Facebook ဟာ သုံးစွဲသူတွေ ကိုယ့်သဘောနဲ့ ကိုယ်တင်နေတဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို သုံးစွဲပြီး အမြတ်ထုတ်စီးပွားရှာနေတဲ့ အလွတ်စုံထောက် ကုမ္ပဏီတခုလို့ အမေရိကန် စီအိုင်အေ ဝန်ထမ်းဟောင်း စနိုး ဒင်လို ကွန်ပျူတာကျွမ်းကျင်ပညာရှင် တယောက်ကပါ စွပ်စွဲလာပြီဆိုတော့ သုံးစွဲနေသူတွေရဲ့ပုဂ္ဂိုလ်ရေး အ ချက်အလက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာပါတယ်။
“Facebook ဟာ သန်းချီတဲ့သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေအပြင် တဦးချင်း ကိုယ့်သဘောနဲ့ ကိုယ်တင်ထားတဲ့ အချက်အလက်တွေကိုပါ အသုံးချ ရောင်းစားပြီး စီးပွားရှာနေတယ်။ Facebook သုံးစွဲသူ တွေဟာ သားကောင် သက်သက်မကတော့ပဲ ကြံရာပါတွေပါဖြစ်နေတယ်” လို့ စနိုးဒင်က သူသုံးစွဲနေတဲ့ Twitter စာမျက်နှာပေါ်မှာ ရေးသားခဲ့တယ်။
သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အလွဲသုံးစားပြုခဲ့တဲ့ Facebook ရဲ့ အကျိုးစီးပွား အမြတ် ထုတ်မှုအပေါ် စနိုးဒင်ရဲ့ စွပ်စွဲပြောဆိုချက်ဟာလည်း Facebook စီအီးအို ဇူကာဘတ်နဲ့ တကွ Facebook ကုမ္ပဏီပေါ်မှာရော တကမ္ဘာလုံးမှာပါ ရိုက်ခတ်မှု ရှိနေပါတယ်။
သုံးစွဲသူတွေရဲ့ သတင်းအချက်အလက် (Data) တွေကို ပေါက်ကြားစေခဲ့တဲ့ Facebook ကုမ္ပဏီရဲ့ အမှားကို ဇူကာဘတ်ကိုယ်တိုင် CNN နဲ့ အင်တာဗျူး လုပ်ခဲ့တုန်းက ဖွင့်ဟဝန်ခံတောင်းပန်ခဲ့ရပါတယ်။ အဲဒီ အပြင် အမေရိကန်နဲ့ ဗြိတိန်ထုတ် နာမည်ကြီး သတင်းစာတွေထဲမှာ မျက်နှာပြည့်ကြော်ငြာတွေထည့်ပြီး တောင်းပန် စာထည့်သွင်းခဲ့ရပါတယ်။
“ခင်ဗျားတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ပေးဖို့က ကျနော်တို့ တာဝန်ပါ။ မကာကွယ်နိုင်ဘူး ဆိုရင် ကျနော်တို့ဟာ ဒီအလုပ်ကို လုပ်ဖို့ မထိုက်တန်လို့ပဲ” ဆိုတဲ့ ဇူကာဘတ် ကိုယ်တိုင် လက်မှတ်ထိုးထား တဲ့ တောင်းပန်စာကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ရပါတယ်။
“တက္ကသိုလ်တစ်ခုက သုတေသနပညာရှင်တစ်ယောက်ရဲ့ ဉာဏ်စမ်းပဟေဋ္ဌိ ဆော့(ဖ)ဝဲ တစ်ခုကတဆင့် သန်းချီတဲ့ Facebook သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ၂၀၁၄ ခုနှစ်တုန်းက ပေါက်ကြားခဲ့တာဖြစ်တယ်” လို့ ဇူကာဘတ်က ဖြေရှင်းခဲ့ပေမယ့်လည်း ကိန်းဘရစ်တက္ကသိုလ်က သုတေသနပညာရှင် Aleksandr Kogan က တဆင့် ပေါက်ကြားသွားခဲ့တဲ့ Facebook သုံးစွဲသူ သန်းငါးဆယ်လောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘယ်လိုမှ အကာအကွယ်မပေးနိုင်ခဲ့တော့ပါဘူး။
Cambridge Analytica ကုမ္ပဏီဟာ ကိန်းဘရစ်ပညာရှင် Aleksandr Kogan ဆီက သန်းချီတဲ့ အမေရိကန်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဝယ်ယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒီကိုယ်ရေးအချက်အလက်တွေကို အသုံးပြုပြီး အမေရိကန် သမ္မတ ရွေးကောက်ပွဲကာလအတွင်းမှာ မဲဆွယ်စည်းရုံးမှုတွေ၊ သတင်းအတုအယောင်တွေနဲ့ ဝါဒဖြန့်ပြီး အမေရိကန်မဲဆန္ဒရှင်တွေအကြား စနစ်တကျ စိတ်ဓါတ်စစ်ဆင်ရေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Cambridge Analytica ကုမ္ပဏီဟာ လန်ဒန်အခြေစိုက် သတင်းအချက်အလက် သုတေသနပြုလုပ်တဲ့ ဗြိတိသျှကုမ္ပဏီကြီးတခုဖြစ်ပြီး ထရမ့်ရဲ့ သမ္မတမဲဆွယ်ပွဲအတွက် အလုပ်လုပ်ပေးခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ခုတလောတော့ Facebook ကို ဆက်သုံးစွဲသင့် မစွဲသင့် ဆိုတဲ့ တွေးဆချက်တွေဟာ သုံးစွဲသူ အတော်များများကြား စဉ်းစားစရာ ဖြစ်လာပါတယ်။
လက်ရှိ အနေအထားမှာတော့ လူအတော်များများ Facebook ကို ဘိန်းစွဲသလို စွဲနေကြတယ်လို့ပြောရင် မှား မယ် မထင်ပါဘူး။ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ တင်တယ်။ ထင်မြင်ယူဆချက်တွေ တင်တယ်။ မိတ်ဆွေ တွေနဲ့ အပြန်အလှန် ဆက်သွယ်ပြောဆိုကြတယ်။ တစုံတယောက်ရဲ့ ပုဂ္ဂိုလ်ရေးအကြောင်း မိသားစုဝင်တွေ အကြောင်းသိချင်ရင် သူ့ရဲ့ Facebook ပေါ်မှာပဲ အလွယ်တက ူရှာဖွေနိုင်လာတယ်။ Facebook ကို ကမ္ဘာတခု လို့ ထင်ပြီး နေထိုင် စားသောက်နေတဲ့သူတွေ တနေ့တခြား များလာပါတယ်။
တစတစနဲ့ Facebook ဟာ ပုဂ္ဂိုလ်ရေးတွေမှာပါ လုံးလုံးလျားလျား စွက်ဖက်လာမှုတွေ ရှိလာတယ်။ အုပ်စုဖွဲ့ တာ၊ အနုပညာရှင်တွေ နာမည်ထူထောင်တာ၊ ဈေးကွက်ရှာတာ၊ ရောင်းတာ ဝယ်တာ၊ လုံးလုံးမသိတဲ့ လူ တွေကို ကြားထဲက အသိမိတ်ဆွေတွေက တဆင့် မိတ်ဆွေဖြစ်လာအောင် အကြံပြုတာ၊ Dating Agency နဲ့ ကိုယ်ရေးအချက်အလက်တွေ ဖလှယ်တာ၊ ပုဂ္ဂိုလ်ရေး ရှေ့ဖြစ်ဟော Application ပေါင်းစုံကတဆင့် ကိုယ် ရေးအချက်အလက်တွေ မျှဝေသုံးစွဲတာ … တဖြည်းဖြည်းနဲ့ လူတဦးခြင်းစီရဲ့ တကိုယ်ရည် လွတ်လပ်မှုဇုန်တွေ ထဲအထိ ကျူးကျော် ချဉ်းနင်းဝင်ရောက်လာလိုက်တာ ကိုယ့်ကိုယ်ကိုတောင် မပိုင်တော့သလို ဖြစ်လာပါ တယ်။
ဆိုရှယ်မီဒီယာ နိုင်ငံရေး
တကယ်တော့ ဆိုရှယ်မီဒီယာဆိုတာ အင်တာနက် အသုံးပြုပြီး နှစ်ပေါင်း၂၀ နီးပါးကြာမှပေါ်လာတဲ့ ကမ္ဘာသုံး လူမှုကွန်ရက် တခုဖြစ်ပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနအတွက် စစ်ရေးသုတေသနတွေပြု လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၆၀ အစောပိုင်းကာလတွေကစပြီး အင်တာနက်ကို စတင်သုံးစွဲခဲ့ကြတယ်။
လူတွေအတွက် အသုံးတည့်မှန်း သိလာကတည်းက ကမ္ဘာသုံးနည်းပညာ ကွန်ရက် တခုအနေနဲ့ ၁၉၈၀ နောက်ပိုင်းကစပြီး အင်တာနက်ကို စီးပွားဖြစ် စတင်သုံးစွဲလာကြတယ်။ ဒီနေ့မှာတော့ ဆိုရှယ်မီဒီယာဟာ အမေရိကန် သမ္မတ ရွေးကောက်ပွဲကိုတောင် ကပြောင်းကပြန် ဖြစ်သွားအောင် မွှေနိုင်စွမ်းရှိတဲ့ မီဒီယာ တခု ဖြစ်လာခဲ့ပါတယ်။
အရင်တုန်းက ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်တွေကို ရောင်းစားတဲ့ စီးပွားရေးလုပ်ငန်းတွေကို အလွတ်စုံထောက် ကုမ္ပဏီတွေလို့ ခေါ်ခဲ့ကြရာကနေ ဆိုရှယ်မီဒီယာအနေနဲ့ အသွင်ပြောင်းပြီး ပြန်ပေါ်လာတာဟာ စစ်ဆင်ရေးဌာနတွေကိုတောင် ခုခံရေးဌာနတွေအဖြစ် အသွင်ပြောင်းသွားရလောက်အောင် အောင်မြင်တဲ့ လှည့်ကွက်တခုပဲလို့လည်း စနိုးဒင်က ထောက်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ ကာလတွေမှာ Facebook ကတဆင့် သတင်းတုတွေ အများကြီး ပျံ့နှံ့ခဲ့တာနဲ့ပတ်သက်ပြီး ဇူကာဘတ်ကိုယ်တိုင် ဝန်ခံပြောကြားခဲ့ရသလို သတင်းတုတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ပေးပါ့မယ်လို့လည်း ကတိပြုခဲ့ရပါသေးတယ်။
၂၀၁၅ ကနေ ၂၀၁၇ အတွင်း “troll farm” လို့ခေါ်တဲ့ ရုရှား အင်တာနက် သုတေသန အေဂျင်စီ တခုဆီကနေ ဒေါ်လာတသိန်းတန် ရုရှားထောက်ခံတဲ့ ဝါဒဖြန့်ကြော်ငြာတွေ ဝယ်ခဲ့တဲ့ ကုမ္ပဏီအကြောင်း သတင်းအချက်အလက်တွေကို Facebook က Robert Mueller (ထရမ့်ရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲနဲ့ ရုရှားရဲ့ အဆက်အစပ်ကို စုံစမ်းထောက်လှမ်းနေတဲ့ အထူးအရာရှိ) ကို မနှစ်ကပဲ ပေးအပ်ခဲ့ပါသေးတယ်။
အဲဒီဒေါ်လာတသိန်းဟာ ကြော်ငြာပေါင်း ၃ ထောင်အပြင် Facebook Account/ Page အတုပေါင်း ၄၇၀ လောက်နဲ့ ပတ်သက်နေတယ်လို့လည်း သိရပါတယ်။
နိုင်ငံရေးနဲ့ နေ့စဉ် လူမှုဘဝတွေဟာ အဆက်အစပ်ရှိနေတဲ့အတွက် ဆိုရှယ်မီဒီယာရဲ့ သြဇာသက်ရောက်မှု ဟာ တဦးတယောက်ချင်း၊ လူအုပ်စုတစုချင်း၊ နိုင်ငံတနိုင်ငံချင်းကနေ ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တခုအနေနဲ့ပါ ဆင့်ကဲ ရိုက်ခတ်နေပါတယ်။
ကိုယ်ရေး အချက်အလက်တွေ ပေါက်ကြားမှုကြောင့် Facebook သုံးရတာ လုံခြုံမှုမရှိသလို ခံစားလာရ က တည်းက သူ့ကို စွန့်ခွာသင့်ပြီလားလို့ သုံးစွဲသူတွေကြားမှာ စတွေးမိလာကြပါတယ်။
နိစ္စဓူဝ လူမှုဘဝမှာ ထဲထဲဝင်ဝင် စိမ့်ဝင်နေခဲ့တဲ့ Facebook မရှိရင် ဘာဖြစ်မလဲဆိုတာကို စတွေးကြရတဲ့ အ ချိန်တခုကို ရောက်လာပါပြီ။
မရှိမဖြစ် Facebook လား
သူမရှိရင်ဘာဖြစ်မလဲ။ အရင်ဆုံး ကိုယ့်မိတ်ဆွေအသိုင်းအဝိုင်းမှာ..ကိုယ့်ပတ်ဝန်းကျင်မှာ..ကိုယ့်နိုင်ငံမှာ.. ကိုယ့်မိတ်ဆွေတွေ နိုင်ငံမှာ.. တကမ္ဘာလုံးမှာ.. ဘာတွေဖြစ်နေသလဲဆိုတာ စက္ကန့်နဲ့အမှျှ သိနေရာကနေ အသိနောက်ကျသွားမယ်။
သူမရှိရင် ကိုယ့်ထင်မြင်ယူဆချက်တွေ လွတ်လွတ်လပ်လပ် ဖော်ပြလို့ရတဲ့နေရာ တခုပျောက်သွားမယ်။
သူမရှိရင် အချိန်နဲ့တပြေးညီ ရုပ်မြင်သံကြား လွှင့်လို့ရတဲ့ ကိုယ်ပိုင် မီဒီယာတခု ပျောက်သွားမယ်။
သူမရှိရင် မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့ ၂၄ နာရီ အချိန်မရွေးဆက်သွယ်နိုင်တဲ့ ဆက်သွယ်ရေး ဝန်ဆောင် မှုတခု ပျောက်သွားမယ်။
သူမရှိရင် ကိုယ်တိုင်တည်ခင်းထားတဲ့ တနိုင်တပိုင် ဈေးခင်းကလေးတွေ ပျောက်သွားမယ်။
သူမရှိရင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး တရားဟောစင်မြင့်တွေ ပျောက်သွားမယ်။
သူမရှိရင် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီးထဲမှာ တည်ဆောက်ထားတဲ့ ကိုယ်ပိုင် ကမ္ဘာငယ်တခု ပျောက်သွား မယ်။
ဘယ်လိုပဲဖြစ်စေ သူမရှိပေမယ့် အရင်ကလည်း နေလို့ရခဲ့တဲ့ အချိန်တွေရှိခဲ့ဖူးတာပါပဲ။ ကမ္ဘာကြီးမှာ အင် တာနက် မရှိဘဲ နေလို့ရခဲ့တဲ့ နှစ်ကာလပေါင်းများစွာ ရှိခဲ့ဖူးပါတယ်။ မရှိမဖြစ်ဆိုတာ ဘာမှမရှိပါဘူး။ သူ့ အပေါ်မှာ လုံးလုံးလျားလျားကြီး မှီခိုလိုက်မိလို့သာ မရှိမဖြစ်ဆိုတာမျိုး ဖြစ်လာတာပါ။
သူမရှိပေမယ့် နေ့စဉ်အလုပ်ကိစ္စအတွက် အသုံးပြုလို့ရတဲ့ အီးမေးလ်တွေ၊ တခြားဖတ်စရာ သတင်းဝက်(ဘ) ဆိုက်တွေ၊ ဆက်သွယ်ရေးဝန်ဆောင်မှု application တွေ၊ ဉာဏ်အလင်းပွင့်စေတဲ့ အင်တာနက်ပေါ်က သ တင်းအချက်အလက် ရှာဖွေရေးအေဂျင်စီတွေလည်း ရှိနေပါသေးတယ်။
သူမရှိရင် အချိန်တွေ အများကြီး ပိုထွက်လာမယ်။ အလုပ်လုပ်ချိန်၊ စာဖတ်ချိန်၊ ခရီးသွားချိန်၊ မိသားစုနဲ့ အပန်းဖြေတဲ့အချိန်တွေ ရှိလာမယ်။
သူမရှိရင် ကွန်ပျူတာတလုံး ဖုန်းတလုံးနဲ့ အချိန်ကုန်မနေတော့ဘဲ ကိုယ်လက်လှုပ်ရှားကျန်းမာရေး လုပ်ဖို့ အချိန်တွေရှိလာမယ်။
သူမရှိရင် တနေ့တနေ့ Facebook ကြည့်ရင်းဖြစ်နေတဲ့ မစ္ဆရိယစိတ်တွေ လျော့ပါးလာပြီး စိတ်ကျန်းမာရေး ကောင်းလာမယ်။
သူမရှိရင် လက်ဖက်ရည်ဆိုင်မှာ ကိုယ်စီကိုယ်ငှ ဖုန်းထိုင်ပွတ်နေကြမယ့်အစား မိတ်ဆွေအချင်းချင်း စကား ပြောငြင်းခုံဖို့ အချိန်တွေပိုထွက်လာမယ်။
သူမရှိရင် မိမိကိုယ်မိမိပဲ အာရုံပြုစူးစိုက်နေရာက အများသူငါအတွက် စဉ်းစားတွေးခေါ်ပေးမှုတွေ ရှိလာမယ်။
သူမရှိရင် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံမှု ပိုရှိလာပြီး မိမိကိုယ်မိမိ ယုံကြည်မှု ပိုရှိလာမယ်။
သူမရှိရင် ကိုယ်ဟာ သူပြုစားခံထားရတဲ့သူ သူ့အပေါ် လုံးလုံးလျားလျား မှီခိုအားထားနေသူ တယောက် မဟုတ်တော့ပဲ မိမိကိုယ်မိမိ ပြန်လည်ပိုင်ဆိုင်မှု ရှိလာမယ်။
တကယ်တော့ Facebook အပါအဝင် ဆိုရှယ်မီဒီယာဆိုတာ ပုံရိပ်ယောင်တွေအပြည့်နဲ့ ဟုတ်ယောင်ထင်မှု အနန္တနဲ့ ဖမ်းစားထားတဲ့ သူယောင်ပေါတဲ့ တောအုပ်တွေပါပဲ။ ကိုယ့်ဝိဉာဉ် အနှုတ်မခံရသေးခင် သူယောင် တောအပြင်က လောကဓာတ်တခွင်ကို မျှော်ကြည့်လိုက်စမ်းပါ။ လောကဓံအပြည့်နဲ့ စိတ်လှုပ်ရှားစရာ အပြည့် ရှိတဲ့ အစစ်အမှန် သတ္တလောကကြီးက သင့်ကိုကြိုဆိုနေပါလိမ့်မယ်။
(မွန်မွန်မြတ်သည် အမျိုးသမီး ကဗျာဆရာနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ပြီး ယခုအခါ ချင်းမိုင်မြို့ရှိ Payap တက္ကသိုလ်တွင် Peace Studies ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာမှု Phd ဘွဲ့အတွက် တက်ရောက်သင်ကြားနေသူဖြစ်သည်။)