ဆောင်းပါး

မြန်မာပြည်က ဖေ့ဘွတ် ထွက်သွားမှာလား

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့် အပတ်အတွင်းတွင် မြန်မာနိုင်ငံမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက အံ့အားသင့်စရာ လက်သည်တရားခံတဦးကို လက် ညိုးထိုးခဲ့ကြသည်။ Facebook ဖြစ်ပါသည်။

ပြီးခဲ့သည့် သြဂုတ်လမှ စ၍ လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်နိုင်သည် ဟု ကုလသမဂ္ဂက သံသယရှိခဲ့သော တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ ၇၀၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် နိုင်ငံတွင် အသက် သေစေနိုင်လောက်သည့် လူမျိုးရေးတင်းမာမှုများ မြင့်တက်လာစေရန် အမုန်းများဖြင့် ပြည့်နေသော Facebook ပို့စ်များက ထောက်ကူခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူ တဦးက Facebook သည် သားရဲတကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ သို့မဟုတ် အခြားတိုင်းရင်းသားလူနည်းစုများ ကိုဆန့်ကျင်သည့် အကြမ်းဖက်မှုများနှင့် အမုန်းတရားများကို လှုံ့ဆော် သွေးထိုးရန် အသုံးချခြင်း ခံခဲ့ရသည်ဟု ဆိုလိုခြင်း ဖြစ်နိုင်ပါသည်။

ထို့ကြောင့် ပြီးခဲ့သည့် အပတ်အတွင်းက ပူးတွဲတင်ဆက်သူအဖြစ် ကျမ ပါဝင်ဆောင်ရွက်ခဲ့သော Slate ၏ အွန်လိုင်း ရေဒီ ယို အစီအစဉ်သို့ လာရောက်ခဲ့သော Facebook မှ တာဝန်ရှိသူ တဦးဖြစ်သည့် (News Feed ဆိုင်ရာ အကြီးအကဲ) Adam Mosseri ကို ကျမတို့က မြန်မာနိုင်ငံမှ Facebook ၏ အခန်းကဏ္ဍနှင့် မြန်မာနိုင်ငံမှ သုံးစွဲသူများအတွက် သူတို့၏ တာဝန်ယူမှုက မည်သို့ရှိသည်ကို မေးမြန်းခဲ့ပါသည်။

အခြေအနေအတွက် မှန်ကန်သော ချဉ်းကပ်မှုကို ရှာဖွေရန် Facebook က လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု သူက ပွင့်ပွင့်လင်းလင်းပင် ပြောကြားခဲ့သည်။ “ကမ္ဘာကို ဆက်သွယ်ပေးရတာက ကောင်းတဲ့ အရာတခု အမြဲတမ်း မဖြစ်ပါဘူး” ဟု Adam Mosseri က ကျမတို့ကို ပြောပြပါသည်။ Facebook က “ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ အနည်းငယ် စိုးရိမ်ပူပန်ခဲ့ရပါတယ်” ဟု အသိအမှတ်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် မမှန်သတင်းများ ဖြန့်ချိနေခြင်းကို တားဆီးရာတွင် အထောက်အကူ ဖြစ်စေရန် Facebook နှင့် ပူးတွဲ ဆောင်ရွက်မည့် တတိယအဖွဲ့ အစည်းအနေဖြင့် အကြောင်းအရာ စစ်ဆေးသူများ ရှာဖွေရာ၌ (၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ၌လည်း Facebook က စတင်ကြိုးပမ်းခဲ့သည့် ချဉ်းကပ်မှု တခု ဖြစ်ပါသည်။) အခက်အခဲ ရှိခဲ့ကြောင်း Adam Mosseri က ပြောသည်။

Facebook ပလက်ဖောင်းမှ တဆင့် ပျံ့နှံ့နေသော အမုန်းစကားများ ကြောင့် ဖြစ်ရသည့် အလွန်နက်ရှိုင်းသော ပြဿနာ အချို့ကို ဖြေရှင်းရန် နည်းလမ်းတခု အနေဖြင့် မြန်မာနိုင်ငံတွင် ကုမ္ပဏီ(Facebook) ၏ စည်းကမ်းများကို ချိုးဖောက်သည့် မကောင်းသော လုပ်ရပ်ပြုလုပ်သူများကို အလေးအနက်ထား၍ ရှာသွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် Adam Mosseri က Facebook ၏ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် ကိစ္စများက ကုမ္ပဏီအတွက် စိန်ခေါ်မှုတခု ဖြစ်ခဲ့ပြီး မည်သို့ ဖြေရှင်းရမည်ဆိုသည်ကို ဖွေရှာနေရဆဲ ဖြစ်ကြောင်း ဝန်ခံခဲ့ပါသည်။

New York Times ၏ နည်းပညာဆိုင်ရာ ပင်တိုင်ဆောင်းပါးရှင် တဦးဖြစ်သည့် Kevin Roose က Facebook အနေဖြင့် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည့် တစုံတရာ ပြုလုပ်ရန် (မြန်မာနိုင်ငံမှ လုံးဝ ပြန်ထွက်ရန်) လိုအပ်ခြင်း ရှိ/မရှိကို Twitter တွင် ဆန်းစစ် ကြည့်ခဲ့သည်။ “မြန်မာနိုင်ငံမှာ ဘယ်လို အသုံးချခံနေရတယ်ဆိုတာနဲ့ ပတ်သက်လို့ Facebook က စိုးရိမ်နေတယ်ဆိုရင်၊ အဖြေလည်း မရှာနိုင်ခဲ့ဘူး ဆိုရင် ဘာကြောင့် အဲဒီမှာ မပိတ်လိုက်တာလဲ” ဟု သူက မေးခွန်းထုတ်ခဲ့ သည်။

စိတ်ဝင်စားစရာ မေးခွန်း တခုဖြစ်ပါသည်။ အကယ်၍ Facebook က မြန်မာနိုင်ငံတွင် အမုန်းစကားများကို အရှိန်မြှင့်ပေးနေ သည်ဆိုလျှင်၊ (အွန်လိုင်း မဟုတ်သည့်) လက်တွေ့ကမ္ဘာကို ထိခိုက်နစ်နာစေသည်ဆိုလျှင် မြန်မာနိုင်ငံတွင် Facebook က မည်သည့်အတွက်ကြောင့် ပထမနေရာ၌ ရှိသင့်ပါသနည်း။ လက်တွေ့ အခြေအနေနှင့် လတ်တလော ဖြစ်ခဲ့သည့် အ ကြောင်းကိစ္စအချို့နှင့် ရင်းနှီးကျွမ်းဝင်သောသူ အချို့ကို မေးမြန်းရန် ကျမ ဆုံးဖြတ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် Facebook ကို ပြည်သူများက အသုံးပြုနေသည့် အလွန် အရေးကြီးသော အကြောင်းကိစ္စ မြောက်များစွာ ရှိနေသည်။ ထိုနည်းတူပင် Facebook က ၎င်း၏ သုံးစွဲသူများအတွက် သိသိသာသာ ပျက်ကွက်နေသည့် အ ကြောင်း တချို့လည်း ရှိသည်ဟု သူတို့က ပြောကြသည်။ ဥပမာပြရလျှင် အမုန်းစကား နှင့် ပတ်သက်သည့် သတင်းပို့ တိုင်ကြားမှု(report) များကို ထိရောက်စွာ မတုန့်ပြန်နိုင်ခြင်း၊ ထိုကဲ့သို့ သတင်းပို့တိုင်ကြားသည့် ပြည်တွင်းမှ တက်ကြွ လှုပ်ရှားသူများကို သူတို့၏ အမည်အစစ်အမှန်များ အသုံးပြုရန် (လူနည်းစု လူမျိုးတခုကို ဆန့်ကျင်သည့် အကြမ်းဖက်မှုများ ရှိသည့် နိုင်ငံတခုတွင် အန္တရယ်များသော လုပ်ရပ်တခုဖြစ်ပါသည်) ဖိအားပေးခြင်း တို့ဖြစ်ပါသည်။

