အစည်းအဝေးများ လစဉ်ကျင်းပတဲ့အခါ ကျမတို့ ခရိုင်ပညာရေးမှူး ဆရာကြီး ဦးဆန်းမြင့်ဦးက လုပ်ငန်းနဲ့ ပတ်သက်လို့ ဖြစ်စေ၊ တဦးချင်း ကိစ္စရပ်များကို ညှိနှိုင်းပြောကြားရာမှာ ဖြစ်စေ၊ တဖက်သား နားဝင်အောင်၊ လက်ခံလာအောင် ပြောကြား နိုင်တာကို တွေ့ရပါတယ်။
ဆရာကြီးက “စကားပြောတယ် ဆိုတာ အနုပညာတရပ်ပဲ၊ ကိုယ်ပြောချင်တာကို တဖက်လူ နားဝင်အောင်၊ ကိုယ့်ရဲ့ သဘောထားကို လက်ခံလာနိုင်အောင် ပြောဆိုနိုင်ခြင်းဟာ အင်မတန် သိမ်မွေ့တဲ့ စကားပြောခြင်း အနုပညာပါပဲ” လို့ ပြောကြားဖူးတာကို အစည်းအဝေးတခုမှာ မှတ်သားခဲ့ဖူး ပါတယ်။
ကျမတို့ ပညာရေးလောကမှာ သင်ကြားရေးတာဝန်ကို ယူထားကြရတဲ့ ဆရာ၊ ဆရာမ များဟာ အင်မတန် ခက်ခဲ သိမ်မွေ့ တဲ့ “သင်ကြားရေး အနုပညာရှင်” များ ဖြစ်နေကြတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
လူမှုဘဝဝန်းကျင် အသီးသီးက ရောက်လာကြတဲ့ ကလေးငယ်များကို စာသင်ကြရတဲ့အခါ ချိုသာ ပျော့ပြောင်းစွာနဲ့ မင်းသမီးလေးလို တမျိုး၊ အော်ဟစ် ကြိမ်းမောင်းရတဲ့ အခါ မိန်းမကြမ်းကြီးလို တဖုံ အမျိုးမျိုး အဖုံဖုံ သင့်တော်သလို ပြောင်းလဲ လို့၊ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အားကုန်ထုတ်လို့ တတ်မြောက်ဖို့အရေး ကြိုးစားပေးကြရ ပြန်ပါတယ်။
သင်ကြားရေး အနုပညာကို ပြည့်ဝစွာအသုံးချပြီး နေ့စဉ်ကြိုးစား လှုပ်ရှားနေကြတဲ့ သင်ကြားရေး အနုပညာရှင်များရဲ့ ရာခိုင်နှုန်းဟာ တနေ့တာ အချိန်ကုန်ရုံလေး၊ တာဝန် မကျေတကျေလေး လှုပ်ရှားနေကြတဲ့ ရာခိုင်နှုန်းထက် သာလွန် နေမယ်ဆိုရင် ကျမတို့ ကလေးများအတွက် အပေါင်းလက္ခဏာကို ဆောင်စေမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြောင်းပြန်အနေနဲ့ တနေ့တာ အချိန်ကုန်ရုံလေး တာဝန် မကျေတကျေလေး၊ လှုပ်ရှားနေကြတဲ့ သင်ကြား ရေး ဝန်ထမ်းများရဲ့ ရာခိုင်နှုန်းက များနေမယ်ဆိုရင်တော့ Drop out များ (အကြောင်းကြောင်းကြောင့် ကျောင်းစာသင်ခန်း ပြင်ပရောက်သွားရတဲ့ ကလေးတွေ) ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်း တခု ဖြစ်နိုင်တာမို့ သတိထားကြရ ပါမယ်။
လူတိုင်းကတော့ ပညာရေးက နိမ့်ကျလာတယ်။
ကလေးတွေ စာမတတ်ဘဲ အတန်း တက်နေကြတယ်။
၄ တန်း၊ ၈ တန်းတွေ ဖြေဆိုသူတိုင်း အောင်ကြတယ်။
၁၀ တန်းရောက်မှ အစိုးရစစ်ဆိုပြီး စစ်ချပစ်တယ်။
၁၀ တန်းကိုပါ ဖြေဆိုသူတိုင်း အောင်လိုက်ပါလား–
စသည်ဖြင့် ပညာရေးနဲ့ ပတ်သက်ပြီး နားလည်လို့ပဲလား၊ နားမလည်လို့ပဲလား၊ ဝိုင်းတော့ အော်နေကြတာပါ။
ဒီနေရာမှာ အရေးကြီးဆုံးကတော့ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ဟာက မှားတယ်မှန်တယ် ဆိုတာထက် ယခုလက်ရှိ စနစ် သစ် ပညာရေး အပြောင်းအလဲ အရွေ့တခုမှာ ကျမတို့ ပညာရေး ဝန်ထမ်းများ တဦးချင်းစီက ကိုယ်ဘယ်လောက် တာဝန် ယူနိုင်မလဲ၊ ဘယ်လောက်ထိ တာဝန် ကျေပွန်နိုင်မလဲ ဆိုတဲ့ စိတ်တခုနဲ့ ကျရာနေရာကနေ ပါဝင်နိုင်ရင်တော့ ပညာရေး မြင့်မားလာအောင် ပါဝင် ဆောင်ရွက်နိုင်တဲ့ “အုတ်တချပ်၊ သဲတပွင့်” ကိုယ်စီ ဖြစ်ပြီပေါ့။
ကျရာနေရာမှာ ကျရာ တာဝန်ကို ဘယ်လို ကျေပွန်ကြတာလဲ ဆိုတာက အရေး ပါလာပါတယ်။
ပူပူနွေးနွေး အတွေ့အကြုံတခုကို ပြောပြချင်ပါတယ်။
အခုလက်ရှိ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း ၁၀ တန်းစာမေးပွဲ မတ်လ ၇ ရက်နေ့ မစတင်ခင် မတ်လ ၆ ရက်နေ့မှာ ကျမတို့ ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင်ရုံးက ဦးစီးအရာရှိ (ကြီးကြပ်/အကဲဖြတ်) ဝန်ထမ်း ၁၂ ဦးဟာ သက်ဆိုင်ရာ ၁၂ မြို့နယ်ကို တဦးချင်းစီ တာဝန်ကျရာ မြို့နယ်အတွင်း စာစစ်ဌာနရှိ ကျောင်းများရဲ့ ကြိုတင်ပြင်ဆင်မှု အခြေအနေ များကို ကွင်းဆင်းပြီး လိုအပ်တာတွေ ကူညီပေးနိုင်ဖို့ ဆောင်ရွက်ကြရပါတယ်။
အခုနှစ်မှာ တနိုင်ငံလုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူပေါင်း စာရင်းရှိ ၈ သိန်း ၄ သောင်းကျော် (၈၄၄၃၅၈ ဦး) ရှိပါတယ်။ မြန်မာစာ ဖြေဆိုပြီးတဲ့ အချိန်မှာတော့ ပျက်ကွက်သူ ၅ သောင်းခွဲ ကျော် (၅၅၄၉၅ ဦး) ရှိခဲ့ပါတယ်။ ဖြေဆို သူ ပေါင်း ရာခိုင်နှုန်း အားဖြင့် ၉၃ ဒသမ ၄၃ ရာခိုင်နှုန်းလောက် ရှိပါတယ်။
အဲဒီ မတ်လ ၆ ရက်နေ့မှာ ကျမက ဒဂုံမြို့နယ်ကို တာဝန်ကျတဲ့ အတွက် အထက (၃) ကို အရင်ဆုံး သွားပါတယ်။ ပင်မ ဝင်ပေါက် မဟုတ်တဲ့ အမေရိကန် စင်တာ ဘက်က ဝင်ပေါက်ကို ကျမ ရောက်သွားတဲ့ အခါ ဂိတ်တံခါး သော့ ခတ်ထား ပါတယ်။
ဒါနဲ့ ပင်မ ကျောင်းအုပ် ဆရာမကြီးကို ဖုန်းဆက်ကြည့်တဲ့အခါ ကြီးကြပ်ရေးမှူး တာဝန်ကျ ကျောင်းအုပ် ဆရာမကြီးကို ဖုန်းဆက်ပေးမယ့် အကြောင်းနဲ့ သူကတော့ အထက (၃) ဗဟန်းမှာ ကြီးကြပ်ရေးမှူး တာဝန် ကျနေတဲ့အကြောင်း ပြောပြ ပါတယ်။
ဂိတ်ပေါက်ဝမှာ စောင့်နေရတာ နေကပူတော့ ဘယ်ကနေ သွားစောင့်ကြမလဲပေါ့၊ အဲဒီဂိတ်မှာ ကျမအပြင် စာမေးပွဲ ဖြေဆိုမယ့် ကျောင်းသားတွေရဲ့ မိဘ ၄ ဦးလည်း ရှိနေပါတယ်။
တယောက်က “ဒီကျောင်းကို ခုမှရောက်ဖူးတာ၊ ဘာမှန်းကို မသိလို့ ဘယ်အဆောင်၊ ဘယ်အခန်း၊ ဒါလေးပဲ သိချင် တာပါ” နောက် တယောက်ကလည်း “ဟုတ်တယ်၊ ကျမလည်း ခုမှရောက်ဖူးလို့ အဲဒါပဲ သိချင်တာ” နောက် နှစ်ယောက် ကလည်း ဒီအတိုင်းပဲ ပြောကြပါတယ်။
ခဏကြာတော့ ဝန်ထမ်းတဦး ရောက်လာပြီး “ဒီအပေါက်က သော့ခတ်ထားတာ ဝင်လို့မရပါဘူး၊ မိဘတွေ လုံးဝဝင်ခွင့် မရှိ ပါဘူး၊ သော့လည်း ကျနော့်ဆီမှာ မရှိပါဘူး၊ ကြီးကြပ်ရေးမှူး တာဝန်ကျ ဆရာမကြီး အားလုံး သိမ်းထားပါတယ်”လု့ိ ပြောပါတယ်။
ကျမက “တီချယ်ကြီးက ခရိုင်ရုံးကလာတာပါ၊ တာဝန်အရ လိုအပ်တာရှိရင် ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ပါ ဝင်လို့ရ အောင် ကူညီ ပေးပါ” ဆိုတော့ “ဒါဆို ဟိုဘက် ဝန်ထမ်းပေါက်က ဝင်ခဲ့၊ အဲဒီ အပေါက်ကတော့ သော့ခတ်မထားဘူး” တဲ့။ မိဘတွေ ကလည်း ကျမနောက်က လိုက်ဝင်ဖို့ ပြင်ကြပါတယ်။
ဝန်ထမ်းက “မိဘတွေ ဝင်လို့မရဘူး၊ မိဘတွေ လုံးဝဝင်ခွင့် မရှိဘူး” လုပ်ပြန်ပါရော၊ မိဘများဘက်က “ဝင်လို့ မရရင် ဒီအတိုင်း ဘာမှ မသိဘဲ ပြန်သွားရမှာလား၊ မနက်ဖြန် စဖြေလို့ အဆင်မပြေရင် ဘယ်လိုလုပ်မှာလဲ” နဲ့ ပူညံပူညံတွေ ဖြစ်ကြပါတယ်။
ဒါနဲ့ပဲကျမက “ကဲ မိဘတွေ ကျမနဲ့ လိုက်ခဲ့ပါ၊ ဒီမိဘ ၄ ဦးနဲ့ ပတ်သက်ပြီး ဘာမှ မဖြစ်စေရဘူး၊ ကျမ တာဝန်ယူပါ့မယ်” လို့ ပြောပြီး သူတို့ပြောတဲ့ ဝန်ထမ်း အပေါက်ကနေ ဝင်ခဲ့ကြပါတယ်။ ဝန်ထမ်း အိမ်တွေရှိလို့ အဝင်အထွက် ကိစ္စများ ကြောင့် သော့ခတ် မထားတာကို တွေ့ခဲ့ရပါတယ်။
ကျောင်းဝင်းထဲ ရောက်တော့ PGDMA ဆရာလေး (ကွန်ပျူတာ လုပ်ဆောင်ရေးမှူး) ရောက်လာပြီး “ကျနော် ဘာများ ကူညီနိုင်မလဲ ခင်ဗျာ” လို့ မေးပါတယ်။
ကျမက “သြော် သားရေ ဒီကျောင်းသား မိဘ ၄ ဦးကို သူတို့ကလေး ခုံနံပါတ်နဲ့ အဆောင်၊ အခန်း လိုက်ပြပေးလိုက်ပါ၊ ပြီးရင် သူတို့ ပြန် ထွက်သွားတာကို အတည်ပြုပြီး၊ သတင်းပို့ပေးပါ”လို့ အကူအညီ တောင်းရပါတယ်။
ဒီနေရာမှာ ကျောင်းသား မိဘက ၁၅ ယောက်၊ အယောက် ၂၀ ဖြစ်နေရင်တော့ ဘုရားပွဲ လှည့်သလို လိုက်ပြလို့ မဖြစ် နိုင် ပါဘူး၊ ကြီးကြပ်ရေးမှူး တာဝန်ကျ ဆရာမကြီး ရောက်လာမှ အဆင်ပြေနိုင်မယ့် တခြားနည်းကို စဉ်းစားရမှာပါ။
ကျမတို့ကို ခရိုင်မှူး ဆရာကြီးက သူ့ကိုယ်စား စာစစ်ဌာနများကို လိုက်လံကြည့်ရှုစေတာမှာ ၂၀၁၈ ခုနှစ် တက္ကသိုလ် ဝင် စာမေးပွဲ စာစစ်ဌာန ဆန်းစစ်လွှာ ပုံစံများ ပေးလိုက်တဲ့အတွက် ပုံစံကြည့်ပြီး မျက်မြင်တွေ့ရှိမှုနဲ့ ကိုက်ညီမှု ရှိအောင် ဆောင်ရွက်ပေးရန် တာဝန်ပဲ ရှိကြတာပါ။
မထင်မှတ်ဘဲ ဖြစ်ပေါ်လာတဲ့ အခြေအနေကို ကိုယ်တိုင်စဉ်းစား ဆုံးဖြတ် အဆင်ပြေအောင် ဆောင်ရွက်ကြရတာပါ၊ “အမေမှာတဲ့ ဆန်တခွဲ၊ သုံးစိတ်နဲ့မလဲ” လုပ်လို့ မဖြစ်ပါဘူး၊ ပြဿနာကြီးများဟာ အသေးအမွှားက စဖြစ်လာကြ တာပါ။
လူမှုကွန်ရက် Facebook များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ အချိန်မှာ ကိုယ့်ကြောင့် ကိုယ့်ပညာရေး ဌာန ကို လိုရာဆွဲယူပြီး အဖွ မခံရဖို့ကိုလည်း ဂရုပြုကြရပါမယ်။
“ကြီးကြပ်ရေးမှူး ဆရာမကြီးက တိုင်းရုံးကို အဋ္ဌမတန်း အမှတ်စာရင်း သွင်းသွားနေရပါတယ်၊ အဲဒါ သန္တာ့ကို ဖုန်းဆက် လို့ ကမန်းကတန်း ပြေးလာတာ” ဆိုပြီး တာဝန်ခံ တီချယ်တယောက် ရောက်လာပါတယ်။
တကယ်ပဲ မောမောပန်းပန်းနဲ့ ရောက်လာတဲ့အခါ မျက်နှာပြောင်နဲ့ အိမ်နေရင်း အဝတ်အစားလေးနဲ့ပါ၊ ကျမက “အိုး တီချယ်ရယ် ကိုယ့်တီချယ်တွေက လှပြီးသား၊ ပင်ကို အလှလေးပေါ့” လို့ ပြောပြီး နှစ်ယောက်သား ပေါ့ပေါ့ပါးပါး ရယ်မော ကြရပါသေးတယ်။
ပြီးတော့မှ “တီချယ်ရေ စစ်ဆေးရေး လုပ်မှာ မဟုတ်ဘူးနော်၊ တီချယ်တို့ စာစစ်ဌာနမှာ ဘာများ လိုအပ်မလဲ၊ ကျမတို့ ဘက်က ဘာများ ကူညီပေးနိုင်မလဲ၊ အဲဒါလေးပါပဲ” လို့ ပြောလိုက်ပါတယ်။ ပြီးမှ ပါလာတဲ့ ဆန်းစစ်လွှာနဲ့ တိုက်ဆိုင် စစ်ဆေးပြီး ရေးသွင်း စရာများကို ရေးသွင်းရပါတယ်။
စာဖြေအခန်း ကြည့်တဲ့ မိဘ ၄ ဦးလည်း ဝမ်းသာ ကျေနပ်စွာနဲ့ ပြန်သွားကြပြီ ဖြစ်ကြောင်း ဆရာလေးက လာပြော ပါ တယ်။
ကျမက “သားရေ ဒီအချိန်မှာ တီချယ်ကြီးတို့ ဘက်ကနေ တဖက်ပိတ်ပြီး အရမ်းပြောလို့ မရဘူး၊ မိဘတွေလည်း အဆင် ပြေအောင်၊ ကိုယ့်ဘက်ကလည်း စည်းကမ်းတကျနဲ့ ဟာကွက်မရှိအောင်၊ ဘယ်လို ဆောင်ရွက်ပေးမလဲ ဆိုတာ ကူညီ နိုင်ရမယ်၊ သော့မရှိဘူး၊ မဝင်ရဘူး ဆိုတော့ မီးဘေး အရေးပေါ်ဖြစ်လာရင် သော့မရှိလို့ ဆိုပြီး ဒီအတိုင်း ထွက်ပြေးကြမှာလား” လို့ ပြောပြမိပါတယ်။
မိဘများနဲ့ ဆက်ဆံတဲ့အခါ ကိုယ့်ပညာရေးဌာနကို အမြင်စောင်းစေမယ့် အပြုအမူ၊ အပြောအဆိုတွေကို အတတ်နိုင် ဆုံး ရှောင်ရမယ်၊ ငါတို့တွေ မိဘများရဲ့ စိတ်ပူပန်မှုများကို ဘယ်လိုလျှော့ချပေး နိုင်မလဲ၊ စာဖြေကျောင်းသား ကျောင်းသူ များရဲ့ အေးချမ်းစွာ ဖြေဆိုနိုင်ဖို့ စည်းကမ်းနဲ့ အညီဘယ်လို ကူညီပေးနိုင်မလဲ၊ အဲဒီ စိတ်ကလေးနဲ့ အလုပ် ကို လုပ်ရမယ် လို့လည်း ပြောလိုက်ပါတယ်။
“သားက အသက် ငယ်ငယ်လေးပဲ ရှိသေးတယ်၊ ရာထူးတွေလည်း တိုးဦးမယ်၊ သားတို့ကို တီချယ်ကြီးတို့က အားကိုး ပါတယ် နော်”လို့ ဆိုတော့ “ဟုတ်ကဲ့ပါ တီချယ်ကြီး သားတို့ ကြိုးစားပါ့မယ်” လို့ ဆရာလေးက အားတက်သရော ပြန် ပြောပါတယ်။
နောက်တကျောင်းကို သွားတော့မယ် ဆိုမှ မနက်ဖြန် ဒီကျောင်းကို ဒုဝန်ကြီး လာရောက် ကြည့်ရှုမယ့်အကြောင်း ဖုန်း ဝင်လာပါတယ်၊ ဒါနဲ့ ကျောင်းမှာရှိနေတဲ့ သန့်ရှင်းရေးဝန်ထမ်းနဲ့ သစ်ပင်ပန်းပင်များ ရေဖြန်းရင်း မြေနေရာ လွတ်တွေ ကိုပါ ဖုန်မထအောင် ရေဖြန်းကြရပါတယ်။
သန့်ရှင်းရေး ဝန်ထမ်းက စိတ်ပါလက်ပါ အလုပ်လုပ်တာတွေ့ရလို့ ကျေးဇူး တင်ရပါတယ်။
အားလုံးပြီးသွားတော့ အ.ထ.က ၂ ဒဂုံ ကို အပြေးသွားရပါတယ်။ အဲ့ဒီကျောင်းမှာ တာဝန်ကျ ကြီးကြပ်ရေးမှူး ဆရာမကြီး က သူ့ရဲ့ လက်ထောက် ကြီးကြပ်ရေးမှူး၊ ရုံးအဖွဲ့များပါ အားလုံးရှိနေကြလို့ အမော ပြေရပါတယ်။
မြို့နယ်ရုံးက တာဝန်ရှိ ဆရာမနဲ့ တိုင်းရုံးက တာဝန်ရှိ ဦးစီးအရာရှိ ဆရာမကြီးပါ ရောက်လာတော့ စာဖြေခန်းများကို တခန်းဝင် တခန်းထွက် လိုက်လံကြည့်ရှု ကြပါတယ်။
အခန်း (၇) မှာ နှစ်ယောက်ဖြေ ခုံရှည်တလုံး လှုပ်ယမ်းနေလို့ ခုံအကောင်းနဲ့ လဲကြရပါတယ်။ စာဖြေခန်းများ ရှေ့မှာ တန်းစီပြီး ရှိနေတဲ့ ခုံပိုများကိုတော့ “ဒီခုံတွေကို တခြားနေရာ ရွှေ့ရမယ် ထင်တယ်နော် တီချယ်ကြီး” လို့ ပြောရပါ တယ်။
“ဟုတ်တယ်၊ အဲဒီ ခုံတွေရွှေ့ရမယ်” ဆိုပြီး ရွှေ့ကြတော့ ခုံရွေ့တဲ့ ဝန်ထမ်းက ဒရွတ်တိုက် ဆွဲပြီး သယ်သွားလို့ သက်မဲ့ ခုံ လေးတွေ အတွက် စိတ်မကောင်း ဖြစ်ခဲ့ရပါသေးတယ်။
နောက်တကျောင်း အ.ထ.က – ၁ ဒဂုံ ကို သွားပါတယ်။ ပင်မ ကျောင်းအုပ်ဆရာကြီးနဲ့ ကြီးကြပ်ရေးမှူး တာဝန်ကျ ဆရာမကြီး အပါအဝင် သူ့ရဲ့ ရုံးအဖွဲ့အားလုံး ရှိနေတာမို့ အဆင်ပြေပါတယ်။
စာဖြေခန်းများကို လိုက်ကြည့်တဲ့အခါ အထပ်တွေများလို့ မောရတာက လွဲလို့ အားလုံး ပြည့်စုံပါတယ်။ ခရိုင်ရုံးကို ပြန်ရောက်တဲ့ အခါ ညနေ လေးနာရီ ခွဲနေပြီမို့ ဝန်ထမ်းများ အားလုံး ရုံးဆင်းသွားကြပါပြီ။
ခရိုင်မှူး ဆရာကြီးနဲ့ တွေ့ဆုံပြီး တနေ့တာ အတွေ့အကြုံများ ပြောပြ၊ မတ်လ ၇ ရက်နေ့ မြန်မာစာ ဖြေဆိုမယ့် နေ့ အတွက် ဆရာကြီးရဲ့ လမ်းညွှန် မှာကြားချက်များကို မှတ်သား ထားရပါတယ်။
ပြီးမှ ကိုယ့်အလုပ်စားပွဲဆီသွားပြီး တနေ့တာအတွက် ထမင်းဘူးဖွင့်ပြီး ထမင်းစားရပါတယ်။ ပြီးတော့မှ အိမ်ပြန်ရပါ တယ်။
ခိုင်းထားတဲ့အတိုင်း အလုပ်ကိုလုပ်ရင် တာဝန်ကျေပြီလို့ု ယူဆတဲ့ တဖက်ပိတ် ဝန်ထမ်း၊ ကိုယ်ပိုင်ပစ္စည်း မဟုတ်လို့ ကျောင်းပိုင်ပစ္စည်းကို ရိုသေရမှန်းမသိ ပြီးပြီးရော ခုံတွေကို ဒရွတ်တိုက် ဆွဲသယ်တဲ့ ဝန်ထမ်း၊ G1 ပထမတန်းမှာ စနစ် သစ် သင်ရိုးကို ပေါက်မြောက် အောင်မြင်ဖို့ အားစိုက်ကြရဲ့လား ဆိုတာ ကျောင်းတကျောင်းကို ရှောင်တခင် ဝင်ကြည့် တဲ့ အခါ အခန်းထဲမှာ အိပ်ပျော်နေတဲ့ ဆရာမ၊ သူ့လက်ထောက်တွေ အများစုက ကျောင်းမှာ၊ စာသင်ခန်းထဲမှာ အားအင် တွေ ချွေတာ၊ သက်သက်သာသာလေး အလုပ်လုပ်ကြပြီး ကျောင်းဆင်းလို့ ကျူရှင်ချိန်ရောက်မှ အင်တိုက် အားတိုက် ဖြစ်နေကြလို့ သူ့ကျောင်းအတွက် အားလျော့ ညည်းညူနေရှာတဲ့ ကျောင်းအုပ် ဆရာမကြီး။
ဒါတွေကို တွေ့ကြုံရတဲ့အခါ ကျမတို့တွေ အချိန်တန် လစာထုတ်ရင်းနဲ့ တာဝန် ကျေနေကြမှာလား၊ ပြောင်းလဲမှုတွေနဲ့ အတူ လိုက်ပါ ဆောင်ရွက်ရင်း ထိုက်တန်စွာ တာဝန်ကျေကြမှာလား ဆိုတာ စဉ်းစားရင်း တွေးရင်း အိမ် အပြန်လမ်း ကတော့ နွမ်းလျလျက် ရှိနေပါတော့တယ်။ ။
စာရေးသူ ခင်မေထက် (ပညာရေး) သည် ပညာရေးဝန်ကြီး ဌာနတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသည့် လုပ်ငန်း အတွေ့အကြုံ ၃၅ နှစ်ခန့်ရှိသော အရာရှိတဦး ဖြစ်ပါသည်။