တရုတ် စီမံကိန်းများကြောင့် ကျောက်ဖြူ ဒေသ ဘာတွေ တိုးတက်သလဲ
ကျောက်ဖြူမြို့နယ် အတွင်း ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းသည် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မလကျွန်းတွင် တည်ရှိပြီး ရေနံစိမ်း သိုလှောင်ကန်နှင့် ရေနံပိုက်လိုင်း စီမံကိန်းသည် မြို့၏ အရှေ့ဘက် မဒေးကျွန်းပေါ်တွင် တည်ရှိသည်။
မလကျွန်းတွင် တည်ရှိသော ရွှေ သဘာဓာတ်ငွေ့ စက်ရုံကို ၂၀၀၉ ခုနှစ်က စတင် ဆောင်ရွက်ခဲ့ပြီး ဓာတ်ငွေ့ ဖြန့်ဖြူးမှုကို ၂၀၁၃ ခုနှစ်တွင် စတင်နိုင်ခဲ့ကြောင်း သိရသည်။
ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိမည့် အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းကို ကိုးရီးယား ကုမ္ပဏီ တခုဖြစ်သည့် Daewoo International Corporation က ရယူထားပြီး ၃၄ ရာခိုင်နှုန်းကို အိန္ဒိယကုမ္ပဏီ ၂ ခုနှင့် နောက်ထပ် ကိုးရီးယား ကုမ္ပဏီ တခု တို့က အကျိုးတူ ရယူထားကာ ကျန် ၁၅ ရာခိုင်နှုန်းကိုတော့ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) က ရရှိသည်ဟု ဆိုသည်။
ထွက်ရှိလာသော ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့ဆောင်လျက်ရှိပြီး သဘာဝဓာတ်ငွေ့ ပမာဏ ကုဗ သန်းပေါင်း ၅၆၀ ကို နေ့စဉ် ထုတ်လုပ် ဖြန့်ုဖြူးလျက် ရှိကာ ကုဗ သန်းပေါင်း ၄၀၀ ကို တရုတ် နိုင်ငံသို့ တင်ပို့ ရောင်းချ၍ ကျန် ကုဗ သန်း ၁၆၀ ထဲမှ ကုဗ သန်း ၁၄၀ အား မန္တလေး၊ ရေနံချောင်း၊ မြင်းခြံ စသည့် ပြည်မ ဒေသများ အတွက် အသုံးပြုထားပြီး ကျန်ရှိ သည့် ကုဗ သန်း ၂၀ ကိုမူ ကျောက်ဖြူဒေသ အတွက် အသုံးပြုခွင့် ပေးထားကြောင်းလည်း သိရသည်။
မဒေးကျွန်းပေါ်တွင် တည်ရှိသော တရုတ် ရေနံစိမ်း သိုလှောင်ကန် စီမံကိန်းကိုတော့ ၂၀၀၉ ခုနှစ်က စတင် အကောင် အထည် ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိက နိုင်ငံများမှ ရေနံစိမ်း တန်ချိန် တသိန်းကျော် တင်ဆောင်လာသော ဧရာမ တရုတ် ရေနံတင် သဘောင်္ကြီးများသည် ၂၀၁၇ ခုနှစ် ဧပြီလ ၉ ရက်နေ့ကတည်းက မဒေးကျွန်းသို့ စတင်ဝင်ရောက် လာခဲ့သည်။
ယင်းနောက်ပိုင်းတွင် သင်္ဘောကြီးများ ဝင်ရောက်လာမှုသည် ခပ်စိပ်စိပ်ဖြစ်လာသဖြင့် ဒေသခံများ၏ မိရိုးဖလာ ငါးဖမ်း လုပ်ငန်းများ ထိခိုက်ပြီး ငါးဖမ်းလုပ်ကွက် နေရာများကိုလည်း ကန့်သတ်ခံလာရသည့် အတွက် ဝမ်းရေးပြဿနာ အခက် ကြုံနေကြရကြောင်း ဒေသခံ ရေလုပ်သားများက ပြောသည်။
