos Burmi သည် ကရာချိတွင် အခြေစိုက်သည့် အဖွဲ့၏ ဦးဆောင်သူ တယောက် ဖြစ်ပြီး သူက တောင်အာရှတွင် အကြီးဆုံး အစ္စလမ်မစ် အကြမ်းဖက် အဖွဲ့များထဲမှ တခုဖြစ် သည့် Lashkar-e-Taiba (တရားမျှတမှုတပ်မတော်) နှင့် ဆက်နွယ်မှုရှိကြောင်း ခိုင်မာသည့် အထောက်အထားများ ရှိနေသည်။
Lashkar-e-Taiba သည် ပါကစ္စတန် နိုင်ငံတွင် အဓိက အခြေပြုလှုပ်ရှားသည့် အဖွဲ့တခု ဖြစ်ပြီး ၁၉၈၇ ခုနှစ်က အာဖဂန် နစ္စတန် နိုင်ငံတွင် ကွယ်လွန်သူ al Qaeda ခေါင်းဆောင် Osama bin Laden ၏ ထောက်ပံ့မှုဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ Abdus Qadoos Burmi က Lashkar-e-Taiba ခေါင်းဆောင် Hafiz Mohammed Syed နှင့်ပင် အစည်း အဝေးများတွင် အတူ တွေ့ရတတ်သည်။
ARSA က အမှန်တကယ် စိုးရိမ်စရာ အကြောင်းတခု ဖြစ်သည်။ သိန်းနှင့် ချီသော ဒုက္ခသည်များ ထွက်ပြေးရခြင်း အတွက် လည်း တစိတ်တပိုင်း တာဝန်ရှိသည်။ အရှေ့အာရှမှ အစ္စလမ်မစ် အကြမ်းဖက် ကွန်ရက်များ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ စစ်သွေးကြွများထံမှ ငွေကြေးနှင့် လေ့ကျင့်သင်တန်းပေးမှုများ ရရှိခဲ့သည်။ ဒုက္ခသည် စခန်းများတွင် ARSA ခေါင်းဆောင် များက ဒုက္ခသည်များကို ရခိုင်ပြည်နယ်သို့ ပြန်မသွားရန် ခြိမ်းခြောက်ခဲ့ကြသည်။ မြန်မာနိုင်ငံသို့ ပြန်သွားရေး အစီအစဉ် တွင် ပါဝင်လိုကြသော ဒုက္ခသည် စခန်းခေါင်းဆောင်များကို သတ်ဖြတ်ခဲ့ကြသည်။
သြဂုတ်လ တိုက်ခိုက်မှုများ မတိုင်မီတွင် ARSA အဖွဲ့ဝင်များ နှင့် သူတို့နှင့် ပူးပေါင်းသည့် ဒေသခံ ဘင်္ဂလီများက ရခိုင်ပြည်နယ် အတွင်းမှ တိုင်းရင်းသား လူမျိုးစုဝင် အများ အပြားကို ရက်စက်စွာသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။ သူတို့က လွတ်လပ်မှုအတွက် တိုက်ခိုက်သူများ မဟုတ်ပါ။ သူတို့က အကြမ်းဖက်သမားများ ဖြစ်ပါသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အစွန်းရောက်များနှင့် ARSA တို့ကြားမှ ဖြစ်နိုင်ဖွယ်ရှိသော ဆက်သွယ်မှုနှင့် ပတ်သက်၍ ဘင်္ဂ လားဒေ့ရှ် အာဏာပိုင်များ စိုးရိမ်နေကြသည်။ အရှေ့ အာရှမှ အထူးသဖြင့် ပါကစ္စတန် နိုင်ငံမှ အစွန်းရောက် အဖွဲ့များနှင့် ARSA ၏ ဆက်သွယ်မှုနှင့် ပတ်သက်သော ခိုင်မာသည့် သတင်းအချက်အလက်အချို့ အိန္ဒိယ အစိုးရထံတွင် ရှိပါသည်။
အင်ဒိုနီးရှား နိုင်ငံမှ JI အဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar သို့ သွားရောက်၍ ARSA အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံမှ Salafi တရားဟောဆရာများ (သူတို့က အကြမ်းဖက်ဝါဒ မဟုတ်ကြပါ) က Cox’s Bazar ဝန်းကျင်ရှိ ဒုက္ခသည် စခန်းများသို့ အောင်မြင်စွာ သွားရောက်ခဲ့ကြသည်ဟု ဂျကာတာမှ လေ့လာဆန်းစစ်သူများက ယုံကြည်ကြသည်။ အကယ်၍ သူတို့က အစိုးရ၏ အကူအညီမပါဘဲ ဝင်ရောက်နိုင်ခဲ့သည်ဆိုလျှင် မကောင်းသည့် ရည်ရွယ်ချက် ရှိသူများလည်း ဝင်ရောက်နိုင်သည်ဟု ယူဆရမည် ဖြစ်သည်။
၂၀၁၄ ခုနှစ်မှ စ၍ နိုင်ငံခြား အကြမ်းဖက် အဖွဲ့အစည်းများက ဒေသတွင်းမှ မြန်မာသံရုံးများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ယခုအခါ မြန်မာပြည်တွင်းတွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်ဖွယ်ရာ ရှိကြောင်း သတိပေးမှုများ ရှိလာသည်။ သို့ သော်လည်း အစိုးရနှင့် တပ်မတော်က မပြင်ဆင်ရသေးပါ။ ပြည်တွင်း ရေမြေအနေအထားနှင့် အကျွမ်းတဝင်ရှိသည့် ပြည်တွင်းမှ အကြမ်းဖက်သမားများက လုံခြုံရေး တာဝန်ရှိသူများ၏ စောင့်ကြည့်မှုအောက်တွင် ရှိသင့်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။ မြန်မာနိုင်ငံသား ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နိုင်ငံအတွင်းတွင် နေထိုင်သူများထဲမှ အကြမ်းဖက် အဖွဲ့အစည်း ထောက်ခံသူများ စောင့်ကြည့်စာရင်းလည်း ရှိသင့်ပါသည်။
