မူလတန်းပြဆရာမ တယောက်ဖြစ်သည့် အင်ဒီရာ ဂန္ဒီ Indira Gandhi သည် ၂၀၀၉ ခုနှစ်တွင် သူ၏ ကလေးငယ် ၃ ဦးကို ထိန်းသိမ်း စောင့်ရှောက်ခွင့် ယာယီဆုံးရှုံးခဲ့ရသည်။ အစ္စလမ်ဘာသာဝင် ဖြစ်သွားသော သူ၏ ခင်ပွန်းဟောင်းက သူ့ကို အသိပေးခြင်း သို့မဟုတ် ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ကလေးများကို ထိုနှစ်မတ်လ အတွင်းတွင် အစ္စလမ်ဘာသာ သို့ ကူးပြောင်းစေခဲ့သည်။
လိုအပ်သည်ထက် ပိုမိုရှည်လျားကြာမြင့်ခဲ့သော ဥပဒေကြောင်းအရ တိုက်ပွဲပြီးသွားခဲ့သည့် နောက်တွင် တဦး တယောက်၏ သွေးဆောင်မှုဖြင့် ဘာသာကူးပြောင်းခြင်းက ဥပဒေနှင့် မညီကြောင်း ဖက်ဒရယ် တရားရုံးက ကြေညာ ခဲ့သည်။ သို့သော်လည်း အင်ဒီရာ ဂန္ဒီကို စိတ်ကျေနပ်စေခြင်း မရှိသေးပါ။
သူ၏ အငယ်ဆုံး ကလေးဖြစ်သူကို တရားဝင် အုပ်ထိန်းခွင့် မရရှိသေးပါ။ ထိုကလေးမှာ ထွက်ပြေး တိမ်းရှောင်နေသော သူ၏ ခင်ပွန်းဟောင်းနှင့်အတူ ပါသွားသည်။ ရဲ အဖွဲ့ကလည်း အချိန်နှောင်းမှ သူ့ကို လိုက်လံ ရှာဖွေနေသည်။
ထိုအဖြစ်က ဘာသာရေးနှင့် ဆိုင်သောဇာတ်လမ်းတခု သက်သက်မဟုတ်ပါ။ အရပ်ဘက်တရားရုံးများ သို့မဟုတ် ဘာသာရေး တရားရုံးများက ပြည်သူတို့၏ ဘဝများကို ထိန်းကျောင်းရန် သင့်/မသင့် ဆိုသည့် ကိစ္စလည်း မဟုတ်ပါ။
လက်တွေ့ အဖြစ်မှန်မှာ သူ၏ မိသားစုအတွက် ၉ နှစ်ကြာ တိုက်ပွဲဝင်ခဲ့သည့် အမျိုးသမီးတဦး၏ ဇာတ်ကြောင်းဖြစ် ပါသည်။
အင်ဒီရာ ဂန္ဒီ၏ ကာလရှည် စွန့်စားခန်းက အရှေ့တောင်အာရှမှ အမျိုးသမီးများ အားလုံး၏ စွမ်းရည်နှင့် စိတ်ဓာတ် ကြံံ့ခိုင်မှုကို ဖော်ပြနေသည်။ သူတို့ လက်ရှိရောက်နေသော နေရာကို ရရန်အတွက် ၂ ဆ ပို၍ ကြိုးပမ်းရခြင်း အပါအဝင် မျက်နှာစာ အများအပြားတွင် ကျော်လွှားရန် မဖြစ်နိုင်သလောက်နီးပါး ခွဲခြားမှုများ ရှိခဲ့သော်လည်း သူတို့ အောင်မြင်ကြသည်။
(နိုင်ငံရေးလောက အပါအဝင်) သူတို့ အောင်မြင်မှုများကို အကြိမ်ကြိမ်ရခဲ့ကြသည်။
ဥပမာပြရလျှင် အီဘူရစ်စမာ Ibu Risma ဟု သိကြသော အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာ Surabaya မြို့၏ ပထမဆုံး အမျိုးသမီး မြို့တော်ဝန် တြီရစ်စမာဟာရီနီ Tri Rismaharini ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အတက်ကြွဆုံး နိုင်ငံရေးသမားများထဲမှ တဦးလည်းဖြစ်သည့် အီဘူရစ်စမာသည် Fortune မဂ္ဂဇင်းက ၂၀၁၅ ခုနှစ်တွင် ရွေးချယ်ခဲ့သော ကမ္ဘာ့ထိပ်ဆုံး ခေါင်းဆောင် ၅၀ စာရင်းတွင် ပါဝင်ခဲ့သူ လည်း ဖြစ်သည်။
၂၀၁၀ ခုနှစ်တွင် ရာထူးရယူခဲ့ပြီးသည့် အချိန်မှစ၍ ဆူရာဘာယာ၏ စီးပွားရေးကို ၇.၅ ရာခိုင်နှုန်း တိုးတက်အောင် ကူညီခဲ့သည်။ ဘတ်ဂျက် ၃၅ ရာခိုင်နှုန်းကို ပညာရေးအတွက် ချထားပေးခဲ့သည်။ မြို့တော်ဝန် ဖြစ်လာသည့် ဒုတိယမြောက်နေ့တွင် နှစ်ပေါင်းများစွာ ချောင်ထိုးထားခဲ့သော ဆိပ်ကမ်းဖွံ့ဖြိုးရေး စီမံကိန်းတခုနှင့် ပတ်သက်သည့် အဖြေ မရမချင်း ဒုတိယ သမ္မတ၏ ရုံးခန်းမှ ထွက်မသွားနိုင်ဟု ညင်းဆန်ခဲ့သည်။ ရာဇဝတ် ဂိုဏ်းခေါင်းဆောင်များ နှင့်လည်း ထိပ်တိုက် ရင်ဆိုင်ခဲ့သည်။ တချိန်က အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး မီးအိမ်နီ ရပ်ကွက်(ပြည့်တန်ဆာတန်း) ဖြစ်ခဲ့သည့် ဆူရာဘာယာမှ နာမည်ဆိုးနှင့် လူသိများသည့် Dolly လမ်း ကို ပိတ်သိမ်းလိုက်နိုင်ခြင်းမှာ သူ၏ အောင်မြင်မှုများထဲတွင် ထိပ်ဆုံး၌ ရှိနေသော တခု ဖြစ်သည်။
အရှေ့တောင်အာရှ တလွှားမှ ညီအစ်မများကလည်း သူ့လို ကြိုးစားနေကြသည်။
ရန်ကုန်မြို့တွင် အသက် ၂၉ နှစ်အရွယ် မဝေသစ်လွင် (Bella Cosmetics ကိုတည်ထောင်သူ) နှင့် ဖန်တီးမှုဒါရိုက်တာ Anna Sway-Tin တို့က အမေရိကန် ၂ ဒေါ်လာမှ ၄ ဒေါ်လာ အတွင်း တန်ဖိုးရှိသော ပြည်တွင်းဖြစ် ကုန်ပစ္စည်းများကို မြန်မာ အမျိုးသမီးများအတွက် ထုတ်လုပ်ပေးနေသည်။
Bella မတိုင်မီက မြန်မာနိုင်ငံတွင် တိုးပွားလာနေသည့် လူလတ်တန်းစားများသည် နိုင်ငံခြားမှ တင်သွင်းသည့် ဈေးကြီးသော ကုန်အမှတ်တံဆိပ်များ သို့မဟုတ် အရည်အသွေး နိမ့်ကျသည့် အတုများကို သုံးစွဲနေကြရသည်။
ထိုကိစ္စနှင့် ပတ်သက်၍ Bella က အသစ်နှင့် အဟောင်းကို ပေါင်းစပ်ရန် ကြိုးစားခဲ့သည်။ ရိုးရာသနပ်ခါးကို အစွဲပြု အမည်ပေးထားသည့် အလှကုန်များမှာ ကိုရီးယား နည်းပညာဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ယခုအခါ တွင် Bella က မြန်မာနိုင်ငံတွင် အကြီးဆုံး အလှကုန် အမှတ်တံဆိပ် ဖြစ်နေပြီး နိုင်ငံ၏ အမေရိကန်ဒေါ်လာ ၃၁၈ သန်း တန်ဖိုးရှိ အလှကုန်လုပ်ငန်းကဏ္ဍတွင် ဈေးကွက်ဝေစု ၆၅ ရာခိုင်နှုန်း ရရှိထားသည်။
အရှေ့တောင်အာရှမှ မွတ်ဆလင် ဖက်ရှင်လုပ်ငန်းတွင် တော်လှန်ရေးလုပ်ခဲ့သော နီလိုဖာ Neelofa နှင့် ဒီယန်ပီလန်ဂီ Dian Pelangi တို့ကဲ့သို့သော အမျိုးသမီးများလည်း ကျနော်တို့တွင် ရှိနေပါသည်။ ခေါင်းစည်းပဝါ (hijab) ကို စတိုင်ကျကျ ဝတ်ဆင်သူ ဖြစ်သည့် အသက် ၂၇ နှစ် အရွယ် အင်ဒိုနီးရှား အမျိုးသမီး ဒီယန်ပီလန်ဂီက Instagram တွင် သူ့ကို အလွန်သဘောကျ နှစ်ချိုက်သည့် follower ၄.၈ သန်း ရှိသည်။