“ကျနော်တို့ အရင်တုန်းက ငါးဖမ်းရတာက လွတ်လွတ်လပ်လပ်ပဲ။ ဘယ်အချိန် ဖမ်းဖမ်း ဖမ်းလို့ရတယ်။ အခုက သဘောၤ တွေ ဝင်တာက တမျိုး၊ ရေနံတင် သင်္ဘော ဝင်ဖို့အတွက် ရေလမ်းကြောင်း ပိတ်ထားတာက တမျိုး၊ အခက်အခဲတွေ အများ ကြီး ဖြစ်နေတယ်။ သက်ဆိုင်ရာကို တင်ပြတော့လည်း အလကားပဲ ဘာမှလုပ်မပေးဘူး”ဟု ဒေသခံ ရေလုပ်သား ကိုဝေတင်မောင် က ပြောဆိုသည်။
မဒေးကျွန်းပေါ်တွင် ရွာမ၊ ကျောက်တန်း၊ ပန်းထိန်ဆည်၊ ပြိန် စသည့် ကျေးရွာ ၄ ရွာ တည်ရှိပြီး လူဦးရေ ၃၀၀၀ ခန့် နေထိုင် ၍ အများစုသည် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။

မဒေးကျွန်းဒေသခံ ကိုမောင်မြင့်စိုး ကလည်း ရေနံတင်သဘောၤ ဝင်ရောက်ရန် သန္တာ ကျောက်တန်းများကို မိုင်းခွဲ၊ မြစ် ကြောင်း များကိုတူးပြီး ဒေသခံများ၏ ငါးဖမ်း လုပ်ကွက်များပေါ်တွင် မြေစာ ကျောက်ခဲများကို စွန့်ပစ်မှုကြောင့် တံငါ လုပ်ငန်းများ အခက်ကြုံတွေ့ နေရသည်ဟု ပြောဆိုသည်။
“ရေထဲမှာရှိတဲ့ သန္တာ ကျောက်တန်းတွေကို မိုင်းတွေခွဲ၊ ရွှံ့တွေ၊ ကျောက်တွေကို ပိုက်တွေနဲ့ စုပ်ပြီးတော့ မြစ်ကြောင်း တလျှောက် ပစ်ချ။ ငါးဖမ်းပိုက်တွေက အဲဒါတွေနဲ့ငြိပြီး ဆုံးရှုံး။ အဲဒါတွေကို သွားတောင်းရင် ကျနော်တို့ တရုတ်တွေဆီမှာ အရိုက်တောင် ခံရနိုင်တယ်။ တော်တော်ကြီးကို ဒုက္ခတွေ့နေတယ်”ဟု မဒေးကျွန်းပေါ်ရှိ ကျောက်တန်းကျေးရွာမှ ကိုမောင်မြင့်စိုး က ပြောသည်။
ယင်းပြဿနာကို သက်ဆိုင်ရာ အစိုးရနှင့် ကုမ္ပဏီ တာဝန်ရှိသူများ ဖြေရှင်းပေးရန် ၂၀၁၇ ခုနှစ် မေလ ၁၁ ရက်နေ့က မဒေးကျွန်း ဒေသခံများက ရေကြောင်းချီ ဆန္ဒုပြပွဲ တခုကို ပြုလုပ်ခဲ့ သော်လည်း လက်ရှိ အချိန်အထိ ဖြေရှင်း ပေးခြင်း မရှိသေးကြောင်းလည်း ဒေသခံ ရွာသားများက ပြောဆိုကြသည်။
လက်ရှိ အချိန်အထိ မဒေးကျွန်းသို့ ရေနံတင်သင်္ဘောကြီးများ ဝင်ရောက်လာမှုသည် အကြိမ်ပေါင်း ၃၀ ကျော်ရှိနေပြီ ဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဝင်ရောက်လာသည့် ရေနံတင် သင်္ဘောကြီးများသည် အရွယ်အစား မည်မျှ ရှိသည်ကို မခန့်မှန်း တတ်သော်လည်း ရေနံတင် သင်္ဘောကြီး ဆိပ်ကမ်း၌ ဆိုက်ကပ် ထားစဉ် ငါးဖမ်း တံငါ စက်လှေ ဖြင့် သင်္ဘောဦးပိုင်း ကနေ ပဲ့ပိုင်းအထိ ခုတ်မောင်းကြည့် ရာ အချိန် ၇ မိနှစ်ကြာအောင် မှောင်းနှင်ရကြောင်း တံငါ လုပ်ငန်း လုပ်ကိုင်သော ဒေသခံများက ပြောပြ ကြသည်။
“ကျနော်တို့ ငါးဖမ်းပိုက် ချတယ်ဆိုတာက ရေပေါ်မှာ ချတာ မဟုတ်ဘူး။ ရေအောက်မှာပဲချတာ။ ပိုက်တွေက သင်္ဘော ပန်ကာပေါ်မှာ လုံးထွေးပြီးတော့ ပါသွားတယ်ဆိုတော့ သင်္ဘော ဘယ်လောက်ထိကြီးလဲ ဆိုတာ စဉ်းစားကြည့်လို့ ရတယ်။ သာမန် ရေအတက်အကျနဲ့ဆို ကျနော်တို့စက်လှေနဲ့ သဘောၤဦးနဲ့ ပဲ့ကို ၇ မိနှစ်လောက် မောင်းရတယ်”ဟု မဒေးကျွန်းပေါ် ရှိ ပန်းထိန်ဆည် ကျေးရွာနေ ရေလုပ်သား ကိုမောင်အုန်းကြီးက ပြောသည်။

