ဆောင်းပါး

ဗီယက်နမ် လောကနိဗ္ဗာန်သို့ ထွင်းဖောက်ကြည့်ခြင်း

Want create site? Find Free WordPress Themes and plugins.

ဗီယက်နမ်အကြောင်း ရေးထားတဲ့စာအုပ်က မြန်မာစာပေလောကမှာ မရှိသလောက် ရှားပါးလှပါပြီ။ ၂ဝ၁၈ သင်္ကြန်မတိုင်ခင်ထွက်လာတဲ့ အန္ဓတို့ရဲ့သုခဘုံ ဘာသာပြန်ဝတ္ထုက ဒီကွက်လပ်ကို ဝင်ပြီး ဖြည့်ပေးပါလိမ့်မယ်။ အာဏာရှင်ကွန်မြူနစ်ပါတီနဲ့အစိုးရ အရာရှိများရဲ့ အကျင့်ပျက်မှု၊ ပြည်သူတွေအပေါ် ဖိနှိပ်မှုတို့ကို ဝတ္ထုထဲ မကြာခဏ တို့ ထိ ရေးထားပါတယ်။

ဗီယက်နမ်စာရေးဆရာမ Duong Thu Huong ရဲ့ ဒီစာအုပ်ကို ၁၉၈၈ ခုနှစ်မှာ ထုတ်ဝေတယ်။ အုပ်ရေ ၄ သောင်းကျော် ရောင်းရချိန်မှာ အာဏာပိုင်တို့က စာအုပ်ကို ပိတ်ပင်လိုက်ပါတယ်တဲ့။ အပိတ်မခံရတဲ့ သူ့ရဲ့ တခြားစာအုပ်တွေကတော့ အုပ်ရေ ၁ သိန်းကျော် ရောင်းရတယ်လို့ ဆိုပါတယ်။

စာအုပ်ထွက်လာတဲ့ ၁၉၈၈ ဆိုတာ အင်တာနက် စာမျက်နှာတွေ၊ အွန်လိုင်းလူမှုကွန်ရက်တွေ မပေါ်သေးလို့ စာအုပ်ဖတ် အားကောင်းတဲ့ခေတ် ဖြစ်သလို အစိုးရကို ဝေဖန် သရော်တဲ့စာအုပ်ဖြစ်တဲ့အတွက်လည်း စာအုပ်ရောင်းအား ကောင်းရခြင်း ဖြစ်နိုင်ပါတယ်။

စာအုပ်က မျိုးဆက်မတူ၊ ယုံကြည်ချက်မတူတဲ့ ဗီယက်နမ်အမျိုးသမီးသုံးယောက်က ခေတ်ဆိုးကြီးကို ဖြတ်သန်းကြပုံအ ကြောင်း ရေးထားတာပါ။ အရေးအပါအဆုံး၊ အဓိကအကျဆုံး ဇာတ်ကောင်က တက္ကသိုလ်ကျောင်းသူအရွယ်ပါ။ သူက ပင်ပင်ပန်းပန်း ဈေးရောင်း ရတဲ့ သူ့မိခင်ကို သူတို့ဆီက လူထဲကလူတယောက်ပုံစံမျိုးအဖြစ် စာဖတ်သူတွေနဲ့ မိတ်ဆက်ပေးပါတယ်။

“အမေသည် သူ့ဘဝ၏ ကံမကောင်းအကြောင်းမလှသည့်အဖြစ်ကို ဘယ်တုန်းကမှ နားမလည်ခဲ့ပေ။ ထိုအချိန်က ရှိနေခဲ့ သည့် လူအများအပြားလိုပင် ထာဝစဉ် ကြောက်လန့်သည့်ဘဝတွင် စပြီးနေထိုင်လာရသည်” လို့ ဆိုပါတယ်။

ဈေးသည်အမျိုးသမီးကြီးရဲ့ ဘဝမှာ သမီးနဲ့တန်းတူ သို့မဟုတ် သမီးထက်ပိုပြီး မေတ္တာထားမိသူက မောင်ဖြစ်သူ ကွန်မြူနစ် အရာရှိ ဦးလေးကြင် ဆိုသူပါပဲ။

“ဦးလေးကြင်ကတော့ သူယုံကြည်ရာကိုသာ မမှိတ်မသုန် အကောင်အထည်ဖော်သည်” လို့ ဇာတ်လမ်းအစပိုင်းမှာ ခပ်ပေါ့ ပေါ့လေး မိတ်ဆက်ထားတာ တွေ့ရမှာပါ။ ဦးလေးကြင်နဲ့ သူတို့ရဲ့ စနစ်ဆိုးကြီးက မိသားစုအများအပြားရဲ့ဘဝတွေကို ပြောင်းလဲ ဖျက်ဆီးလိုက်ပါတယ်။

အဓိကဇာတ်ကောင် အမျိုးသမီးငယ်က မီးရထားနဲ့ ခရီးသွားရင်း ကြုံရတဲ့ဖြစ်ရပ်တချို့ကို ပြောပြနေစဉ်မှာပဲ အတိတ်ကာလ မိသားစု ဆွေမျိုးတွေအကြောင်း ပြောပြပုံမျိုး ဖွဲ့နွဲ့ထားပါတယ်။ ဒါကြောင့် စာဖတ်သူက ပစ္စုပ္ပန်ကိုရောက်လိုက် အတိတ်ကို ရှည်ရှည်ဝေးဝေး ပြန်သွားရလိုက် ဖြစ်နေပါလိမ့်မယ်။ ဇာတ်လမ်းက ရှေ့ရောက်လိုက် နောက်ရောက်လိုက် ဖြစ်နေပေမယ့် အဆက်အစပ် ပိုင်နိုင်တဲ့အတွက် စာအုပ်ကို လက်က မချစတမ်းဖတ်ချင်စရာကောင်းလှပါတယ်။

ဗီယက်နမ်ရဲ့ အခြေအနေ ဘယ်လို ရှိတယ်ဆိုတာကို ယေဘူယျ သိမယ်။ ဗီယက်နမ်အကြောင်း နည်းနည်းပါးပါး ဖတ်ဖူး ထားမယ်ဆိုရင် ဒီဝတ္ထုက ဖတ်လို့ ပိုကောင်းမှာပါ။

ဝတ္ထုထဲ ဖော်ပြထားတဲ့ ဗီယက်နမ်အရာရှိတွေ ဆိုဗီယက် ရုရှမှာ လေ့လာ ပညာယူကြတယ် ဗီယက်နမ် အရပ်သားတွေက ဆိုဗီယက်မှာ အလုပ်လုပ်ကြတယ် ဆိုတဲ့ အချက်တွေက မြန်မာစာဖတ်သူများအတွက် အသစ်အဆန်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ မော်စကိုမှာရှိတဲ့ ဗီယက်နမ်သံရုံးအကြောင်းလည်း နည်းနည်း ဖော်ပြထားတာ တွေ့ရမှာပါ။ ဗီယက်နမ်ဟာ အာ ဏာရှင်နိုင်ငံဖြစ်တာကြောင့် မော်စကိုက သူတို့သံရုံးဟာ ပြည်ပပို့အလုပ်သမား၊ ဗီယက်နမ်ရွှေ့ပြောင်းလုပ်သားတွေ မသွား ချင်ဘဲ သွားရတဲ့နေရာပါပဲ။

အဓိကဇာတ်ကောင် အမျိုးသမီးငယ်ကတော့ အဲဒီသံရုံးဟာ ကိုယ့်နိုင်ငံသူ နိုင်ငံသားကို “ညှဉ်းဆဲရန်သက်သက် ဖွင့်ထား သောရုံး” ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပြည်ပရောက်အလုပ်သမားတွေအကြောင်း ဖော်ပြရမှာ “ကျွန်မတို့ မျက်နှာများသည် အစဉ်သဖြင့် အကြောက်တရားနှင့် အတူ တင်းမာ ခက်ထန်နေကြသည်။ ထမင်းစားဖို့ မရှိမှာ၊ အချိန်မီ ငွေပြန်မပို့ပေးနိုင်မှာ၊ မဝရေစာထမင်းဟင်းကို စောင့် ဆိုင်းရင်း အသက်အရွယ်ကြီးရင့်ကြသည့် မိဘများ အသက်ထွက်သွားပြီ ဆိုသော သတင်းဆိုးကို ကြားရမှာ၊ သံရုံးက အ ရာရှိတယောက်ယောက်က ဟိုဟာလုပ်မပေးလိုက်မှာ စသည် စသည် ကြောက်ရသော အရာများ” လို့ ဆိုထားတာ ဖတ်ရမှာပါ။

အာဏာရှင်ခေတ်အကြောင်း ရေးခြယ်ရတာဖြစ်တဲ့အတွက် သရော်တဲ့ အရေးအသားတချို့ကိုလည်း တွေ့ရပါတယ်။ မော်စ ကို၊ ကွန်မြူနစ်ပါတီအမာခံ ရဲဘော်သင်တန်းကျောင်းရောက်လာတဲ့ ဗီယက်နမ်အရာရှိတဦးက အသက်တော်တော်ကြီး နေ ပါပြီ။ ဒီအကြောင်းကို “မည်သို့သောစိတ်ကူးနှင့်များ အသက်ခြောက်ဆယ်အရွယ် အဘိုးအိုတယောက်ကို ကျောင်းပို့နေပါ လိမ့်။ ကျွန်မတို့နိုင်ငံခေါင်းဆောင်များ၏ ထူးချွန်ပြောင်မြောက်မှုကို ပြသသည့် နောက်ထပ် စုတ်ချက်တစ်ချက်ပဲ ဖြစ်မှာပါ” လို့ သရော်ထားပါတယ်။

မြန်မာနဲ့ ဗီယက်နမ်တူညီတဲ့အချက်ကတော့ မနက်ခင်းဈေးသည်တွေပဲ ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း သူတို့ဆီက ဈေး သည်တွေကတော့ ကိုယ်ပိုင်သီချင်းသံတွေနဲ့ မုန့်အော်ရောင်းတယ်လို့ ဆိုထားပါတယ်။

“ကျွန်မတို့ရပ်ကွက်တစ်ခုတည်းမှာပင်လျှင် ကောက်ညှင်းပေါင်းသည် ခုနှစ်ယောက်ရှိသည်။ ဈေးသည်အသံကို ကြားလိုက် ရုံနှင့် ဘယ်ဈေးသည်မှန်း တန်းသိလောက်အောင် ထူးခြား ကွဲပြားလှသည်။ ထိုဈေးသည်တို့၏ နံနက်ခင်းဈေးရောင်းသံ သည် ကျွန်မ၏ငယ်ဘဝ ကလေးအရွယ်တွင် တစ်နေ့တာအဖို့ ပထမဆုံး ကြားရသည့် ဂီတသံပင် ဖြစ်ချေသည်” လို့ ဆိုပါ တယ်။

ရိုးရာ အဝတ်အထည်၊ အစားအသောက် အကြောင်း မကြာခဏ အသေးစိတ်ဖွဲ့ထားတာကလည်း စိတ်ဝင်စားစရာပါပဲ။ ဗီလိန် ဇာတ်ကောင် တယောက်ဖြစ်တဲ့ ကွန်မြူနစ်အရာရှိ အချက်အပြုတ် ကျွမ်းကျင်ပုံကိုလည်း ဖတ်ရှုရမှာပါ။ အချက် အပြုတ်တော်တယ်ဆိုတဲ့ သူ့ရဲ့ တခုတည်းသော ပညာနဲ့ လူကြီးတွေကို ပြုစုခဲ့တယ်။ လူကြီးတွေကလည်း သူ့ကို အကာ အကွယ် ပေးတယ် ဒီလိုုနဲ့ ပါတီမှာ သူက ထိပ်တန်းနေရာတခု ရလာတာ ဆိုပြီး အာဏာရှင်နိုင်ငံတွေမှာ ဖြစ်တတ်တဲ့ သ ဘာဝတခုကို ရေးထားပါတယ်။ ပညာမဲ့ ကွန်မြူနစ်အရာရှိတွေရဲ့ အူကြောင်ကြောင်ဖြစ်ရပ်တွေ၊ အမှန်ကိုမမြင်နိုင်တာတွေ ကိုလည်း ကြိုကြားကြိုကြား ရေးထားတာ တွေ့ရမှာပါ။ ခေတ်ကို ဖော်ကျူးတယ်ဆိုရင်တော့ ဒါတွေက ချန်ထားလို့မရတဲ့ အကြောင်းအရာတွေ ဖြစ်ပါလိမ့်မယ်။

အရာရှိကြီးတွေနဲ့ အာဏာရှင်စနစ်ကို ရစရာ မရှိအောင် ရေးထားတာကြောင့် ဝတ္ထုရေး ဆရာမ ဘက်လိုက်၊ အဆိုးမြင်လွန်း တယ်လို့ ယူဆချင်စရာပါပဲ။ သို့သော်လည်း အခြေခံပြည်သူတွေထဲက အကျင့်ပျက်တာ၊ ခိုးဝှက်တာကိုလည်း ထည့်ရေးပါ တယ်။

လေးစားဖွယ်ပုံဖော်ထားတဲ့ ဇာတ်ကောင်တယောက်ကိုလည်း စာရေးသူက မျက်နှာသာ မပေးပါဘူး။ အဲဒီဇာတ်ကောင် ကွယ်လွန်ခါနီး အိပ်ယာထဲလဲနေချိန်မှာ “ငရဲကိုတွေ့တယ်” လို့ ပြောကြောင်း ရေးထားတာ ဖတ်ရမှာပါ။

စာရေးသူကိုယ်တိုင်က ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ဖူးတာကြောင့် အရာရှိ ရပ်ကွက်မြင်ကွင်းသရုပ်ဖော်ခြင်း၊ ဆင်းရဲကြပ်တည်း တဲ့ကာလ ပြည်ပသွား ပါတီလူကြီးများရဲ့ အခြေအနေတွေကို ရေးပြထားတာ အင်မတန် အသက်ဝင်လှပါတယ်။

အဓိကဇာတ်ကောင်တဦးက ပညာမတတ်ကြတဲ့ မောင်၊ ယောက်မဖြစ်သူတို့ ပါတီမှာ အရာရောက်နေတဲ့အတွက် ဝမ်း မြောက် ဂုဏ်ယူနေပါတယ်၊ “လူတိုင်းမှာ ဂုဏ်ယူရမည့်အရာတစ်ခုစီတော့ လိုသည်” လို့ စာရေးသူက ဆိုထားပါတယ်။ ဒီမှတ်ချက်ကတော့ အကောင်းမြင်တဲ့ ဒဿနတခုပါပဲ။

သို့သော်လည်း အန္ဓတို့ရဲ့သုခဘုံ ဝတ္ထုတပုဒ်လုံး စိတ်ညစ်စရာ များလွန်းနေပါတယ်။ ဆေးရုံတက်တဲ့မိခင်ကို သွားတွေ့ချိန် ဝင်ပေါက်မှာ အစောင့်က ပညာပြတာကို ခံရတဲ့အခန်းကတော့ မြန်မာစာဖတ်ပရိသတ်အတွက် အသစ်အဆန်း မဟုတ်ပါ ဘူး။

ဗီယက်နမ်အကြောင်းရေးထားတဲ့ ဒီဝတ္ထုက အဆင့်အတန်းရှိတဲ့အတွက် တခြား ဘာသာတွေကို ပြန်ဆို ထုတ်ဝေပြီးပါပြီ။ မြန်မာပြည်ရဲ့ အာဏာရှင်ခေတ်၊ ဟန်ပြဒီမိုကရေစီခေတ်တို့ကို နောက်ခံထားပြီး ရေးသားတဲ့ ဝတ္ထုရှည်တွေကိုလည်း ဖတ် ချင်ပါသေးတယ်။ သို့သော်လည်း စာအုပ်အရောင်းကျတဲ့ခေတ်၊ ဝတ္ထုရှည်ရေးသူအရေအတွက် တိုးမလာတဲ့ခေတ်မှာ မြန် မာပြည် ခေတ်ဆိုးနောက်ခံထားပြီး လူ့စရိုက်ပေါ်လွင်အောင် ရေးတဲ့ဝတ္ထု ထွက်လာဖို့က မလွယ်ကူသေးပါဘူး။

ဗီယက်နမ်ဟာ မြန်မာပြည်လောက် လွတ်လပ်မှု မရှိသေးပေမယ့် “အန္ဓတို့ရဲ့ သုခဘုံ” လို စာအုပ်မျိုး ထွက်လာနိုင်တာ အားကျစရာပါပဲ။

ဒီစာအုပ် အင်္ဂလိပ် ဘာသာပြန်ကို အမေရိကန်မှာ Paradise of the Blind ဆိုတဲ့ အမည်နဲ့ ထုတ်ဝေပါတယ်။ အင်္ဂလိပ်စာ အုပ်ကို ဝေယံဘုန်းက မြန်မာလို ဘာသာပြန်တာပါ။ မြန်မာပြန်အရေးအသား ဖတ်ရတာ သပ်ရပ်၊ ချောမွေ့တယ်ဆိုတာ လည်း ဒီစာအုပ်မှာ တွေ့ရမှာပါ။

စာအုပ်အမည် ။ ။ အန္ဓတို့ရဲ့ သုခဘုံ
အမျိုးအစား ။ ။ ဘာသာပြန်စာပေ
ဘာသာပြန်သူ ။ ။ ဝေယံဘုန်း
ဖြန့်ချိ ။ ။ ငါတို့စာပေ (NDSP)

တန်ဘိုး ။ ။ ကျပ် ၄, ၅ဝဝ

Did you find apk for android? You can find new Free Android Games and apps.
Loading