ကျမ စကားပြောခဲ့သည့် တက်ကြွလှုပ်ရှားသူများ အားလုံးက Facebook က မြန်မာနိုင်ငံမှ ထွက်သွားခြင်းအစား အသိုင်းအဝိုင်းကို ထိန်းသိမ်းရာတွင် ပို၍ သိမ်မွေ့သော၊ ဒေသနှင့် လိုက်လျောညီထွေရှိသော၊ လျှင်မြန်သော ချဉ်းကပ်မှုတခုကို ရယူနိုင်ခဲ့လျှင် မြန်မာ ပြည်သူများအတွက် အလွန်ပင်ကောင်းမွန်သည့် ဝန်ဆောင်မှု ဖြစ်လိမ့်မည်ဟု အခိုင်အမာ ပြောကြားခဲ့ကြသည်။

“တကယ်တော့ မြန်မာနိုင်ငံမှာ ပြည်သူတွေ Facebook ပေါ်မှာ လုပ်နေကြတာတွေက ကမ္ဘာပေါ်က လူတွေ အားလုံး Facebook မှာ လုပ်နေကြတာပါပဲ” ဟု မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သည့် ရန်ကုန် အခြေစိုက် နည်းပညာ စန်တာ တခုဖြစ်သည့် ဖန်တီးရာ၏ အမှုဆောင်အရာရှိချုပ် Jes Kaliebe Petersen က ပြောသည်။ ဖန်တီးရာသည် တက်ကြွ လှုပ်ရှားသူများ၊ တည်ထောင်စ လုပ်ငန်း အသစ်များနှင့် လူမှုအပြောင်းအလဲနှင့် ဒေသတွင်း စွန့်ဦးတည်ထွင်မှုအတွက် နည်း ပညာပိုင်းမှ ဆောင်ရွက်နေသည့် NGO များ အတွက် လေ့ကျင့်သင်တန်းပေးခြင်းများနှင့် ပွဲများ လက်ခံပြုလုပ် ပေးနေ သည်။

“မြန်မာနိုင်ငံမှာ Facebook ပေါ်က Online shopping က တကယ်ကို ကြီးမားပါတယ်။ တခြားနေရာက လူတွေလိုပဲ ပြည်သူတွေက Facebook ပေါ်ကနေ တယောက်ကို တယောက် မွေးနေ့ဆုတောင်းပေးကြပါတယ်” ဟုလည်း Jes Kaliebe Petersen က ပြောသည်။ တနည်းဆိုရသော် Facebook က သူတို့အတွက် မရှိမဖြစ် ဖြစ်လာသည်။

“Facebook က ဒီမှာ အဓိက ဆိုရှယ်မီဒီယာ ပလက်ဖောင်းတခုပါ” ဟု ရန်ကုန် အခြေစိုက် အလွတ်တန်း သတင်းထောက် တဦး ဖြစ်သည့် မတင်ထက်ပိုင်က ပြောသည်။ “လူတွေက သူတို့ နိုးနေတဲ့ အချိန် အများစုကို Facebook ပေါ်မှာ အသုံးပြုကြတယ်။ Facebook က ပြည်သူတွေ သတင်းရနိုင်တဲ့ ပင်မလမ်းကြောင်း တခု ဖြစ်လာတယ်။” အကယ်၍ Facebook ကို မြန်မာနိုင်ငံတွင် ပိတ်ပင်ခဲ့လျှင် “အဲဒါ လုံးဝ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး” ဟု သူက ပြောသည်။ မြန်မာနိုင်ငံ၏ လူမှုကွန်ရက်တွင် သတင်းအတုအယောင်များ ပြန့်ပွားနေသော်လည်း သတင်းဌာနများနှင့် ဂျာနယ်လစ်များသည်လည်း မှန်ကန်သော သတင်းအချက်အလက်များ ဖြန့်ဝေနိုင်ရေးအတွက် Facebook အပေါ်တွင် မှီခိုနေကြရသည်။

သို့သော်လည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးက သုံးသပ်ခဲ့သလိုပင် ယခု ဆောင်းပါး အတွက် ကျမ တွေ့ဆုံမေးမြန်းခဲ့သူ အားလုံးနီးပါးက မြန်မာနိုင်ငံတွင် Facebook က အန္တရာယ်များသည့် အရှုပ်ထုပ်တခုဖြစ်ကြောင်း လက်ခံခဲ့ကြပြီး ကုမ္ပဏီ အနေဖြင့် တစုံတရာကို အလျှင်အမြန်ဆောင်ရွက်ရန် လိုအပ်နေသည်ဟု ယူဆနေကြသည်။

Facebook ၏ တာဝန်တွင် ယဉ်ကျေးမှုနှင့် ပတ်သက်၍ ပိုမို၍ ကျွမ်းကျင်မှုရှိရန်လည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင်ရော ပြည်ပရောက် အသိုင်းအဝိုင်းများကြားတွင်ပါ အွန်လိုင်းပေါ်မှ အမုန်းစကားများကို တုန့်ပြန်ရန် ဖွဲ့စည်းထားသည့် အမေ ရိကန် မြန်မာဗုဒ္ဓဘာသာဝင်များ၏ အဖွဲ့ငယ်လေးတခု ဖြစ်သော Saddha: Buddhists for Peace ကို ပူးတွဲ တည်ထောင် သူ ဒေါ်အေးအေးဒွန်းနှင့် ကျမ စကားပြောခဲ့ပါသည်။

တပ်မတော်၏ အကြမ်းဖက်နှိမ်နင်းမှုနှင့် ရိုဟင်ဂျာ ဆန့်ကျင်ရေးကို ထောက်ခံသည့် ပြောဆိုရေးသားချက်များ အပါအဝင် Facebook မှ အကြောင်းအရာများကို သူတို့အဖွဲ့က သတင်းပို့ တိုင်ကြားခဲ့ကြောင်းပြောသည်။ “အဲဒီထဲက တခုတလေ ဖြုတ်ချခြင်း ခံရသလားဆိုတာကို ကျမ မသိပါဘူး။ Facebook က အမေရိကန် မော်ဒရေတာတွေက အမုန်းစကားဆိုတာတွေကို မြင်တွေ့နိုင်ဖို့ အတွက် မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေကို နားလည်မှုတခု လိုအပ်ပါတယ် ” ဟု သူကပြောသည်။

ဒေသတွင်းတွင် အမုန်းစကား ဟုတ်သည် မဟုတ်သည်ကို ဆုံးဖြတ်ရန် လွယ်ကူလေ့မရှိဟု သူက ထပ်ပြောသည်။ “အမျိုးသားရေး ဝါဒနဲ့ တပ်မတော်ကို ထောက်ခံတဲ့ သဘောထားတွေက အလွန်ကို မြင့်မားခဲ့ပါတယ်။ လူတွေက တပ်မတော် လုပ်နေတာကို ထောက်ခံကြောင်း ပြောထာတဲ့ ရုပ်ပုံတွေကို ဝေမျှခဲ့ကြပါတယ်” ဟု သူက ပြောသည်။ သို့သော်လည်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်သည့် အခါတွင်မူ လူနည်းစု တခုကို ဆန့်ကျင်သည့် အဓိပ္ပါယ် ဖြစ်သွားနိုင်ပါသည်။

“ကျနော်တို့ က အလွန်ပြဿနာရှိတဲ့ ကိစ္စတွေကိုမြင်လို့ Facebook ကို သတင်းပို့တိုင်ကြားခဲ့ရင် အဲဒါကို ဖြုတ်ချဖို့ အချိန် အလွန်ကြာပါတယ်” ဟု Jes Kaliebe Petersen ကပြောသည်။ “၄၈ နာရီကနေ ၇၂ နာရီလောက်အထိ အချိန်ယူတဲ့အခါ မှာတော့ သိန်းနဲ့ သို့မဟုတ် သန်းနဲ့ ချီတဲ့သူတွေက မြင်ပြီးသား ဖြစ်ပါတယ်။”

Facebook တွင် အမုန်းစကားများကို ဆန့်ကျင်ပြောဆိုခြင်းကပင်လျှင် အကြမ်းဖက် ခြိမ်းခြောက်မှုများကို ဖြစ်စေနိုင်သည် ဟု ဒေါ်အေးအေးဒွန်းက ပြောသည်။ “အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့၊ လူစိမ်းတွေရဲ့ စွပ်စွဲပြစ်တင်မှုတွေ ရင်ဆိုင်ရတဲ့ မိတ်ဆွေတွေ ကျမမှာ ရှိပါတယ်” ဟု သူက ဆိုသည်။ ယင်းသည် Facebook ၏ ဥပဒေအရ နာမည် အစစ်အမှန် အသုံးပြုရန် လိုအပ်သော်လည်း ပြည်သူအများအပြားက သူတို့၏ ကိုယ်ပိုင်နာမည်များကို အသုံးမပြုရန် ဆုံးဖြတ်ခဲ့ကြခြင်း၏ အကြောင်းရင်းတခု ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် အစိုးရနှင့် တပ်မတော်ကို ဆိုရှယ်မီဒီယာ၌ ဝေဖန်ပြောဆိုမှုများကို အသံတိတ်စေရန် အသုံးပြုသည့် အွန် လိုင်း အသရေဖျက်မှု ဥပဒေတခုလည်း ရှိနေသည်။ သြစတြေးလျ အမျိုးသားတက္ကသိုလ်ရှိ Myanmar Research Centre မှ တွဲဖက်ဒါရိုက်တာ Gerard McCarthy ၏ အဆိုအရ အဆိုပါ ဥပဒေဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသူ အနည်းဆုံး ၆၀ ခန့် ရှိခဲ့ သည်။ အမုန်းစကားများကို တိုင်ကြားရန် သို့မဟုတ် အကြမ်းဖက်မှုလှုံ့ဆော်သည့် ရေးသားမှုများကို တုန့်ပြန်ရေးသားရန် ကြိုးစားကြသူများသည် သူတို့ကိုယ်တိုင်က အမုန်းစကားများ လှုံ့ဆော်နေသကဲ့သို့ တိုင်ကြားခံရခြင်းနှင့် အဆုံးသတ်ရခြင်းများလည်း ရှိသည်ဟု Gerard McCarthy က ပြောသည်။

ထို့နောက် Facebook က သူတို့၏ account များကို ပိတ်ထားလိုက်ပြီး ပြန်လည် အသုံးပြုခွင့်ရနိုင်ရန် အဆိုပါ တက်ကြွလှုပ်ရှားသူများ၏ အမည် အစစ်အမှန်နှင့် သက်သေ အထောက်အထားများ တောင်းခံမည် ဖြစ်သည်။ “လူတိုင်းက Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာပါဖူးတဲ့ ဘုန်းတော်ကြီးဖြစ်တဲ့ ဦးဝီရသူလို့တို့လို လူတွေရဲ့ စာမျက်နှာတွေက လာတဲ့ အမုန်းစကားတွေကို စိုးရိမ်ကြခဲ့ကြတယ်” ဟုလည်း Gerard McCarthy က ပြောသည်။ ထို့ကြောင့် ဦးဝီရသူသည် အစ္စလမ် ဆန့်ကျင်ရေး သဘောတရားများကို ဖြန့်ဖြူးရန် ဆိုရှယ်မီဒီယာကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့အပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်းတွင်မှသာ သူ၏ Facebook စာမျက်နှာကို ဖျက်သိမ်းပစ်ခဲ့သည်။

