ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင် နေထိုင်သော ငပလီဇာတိချက်မြုတ် အသက် ၄၈ နှစ်အရွယ် ဒေါ်ခင်မျိုးနွယ်က သူ ငယ်ငယ်က ဖြူဖွဲနေသော ငပလီသဲသောင်ပြင်ကျယ်ကြီးသည် ပြာလဲ့နေသော ဘင်္ဂလားပင်လယ်အော်ကြီးထဲသို့ ပြေပြေပြစ်ပြစ် ပြန့်ပြန့်ပြူးပြူး ဖြန့်ခင်းချထားသည့် အနေအထားဖြစ်ကြောင်း ပြန်ပြောင်းပြောပြပါသည်။ ယင်းမြင်ကွင်းကို ကမ်းခြေနောက်ဖက်တွင် တည်ရှိသော မဇင်-ဂျိုက်တော လမ်းမတလျှောက် အုန်းပင်တန်းများ ဖြတ်ကျော်ပြီး တိုးလျှိးပေါက် မြင်နေခဲ့ရကြောင်း ဆိုသည်။
သို့သော် ယင်းမြင်ကွင်းများကား လွန်ခဲ့သည့် ၂၀၁၀ နောက်ပိုင်းမှစ၍ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ အကြောင်းမှာ စီးပွားရေး လုပ်ငန်းရှင်များက ကမ်းခြေတလျှောက်တွင် အဆင့်မြင့် အပန်းဖြေနေရာများ တည်ဆောက် လာခဲ့ကြပြီး လမ်းမကြီးပေါ်မှ ကမ်းခြေကိုဖြတ်မြင်ရသည့် မြင်ကွင်းများကို ခြံစည်းရိုး အုတ်တံတိုင်းများ ကာရံခြင်း၊ ၎င်းတို့၏ အဆောက်အအုံများကို မိုးရာသီတွင် ဒီရေလှိုင်းများ တားဆီးကာကွယ်ရန် ကမ်းခြေတလျှောက်တွင် ဒီရေထိန်းနံရံကြီးများ တည်ဆောက် လာကြခြင်းကြောင့် ဖြစ်သည်။
မကြာသေးမီက ငပလီကမ်းခြေသို့ သွားရောက်ခဲ့ရာတွင် ကမ်းခြေတလျှောက်တွင် တပေကျော် မြင့်မားသည့် မညီညာသော သောင်ခုံများကို နေရာတော်တော်များတွင် တွေ့ရှိခဲ့ရပြီး ယင်းသို့ဖြစ်ပေါ်ရခြင်းမှာ မြေထိန်းနံရံကြောင့်ဟု တချို့က ပြစ်တင်ဝေဖန်ကြပါသည်။
“အရင်တုန်းကဆိုရင် ကမ်းခြေရဲ့ သောင်ပြင်က ပြေပြေကလေး ဆင်းသွားတယ်။ ရေထဲကို ပေ ၃၀ လောက် ဆင်းသွားရင်တောင် အဲဒီတုန်းက ခါးလောက်ပဲနက်တယ်။ အခုကတော့ ရေထဲကို လေးငါးလှမ်း လှမ်းလိုက်တာနဲ့ ရင်ဘတ်လောက်ကို ရောက်သွားပြီ။ ကျမဆိုရင် ယုံတောင်မယုံနိုင်ဘူး” ဟု ဒေါ်ခင်မျိုးနွယ်က ဆိုသည်။
ထိုအပြောင်းအလဲကို သတိပြုမိသူက သူတယောက်တည်း မဟုတ်ပါ။
မကြာသေးမီက ငပလီသို့ သွားရောက်လည်ပတ်ခဲ့သော ရှမ်းတိုင်းရင်းသားတဦး ဖြစ်သည့် လွိုင်ခမ်းပန်က သူရေဆင်းကူးသည့် အတွေ့အကြုံအရ ကမ်းခြေနေနှင့်နီးသော ပင်လယ်ကြမ်းပြင်တွင် ကြီးမားသော သဲသောင် အဖုအထစ်များဖြင့် မညီမညာဖြစ်နေ ပြီး ကမ်းခြေနှင့်ဝေးသည့်နေရာတွင် ကမ်းခြေရေအောက် မျက်နှာပြင်မှာ ညီညာလျှက်ရှိကြောင်း ပြောပြသည်။