အကယ်၍ မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုမျာ ဖြစ်ပွားခဲ့ပါက သွေးချောင်းစီးမှုတခုကို ကာကွယ်ရေးအတွက် တိုင်းပြည်သို့ မိန့်ခွန်းပြောရန် နိုင်ငံခေါင်းဆောင်များ TV မှန်သားပြင်တွင် မိနစ်စက္ကန့်အတွင်း ပေါ်လာရေး အချိန်မည်မျှ ယူမည်နည်း။ မြန်မာနိုင်ငံ၏ ထိရှလွယ်သည့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လမ်းကြောင်းပေါ်မှ မျှော်လင့်ချက် အလင်းရောင် ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်လည်း ရှိပါသည်။ အစိုးရ အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်များက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုး အပေါ် အကျိုးသက်ရောက်မှု ဖြစ်စေမည် မဟုတ်ကြောင်း သေချာစေရပါမည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်ပင် သတင်းရယူရန် ကြိုးစားသည့် သတင်းထောက်များ မတရားဖမ်းဆီး တရားစွဲခံရခြင်း နှင့် ခြိမ်းခြောက်ခံရခြင်းများကို ကျနော်တို့ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။
အမြဲတမ်းပင် မြန်မာနိုင်ငံ၏ အရေးယူဆောင်ရွက်မှုက အချိန်နောက်ကျပြီး ပူးပေါင်းဆောင်ရွက်မှုက ရှုပ်ထွေးလှသည်။ ပြည်သူ့ဆက်ဆံရေးက စိတ်ပျက်စရာ ဖြစ်သော်လည်း မြန်မာပြည်သူများ အနေဖြင့် သူတို့၏ အစိုးရ၊ လုံခြုံရေး တပ်ဖွဲ့များနှင့် အမျိုးသား လုံခြုံရေး ကျွမ်းကျင်သူများက တိုက်ခိုက်မှုများနှင့် ဖျက်ဆီးနှောက်ယှက်မည့် အစီအစဉ်များကို ကာကွယ်ရန် မည်သို့ ပြင်ဆင်ထားကြောင်းကို သိရှိသင့်ပါသည်။ ပြည်သူများက ဖြစ်လာနိုင်ဖွယ်ရာ ရှိသည်များကို သတိပြုသင့်ပြီး ဖြစ်လာနိုင်သည် တိုက်ခိုက်မှုများ အတွက် ပြင်ဆင်မှုများ ပြုလုပ်သင့်ပါသည်။ တချိန်တည်းမှာပင် အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်၊ အခြေခံ လူ့အခွင့် အရေးများနှင့် တရားဥပဒေ စိုးမိုးရေးကို ကာကွယ်ပေးရမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဆင်းရဲသည့် နိုင်ငံတခုဖြစ်ပြီး (နိုင်ငံခြား အကြမ်းဖက်သမားများ၏ စက်ကွင်းတွင် ထင်ထင်ရှားရှား ရှိ နေသည်ဟု ယုံကြည်ရသော) စင်ကာပူနိုင်ငံ လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က မြင်တွေ့ခဲ့ရသော ပြည်သူလူထုကို ရွှေ့ပြောင်းနေရာချခြင်း လေ့ကျင့်ခန်းမျိုး ပြုလုပ်ရန် မတတ်နိုင်ပါ။ သို့သော်လည်း ပြည်သူများကို ရောင့်ရဲ ကျေနပ် မနေကြရန်နှင့် တိုက်ခိုက်မှု ဖြစ်လာခဲ့သည် ရှိသော် မည်သို့ပြုလုပ်ရမည်ကို သိရှိစေရန် သတိပေးထားသင့်ပါသည်။
အင်ဒိုနီးရှား အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက မှန်ကန်သော လမ်းကြောင်း ဖြစ်သော်လည်း ဆောင်ရွက်ရန် များစွာ ကျန်နေပါသေးသည်။ မြန်မာနိုင်ငံအတွက် ယခုအချိန်မှာ ဖြစ်လာနိုင်ဖွယ် ရှိသည် မှန်သမျှအတွက် စတင်ပြင်ဆင်မှုများ ပြုလုပ်ရမည့် အချိန် ဖြစ်သည်။ ခြိမ်းခြောက်မှုက အစစ်အမှန် ဖြစ်ပါသည်။ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဗျူဟာတခု လိုအပ်ပါသည်။ ဒေသတွင်းတွင် မြန်မာနိုင်ငံ၏ ကံကောင်းနေခြင်းက ကြာရှည်နေမည် မဟုတ်ပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ How Prepared Is Myanmar To Counter Terror Attacks? ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)