ပင်လယ်အောက်တွင် ခရု၊ ကမာ၊ ဂုံးကောင်များကို ငုတ်ပြီး ဝမ်းရေးဖြေရှင်းနေသော မဒေးကျွန်း ဒေသခံ ဦးသန်းထွန်း ကလည်း လက်ရှိ သင်္ဘော ဝင်ရောက်သွားနေသည့် ရေလမ်းကြောင်း၏ အနက်သည် ဒေသအခေါ်အဝေါ် လက် အလန် ၃၅ လန် (ပေ ၂၀၀ ကျော်) အနက် ရှိသည်ဟု ပြောဆိုသည်။
“သင်္ဘောဝင်တဲ့ အချိန်တိုင်း ကျနော်တို့နဲ့ တွေ့တာပဲ။ သူတို့ သင်္ဘောတွေ သွားတဲ့ ရေလမ်းကြောင်းက ကျနော်တို့ ကြိုးချ ပြီး တိုင်းကြည့်တာ လက် အလန် ၃၅ လန် နက်တယ်”ဟု ဦးသန်းထွန်းက ပြောသည်။
ကျောက်ဖြူမြို့နယ် အတွင်း တည်ရှိသော တရုတ်စီမံကိန်းများနှင့် ပတ်သက်၍ သတင်း အချက်အလက်နှင့် စက်ရုံအတွင်း သို့ ဝင်ထွက် သွားလာမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် စက်ရုံတာဝန်ရှိသူများက အထူး တင်းကြပ်ထားသည်။
ဧရာဝတီက မဒေးကျွန်းပေါ်သို့ သွားရောက်လေ့လာခဲ့ရာ သတင်း အချက်အလက်များ မေးမြန်းရာတွင် တာဝန်ရှိသူများက ပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် ပါရှိရမည်ဖြစ်ကြောင်း ပြောသည်။

မဒေးကျွန်းရှိ စီမံကိန်းသည် နိုင်ငံတော်အဆင့် ဖြစ်သည့်အတွက် ဓာတ်ပုံ ရိုက်ခွင့်ပင် မရှိကြောင်း၊ ဓာတ်ပုံ ရိုက်လိုကလည်း ပြည်ထဲရေး ဝန်ကြီးဌာနကို ကြိုတင်ခွင့်ပြုချက် တင်ပြီးမှသာ ရိုက်ခွင့် ပြုနိုင်မည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများက သတင်း အချက်အလက် သိရှိပိုင်ခွင့်နှင့် ပတ်သက်၍ အထူး တင်းကြပ်ထားသည်ကို ကြုံတွေ့ခဲ့ရသည်။
ယင်း စီမံကိန်းအတွက် လုံခြုံရေး တာဝန်ယူထားသော ရဲတပ်ဖွဲ့ဝင် တဦးအား ရေနံတင် သင်္ဘောများ၏ ဝင်ရောက်မှု အခြေ အနေကို မေးမြန်းကြည့်ရာတွင် ၎င်းသည် လုံခြုံရေး တာဝန်ယူရန် တခုတည်းသာ တာဝန်ရှိသည့် အတွက် တခြား ကိစ္စများ ကို ပြောဆို၍ မရကြောင်း၊ သိလိုသည်များ ရှိပါက မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ကိုသာ မေးမြန်းရန် ပြန်လည် ဖြေကြားသည်။
စီမံကိန်း ဧရိယာအတွင်း ကျွန်းပေါ်နေ ဒေသခံများ အပါအဝင် လာရောက် လေ့လာသူများကို ထိုနေရာတွင် လုံခြုံရေး တာဝန် ကျနေသော ရဲ တပ်ဖွဲ့ဝင်များက ခေါ်ယူ စစ်ဆေးလေ့ရှိကြောင်း သိရသည်။
ကျောက်ဖြူ SEZ အပါအဝင် ဒေသတွင်းရှိ တရုတ်စီမံကိန်းများနှင့် ပတ်သက်၍ အာဏာပိုင်များနှင့် မြန်မာ့ ရေနံနှင့် သဘဝ ဓာတ်ငွေ့ လုပ်ငန်းမှ တာရှိသူများကို သွားရောက် မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် တိတိကျကျ သိရှိထားခြင်း မရှိ သည့် အတွက် အထက်လူကြီးများကိုသာ မေးမြန်းရန် ဖြေကြားခဲ့သည်။