ထိုနည်းတူပင် မလေးရှားနိုင်ငံမှ နီလိုဖာသည်လည်း မွတ်ဆလင် အမျိုးသမီး ဖက်ရှင် ဈေးကွက်တွင် အငြင်းပွားဖွယ် မရှိ နာမည်ကျော်သည့် စီးပွားရေး လုပ်ငန်းရှင် တယောက် ဖြစ်သည်။ ရုပ်ရှင် မင်းသမီးတယောက်လည်း ဖြစ်သည့် အသက် ၂၉ နှစ်အရွယ် နီလိုဖာက ၂၀၁၄ ခု နှစ်တွင် အသက်အရွယ်မရွေး အမျိုးသမီးအားလုံးနှင့် အဆင်ပြေသည့် စတိုင်ကျသော Naelofar Hijab အမည်ရှိ ခေါင်းစည်းများကို ကိုယ်ပိုင်ဟန်ဖြင့် ထုတ်လုပ်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် သူ့အမှတ်တံဆိပ်က အရောင်းတန်ဖိုး မလေးရှား ရင်းဂစ် သန်း ၅၀ ရှိလာပြီး အဝယ် ၁၀ ရာခိုင်နှုန်း မှာ နိုင်ငံတကာမှ ဖြစ်သည်။ နီလိုဖာသည် Forbes မဂ္ဂဇင်း ၏ ၂၀၁၇ ခုနှစ် အတွက် အာရှဒေသမှ အသက် ၃၀ အောက် ထူးချွန်ထင်ရှားသူ ၃၀ စာရင်းတွင် ပါဝင်ခဲ့သည်။ Instagram တွင် follower ၅ သန်းကျော် ရှိသည်။
သို့သော်လည်း အမြဲတမ်း အဆင်ပြေချောမွေ့မှုတော့ မရှိခဲ့ပါ။ သူ၏ နောက်ဆုံး ဒီဇိုင်းဖြစ်သည့် BeLofa ကို နိုက်ကလပ်တခုတွင် စတင်ပြသခဲ့သည့် အတွက် အငြင်းပွားဖွယ် ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် သူက တောင်းပန်ခဲ့ရ သည်။
သို့သော်လည်း ရည်ရွယ်ချက်က အောင်မြင်ခဲ့ပါသည်။ BeLofa က အများကြား လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ၂၄ နာရီ အတွင်းတွင် ပဝါများ အကုန်ရောင်းလိုက်ရသည်။
Neelofa၊ မဝေသစ်လွင် နှင့် Anna Sway-Tin တို့ကဲ့သို့သော အမျိုးသမီးငယ်များသည် ဒေသတွင်း ရိုးရာများကို ခေတ်မီ ကမ္ဘာ့စင်မြင့်သို့ ယူဆောင်ရာ၌ ဆိုရှယ်မီဒီယာ၏ အားသာချက်ကို အောင်မြင်စွာ ရယူနိုင်ခဲ့ကြသည်။ သူတို့၏ ရဲဝံ့မှုနှင့် တီထွင်ဆန်းသစ်မှုကို အလေးပေးခြင်းက အရှေ့တောင်အာရှ၏ ဖန်တီးနိုင်မှုနှင့် အခက်အခဲများ ကျော် ဖြတ်နိုင်စွမ်းတို့ကို ဖော်ပြနေသည်။
အမျိုးသမီးများအတွက် ရဲဝံ့သော အနာဂတ်တခုကို သူတို့က ကိုယ်စားပြုနေပါသည်။
တိုးတက်မှုရှိလာသော်လည်း လုပ်ဆောင်ရဦးမည့် ကိစ္စများက အမြဲတမ်း ရှိနေပါသည်။ ပညာသင်ကြားနိုင်ခွင့် တိုးတက်လာခဲ့သည့်တိုင် ဒေသတွင်းမှ အမျိုးသမီးငယ်များအတွက် ဘဝတက်လမ်းကို ပုံဖော်ရန် ခက်ခဲနေဆဲ ဖြစ်ပါ သည်။
ကျနော်တို့ ဒေသတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည့် အမှန်တရားတခုမှာ ပျမ်းမျှ အနေဖြင့် ခေါင်းဆောင်မှုပိုင်းတွင် အမျိုး သား ၁၀၀ ရှိလျှင် အမျိုးသမီးက ၃၀ သာ ရှိပါသည်။ ကုလသမဂ္ဂ၏ အဆိုအရ အမျိုးသမီးများသည် အမျိုးသားများ ထက်လုပ်ခ လစာ ၂၄ ရာခိုင်နှုန်း နည်းပြီး အဆင့်နိမ့် ရာထူးများတွင် တမင်သက်သက် ထားရှိခြင်းနှင့် ကြုံတွေ့နေရသည်။
လူ့အဖွဲ့အစည်းများက အမျိုးသမီးများနှင့် ပတ်သက်၍ နောက်တွန့်နေခြင်းက ဆုံးရှုံးနစ်နာမှုများ ရှိပါသည်။ အကယ်၍ နိုင်ငံအားလုံးက ဒေသတွင်းမှ စွမ်းဆောင်ရည် အကောင်းဆုံး နိုင်ငံ၏ တိုးတက်မှုနှင့် အလားတူ စွမ်းဆောင်နိုင်ခဲ့လျှင် အာဆီယံ၏ စီးပွားရေးတွင် အမေရိကန် ဒေါ်လာ ဘီလီယံ ၄၀၀ တိုးလာမည် သို့မဟုတ် GDP ၉ ရာခိုင်နှုန်း တိုးလာ လိမ့်မည်ဟု အမေရိကန် အခြေစိုက် စီးပွားရေး အတိုင်ပင်ခံလုပ်ငန်းတခု ဖြစ်သည့် McKinsey ၏ အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
စိတ်အားတက်ဖွယ်ရာ ဥပမာ အချို့တော့ ရှိပါသည်။ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီ၏ အစိုးရ အဖွဲ့တွင် အမျိုးသမီး ဝန်ကြီး ၈ ဦး ရှိနေသည်။ (ပြင်သစ် အစိုးရတွင် ၁၁ ဦးရှိသည်။) ထို အမျိုးသမီးများထဲတွင် အများ၏ လေးစားမှုကို ခံရသည့် ရေလုပ်ငန်း ဝန်ကြီး စူစီ ပူဂျီယာစတူတီ Susi Pudjiastuti နှင့် ဘဏ္ဍာရေး ဝန်ကြီး ဆရီမူလျာနီ အင်ဒရာဝါတီ Sri Mulyani Indrawati တို့လည်း အပါအဝင် ဖြစ်သည်။ ဆရီမူလျာနီ အင်ဒရာဝါတီကို ဟောင်ကောင် အခြေစိုက် Finance Asia မဂ္ဂဇင်းက ကမ္ဘာပေါ်တွင် အကောင်းဆုံး ဘဏ္ဍာရေး ဝန်ကြီး အဖြစ် သတ်မှတ်ထားသည်။
သို့သော်လည်း ကျား/မ တန်းတူညီမျှရေးအတွက် အားနည်းနေသေးသည်။ တိုးတက်သော နိုင်ငံတခု ဖြစ်သည်ဟု ဆိုသော စင်ကာပူနိုင်ငံ၌ နိုင်ငံရေးတွင် အမျိုးသမီးများ ကိုယ်စားပြုနိုင်မှု နည်းပါးနေသည်။ စင်ကာပူ လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ၂၃ ရာခိုင်နှုန်းကသာ အမျိုးသမီးများ ဖြစ်သည်။ မလေးရှားနိုင်ငံတွင်မူ ထိုထက် ပိုနည်းပြီး ၁၀.၈ ရာခိုင်နှုန်း ရှိသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၇.၁ ရာခိုင်နှုန်း ရှိ သည်။
ဖြေရှင်းရန် ကြိုးစားမှုများ ရှိနေသော်လည်း ဖောက်ထွက်ရမည့် မမြင်ရသော အခက်အခဲများက ရှိနေဆဲ ဖြစ်သည်။
မလေးရှားနိုင်ငံတွင် အစိုးရက ၂၀၂၀ ရောက်သည့် အချိန်၌ အများပိုင် ကုမ္ပဏီများ၏ ဘုတ်အဖွဲ့တွင် အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရန် ဦးတည်ချင်တခု ချမှတ်ထားသည်။ အထက်မှ ဆင်းလာသည့် လုပ်ဆောင်မှု များက အားလုံးကောင်းမွန်သော်လည်း ကျနော်တို့က အမျိုးသမီးများအပေါ် မည်သို့မြင်သည်ဆိုသည့် အလေ့အထ အပြောင်းအလဲတခုနှင့်အတူ တွဲဖက်ရမည် ဖြစ်သည်။
အမျိုးသမီးများသာ မီးဖိုချောင်နှင့် မသက်ဆိုင်ပါ။ ကလေးထိန်းခြင်းက မိဘ ၂ ပါးလုံး ဝေမျှယူရမည့် တာဝန် ဖြစ်သည်။
ဒေသ၏ အနာဂတ်တွင် ကျနော်တို့၏ အမျိုးသမီးများက ကျယ်ပြန့်သော အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ပါသည်။ စီးပွားရေး နယ်ပယ် အတွင်းတွင်သာ မဟုတ်ပါ။ နယ်ပယ်တိုင်းမှ တိုးတက်မှုတို့၏ ရှေ့ဆုံးတွင် သူတို့ ရှိနေရန် လိုအပ် ပါသည်။
ထိုသို့ဖြစ်လာရေးက ကျနော်တို့ အားလုံး တိုက်ပွဲဝင်ကြရပါဦးမည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)