ဆောင်းပါး

မညီညွတ်သော တိုင်းရင်းသား လူမျိုးများ နှင့် ဖက်ဒရယ် အရေး

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် တန်းတူညီမျှ အခွင့်အရေး မရရှိခြင်းနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် မရရှိခြင်းတို့ကြောင့် တိုင်းရင်းသားများ သည် လက်နက်စွဲကိုင် တိုက်ပွဲ ဝင်ခဲ့ကြသည်မှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှ ယနေ့ အချိန်ထိပင် ဖြစ် သည်။

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းခြင်း ဖြစ်ကြောင်းလည်း ဆိုကြသည်။

ထိုအချိန်မှ စ၍ မြန်မာနိုင်ငံ၏ ပြည်တွင်း စစ်မီးသည် နှစ်ပေါင်း ၇၀ ဝန်းကျင် ကြာမြင့်လာသည့်တိုင် မငြှိမ်းသတ်နိုင်ဘဲ ဖြစ်ခဲ့ရသည်။

ပြည်တွင်းစစ် ရပ်တန့်ရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးသည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ကပင် မတူကွဲပြားသော ချဉ်းကပ်မှုများဖြင့် ဆောင်ရွက်လာခဲ့ရာ လက်ရှိ အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက် ကိုင် ၂၁ ဖွဲ့အနက် ၁၀ ဖွဲ့ အပစ်ရပ် လက်မှတ်ထိုးခဲ့သည်။

ထိုအခြေအနေသည် တိုင်းရင်းသားများကြား စည်းလုံး ညီညွတ်မှု မရှိခြင်းနှင့် နိုင်ငံရေး ဆွေးနွေးရာတွင် အသာစီး မရရှိ နိုင်သော အခြေအနေ အဖြစ် မြင်တွေ့ရမည် ဖြစ်သည်။

လက်ရှိတွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) အပေါ် သဘောထားများ မတူညီကြ ခြင်းကြောင့် လက်မှတ်ထိုး အဖွဲ့နှင့်မထိုးအဖွဲ့ ဟူ၍ ကွဲပြားနေ သည်။

NCA လက်မှတ်မထိုးသည့် လက်နက်ကိုင် အဖွဲ့များက ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ကို ဖွဲ့စည်း၍ NCA မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ပေးရန်၊ တဖွဲ့ချင်း မဆွေးနွေးဘဲ ၇ ဖွဲ့ဖြင့် စုဖွဲ့ ထား သော FPNCC ဖြင့်သာ ဆွေးနွေးရန်ဟု မူဝါဒ ချမှတ်သည်။

FPNCC တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA – မိုင်းလား အဖွဲ့)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA)တို့ ပါဝင်ကြသည်။

တခြား တဖက်ရှိ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA-PC ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်း အမျိုးသား တပ်ဦး(CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)တို့က NCA ကို လက်ခံကာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ထိုးခဲ့သည်။

ထို့ပြင် တဖွဲ့တည်း မသွားဟုဆိုသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် မွန်ပြည်သစ် ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည်လည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က NCA လက်မှတ် ထိုးခဲ့ကြပြီး ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC) တို့ကမူ ယနေ့အထိ လက်မှတ်မထိုးနိုင်ဘဲ ဖြစ်နေသည်။

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က “EAO (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့) တွေထဲမှာ စည်းလုံးမှု မရှိ ဘူး ဆိုတာ မှန်ပါတယ်။ အခု အပိုင်း ၃ ပိုင်း ကွဲနေတာ။ UNFC က ၂ ပိုင်း ကွဲနေတယ်။ လက်မှတ်ထိုးတဲ့ အပိုင်းနဲ့ မထိုးတဲ့ အပိုင်းပေါ့။ နောက်ပြီးတော့ “ဝ”အဖွဲ့ ခေါင်းဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ဆိုပြီးတော့ ကွဲသွားတာပေါ့။ ဒီလို ဖြစ်သွားတာရဲ့ အရင်းခံ အကြောင်းကတော့ NCA လက်မှတ်ရေး ထိုးခွင့် မှာ ဟိုအဖွဲ့ မပါရ၊ ဒီအဖွဲ့ မပါရဆိုတဲ့ ခွဲခြား ကန့်သတ်မှုတွေကြောင့် ဖြစ်တယ်”ဟု ပြောသည်။

ထိုအခြေအနေများသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား စည်းလုံး ညီညွတ်မှု မရှိသည်ကို ပြသ နေသကဲ့ သို့ အစိုးရနှင့် တပ်မတော်ဘက်က အလိုအလျောက် တပန်းသာနေစေပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေး တောင်းဆိုခြင်း အပေါ် အားနည်းသွားနိုင်ပါသည်။

ထို့ပြင် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနှင့် တန်းတူညီမျှ အခွင့်အရေး ရရှိရေး ဆိုသော တောင်းဆိုမှု အပေါ်လည်း အပြန်အလှန် အားပေး ထောက်ခံ ကူညီမှုများ မရရှိမှု ဖြစ်စေနိုင်ပြီး ထိရောက်သော တောင်းဆိုမှုကို မပြုလုပ်နိုင်သော အခြေအနေသို့လည်း ရောက်ရှိ သွားနိုင်ပါသည်။

မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အဖွဲ့ (ISP) မှ ဒါရိုက်တာ ဦးအောင်သူငြိမ်းက “ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO) တွေမှာ သဘော သဘာဝအရ၊ နယ်မြေအရ၊ မတူတဲ့ အကျိုးစီးပွားတွေ ရှိနေကြပါတယ်။ ဒါကို ဖြေရှင်းနိုင်ကြဖို့ တပ်ပေါင်းစုတွေ အကြိမ်ကြိမ် ဖွဲ့ခဲ့တယ်။ တပ်ပေါင်းစုတွေ အကြိမ်ကြိမ် ပြိုကွဲခဲ့တယ်။ အလုပ် မဖြစ်ကြဘူး။ ဒီအချက် အပေါ်မှာ အစိုးရနဲ့ တပ်မတော်ဘက်က သွေးခွဲသည် မဟုတ်တောင်မှ၊ ခွဲခြားဆွေးနွေးဖို့ အကြောင်းတွေ ဖြစ်စေပါ တယ်။ အလုံးစုံ ညီညွတ်ရေး ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ရှေ့ခရီးဆက်ကြဖို့ ဘုံတူညီတဲ့ လုပ်ငန်းစဉ် အပေါ် ပေါင်းစုနိုင်ရင် ကောင်းပါတယ်”ဟု ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံကို တည်ဆောက်သွားရန် ဆိုသော အချက် အပေါ် ယေဘုယျအားဖြင့် အားလုံးက သဘောတူ လက်ခံထားကြသော်လည်း အစိုးရနှင့် တပ်မတော်ကို တွေ့ဆုံ ဆွေးနွေးသည့် အခါတွင် စည်းလုံး ညီညွတ်မှု မရှိခြင်းကြောင့် ထိထိရောက်ရောက် တောင်းဆိုနိုင်ခြင်း မရှိသည်ကို တွေ့ရသည်ဟု ဆိုသည်။

ထိုသို့ စည်းလုံး ညီညွတ်မှု မရှိဖြစ်နေခြင်းကြောင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တောင်းဆိုမှု အားနည်း နေသည့် အချိန်တွင်ပင် NCA လက်မှတ် ထိုးထားသော လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ထဲတွင် နေရာ ခွဲဝေမှုနှင့် ပါဝင်မှု အခြေအနေသည်လည်း အားနည်းလာနေသည်ကို တွေ့ရပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် တိုင်းရင်းသား လက်နက်ကိုင်များကြား နေရာ ခွဲဝေမှုနှင့် ပါဝင်နေမှုကို လေ့လာကြည့်ခြင်းဖြင့် တွေ့မြင်နိုင်ပါသည်။

UPDJC တွင် NCA လက်မှတ် ထိုးထားသော လက်နက်ကိုင် ၁၀ ဖွဲ့အနက် အင်အားစုငယ်များက နေရာယူမှု များနေပြီး အင်အားကြီးသော အဖွဲ့နှင့် နိုင်ငံရေး အတွေ့အကြုံရှိကာ ဆွေးနွေးပွဲကို ဦးဆောင်နိုင်သော ပုဂ္ဂိုလ်များ အစား မဆွေး နွေး နိုင်၊ မဦးဆောင်နိုင်သူများကို ထည့်သွင်းထားခြင်းက အစိုးရနှင့် တပ်မတော် တို့ကို ဆွေးနွေး သည့်အခါ ထိထိ ရောက်ရောက် မဆွေးနွေးနိုင်ဘဲ ဖြစ်စေနိုင်ပါသည်။

လက်ရှိ UPDJC တွင် နိုင်ငံရေး အတွေ့အကြုံရှိပြီး ဆွေးနွေးပွဲကို ဦးဆောင်နိုင်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ပဒို ကွယ်ထူးဝင်းတို့ ထွက်ပေးလိုက်ရပြီး အတွေ့အကြုံ နုနယ်ကာ ဆွေးနွေးပွဲကို ဦးမဆောင် နိုင်ခြင်းနှင့် အကြံဉာဏ် ပေးရေး အားနည်းသော ပုဂ္ဂိုလ်များကို ထည့်သွင်းထားခြင်းက အစိုးရနှင့် တပ်မတော် အတွက် အကြိုက် ဖြစ်စေနေ မလား စဉ်းစား စရာများ ရှိလာခဲ့သည်။

ထိုအခြေအနေပေါ် မဟာဗျူဟာနှင့်မူဝါဒ လေ့လာရေးအဖွဲ့(ISP)မှ ဒါရိုက်တာ ဦးအောင်သူငြိမ်းက UPDJC အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံးတွင် ယင်း အချက်ကို ဂရုပြုသင့်ကြောင်း ပြောဆိုသည်။

UPDJC မှ ထွက်ပေးလိုက်ရသော PNLO ၏ ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ရှင်းရှင်းပြောရင် တော့ KNU က စတဲ့ ကိစ္စ။ KNU မှာ ပဒိုကွယ်(ပဒိုစောကွယ်ထူးဝင်း)ကို သူတို့ ဖယ်ရှားပြီးတဲ့ နောက်မှာ အာဏာ ရလာတဲ့ လူငယ် တွေ လူသစ်တွေ ကနေပြီးတော့ အစုအဖွဲ့ကို လွှမ်းမိုးဖို့ ကြိုးစားလာတဲ့ သဘောရှိတာပေါ့။ အဲဒါ ပါပဲ”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက မိမိသည် ပဒိုစောကွယ်ထူးဝင်းကို အကြံဉာဏ်ပေးရေးအတွက် UPDJC တွင် ပါဝင်နေခြင်း ဖြစ်ရာ ပဒို ကွယ်ထူးဝင်း မရှိတော့ခြင်းကြောင့် နုတ်ထွက်ခဲ့ခြင်း ဖြစ်သကဲ့သို့ UPDJC တွင် ဦးဆောင်မည့် ပုဂ္ဂိုလ်များ၏ နိုင်ငံ ရေး ရေချိန်ကို သဘောမကျခြင်းကြောင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်းကို လျှော့ချလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ISP မှ ဒါရိုက်တာ ဦးအောင်သူငြိမ်း ကလည်း“အမှန်ပြောရရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ Small players (အင်အားစု ငယ်တွေ)က နေရာရနေကြတယ်။ အခု NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ကြီးမှာ အင်အားစုကြီးက ၃-၄ ဖွဲ့ပဲ ရှိမယ်။ ကျန်တဲ့ အဖွဲ့တွေက နှိုင်းယှဉ်ချက်အရ ငယ်တယ်။ ဒါပေမယ့် အဖွဲ့ငယ်တွေရဲ့ ခေါင်းဆောင်တွေက ထိပ်တန်းမှာ နေရာ ရနေကြပြီး အဖွဲ့ကြီးတွေက အများထဲက တဖွဲ့ပမာပဲ ဖြစ်နေတယ်။ ပြောဆိုနိုင် တဲ့ ပါဝါမတူကြဘူး”ဟု ပြောဆိုသည်။

NCA လက်မှတ်ထိုးထားသော လက်နက်ကိုင် အဖွဲ့များကြား နေရာ ခွဲယူမှုနှင့် တာဝန် ရယူမှုများတွင် အတွေ့ အကြုံ ရှိသူများ အစား အတွေ့အကြုံ နုနယ်သူများက အစားထိုး ဝင်ရောက် နေရာယူလာခြင်းကြောင့် အစိုးရနှင့် တပ်မတော် ဘက်က တန်းတူ ဆွေးနွေးဘက်အဖြစ် သတ်မှတ်ခြင်း မရှိတော့ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

“ကျနော် သတိပေးဖူးပါတယ်။ ခင်ဗျားတို့က နေရာလိုချင်တယ်။ ဒါပေမယ့် တဖက်က ခင်ဗျားတို့ကို ဆွေးနွေးဘက် အဖြစ် အဆင့်မပေးသေးဘူး။ သတိတော့ ထားပါ။ ကျနော်တော့ ပြောပြသေးတယ်။ အဲဒီတော့ နည်းနည်းတော့ ပြဿနာ ရှိတာပေါ့။ ပြီးခဲ့တဲ့ JICM (NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး)မှာ တကယ် တက် သင့် တဲ့ လူတွေ မပါဘဲနဲ့ ကိုယ်စားတွေပေါ့။ ကိုယ်ပွားတွေ ပါတော့ နိုင်ငံတော် အကြီးအကဲ ၂ ယောက် စလုံးပေါ့။ အောင်ဆန်းစုကြည်ရော၊ ဒုကာကွယ်ရေး ဦးစီးချုပ်ရော သူတို့ ပြောသံ လေသံတွေက တော်တော်လေးကို မကျေနပ် တဲ့ သဘောပါတယ်”ဟုလည်း ၎င်းက ပြောသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အပြုသဘော မဆောင်သော ထုတ်ပြန်ချက်များနှင့် မှတ်ချက် ပြုမှုများ ပြုလုပ်ခြင်းကြောင့်လည်း အစိုးရ၊ တပ်မတော်တို့နှင့် ဆက်ဆံရာတွင် အေးစက်သွားစေပြီး တွေ့ဆုံ ဆွေးနွေး မှုများ ပြတ်တောက် သွားသည်အထိ ဖြစ်စေသည်ကို သတိ မပြုမိကြကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆို သည်။

“၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ ၁၂ ရက်ထိ ကျင်းပခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်း အဝေးက အချက် ၄ ချက်ကို အရေးပေါ် ထုတ်ခဲ့တယ်။ အဲဒီမှာ ပါးကိုက်၊ နားကိုက် စိန်ခေါ်တဲ့ သဘော ဖြစ်သွားတယ်။ အပြစ်တင်သလိုလို အကြပ်ကိုင်သလိုလို ဖြစ်နေတယ်။ ဒါကြောင့် အစိုးရနဲ့ တပ်မတော်က ခွာသွားတယ်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ ၃ လလောက် တွေ့ဆုံ ဆွေးနွေးမှုများကို မပြုလုပ်တော့ဘူး။ ဒါကို ကျနော်က စိုးရိမ်တာ၊ ဒါကို ဥပမာ ယူသင့် တယ်”ဟု ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် KNU ၏ စစ်ရေး လက်အောက်ခံ အဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ် မြောက် ရေး တပ်မတော် (KNLA) က တပ်မှူး အစည်းအဝေးပြုလုပ်ကာ လက်နက်ဖျက်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည် ပေါင်းစည်းရေး (DDR) နှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR)ကို လက်မခံဟု ပြောဆိုခဲ့သလို ၂၁ ရာစု ပင်လုံ ညီလာခံကို ဆိုင်းငံ့ပေးထားရန် မဆိုင်းငံ့ပါက တက်ရောက်မည်မဟုတ် ကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် တပ်မတော်နှင့် KNU ကြား သမ္မတ ဦးသိန်းစိန် လက်ထက်က ကောင်းမွန်သည့် ဆက်ဆံရေး ပျက်ပြယ် လာကာ တွေ့ဆုံမှု မရှိသလောက် ဖြစ်လာခဲ့သလို ထိတွေ့ ပစ်ခတ်မှုများပင် မကြာသေးခင်က ဖြစ်ပွား ခဲ့ကြသေးသည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) မှ ဦးလှမောင်ရွှေက “တိုင်းရင်းသားတွေ အနေနဲ့ ဆွေးနွေးတဲ့အခါမှာ လိမ္မာ ပါး နပ် စွာ ညှိနှိုင်းဖို့ လိုတယ်။ ကိုယ့်ရဲ့ လိုအပ်ချက်၊ ကိုယ့်ရဲ့ Rights ကိုပဲ ကြည့်ပြီးတော့ ပြောမယ်၊ ဆွေးနွေးမယ်ဆိုရင် ရလဒ်ကောင်းတွေ ထွက်တာ အားနည်းသွားနိုင်တယ်ဆိုတာ သတိပြုဖို့ လိုအပ်မယ်ထင်တယ်”ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် တပ်ပေါင်းစုအဖြစ် စုဖွဲ့ကာ အစိုးရ၊ တပ်မတော်တို့ကို ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အစိုးရ အဆက်ဆက် ဆောင်ရွက်ခဲ့သော်လည်း အားလုံး လက်ခံထားကြသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင် မရောက်ခင်မှာပင် စည်းလုံး ညီညွတ်မှု မရှိခြင်းကြောင့် ပြိုကွဲပျက်စီး သွားသည့် ဖြစ်ရပ်များကို တွေ့မြင်ကြရပါသည်။

ယခုလည်း သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ကို ဖွဲ့စည်း၍ အားလုံးပါဝင် လက်မှတ်ထိုးရေး ဆောင်ရွက်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ပြိုကွဲ လာခဲ့ရာ သမ္မတ ဦးထင်ကျော် လက်ထက်တွင် ၄ ဖွဲ့သာ ကျန်ရှိတော့သည်။

ထို ၄ ဖွဲ့အနက် ၂ ဖွဲ့က NCA ထိုးထားပြီး ၂ ဖွဲ့ ကျန်ရှိရာ ဖျက်သိမ်းရတော့မလို အနေအထားပင် ရောက်နေပြီ ဖြစ် သည်။

တဖက်တွင်လည်း NCA မထိုးဟု ဆုပ်ကိုင်ထားသော တရုတ်-မြန်မာ နယ်စပ်တလျှောက် လှုပ်ရှားနေသော လက်နက် ကိုင် ၇ ဖွဲ့က FPNCC ကို ဖွဲ့စည်းကာ အစိုးရ နှင့် တပ်မတော်တို့အား ရင်ဆိုင်နေသည်။

သို့သော် အစိုးရနှင့် တပ်မတော်သည် အဓိက ခေါင်းဆောင်များဖြစ်သည့် KIA ၊ UWSA တို့အား ဖဲ့ထုတ်၍ ဆွေးနွေးမှု များ ပြုလုပ်နေခြင်းကြောင့် မည်မျှအထိ FPNCC ရပ်တည်နိုင်မလဲ ဆိုသော မေးခွန်းထုတ်မှုများလည်း ရှိလာခဲ့သည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှ အတွင်းရေးမှူး – ၃ ဗိုလ်မှူးကြီး စိုင်းငင်းက “UNFC ကလည်း ကြားတဲ့အတိုင်း သိတဲ့အတိုင်းပဲလေ။ ဟိုမြောက်ပိုင်း ၇ ဖွဲ့ကလည်း NCA လမ်းကြောင်းထဲ မလိုက်ဘူး။ အသစ် ရေး မယ်။ နောက်ပြီးတော့ ၇ ဖွဲ့လုံးနဲ့ တွေ့မယ်။ အစိုးရနဲ့ စကားပြောမယ် ဆိုတာလည်း သိတဲ့ အတိုင်းလေ၊ တယောက် တဖွဲ့နဲ့ ဖဲ့ထုတ် ပြောနေတာလည်း ခံနေရတယ်။ အဲဒီလိုပေါ့နော်။ ကျနော်တို့ EAO ရဲ့ အဝန်းအဝိုင်း ထဲမှာလည်း စည်းလုံး ညီညွတ်ရေးကိစ္စက သိပ်အရေးကြီးတယ်လို့ မြင်တယ်”ဟု ပြောသည်။

ထိုသို့ စည်းလုံး ညီညွတ်မှု မရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး အားနည်းနေခြင်းကြောင့် လက်နက်ကိုင် အဖွဲ့များကြား အချင်းချင်း တိုက်ပွဲများ ဖြစ်နေကြရပြီး မတူညီသော လူမျိုးစုများ ကြားတွင်လည်း အမုန်းတရား အခြေခံမှုများ ကိန်းဝပ် လာစေခဲ့သည်။

၂၀၁၇ ခုနှစ် မေလ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယအကြိမ် အစည်း အဝေး တွင် ပြည်ထောင်စု အစိတ်အပိုင်း တခုအဖြစ် အချက် ၃၇ ချက်ကို သဘောတူသည်ဟု အစိုးရ က ထုတ်ပြန် ခဲ့သော် လည်း NCA လက်မှတ်ထိုးထားသည့် အဖွဲ့များထဲမှ RCSS က မိမိတို့ သဘောမတူ၊ လက်မခံကြောင်း ပြောဆိုခဲ့သည်။

ထိုအခြေအနေများကြားမှ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေး ကျင်းပရန် အစိုးရက ပြင်ဆင်နေ စဉ် RCSS နှင့် NMSP တို့၏ လူထုအကြို တွေ့ဆုံပွဲများကို တပ်မတော်က လိုက်လံ တားဆီးပိတ်ပင် နေ၍ဟု ဆိုကာ ယနေ့အထိ မကျင်းပနိုင်ဘဲ ဖြစ်နေသည်။

RCSS မှ အတွင်းရေးမှူး – ၃ ဗိုလ်မှူးကြီး စိုင်းငင်းက “EAO တွေလည်း နားလည်ကြပါတယ်။ ကျနော်တို့ မညီညွတ်လို့ မရဘူး၊ မစည်းလုံးရင် မရဘူးဆိုတာ။ နွားကွဲရင် ကျားဆွဲတဲ့ အဖြစ်မျိုးလည်း အဖြစ်မခံချင်ဘူးလေ။ ကျနော်တို့မှာ လည်း သင်ခန်းစာတွေ အများကြီး ရှိခဲ့ပါတယ်”ဟု ပြောဆိုပါသည်။

သို့သော်လည်း ယခုကဲ့သို့ စည်းလုံးညီညွတ်မှု မရှိ ဖြစ်နေခြင်းသည် ကိုယ်ပိုင် ပြဌာန်းခွင့် နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဟူသော မူလ ရည်မှန်းချက် ပန်းတိုင်နှင့် အလှမ်းဝေးနေဦးမည်မှာ အသေအချာပင် ဖြစ်ပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading