ခြံဝင်းကျယ်ထဲက အဖြူရောင်ဆေးသုတ်ထားတဲ့ အဆောက်အအုံကြီးထဲကို ဝင်လိုက်တော့ သံဇကာတွေ ကာရံထားတဲ့ နောက်ထပ်တံခါး ၈ ပေါက်မှာ အထပ်ထပ် စစ်ဆေးမှု ခံခဲ့ရတဲ့ တင်းကြပ်တဲ့ လုံခြုံရေးရှိရာနေရာ….။
တံခါး အဆင့်ဆင့်ကို ၁၀ မိနစ်ခန့် ဖြတ်ကျော်ပြီးချိန်မှာ သူ့နေရာနဲ့သူ သန့်ရှင်းသပ်ရပ်နေတဲ့ သက်ဆိုင်ရာဌာနများ၊ ရုံးခန်းများ၊ စတိုးဆိုင်များကို စတင်တွေ့လိုက်ရတော့ “ဘာတွေများတွေ့ရမလဲ” လို့ ပူပန်တင်းကြပ်နေတဲ့စိတ်တွေ ချက်ချင်းပြေလျော့သွားရတဲ့နေရာ…။
အဲဒီ နေရာကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း အမျိုးသမီး စာရိတ္တပြုပြင်ထိန်းသိမ်းရေး စခန်း လို့ခေါ်တဲ့ အမျိုးသမီး အကျဉ်းထောင် ပါပဲ။
ဒီအဆောက်အအုံဟာ ချင်းမိုင်မြို့ထဲမှာ တည်ရှိနေပြီး ရုတ်တရက်ကြည့်လိုက်ရင် အကျဉ်းထောင်နဲ့မတူဘဲ စက်ရုံ တရုံနဲ့သာ ပိုတူနေပါတယ်။ စက်ရုံနဲ့ တူတဲ့ ဒီနေရာဟာ မြန်မာပြည်က အမျိုးသမီး ၁၀၀ ကျော် အကျဉ်းကျနေတဲ့ နေရာ တခုလည်း ဖြစ်ပါတယ်။
အထဲမှာတော့ လက်မောင်းမှာ အရစ်တွေတပ်ဆင်ထားပြီး အပြာရောင်နဲ့ အညိုရောင်ဝတ်စုံများ ဝတ်ဆင်ထားတဲ့ အမျိုးသမီးများစွာဟာ ထိုင်ခုံတွေမှာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြတာကို တွေ့ရပါတယ်။
အပြာရောင်ဝတ်စုံ ဝတ်ထားသူတွေက နှစ်ကြီးတဲ့သူတွေဖြစ်ကြပြီး လက်မောင်းက အရစ်ကတော့ နှစ်လျော့ပေးတဲ့ အမှတ်အသားဖြစ်ပါတယ်။ အညိုရောင်ဝတ်စုံ ဝတ်ထားသူတွေကတော့ စီရင်ချက် မချရသေးတဲ့ သူတွေဖြစ်ပါတယ်။
ဒီအဆောက်အအုံကြီးထဲမှာ အမျိုးသမီးတွေဟာ အသက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားခွင့်ရသလို ကိုယ်တတ်ကျွမ်းထားတဲ့ ပညာနဲ့လည်း ရှာဖွေစားသောက်လို့ရအောင် စီစဉ်ပေးထားတာ တွေ့ရပါတယ်။
အမျိုးသမီးအချို့ဟာ လက်မှုလုပ်ငန်းတွေဖြစ်တဲ့ ခြင်းတောင်းယက်တာ၊ ပန်းအိုးအလှဆင်တာတွေကို ပြုလုပ်နေကြတာ တွေ့ရသလို တချို့ကတော့ သားဖွားခန်းမှာ သန့်ရှင်းရေးပြုလုပ်နေကြပြီး တချို့ကတော့ ကိုယ့်သားသမီး ငယ်လေးတွေကို သန့်စင်ဆေးကျောပေးနေပါတယ်။
ကိုယ်ဝန်နဲ့ ရောက်လာတဲ့ အမျိုးသမီးတွေအတွက် သီးသန့်နေရာတွေ၊ သားဖွားခန်းတွေရှိနေတာကို တွေ့ရတော့ အံ့သြဝမ်းသာမိပါတယ်။
“ကျမတို့ ဒီနေရာကို ရောက်နေတာ ကြာပြီ။ အပြင်မထွက်ရတာပဲ ရှိတယ်။ အစစအရာရာအဆင်ပြေတယ်” လို့ ရှမ်း အမျိုးသမီးတဦးဖြစ်တဲ့ နန်းလွန်းက ပြောပြပါတယ်။
နန်းလွန်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က မူးယစ်ဆေးဝါးအမှုနဲ့ ဒီနေရာကို ရောက်ရှိလာသူပါ။
အခုတော့ သူမဟာ ထိုင်းနိုင်ငံရဲ့ စာရိတ္တပြုပြင်ထိန်းသိမ်းရေးစခန်း၊ တနည်းအားဖြင့် အမျိုးသမီးအကျဉ်းထောင်ထဲမှာ ဟင်းချက်ရောင်းနေပြီး တချို့အကျဉ်းကျနေသူတွေကလည်း လက်မှုလုပ်ငန်းနဲ့ မုန့်လုပ်ငန်းတွေမှာ လုပ်ကိုင်ကြတယ်လို့ ပြောပြပါတယ်။
“ဒီနေရာမှာ ကျမတို့ ဘာလုပ်ချင်လဲဆိုတာ လုပ်ခွင့်ပေးတယ်။ သူ့စည်းကမ်းနဲ့တော့ နေရတာပေါ့။ ရိုက်တာတွေ ဆဲတာတွေမရှိဘူး။ အေးအေးဆေးဆေးပဲ”လို့ နန်းလွန်းက ဆိုပါတယ်။
ချင်းမိုင်မြို့ရဲ့ အဲဒီ အဆောက်အအုံထဲက အသက် ၇ဝ ကျော် အဘွားအိုကတော့ “ကျမ ဒီမှာနေရတာ ဘာမှအခက်အခဲ မရှိပေမယ့် မြန်မာပြည်က မိသားစုကိုတော့ သတိရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ထက် စာရင်တော့ ဒီမှာ နေရအဆင်ပြေပါတယ်”လို့ ရှမ်းဘာသာ စကားနဲ့ ပြောပါတယ်။
ဒီအဆောက်အအုံထဲကို ရောက်လာတဲ့ မြန်မာပြည်က အမျိုးသမီးအများစုဟာ နှစ်ရှည်ထောင်ဒဏ်ကျခံရတဲ့ အမျိုးသမီးတွေဖြစ်ပြီး အများစုကတော့ မူးယစ်ဆေးဝါးအမှုတွေ ဖြစ်ကြပါတယ်။
နိုင်ငံကူးလက်မှတ် မရှိကြတဲ့အမှုက အနည်းငယ်သာရှိပြီး အဲဒီအမှုအတွက်တော့ လပိုင်းလောက်သာ ကျခံကြရတယ်လို့ ဆိုပါတယ်။
ဒီနေရာကို ရောက်ရှိလာသူအများစုမှာ ရှမ်းပြည်နယ်က အမျိုးသမီးတွေဖြစ်ပြီး၊ တချို့မှာ ကရင်ပြည်နယ်စပ်က ဖြစ် ကြပါတယ်။
သူတို့တွေဟာ အသက် ၂ဝ မှ အသက် ၇ဝ ကျော် ဝန်းကျင် အမျိုးသမီးများ ဖြစ်ကြပါတယ်။
“ကျမကို စီရင်ချက် မချရသေးဘူး။ ဒီကို ရောက်တာတော့ တနှစ်ပြည့်တော့မယ်။ ဒီမှာတော့ တွေ့တဲ့အတိုင်းပါပဲ။ နေမကောင်းရင် ဆေးခန်းရှိတယ်။ စားရတာကလည်း မဆိုးပါဘူး”လို့ အညိုရောင်ဝတ်စုံ ဝတ်ထားတဲ့ ကျေးသီးက အမျိုးသမီးတဦးက ပြောပါတယ်။
အခက်အခဲဆိုလို့ ထိုင်းနိုင်ငံကို မိသားစုဝင်တွေ လာရောက်တွေ့ဆုံဖို့ ခက်ခဲတာ တခုတည်းရှိပြီး မိသားစုဝင်တွေနဲ့ ဒီကိုရောက်ကတည်းက တခါမှ မတွေ့ရသေးကြောင်း သူမက ဆက်ပြောပါတယ်။
စခန်းထဲကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာပြီး စိတ်ဓာတ်ကျနေတဲ့ အမျိုးသမီးတွေအတွက် စိတ်ဓာတ်မြှင့်တင်ရေး နှစ်သိမ့်ဆွေးနွေးပေးတဲ့ နေရာ/ဌာနလည်း ရှိပါတယ်။
“ဒီမှာငွေတော့ ပေးမသုံးဘူး။ ဒါပေမယ့် သူတို့မိသားစုဝင်တွေက ကျမတို့ဆီမှာ ငွေအပ်ထားပြီး သူတို့ (အကျဉ်း ကျနေသူတွေ) ကို ဘာတွေကျွေးပါ၊ ပေးပါလို့ မှာထားရင်တော့ လုပ်ပေးပါတယ်။ သူတို့လိုအပ်တဲ့ ဝေယျာဝစ္စတွေ ကိုလည်း ပေးထားတဲ့ ငွေထဲကနေ ဝယ်ပေးပါတယ်”လို့ ဌာနမှူး ရဲမေတဦးက ပြောပြပါတယ်။
ဒီစခန်းထဲကို ဘယ်အဖွဲ့အစည်းတွေမဆို လာရောက် ကြည့်ရှုလေ့လာနိုင်တယ်လို့ ဆိုပါတယ်။
လာရောက်မယ့်အချိန်နဲ့ နေ့ရက်ကိုတော့ ကြိုတင်အကြောင်းကြားရမှာဖြစ်ပြီး သက်ဆိုင်ရာသံရုံးရဲ့ ခွင့်ပြုချက်နဲ့ ဆိုရင် ပိုပြီးလွယ်ကူပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြန်မာ နှစ်ခြင်းအသင်းတော်ကလည်း စခန်းထဲမှာရှိနေတဲ့ အမျိုးသမီးများအတွက် ခရစ္စမတ် ပျော်ပွဲရွှင်ပွဲ၊ တွေ့ဆုံပွဲကို နှစ်စဉ်လာရောက် ကျင်းပပေးပါတယ်။
အသင်းတော်ရဲ့သင်းအုပ်ဆရာက “ကျနော်တို့ နှစ်စဉ် ခရစ္စမတ်ရာသီဆိုရင် သူတို့ဆီ လာပြီးတော့ ပျော်ရွှင်အောင် ပြုလုပ်ပေးပါတယ်။ အဲဒီအချိန် ၂ နာရီလောက်အတွင်းမှာ သူတို့တွေက အပြင်လူတွေကို တွေ့ရလို့ ကျေနပ်ပျော်ရွှင်နေကြပြီး စကားပြောတာတွေ၊ သီချင်းသီဆိုကြတာတွေ ပြုလုပ်ကြပါတယ်”လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်ရဲ့ အမျိုးသမီး စာရိတ္တပြုပြင်ထိန်းသိမ်းရေးစခန်းဟာ ပွင့်လင်းမြင်သာမှုရှိပြီး ထောင်ကျနေတဲ့ အမျိုးသမီးတွေကို သန့်ရှင်းစွာနဲ့ လုံခြုံစွာ နေထိုင်နိုင်အောင် စီစဉ်ထားပေးကာ ကိုယ်ဝါသနာပါတဲ့ လက်မှုလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရှိတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဒီနေရာမှာ ပျော်ပွဲရွှင်ပွဲတွေ အချိန်/ရာသီအလိုက် ပြုလုပ်ပေးကာ အမျိုးသမီးတွေနဲ့ စကားပြောဆိုဖို့ စခန်းတာဝန်ရှိသူများက အသံချဲ့စက်များလည်း ပြင်ဆင်ပေးထားပါတယ်။
ပျော်ပွဲရွှင်ပွဲအချိန်တွေမှာ သူတို့အတွက် မုန့်၊ အချိုရေ၊ ရေခဲတွေနဲ့ ထမင်းကြော်တွေကို စီစဉ်ထားပေးလေ့ရှိပါ တယ်။
ဒါတွေအပြင် ဒီအမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေ၊ ဆပ်ပြာမှုန့်၊ ခေါက်ဆွဲခြောက် အထုတ်လေးတွေလည်း ကိုတာနဲ့ ထုတ်ပေးပါတယ်။
“ကျနော်တို့အနေနဲ့ အထဲကို ဘာပစ္စည်းမှ ယူသွားလို့မရဘူး။ ကိုယ်လုပ်ချင်တာတွေကို ကြိုတင်ပြောထားရတယ်။ ပိုက်ဆံလည်း ယူသွားလို့မရဘူး။ သူတို့ (အကျဉ်းကျအမျိုးသမီးတွေ) ကို ဘာကျွေးချင်လဲဆိုတာ ပြောပြပြီး ကုန်ကျစရိတ်အတိုင်း ငွေပြန်ပေးရတယ်”လို့ သင်းအုပ်ဆရာက ပြောပြပါတယ်။
တွေ့ဆုံချိန် ၂ နာရီပြည့်တဲ့အခါမှာတော့ ဧည့်သည်တွေကို လာရောက်အကြောင်းကြားပြီး၊ အကျဉ်းကျသူများ မိမိ နေထိုင်ရာ နေရာတွေကို ပြန်သွားဖို့ အချိန်ရောက်ပြီလို့ ကြေညာပါတယ်။
အကျဉ်းကျ အမျိုးသမီးတွေဟာ “နောက်နှစ်လည်း ကျမတို့ဆီ လာလည်ပါအုံး” “အပြင်ကလူတွေနဲ့ အခုလိုတွေ့ရတော့ ပျော်တာပေါ့” “ဝမ်းသာတာပေါ့၊ ကျေးဇူးအများကြီးတင်ပါတယ်” ဆိုတဲ့ နှုတ်ဆက်စကားတွေနဲ့ သူတို့ သက်ဆိုင်ရာ အဆောင်တွေဆီကို ပြန်သွားဖို့ ပြင်ကြပါတယ်။