ပြည်နယ်အစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီးဖြစ်သူ သံတွဲ ဇာတိသား ဦးချမ်းသာက မတ်လ ၁၈ ရက်နေ့တွင် ငပလီ၌ ပြုလုပ်ခဲ့သော ခရီးသွားလုပ်ငန်းအစည်းအဝေးတွင် ကမ်းခြေတလျှောက်တွင် ဟိုတယ်များက တည်ဆောက်ထားသော ရေထိန်းနံရံများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ အဆိုပါ အစည်းအဝေးကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက်ခဲ့ကြသည်။
သူ ကလေးဘဝက ငပလီကမ်းခြေသည် ကျောက်ထူထပ်သော နေရာတခု မဟုတ်ကြောင်း၊ ယခုအခါ နေရာအတော် များများတွင် ကျောက်တုံး အများအပြား ထွက်ပေါ်လျှက်ရှိကြောင်း ပြောသည်။
“ ရေထိန်းနံရံတွေက ငပလီကမ်းခြေရဲ့ အလှကို အကျည်းတန်စေတယ်” ဟု ဦးချမ်းသာက ပြောသည်။
ဒေသခံများနှင့် တာဝန်ရှိသူများက ကမ်းခြေပို၍ မတ်စောက်လာခြင်းမှာ ရေထိန်းနံရံများကို ကြောင့်ဖြစ်သည်ဟု ပြစ်တင် ကြသော်လည်း ဟိုတယ် ပိုင်ရှင်အချို့က ကမ်းခြေသဲများကို တူးဖော်ယူကြသည့် ကျေးရွာသားများ ကြောင့်ဟု အပြစ်ဆိုခဲ့ကြသည်။
“သက်ရောက်မှုက ကြီးမားတယ်ဆိုတာကို ကျမတို့ လုံး၀ နားလည်ပါတယ်။ ဒီပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းရပါမယ်” ဟု Jade Marina Resort ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်မြင့်မြတ်သူက ဆိုသည်။
နန်းကျ ဘုရင်မ
၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာခရီးသွား TripAdvisor ဝက်ဆိုက်၏ ခရီးသွားများအနှစ်သက်ဆုံးရွေးချယ်မှုဆု (Traveler’s Choice Awards) အတွက် ငပလီကမ်းခြေကို အာရှတွင် ပထမဆုံးနေရာအဖြစ် မဲပေးခဲ့ကြပါသည်။ ကမ္ဘာပေါ်မှ ထိပ်တန်း ကမ်းခြေ ၁၀ ခုတွင် တခု အပါအဝင် ဖြစ်ခဲ့ပြီး “အလှဘုရင်မ” ဟုပင် ပရိသတ်အချို့က ကင်ပွန်းတပ်ခဲ့ကြဖူးသည်။
သို့သော်လည်း ယင်းနှစ်နောက်ပိုင်းမှစ၍ ငပလီသည် ခရီးသွားများ၏ စောဒကတက် တိုင်တန်းမှုမျိုးစုံရရှိပြီး အာရှတွင် လည်ပတ်ချင်စရာ အကောင်းဆုံးအဆင့် ၂၅ ဆင့်တွင် အဆင့် ၃ သို့ ကျဆင်းသွားခဲသည်။ ပထမဆုံးနေရာကို အိန္ဒိယနိုင်ငံမှ Agonda ကမ်းခြေက ရရှိသွားပြီး မလေးရှားနိုင်ငံ၏ Brocay က ဒုတိယနေရာတွင် ရပ်တည်လျှက်ရှိသည်။ ငပလီသည် ကမ္ဘာ့အဆင့် လည်ပတ်ချင်စရာအကောင်းဆုံး ၂၅ နေရာတွင် မပါဝင်တော့ပေ။
“ငပလီ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကျသွားတာကို ကျနော့် အလွန်စိတ်ပျက်မိပါတယ်။ ဒါက ငြင်းလို့မရတဲ့ အမှန်တရားပါ” ဟု ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။
ငပလီကမ်းခြေ အဆင့်ကျဆင်းလာရခြင်းက ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးအခင်းနှင့် ပတ်သတ်ပြီး ခရီးသွားမည်မျှက မသွားရန် မဲပေးဆုံးဖြတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမသိ ရပါ။ မောင်တောပြသနာကို ကုလသမဂ္ဂက လူမျိုးတုန်းသတ်ဖြတ်မှု သင်ရိုးညွှန်းတမ်း၏ နမူနာတခုဟု သတ်မှတ်ခဲ့သည်။ တပ်မတော်၏ ပိုက်စိပ်တိုက် ရှင်းလင်းမှုကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးသွားရကြောင်းလည်း ဆိုထားသည်။ ယင်းလုပ်ရပ်ကြောင့် မြန်မာ့တပ်မတော်၏ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာစစ်ရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် လူ့အခွင့်အရေး လော်ဘီများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့လည်း တောင်းဆိုမှုများ ရှိနေသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန် ရက်များအတွင်း ငပလီ၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဦးညီပုက အဆိုပါ အကျပ်တည်းက တနိုင်ငံလုံးကို သက်ရောက်ခဲ့ကြောင်း၊ နိုင်ငံခြားသံတမန်များနှင့် ပြည်ပဧည့်သည်များက အဆိုပါပြသနာသည် ရခိုင်ပြည်နယ်တဝန်းလုံးတွင် ဖြစ်ပွားနေသည်ဟုပင် ထင်မှတ်လျှက်ရှိကြောင် းထုတ်ဖော်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံကို ချေးငွေထုတ်ပေးရာတွင် ဒုတိယအဆင့် ရပ်တည်လျှက်ရှိသော ဂျပန်နိုင်ငံသည်ပင်လျှင် မြန်မာနိုင်ငံသည် ခရီးသွားများအတွက် သွားရောက်လည်ပတ်ရန် အန္တရာယ်ရှိသည့်နေရာအဖြစ် သတ်မှတ်ထားသည်။
“တကယ်တော့ အဲဒီပြသနာက ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ ဒေသတခုတည်းမှာပဲ ဖြစ်နေတာပါ။ တပြည်နယ်လုံးမှာ ဖြစ်နေတာမျိုးမဟုတ်ဘူးလို့ ကျနော်တို့က သူတို့ကို မကြာခဏ ရှင်းပြဖူးပါတယ်” ဟု ဝန်ကြီးချုပ်ဦးညီပုက ပြောသည်။
ငပလီအဆင့်နိမ့်ကျလာရခြင်း အကြောင်းအရင်းများနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက ဟိုတယ်အခန်းခ ဈေးနှုန်းကြီးမားခြင်း၊ ကမ်းခြေ ထိန်းသိမ်းစောင့်ရှောက်မှု ညံ့ဖျင်းခြင်း၊ အများပြည်သူနားနေနိုင်မည့် နေရာများနည်းပါးခြင်း အညစ်အကျေးနှင့် အမှိုက်သရိုက်များ စနစ်တကျ စွန့်ပစ်မှု အားနည်းခြင်း၊ ဟိုတယ်နှင့် ဒေသခံ တံငါလုပ်ငန်းလုပ်ကိုင်သူများအပြင် ဟိုတယ်လုပ်ငန်းရှင်များအကြား ပြသနာများဖြစ်ပွားခြင်း၊ ညသန်းခေါင်ယံအထိ ဆူညံသော ပါတီပွဲများ ဟိုတယ်တွင်ပြုလုပ်ခြင်း၊ ယာဉ်မတော်တဆမှုများ မြင့်တက်လာခြင်း၊ နွေရာသီတွင် အခန်းများပြည့်ကျည့်နေခြင်းတို့ကြောင့် ဖြစ်ကြောင်း ထည့်သွင်းရှင်းလင်းပြခဲ့သည်။
“ကမ္ဘာ့ထိပ်တန်း ၁၀ နေရာကနေ အဆင့် ၂၅ နေရာထိ ကျဆင်းသွားတယ်ဆိုတာ အတော်ဆိုးတဲ့အခြေအနေပါ။ ဒီထက်ပိုပြီး ကျဆင်းမသွားအောင် ထိန်းသိမ်းဖို့ ကျနော်တို့တွေမှာ တာဝန်ရှိပါတယ်” ဟု သူက ပြောသည်။
အစည်းအဝေးအတွင်းတွင် ဟိုတယ်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့အစည်းများက ငပလီ၏ သဘာဝ အလှကို ထိန်းသိမ်းကြရန် နှင့် ဥပဒေ စိုးမိုးရေး ဆိုင်ရာ အာဏာပိုင်များက ဥပဒေနှင့် အညီ ထိန်းသိမ်းပေးကြရန် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးက ထပ်တလဲလဲ တောင်းဆိုခဲ့သည်။ မြန်မာ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ဦးရန်ဝင်းကလည်း ဥပဒေ ချိုးဖောက်သူများကို ပိုမိုပြင်းထန်သော အရေးယူမှုများ ဆောင်ရွက်ပေးရန် ဒေသခံ အာဏာပိုင်များကို တင်ပြတောင်းဆိုခဲ့သည်။
နောက်ခံတောင့်တင်းသော ဟိုတယ်ပိုင်ရှင်များ
တရားဥပဒေ စိုးမိုးရေး အတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်အဖွဲ့အစည်း အများအပြားက နှစ်ပေါင်းများစွာအတွင်း အစည်းအဝေးများ ထပ်တလဲလဲ ပြုလုပ်ခဲ့သော်လည်း အခြေအနေ တိုးတက်ကောင်းမွန်ရေး အတွက် အနည်းငယ်သာ လုပ်နိုင်ခဲ့သည်ဟု အပန်းဖြေစခန်း ပိုင်ရှင်များက ပြောကြသည်။ တန်ဖိုးကြီးမားသော ဟိုတယ်လုပ်ငန်းများကို ပိုင်ဆိုင်သူများသည် အာဏာရှိသူများနှင့် အဆက်အသွယ်ကောင်းရှိခြင်းကြောင့်လည်း ထိုကဲ့သို့ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဝေဖန်ကြသည်။
သံတွဲခရိုင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးခွဲ၏ စာရင်းဇယားများအရ ငပလီတွင် ဟိုတယ်ခရီးလိုင်စင်ဖြင့် လုပ်ငန်းလည်ပတ်နေသော ပြည်တွင်း ဟိုတယ်နှင့် တည်းခိုခန်း ၃၅ ခုရှိသည်။ နောက်ထပ် အနည်းဆုံး တည်းခိုခန်း ၁၂ ခုလောက်က လုပ်ငန်း လိုင်စင်မရှိကြပါ။ ငပလီတွင်ရှိသည့် ဟိုတယ်လုပ်ငန်းအများစုသည် ယခင်စစ်အာဏာရှင်ဟောင်းများနှင့် ထိပ်တန်း စစ်ဖက်အရာရှိများ၏ ဆွေမျိုးရင်းချာများ သို့မဟုတ် ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်ကြီးများဖြစ်သည့် ဧဒင်လုပ်ငန်းစုပိုင်ရှင် ဦးချစ်ခိုင်၊ AGD ဘဏ်လုပ်ငန်းပိုင်ရှင် ဦးတေဇ၊ Fortune International ပိုင်ရှင် ဦးမြဟန် စသော သူများနှင့် တိုက်ရိုက်ပတ်သတ်လျက်ရှိကြောင်း အဆိုပါစာရင်းဇယားများက ဖော်ပြနေသည်။ ကမ်းခြေတလျှောက်တွင် ယင်းဟိုတယ်များက ကွန်ကရစ်နံရံများ အခိုင်အမာ တည်ေ ဆာက်ထားကြပါသည်။
ဥပမာပြရလျှင် ယခင်နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီးဖြစ်သူ ဒေါ်နန္ဒာအေး ပိုင်ဆိုင်သော လတ်တလော ဖွင့်လှစ်ထားသော Pristine Mermaid Resort သည် ဟိုတယ်လုပ်ငန်းလိုင်စင်မရှိဘဲ ယခုနှစ် အစောပိုင်းကတည်းက ဖွင့်လှစ်လုပ်ကိုင်လျှက် ရှိသည်။ မြပြင်ကျေးရွာတွင် တည်ရှိသော ၆ ဧက နီးပါး ကျယ်ဝန်းသည့်မြေကွက်အတွင်း နေရာအချို့ကို မြေဖို့ရန် ကမ်းခြေမှ သဲများကို တန်ပေါင်းများစွာ အသုံးပြုခဲ့ကြောင်း သိရသည်။
ကျေးရွာသား အချို့ နှင့် ဟိုတယ်များက ဆောက်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် ဆားဓာတ်ပါသော ကမ်းခြေမှ အဖြူ ရောင်သဲများကို ခိုးယူနေကြသည်ကို ဧရာဝတီက တွေ့ရှိခဲ့သည်။ မဇင်-ဂျိုုက်တော ကျေးရွာလမ်းတလျှောက်တွင် တည်ရှိသည့် အချို့ ဟိုတယ်ကြီးများ၏ ရှေ့တွင်ပင် သဲပုံကြီးများကို သိမ်းထားကြသည်။ ဟိုတယ်လုပ်ငန်းရှင်အချို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အသုံးပြုမည့် သဲများကို ကျေးရွာသားများရောင်းချသည့် ဆိုင်များမှတဆင့် ဝယ်ယူအသုံးပြုခြင်းဖြစ်ကြောင်း ဆိုသည်။
Ngapali Bay ဟိုတယ်၏ ဒါရိုက်တာ ဦးအောင်ချိုဦးက “ကျနော်တို့အတွက် လိုအပ်တဲ့သဲတွေကို ဒေသခံ သဲရောင်းဝယ်ရေးဆိုင်တွေကနေ တဆင့် ဝယ်ယူတာပါ” ဟု ပြောသည်။ ဟိုတယ်ခရီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည်လည်း ငပလီခရီးစဉ်တွင်း အတွင်း အဆိုပါဟိုတယ်တွင် တည်းခိုခဲ့သေးသည်။
သံတွဲခရိုင် စည်ပင်သာယာရေးကော်မတီ၏ ဥက္ကဌ ဦးသန်းထွန်းကလည်း မြေထိန်းနံရံ တည်ဆောက်သည့်ကိစ္စနှင့် ပတ်သတ်ပြီး ပြည်ထောင်စုဝန်ကြီးရှေ့မှောက်တွင် ထုတ်ဖော်ပြောဆိုသည်။ ဟိုတယ်ပိုင်ရှင်အများစုသည် မြေထိန်းနံရံ တည်ဆောက်ရန် စည်ပင် ရုံးသို့ လာရောက်လျှောက်ထားခြင်းပင် မရှိကြောင်း၊ သို့သော် လက်ရှိတွင် ကမ်းခြေရှေ့ မျက်နှာစာတွင်ရှိသည့် ဟိုတယ်အားလုံးနီးပါးက ရေထိန်းနံရံများ တည်ဆောက်ထားပြီး ဖြစ်ကြောင်းပြောသည်။ ကမ္ဘာလှည့်ခရီးသွားများ၏ စိတ်ငြိုငြင်မှု တိုင်တောမှု များပြားလာ သည့်အခါ စီးပွားရေးလုပ်ငန်းရှင်များက ကမ်းခြေသဲများကို ထုတ်ယူသုံးစွဲသည့် ဒေသခံရွာသားများကို အလွယ်တကူ ပြစ်တင်ဝေဖန်ကြကြောင်း ပြောသည်။
“တရားဥပဒေ စိုးမိုးရေး မရှိတာက ငပလီ ကမ်းခြေ ပျက်စီးနေရတဲ့ အဓိက အကြောင်းရင်းပဲ” ဟု ဦးသန်းထွန်းက ဆိုသည်။
ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်းများ
မြေထိန်းနံရံများ တည်ဆောက်ခြင်းများ ဆောင်ရွက်လိုလျှင် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်တောင်းခံရန် ဟိုတယ်လုပ်ငန်းရှင်များကို ဟိုတယ်ခရီးသွားဝန်ကြီး ဦးအုန်းမောင်က ယခင်နှစ်များကလည်း ညွှန်ကြားဖူးသည်။ စည်ပင်ဥပဒေအရ ရေထိန်းနံရံ ကို သဲသောင်အထက် တပေအမြင့်သာ တည်ဆောက်ရန် ခွင့်ပြုထားသော်လည်း ဟိုတယ်ကြီးများသည် ခြောက်ပေအမြင့် သို့မဟုတ် ယင်းထက်မြင့်မားသော နံရံကြီးများကို တည်ဆောက်ထားကြသည်။
“ကျနော့် အမြင်ကတော့ ဟိုတယ်တွေရဲ့ ကမ်းခြေက ရေထိန်းနံရံတွေ မရှိသင့်ဘူး” ဟု ဦးသန်းထွန်းက ပြောသည်။
အချို့ ဟိုတယ်များ ကိုယ်တိုင်က ကမ်းခြေမှ သဲများ ထုတ်ယူသုံးစွဲမှုကိုလည်း ပြတ်ပြတ်သားသား ထောက်ပြဝေဖန်ခဲ့သည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်ထဲတွင် ကမ်းခြေမျက်နှာစာတွင် အဆောက်အအုံများ တည်ဆောက်မည်ဆိုပါက ဒီရေအမြင့်ဆုံး တက်သည့်ရေအမှတ်နှင့် အနည်းဆုံး မီတာ ၅၀ အကွာအဝေးတွင် တည်ဆောက်ရမည်ဟု သတ်မှတ် ထားပါသည်။ ထို့အပြင် ကမ်းခြေအား လမ်းမကြီးပေါ်မှ လှမ်းမြင်ရသည့် မြင်ကွင်းကို အနှောင့်အယှက်ဖြစ်စေမည့် ခြံစည်းရိုး အမြင့်ကာရံခြင်းကိုလည်း ကန့်သတ်ထားပြီး တည်ဆောက်ရေးလုပ်ရန် ကမ်းခြေသဲများ အသုံးပြုခြင်းကိုလည်း တားမြစ်ထားပါသည်။
အစိုးရ- ပုဂ္ဂလိက ဖက်စပ်လုပ်ငန်း တခုဖြစ်သော လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှုး ဦးစီးဌာနပိုင်ဆိုင်သည့် Hotel Paradise သည် အထက်ပါစည်းကမ်းချက်များကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခဲ့သော်လည်း လက်ရှိအချိန်တွင် ဟိုတယ်လုပ်ငန်းလိုင်စင် ရရှိထားပြီးဖြစ်သည်။ ယင်းကိစ္စရပ်များနှင့်ပတ်သတ်ပြီး ငပလီ ခရီးသွားလုပ်ငန်းတိုးတက်ရေးအစည်းအဝေးတွင် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌက ပြင်းထန်စွာ ဝေဖန်ခဲ့သော်လည်း အစည်းအဝေးမှ အမိန့် သို့မဟုတ် ညွှန်ကြားချက် တစုံတရာ ထုတ်ပြန်နိုင် ခြင်းမရှိဘဲ ပြီးဆုံးခဲ့သည်။ စိုးရိမ်မှု မြင့်တက်နေသည့် ကိစ္စရပ်နှင့်ပတ်သတ်ပြီး ဧရာဝတီသတင်းဌာန သတင်းထောက်က ပြည်ထောင်စုဝန်ကြီးကို မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အစိုးရအရာရှိများက တားဆီးခဲ့သည်။
ဒေသခံ ဟိုတယ်ပိုင်ရှင်များနှင့် အာဏာပိုင်အချို့က ဟိုတယ်များ၏ ဒီလှိုင်းကာ နံရံများကို ဖြိုချမည့်အစီအစဉ်မှာ မဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြပါသည်။ အကြောင်းအရင်းမှာ “အာဏာနဲ့ ငွေကြောင့်” ဟု Kyaw Ngapali Lodge ကို ပိုင်သော ဒေါ်ခင်မျိုးနွယ်က ပြောသည်။
“ဥပမာပြရရင် Pristine Mermaid ဆိုရင် သူတို့ နောက်ခံ အရမ်းတောင့်တယ်။ သူတို့မှာ (အာဏာပိုင်တွေနဲ့) ညီအကို မောင်နှမလို ဆက်ဆံရေး ရှိတယ်။ ဒါကြောင့် ကျမတို့ ဘာပဲ တောင်းဆို တောင်းဆို အဖြေထွက်လာမှာ မဟုတ်ဘူး” ဟု ပြောသည်။
ပိုကောင်းသည့် နည်းလမ်း
အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာန၏ ကမ်းခြေ တည်ငြိမ်ရေးဆိုင်ရာ အစိုးရ အစီရင်ခံစာ တစောင်၌ ဒီရေနှင့် လှိုင်းများကို တားဆီးရန်အတွက် ဒေါင်လိုက် အထိန်းနံရံများပြုလုပ်ခြင်းကို အကြံမပြုကြောင်း
ဖော်ပြထားသည်။ အကြောင်းအရင်းမှာ ရေထိန်းနံရံများသည် လှိုင်းတို့၏ အရှိန်ကို တိုက်ရိုက်ပြေလျော့ခြင်းအစား တန်ပြန်ဆိုးကျိုးများဖြစ်ပေါ်စေခြင်းကြောင့်ဖြစ်ကြောင်းဆိုထားသည်။ လှိုင်း၏ အရှိန်အဟုန်ကို တားဆီးရန်အတွက် ကမ်းခြေတလျှောက်တွင်
ကျောက်တုံးများ
ချထားခြင်းအားဖြင့် ရေလှိုင်းများပြေလျော့စေသည့် အပျော့စားနည်းလမ်းများကို အသုံးပြုရန်အကြံပြုထားပါသည်။
မြစ်ကြောင်းဆိုင်ရာ ပညာရှင်၊ Myanmar Environment Institute ၏ အကြံပေးဖြစ်သူ ဦးမောင်မောင်အေးက မြစ်တခုတွင် ရေထိန်းနံရံများက ဒီလှိုင်းများကို ကာရံပေးနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မြစ်ကြမ်းပြင်အနေအထားကို ဆင်ခြေလျှော မှတဆင့် မတ်စောက်သော အနေအထားသို့ ပြောင်းလဲစေနိုင်ကြောင်းရှင်းပြသည်။
“မြစ်ကြောင်း နက်စောက်လာတဲ့အခါမှာ အနယ်ပို့ချခြင်းအစား တိုက်စား(ကမ်းခြေ) မှုတွေ ပြုလုပ်လာပါတယ်” ဟု သူက ပြောသည်။ ငပလီကမ်းခြေ မတ်စောက်လာသည့် ကိစ္စရပ်နှင့် ပတ်သတ်၍ သူက “ဒီလိုဖြစ် (မတ်စောက်) လာတဲ့ အကြောင်းအရင်းတွေထဲမှာ ရေထိန်းနံရံတွေကလည်း အကြောင်းအရင်း တခုလို့ပဲ မြင်ပါတယ်” ဟု ဆိုသည်။
ကမ်းခြေမတ်စောက်မှု အနေအထားသည် မည်သည့်ကိစ္စကြောင့် အဓိကအချက်ဖြစ်သည်ဟု တိတိကျကျပြောဆိုရင် ခက်ခဲကြောင်း၊ အဘယ်ကြောင့်ဆိုသော် အခြားမြစ်ကြောင်းဆိုင်ရာ အကြောင်းအရင်းများကြောင့်လည်း ပြောင်းလဲခြင်းခြင်းများ ဖြစ်ပေါ်နိုင် ကြောင်းပြောသည်။ ထို့ကြောင့် ပြသနာအကြောင်းအရင်းကို အဖြေရှာရန်အတွက် မြစ်ကြောင်းဆိုင်ရာပညာရှင်များ ဘူမိဗေဒညာရှင်များနှင့် အနီးစပ်ဆုံးတက္ကသိုလ်တခုခုတို့ ပူးပေါင်းကာ သုတေသန စီမံကိန်းတခုဆောင်ရွက်သင့်ကြောင်း ဦးမောင်မောင်အေး က အကြံပြုပါသည်။
(အင်္ဂလိပ်ဘာသာဖြင့် From ‘Beauty Queen’ to Beach Bum? Ngapali Loses its Sparkle ဖတ်ပါ)