နောက်ကြောင်း မရှင်းလင်းသော ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတဦးကို ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်လာရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကူညီခဲ့ခြင်းကြောင့် နိုင်ငံရေးသုတေသီများ အနေဖြင့် မယုံကြည်နိုင်မှုဖြင့် မျက်လုံးပွတ်သပ်ကြည့်ခဲ့ကြရသကဲ့သို့ မတ်လ ၂၂ ရက်နေ့က လွှတ်တော်တွင်း လျှို့ဝှက်မဲပေးပွဲ ရလဒ်များကို ကြေညာလိုက်သောအခါတွင်လည်း လူမှုကွန်ယက်နှင့် မီဒီယာတွင် ပြည်သူများအကြား အပြင်းအထန် ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေခဲ့သည်။
မတ်လ ၂၁ ရက်နေ့တွင် သမ္မတရာထူးမှ ဦးထင်ကျော် နှုတ်ထွက်သွားခဲ့ပြီးနောက် သမ္မတရာထူးအတွက် ဒုသမ္မတ နှစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေနှင့် ဦးဟင်နရီ ဗန်ထီးယူ တို့နှင့် ယှဉ်ပြိုင်ရန် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် နှုတ်ထွက်သွားခဲ့သည်။ လစ်လပ်သွားသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် ရွေးကောက်ပွဲကို မတ်လ ၂၂ ရက်နံနက်တွင် ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် NLD ပါတီ ဗဟိုကော်မတီဝင်လည်းဖြစ်သူ ဦးထွန်းထွန်းဟိန်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးနှင့် ထိုက်တန်သူဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များက နောက်ဆုံးအချိန်အထိ အချို့သောမီဒီယာများကို ပြောခဲ့ကြသည်။
သို့သော် ရာထူးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များက ကိုယ်စားလှယ် ၂ ဦးကို အမည်စာရင်း တင်သွင်းသောအခါ ဦးထွန်းထွန်းဟိန်၏ အမည် ပါဝင်လာခဲ့ခြင်း မရှိဘဲ ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ၊ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်နှင့် မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးတို့၏ အမည်များသာ ပါဝင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော်တွင်း အများစုထောက်ခံမှုဖြင့် ဦးတီခွန်မြတ်သည် ပြည်သူ့လွှတ်တော် ဥက္ကဌသစ်ဖြစ်လာပြီး ဦးထွန်းထွန်းဟိန်သည် ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဖြစ်လာသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အများအပြားသည် ၎င်းတို့အမြင်ကို အများပြည်သူအကြား ထုတ်ဖေါ်ပြောဆိုခြင်း မရှိသော်လည်း ၎င်းတို့၏ ဖေ့ဘွတ်စာမျက်နှာများပေါ်တွင် ဦးတီခွန်မြတ်အား ထိုရာထူးအတွက် ခန့်အပ်ခြင်းကို အလိုမကျဘဲ ဝေဖန်ခဲ့ကြကြောင်း ဧရာဝတီသတင်းဌာနက သိရှိခဲ့သည်။
ဦးတီခွန်မြတ် ဘယ်သူလဲ
ဂျက်ဖရီဟုခေါ်သည့် ခရစ်ယာန်သာသာဝင် ကချင်လူမျိုးစု ဦးတီခွန်မြတ်ကို ရှမ်းပြည်နယ် ကွတ်ခိုင်တွင် ၁၉၅၀ ခုနှစ်က ဖွားမြင်သည်။ လွှတ်တော်မှတ်တမ်းများအရ ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ရပြီး ၁၉၇၅ ခုနှစ်တွင် အလုပ်သင်ရှေ့နေအဖြစ် လုပ်ကိုင်သည်ဟု သိရသည်။
၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ရှေ့နေချုပ်ရုံးတွင် ညွုန်ကြားရေးမှူး တာဝန်ထမ်းဆောင်ရင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်မှ ကွတ်ခိုင် ပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်သည်။ ထိုပြည်သူ့စစ်အဖွဲ့သည် ယနေ့တိုင် လှုပ်ရှားနေကြောင်း အချို့သော သတင်းများက ဆိုသည်။
ဦးတီခွန်မြတ်သည် နာဂစ်မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသ ပျက်ဆီးရပြီး လူ တသိန်းကျော် သေဆုံးရသော နှစ်ဖြစ်သည့် ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲရေးအဖွဲ့ အဖွဲ့ဝင်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ဦးတီခွန်မြတ်သည် ရှမ်းပြည်မြောက်ပိုင်း အမှုဆောင် တဦးအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲသည် တရားမျှတခြင်းမရှိဟုဆိုကာ သပိတ်မှောက်ခဲ့သည်။ ဦးတီခွန်မြတ်သည် ထိုစဉ်က ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအား အကူအညီပေးခဲ့ပြီး ဥပဒေကြမ်းများရေးဆွဲခြင်းနှင့် ခေတ်မမီသော ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းတို့ လုပ်ဆောင်ရန်တာဝန်ပေးအပ်ခံရသော ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတဦးအနေဖြင့် ဦးတီခွန်မြတ်သည် မာဆောင်၊ ကမ်ပါပို၊ မန်ကော၊ ဖက်ရဲ၊ ကျန်ကာ၊ လွိုင်ဂိုနှင့် လွိုင်နန်အပါအဝင် ရှမ်းပြည်မြောက်ပိုင်းမှ ထိန်းချုပ်ဒေသ အများအပြားမှ ဘိန်းစိုက်ခင်းများကို ကြီးကြပ်ရသည်ဟု စွပ်စွဲခံရသည်။ ၂၀၁၁ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ရှမ်းမူးယစ်ဆေးဝါးစောင့်ကြည့်ရေး အစီရင်ခံစာတစောင်က ဦးတီခွန်မြတ်သည် ရှမ်းပြည်နယ်မှ နာမည်ဆိုးကျော်ကြားလှသော ဘိန်းဘုရင် ခွန်ဆာ အနားယူပြီးနောက် မူးယစ်မှောင်ခိုလုပ်ငန်းသို့ ဝင်ရောက်လာသော လွှတ်တော်တွင်းရှိ ခေတ်သစ် ဘိန်းဘုရင်များအနက် တဦးဖြစ်သည်ဟု ဖေါ်ပြသည်။
မူးယစ်ရာဇာများကို ငွေကြေးခဝါချမှု လုပ်ဆောင်ပေးသည်ဟု စွပ်စွဲခံရပြီး စစ်အစိုးရက ၂၀၀၅ ခုနှစ်တွင် ပိတ်ပစ်ခဲ့သော မြန်မာမေဖလားဝါးဘဏ်တွင်လည်း ဦးတီခွန်မြတ်သည် ရှယ်ယာပိုင်ရှင်ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲအတွင်း သူ့ကို ထောက်ခံမဲပေးရန် သူ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက အရပ်သားများကို ဖိအားပေးခဲ့သည်ဟု ထိုကာလက သတင်းများက ဆိုသည်။
နောက်ကွယ်မှ အာဏာ
ထိုသို့ ပြင်းထန်သော စွပ်စွဲချက်များရှိသော်လည်း ဦးတီခွန်မြတ်သည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ၂ ကြိမ် ဆက်တိုက် အနိုင်ရသည်။ သူ့ကို နိုင်ငံရေးလောကတွင် စောင့်ရှောက်ကြည့်ရှုထားသူ ထိုစဉ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းသည် ယခင် သမ္မတ ဦးသိန်းစိန်နှင့် သြဇာပြိုင် အာဏာလွန်ဆွဲပွဲကြောင့် ဖြစ်ပေါ်လာသော ပါတီတွင်း အကွဲအပြဲတွင် ပါတီမှ ထုတ်ပယ်ခံရသောအခါ သူ၏ ကံကြမ္မာလည်း ပြောင်းလဲသွားတော့သည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အတိုက်အခံတို့ အပြတ်အသတ် အနိုင်ရသောအခါ ဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် မဟာမိတ်ဖြစ်လာသည်။ ဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေနှင့် အထူးကိစ္စရပ်များဆိုင်ရာ လေ့လာဆန်းစစ်ရေးကော်မရှင် ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် ခန့်အပ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စု အစိုးရနှင့် လွှတ်တော်များကို ဖွဲ့စည်းသောအခါ ဦးတီခွန်မြတ်အား ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ အဖြစ်ခန့်အပ်ရန် သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်ထံ ထောက်ခံတင်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရှင်ဟောင်း ဦးသန်းရွှေတို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် သီးခြားတွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သူ၏ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် နောက်ဆုံး သတင်းစာရှင်းလင်းပွဲ ကျင်းပသည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ သတင်းစာရှင်းလင်းပွဲတွင် ဦးရွှေမန်းက ဝန်ခံပြောကြားခဲ့သည်။ ဦးတီခွန်မြတ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ အဖြစ် အမည်စာရင်း တင်သွင်းရန် ထောက်ခံခဲ့ကြောင်းနှင့် ဦးတီခွန်မြတ်သည် လွှတ်တော်တွင် ပေးအပ်သည့် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ပြီး ရှေ့နေချုပ်ရုံးတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သောကြောင့် ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ ရာထူးနှင့် ထိုက်တန်သည်ဟု သူမြင်ကြောင်းပြောခဲ့သည်ကိုလည်း ဦးရွှေမန်းက အတည်ပြု ပြောကြားခဲ့သည်။
ဦးတီခွန်မြတ်သည် ထိုသတင်းစာရှင်းလင်းပွဲတွင် ပါဝင်ခဲ့သော်လည်း ဧရာဝတီ သတင်းဌာနနှင့် စကားပြောဆိုရန် ငြင်းဆန်ခဲ့သည်။ မူးယစ်မှောင်ခို လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟူသော စွပ်စွဲချက်များကို သူက ငြင်းဆိုပယ်ချခဲ့ပြီး သတင်းဌာနများကလည်း သူ့ကို ကိုးကားရေးသားကြသည်။ သူ့ကို ထိုရာထူးတွင် ခန့်အပ်ခြင်းအတွက် ထိုစဉ်ကလည်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများအကြား ပြောစရာ ဖြစ်ခဲ့သည်။
ဦးတီခွန်မြတ်ကို မတ်လ ၂၂ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် ရွေးချယ်တင်မြှောက်လိုက်သောအခါ ဦးရွှေမန်းသည် နောက်ကွယ်တွင် ပါဝင်ပတ်သက်နေသည်ဟု နိုင်ငံရေး လေ့လာစောင့်ကြည့်သူအချို့က ကောက်ချက်ချကြပြန်သည်။ သို့သော် ထိုလုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားပြန်လည်သင့်မြတ်ရေး အားထုတ်မှု၏ အစိတ်အပိုင်းဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းအဖွဲ့ဝင်အချို့က ကာကွယ် ပြောဆိုကြသည်။
ဦးတီခွန်မြတ်ကို မည်သည့်အတွက် NLD က ရွေးချယ်ရသနည်း
အမျိုးသားပြန်လည်သင့်မြတ်ရေး အကျိုးအတွက် ထိုသို့သော ဆုံးဖြတ်ချက်ကို ချသည်ဟူသော ဓာတ်ပြားဟောင်းကို အချို့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် အချို့က ပြန်ဖွင့်ပြကြသည်။ အသစ်ခန့်အပ်ခံရသော ပြည်သူ့လွှတ်တော် ဒု ဥက္ကဌ ဦးထွန်းထွန်းဟိန်ကလည်း မတ်လ ၂၂ ရက်နေ့က သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားရာတွင် ထိုဓာတ်ပြားဟောင်းကို ပြန်ဖွင့်သည်။
“ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အကောင်အထည် ဖေါ်နေတာ။ ဒါဟာ ကျနော်တို့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဖေါ်ပြထားတဲ့ အချက်လည်း ဖြစ်တယ်။ ဒီလုပ်ရပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကို ပေးထားတဲ့ကတိနဲ့ ဆန့်ကျင်နေတာ မရှိဘူးလို့ ကျနော်မြင်တယ်” ဟု သူက ပြောသည်။
ဦးတီခွန်မြတ်သည် သူရဦးရွှေမန်း၏ ပြည်သူ့လွှတ်တော်တွင် ၅ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ခဲ့ပြီး မတ်လ ၂၃ ရက်နေ့က ဒု သမ္မတအဖြစ် အမည်စာရင်းတင်သွင်းခံရသော ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်နှင့်လည်း ပူးပေါင်းလုပ်ကိုင်နေကြောင်း၊ ထိုသို့လုပ်ကိုင်နေသည့် ၂ နှစ်တာကာလအတွင်း ဥပဒေပြု ယန္တရားကို ကိုင်တွယ်ရာတွင် အထောက်အကူပြုမည့် အတွေ့အကြုံများ ရရှိခဲ့သောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးတီခွန်မြတ်ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဦးတီခွန်မြတ်ကို ထိုရာထူးအတွက် အမည်စာရင်းတင်သွင်းသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က ပြောသည်။
“ဘာပဲဖြစ်ဖြစ် ကျမတို့က သူ့ကို ရွေးချယ်ခဲ့ပြီးပြီ။ ကျမတို့ ပါတီရဲ့ မူဝါဒ၊ လမ်းညွုန်ချက်နဲ့ သဘောတရားတွေကို သူလိုက်နာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။
ဧရာဝတီ သတင်းဌာနသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းလွှတ်တော်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် အများအပြားကို ဆက်သွယ်ခဲ့သော်လည်း အများစုက ၎င်းတို့၏ တဦးချင်းအမြင်ကို ထုတ်ဖေါ်ပြောဆိုခြင်း မပြုကြပဲ ခေါင်းဆောင်များက အကောင်းဆုံးကို ရွေးချယ်ခဲ့သည့် သဘောမျိုးကိုသာ ဖြေကြားခဲ့ကြသည်။ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ထိုဆုံးဖြတ်ချက်သည် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပြောသော်လည်း ပါတီဝင်များကို မရွေးချယ်ဘဲ ဦးတီခွန်မြတ်ကဲ့သို့သော တသီးပုဂ္ဂလများကို ရွေးချယ်ခြင်းသည် ပါတီတွင် ထိုရာထူးအတွက် အရည်အချင်းပြည့်မီသူ မရှိကြောင်း ပြသနေသည့် သဘောမျိုး ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းလွှတ်တော်မှ ကိုယ်စားလှယ်တဦးဖြစ်သူ ဦးနေဘုန်းလတ်က ဦးတီခွန်မြတ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်ကော်မတီဝင်တဦး မဟုတ်သောကြောင့် ဦးဝင်းမြင့်ကဲ့သို့ ထိရောက်စွာ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိမည်ကို စိုးရိမ်ကြောင်းပြောသည်။
ဦးတီခွန်မြတ်ကို ရွေးချယ်ခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် စိန်ခေါ်မှုများကို မကြာမီ ဖန်တီးပေးလိမ့်မည် ဟူသော ဦးနေဘုန်းလတ်၏ အမြင်မျိုးကို ရခိုင် အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း ပြောသည်။
“ဘာပဲဖြစ်ဖြစ် သူက ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် ဦးရွှေမန်းကို ဆန့်ကျင်မှာ မဟုတ်ဘူး” ဟုလည်း ဦးဖေသန်းက ပြောသည်။
ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော် ဥက္ကဌခန့်ရန် ဦးရွှေမန်းက အကြံပေးခဲ့ခြင်း ဖြစ်နိုင်ခြေ လွန်စွာများသော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ချသူမှာ ဒေါ်အောင်ဆန်းစုကြည်သာလျှင်ဖြစ်သည်ဟု သူ ယုံကြည်ကြောင်း ဦးဖေသန်းက ဆိုသည်။ သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ဦးဝင်းမြင့်ထက် စွမ်းဆောင်ရည် မနိမ့်သည့် အရည်အချင်းမီ လွှတ်တော်ကိုယ်စားလှယ် များစွာရှိကြောင်းလည်း သူက မှတ်ချက်ချသည်။
လွှတ်တော်တွင်း အတွေ့အကြုံကို အခြေခံပြီး နိုင်ငံရေးသမားတဦး၏ အရည်အချင်းကို ဆုံးဖြတ်ခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဝါရင့် အဖွဲ့ဝင်များပြောသကဲ့သို့ ဦးတီခွန်မြတ်သည် အတွေ့အကြုံအရ ရာထူးနှင့် အသင့်တော်ဆုံး ဖြစ်သည်ဆိုလျှင် ယခင်က သမ္မတ ရာထူးတာဝန်ကို မထမ်းဆောင်ဖူးသည့့် ဦးဝင်းမြင့်ကို မဲပေး မရွေးချယ်ဘဲ ဒု သမ္မတ ရာထူးတွင် အတွေ့အကြုံ ၂ နှစ်ရှိနေပြီဖြစ်သော ဒု သမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် တပ်မတော်က ခန့်အပ်သည့် ဒု သမ္မတ ဦးမြင့်ဆွေတို့ကို သမ္မတရာထူး ရွေးချယ်ခန့်အပ်ရန် ဖြစ်လာနိုင်သလောဟု မေးစရာဖြစ်လာသည်။
အများပြည်သူအကြား ဆွေးနွေးချက်များ မည်သို့ရှိသနည်း
ဥပဒေပြုရာတွင် အမြင့်ဆုံးလွှတ်တော်ဖြစ်ပြီး လွှတ်တော်နှင့် အာဏာရ ပါတီအကြားတွင် အဓိက ကြားခံအဖြစ် ဆောင်ရွက်ရမည့် ပြည်သူ့လွှတ်တော် ဥက္ကဌရာထူးတွင် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတဦးကို ရွေးချယ်လိုက်ခြင်းကို လူမှုကွန်ရက် အသုံးပြုသူများက ဝေဖန်ကြသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လုပ်ရပ်သည် မဲဆန္ဒရှင်များကို စော်ကားလိုက်ခြင်းဖြစ်သည်ဟု မြန်မာ့နိုင်ငံရေး သုတေသီ ဦးရန်မျိုးသိန်းက ရေးသည်။ “ကျနော်တို့ မဲတွေ ဘယ်ရောက်ကုန်ပြီလဲ” သူက သူ၏ဖေ့ဘွတ် စာမျက်နှာတွင် ရေးသည်။
လွှတ်တော်ကိုယ်စားလှယ် နေရာရယူထားသော နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ အပါအဝင် အချို့သော လွှတ်ကိုယ်စားလှယ်များက ရွေးကောက်ပွဲအကြိုကာလတွင် လေကြီးမိုးကြီး ပြောကြားခဲ့သည်များ ရှိသော်လည်း ယခု ဗဟိုက ချမှတ်သည့် ဆုံးဖြတ်ချက်ကိုမူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မည်သည့် လွှတ်တော်ကိုယ်စားလှယ်ကမျှ ဝေဖန်ရဲမည် မဟုတ်ကြောင်းလည်း သူက ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များသည် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် ကြိုးစားနေသည်ဟု မဲဆန္ဒရှင်များက မည်သို့ ယုံကြည်ရမည်နည်းဟုလည်း သူက မေးခွန်းထုတ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးသမားဟောင်းကို ကာလုံခေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ – NDSC တွင် ပါဝင်ခွင့်ရသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်အပ်ခြင်းကို နားမလည်နိုင်ကြောင်းလည်း ရေးသည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၁ ဦးရှိပြီး တပ်မတော်က ခန့်အပ်သော ဒု သမ္မတ (၁) ဦးမြင့်ဆွေ အပါအဝင် ၆ နေရာကို တပ်မတော်က အမြဲတမ်း ရယူထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်အပ်သည့် သမ္မတ၊ ဒု သမ္မတ (၂) ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့က ကျန် အဖွဲ့ဝင် ၅ နေရာကို ရရှိထားသည်။ ယခုမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးသမားဟောင်းတဦးကို မဲတမဲ ပေးအပ်လိုက်ပြီဖြစ်သည်။
“ဒါကို ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ခံခဲ့တာဟာ အရုပ်ဆိုးဆုံးပဲ” ဦးရန်မျိုးသိန်းက ရေးသားသည်။
ထိုလုပ်ရပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် နိုင်ငံရေးအကျိုးအမြတ် အနည်းငယ်သာရှိပြီး အန္တရာယ်ဖြစ်နိုင်ခြေ များစွာရှိကြောင်းလည်း ပြည်တွင်းစာစောင်များတွင် နိုင်ငံရေးခွဲခြမ်းစိတ်ဖြာရေးသားသူ သတင်းစာဆရာ ကိုသီဟသွေးက ထောက်ပြသည်။ ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် ရွေးချယ်ခြင်းကြောင့် ဖြစ်နိုင်ခြေရှိသော အကျိုးကျေးဇူးမှာ လွှတ်တော်အတွင်း ဘက်လိုက်မှုကို လျှော့ချပေးနိုင်ခြင်းနှင့် ဥပဒေရေးရာများတွင် ပိုမိုချောမွေ့စေခြင်းဖြစ်နိုင်ကြောင်း သူက ဟောကိန်းထုတ်သည်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထိုရွေးချယ်မှုသည် ပါတီတွင်းတွင် အရည်အသွေးမီ နိုင်ငံရေးသမားမရှိတော့ခြင်းကိုလည်း ပြသနေသည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေးအရ ဥပဒေပြုအာဏာအချို့ကို စွန့်လွတ်လိုက်ရခြင်းဖြစ်ကြောင်းလည်း ကောက်ချက်ချနိုင်သည်။
ကိုသီဟသွေးက “ဒါဟာ ယုံကြည်မှုကို ထိခိုက်စေနိုင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သစ္စာခံ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိတ်ဓါတ်ခွန်အားကိုလည်း ချည့်နဲ့သွားစေတယ်” ဟု ဆိုသည်။
(အင်္ဂလိပ်ဘာသာဖြင့် Analysis: From Militia Leader to House Speaker တွင် ဖတ်ပါ)