ဒီနေရာလေးကို လေ့လာရေးအနေနဲ့ ရောက်ရှိလာပြီး စိတ်မကောင်းဖြစ်ရတာကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီး အကျဉ်းထောင်ရယ်လို့ သီးသန့်မရှိဘဲ အကျဉ်းထောင်တွေကို ကြည့်လိုက်ရင်လည်း လက်ရှိအချိန်အထိ လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ လွတ်လပ်စွာ သွားရောက်လေ့လာနိုင်တဲ့ အခြေအနေ မရှိသေးတာပါ။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ်၊ နှစ်ဆန်းပိုင်းက ဓာတ်ဆီကို ရေသန့်ဗူးထဲမှာ ထည့်ရောင်းတဲ့ အမျိုးသမီး ၆ ဦး အဖမ်းခံရပြီး အဲဒီ ၆ ဦးထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ပါဝင်ပါတယ်။
အဲဒီ ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ မသွယ်သွယ်မိုးဖြစ်ပါတယ်။
မသွယ်သွယ်မိုးဟာ သရက်အကျဉ်းထောင်မှာ ကျနေတုန်း ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၃၁ ရက်နေ့မှာ သရက်ဆေးရုံက သားယောကျ်ားလေးကို ခွဲစိတ်မွေးဖွားပေးခဲ့ပါတယ်။
သူမဟာ ကလေးမွေးပြီးချိန်မှာ သူ့မရဲ့ခြေထောက်က သံကြိုးကို မဖြုတ်ပေးခဲ့တဲ့ အဖြစ်အပျက်ဟာ လူမှုစာမျက်နှာမှာ ပျံ့နှံ့ခဲ့ပြီး လူအများအပြားကို စိတ်ပူပန်မှုတွေ ဖြစ်စေခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်များက မသွယ်သွယ်မိုးရဲ့ခြေထောက်ကို သံကြိုးနဲ့ ခတ်ထားရခြင်းက တာဝန်အရလို့ ပြောဆိုခဲ့တဲ့အပေါ် အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးကို ရိုက်ချိုးနေတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်သူတွေက ပြောဆို ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မသွယ်သွယ်မိုးလို အကျဉ်းကျ အမျိုးသမီးတွေ ဘယ်လောက်ရှိသလဲဆိုတာ မသိရှိနိုင်ပါ။
ဒါ့ကြောင့် မြန်မာပြည်ရဲ့ အကျဉ်းထောင်တွေကိုလည်း အများပြည်သူ သွားရောက်လေ့လာနိုင်ပြီး၊ အကျဉ်းကျခံနေရတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝ ရရှိနိုင်ဖို့ မျှော်လင့်မိပါတယ်။
ကမ္ဘာ့အဆင့်မီ အကျဉ်းထောင်တွေလို မဖြစ်နိုင်သေးရင်တောင် အိမ်နီးချင်းထိုင်းနိုင်ငံက အမျိုးသမီးအကျဉ်းထောင်တွေလို ပွင့်လင်းမြင်သာမှုတွေ ရှိလာရေးအတွက်လည်း အစိုးရအနေနဲ့ အကောင်အထည်ဖော်သင့်ကြောင်းလည်း အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သူတွေက ပြောဆိုလိုက်ပါတယ်။
( မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထူထောင်ထားသော HI (Honest Information) ၏ ဝက်ဘ်ဆိုက် www.hiburma.net မှ ကူးယူဖော်ပြသည်)