Facebook က အမုန်းစကားများကို ဖယ်ရှားရန် နှေးကွေးနေခဲ့ခြင်းနှင့် တက်ကြွလှုပ်ရှားသူများကို သူတို့၏ အမည်အစစ်များကို သုံးစွဲရန် ဖိအားပေးခဲ့ခြင်းတို့ကြောင့် အကြမ်းဖက်မှုများကို လှုံ့ဆော်ရန် Facebook သုံးစွဲသူတို့က သူတို့၏ သတင်းစကားကို မည်ကဲ့သို့ ပျံ့နှံစေနိုင်မည် ဆိုသည်ကို နားလည်သဘောပေါက်ခဲ့ကြသည်။ “အခုဆိုရင် လူတွေက share ကို နှိပ်မယ့်အစား အဲဒါကို ပွားနိုင်ဖို့အတွက် သူတို့ ကိုယ်ပိုင် account တွေမှာ ကော်ပီကူးပြီး တင်ကြ တယ်” ဟု Jes Kaliebe Petersen ကပြောသည်။ ထို့ကြောင့် အမုန်းစကားကို သတင်းပို့တိုင်ကြားခြင်းနှင့် ဖယ်ရှားပစ်ခြင်း လုပ်ငန်းစဉ်က နောက်တကြိမ် အစမှ အားလုံး ပြန်စရသည့် အဓိပ္ပါယ်ဖြစ်သွားသည်။

Facebook က မြန်မာနိုင်ငံတွင် ရုံး မရှိပါ။ ထိုသို့ မရှိခြင်းက ကုမ္ပဏီအနေဖြင့် တိုင်းပြည်အတွင်းတွင် အွန်လိုင်း၌ အမုန်းစကားများ မည်သို့ ပျံံ့နှံ့နေသည်ဆိုခြင်း၏ ရှုပ်ထွေးမှုများကို အချိန်ယူကာ ခက်ခက်ခဲခဲ ရင်ဆိုင်နေရခြင်း၏ အဓိက အကြောင်းရင်းတခု ဖြစ်နိုင်ပါသည်။ “Facebook ရဲ့ moderator တွေအနေနဲ့ အမုန်းကြောင့်ဖြစ်ရတဲ့ မှုခင်းတွေ ပေါ်ပေါက်အောင်နဲ့ အကြမ်းဖက်မှုတွေ ပျံ့နှံ့အောင် ဆိုရှယ်မီဒီယာကို ဘယ်သူက အလွဲသုံးစားလုပ်နေသလဲ ဆိုတာကို သိရမယ့် တာဝန်ရှိပါတယ်” ဟု ဒေါ်အေးအေးဒွန်း ကပြောသည်။ သို့သော်လည်း ထိုကိစ္စမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုဘဝကို နက်နက်ရှိုင်းရှိုင်း နားလည်မှုရှိသော မြန်မာများကသာ ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။

“အခုလုပ်နေတာတွေထက် ပိုပြီး မြန်ဆန်စွာနဲ့ စစ်ဆေးထိန်းကျောင်းမှုတွေ လုပ်နိုင်မယ့်သူတွေ ရရှိရေးက ကြာမြင့်ပါ လိမ့်မယ်။ သိမ်မွေ့တဲ့ကိစ္စတွေကို ပိုပြီးကောင်းကောင်း နားလည်ဖို့ အတွက် လက်တွေ့ မြေပြင်က လူတွေ ရှိဖို့ လိုပါတယ်” ဟု Jes Kaliebe Petersen က ပြောသည်။

သို့သော်လည်း Facebook က မြန်မာနိုင်ငံမှ အမုန်းစကားများကို ဖယ်ရှားရန် အတွက် ဒေသခံဝန်ထမ်းများကို ငှားရမ်းခဲ့သည်ဆိုလျှင်ပင် အောင်မြင်လိမ့်မည်ဟု အာမခံချက် မရှိပါ။ Facebook သည် ၎င်း၏ မိခင်နိုင်ငံမှာပင်လျှင် အမုန်း စကားများကို ဖယ်ရှားရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် Facebook က လူမျိုးရေး တရားမျှတမှု တောင်းဆိုလှုပ်ရှားသူများ၏ account များကို မကြာခန ရပ်တန့်ဆိုင်းငံ့မှုများ ပြုလုပ်နေသော်လည်း အကြမ်းဖက်မှု အတွက် တောင်းဆိုသည့် ရေးသားမှုများကို ဆက်လက် ရှိခွင့် ပေးနေသည်ဟု စွပ်စွဲခံနေရသည်။