သယံဇာတ ရတနာသိုက် အဖြစ် တင်စားလေ့ရှိသည့် ကျောက်ဖြူမြို့နယ် အတွင်းက တရုတ် စီမံကိန်းများနှင့် ပတ်သက်၍ ထို စီမံကိန်းများသည် ဒေသအတွက် အကျိုးမပြုဘဲ တရုတ်နိုင်ငံနှင့် အစိုးရ အာဏာပိုင်များ အတွက်သာ အကျိုး ဖြစ်ထွန်း သည့် စီမံကိန်းမျိုး ဖြစ်ကြောင်း ဒေသခံများက စွဲမှတ်ထားကြောင်း သိရှိရသည်။
တရုတ် စီမံကိန်း ဝင်ရောက်လာကတည်းက ကျောက်ဖြူမြို့နယ် အတွင်း မြေယာဆုံးရှုံးမှု များပြားလာခဲ့သလို ဒေသ အတွင်း မူယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများလည်း တစတစ ကြီးထွားလာနေကြောင်း ကျောက်ဖြူ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အသင်း ညှိနိုင်းရေးမှူး ကိုထွန်းကြည်က ဝေဖန်သည်။

“ကျောက်ဖြုမှာ မူးယစ်ဆေးဝါး ပေါများလာတာက ရွှေဂက်စ်ကို စလုပ်တဲ့ ၂၀၁၀ ခုနှစ်ကတည်းက ဖြစ်တယ်။ တရုတ်တွေ မူးယစ်ဆေးဝါး သုံးစွဲတယ်လို့ ကျနော် မစွပ်စွဲလိုပေမယ့် သေချာတာတခုက ဓတ်ငွေ့ ပိုက်လိုင်း စီမံကိန်း တည်ဆောက်တဲ့ အချိန်အတွင်းမှာပဲ မူးယစ်ဆေးဝါးက ကျောက်ဖြူမြို့နယ်ကို ဝင်ရောက်လာတာ ဖြစ်တယ်။ အခုဆိုရင် အဲဒီလူတွေ ထွက် သွား လို့ မူးယစ်ဆေးဝါးက ကျောက်ဖြူမြို့နယ်က ထွက်မသွားဘဲ ကျောင်းသား လူငယ်တွေကို ပစ်မှတ်ထားနေပြီ”ဟု လည်း ၎င်းက ပြောဆိုသည်။
ကျောက်ဖြူမြို့နယ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်း အပါအဝင် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများ တည်ဆောက်စဉ် အချိန်ကလည်း အစိုးရ အာဏာပိုင်များက စီမံကိန်းဝင်လာလျှင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရမည်ဟု ကတိပေး ပြောဆိုမှုများ ရှိခဲ့သည်ဟု သိရသည်။
သို့သော် လက်တွေ့တွင် ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း မရရှိသည့်အပြင် မြေယာဆုံးရှုံးမှုနှင့် မိရိုးဖလာ ရှာဖွေ စားသောက်လာသော ငါးဖမ်း လုပ်ကွက်များပါ ထိခိုက်ဆုံးရှုံးရသည့် အခြေအနေ ဖြစ်နေသည်။
မဒေးကျွန်း ဒေသခံ ကိုမောင်မြင့်စိုးက “ကျနော်တို့ကတော့ လက်တွေ့ မြင်နေရပြီလေ။ ဒီ CNPC (တရုတ် ကုမ္ပဏီ)က လုပ်တဲ့ မဒေးကျွန်း မှာတောင် ကျွန်းသူ၊ ကျွန်းသားတွေ ဒီလောက် ဒုက္ခရောက်နေရင် SEZ သာ ဝင်လာမယ်ဆိုရင် ဒေသခံတွေ တော်တော် ဒုက္ခရောက်မှာ သေချာတယ်”ဟု ပြောဆိုလိုက်ပါသည်။ ။
ဆက်စပ်ဖတ်ရှုရန် – တရုတ် စီမံကိန်းများနှင့် ရခိုင် ဒေသခံများ ဘဝ