ဥပမာ ပြီးခဲ့သည့် နှစ် မေ လ အတွင်းက လူဖြူများအားလုံးသည် လူမျိုးရေး တရားမျှတမှုနှင့် ပတ်သက်၍ လေ့လာသည့်နေရာတွင် လူမျိုးရေး ခွဲခြားသူများ ဖြစ်ကြသည်ဟု ရေးသားခဲ့သော Black Lives Matter လှုပ်ရှားမှုမှ (အာဖရိကန်နွယ်ဖွား အမေရိကန်များအပေါ် ခွဲခြားမှုများ ဆန့်ကျင်ရေးလှုပ်ရှားမှု) မှ တက်ကြွလှုပ်ရှားသူ တဦး၏ account ကို ဆိုင်းငံ့ထားခဲ့သော်လည်း ပြီးခဲ့သည့် နှစ်က လန်ဒန်တိုက်ခိုက်မှု အပြီးတွင် Louisiana ပြည်နယ်မှ ရီပတ်ဘလီကန် လွှတ်တော် အမတ် Clay Higgins က အစွန်းရောက်မွတ်ဆလင်ဟု သံသယ ရှိသူများကို လိုက်လံရှာဖွေပြီး သတ်ဖြတ်ရန် တောင်းဆိုခဲ့ခြင်းက ယခုတိုင် Facebook ပေါ်တွင်ရှိနေဆဲ ဖြစ်သည်။

Facebook အနေဖြင့် မြန်မာနိုင်ငံတွင် အင်တာနက်ကို ပိုမို လုံခြုံစိတ်ချရအောင် ပြုလုပ်ရာတွင် အောင်မြင်စေရန် အတွက် ၎င်းတို့၏ လက်ရှိ စောင့်ကြည့် ထိန်းချုပ်မှု မူဝါဒများကို ပြောင်းလဲရေး လမ်းဖွင့်ပေးရဖွယ်ရှိပြီး မြန်မာနိုင်ငံတွင် ဆက်သွယ်ပျံ့နှံ့နေသော အမုန်းစကားနှင့် အကြမ်းဖက်သတင်းစကားများ၏ သိမ်မွေ့မှုကို နားလည်သောသူများနှင့် ဒေသတွင်းတွင် စွမ်းဆောင်ရည် တည်ဆောက်ရလိမ့်မည်။

တချိန်တည်းမှာပင် ဆိုရှယ်မီဒီယာက မြန်မာနိုင်ငံအတွင်းတွင် ဆက်လက်ရှိနေခြင်းက အကောင်းဆုံး ဖြစ် သည်ဟု ဒေါ်အေးအေးဒွန်းက ပြောသည်။ “Facebook မရှိရင် တပ်မတော်ရဲ့ ဝါဒဖြန့်ချီမှုတွေကို လက်မခံတဲ့သူတွေအတွက် ပိုပြီး အခက်အခဲ ဖြစ်သွားနိုင်ပါတယ်။ ဆိုရှယ်မီဒီယာမှာ တက်ကြွလှုပ်ရှားသူ တဦးဖြစ်ဖို့ လွယ်တယ်လို့ တချို့က ပြောကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကိစ္စမှာတော့ တကယ်လို့ Facebook ကို ပိတ်လိုက်မယ် ဆိုရင် ကျမတို့ လုပ်ထားတဲ့ မဟာမိတ် ကွန်ရက်တွေက အင်တာနက်က တဆင့် ဖြစ်တဲ့အတွက် လူတွေကို ဆက်သွယ်ဖို့ အရမ်းခက်ခဲ သွားပါလိမ့်မယ်။ မြန်မာနိုင်ငံထဲက လူတွေကို ဆက်သွယ်ဖို့ ကြိုးစားရတာက နိုင်ငံကို တံခါးပိတ်ထားခဲ့တုန်းက လူတွေကို ဆက်သွယ်ရသလိုမျိုး ထပ်ဖြစ်သွားပါလိမ့်မယ်။”

(slate.com ပါ April Glaser ၏ Should Facebook Flee Myanmar? ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading