ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ ကြွေးကြော်သံနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က လွဲပြီး ကျန်တဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ တောင်ပြိုကမ်းပြို အနိုင်ရရှိပြီး အစိုးရဖွဲ့ခွင့် ရလာခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၆၀ ကျော်ကြာပြီးနောက် တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ဆန္ဒကို ထင်ဟပ်စေပြီး မြန်မာနိုင်ငံရဲ့ သမိုင်းအလှည့်အပြောင်း ဖြစ်စေခဲ့တဲ့ မှတ်ကျောက်တခုလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ မဲအများဆုံးအနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီ (ANP) က ပြည်နယ်အစိုးရအဖွဲ့ကို သူတို့ပါတီက ဦးဆောင်ဖွဲ့စည်းခွင့်ရရှိဖို့ NLD ပါတီကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရခိုင်အမျိုးသားပါတီ ANP ရဲ့ တောင်းဆိုမှုကို လက်မခံဘဲ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူ့ပါတီက ရခိုင်ပြည်နယ် ဂွမြို့နယ် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ဦးညီပု တာဝန်ယူခဲ့တာ ၂ နှစ်ပြည့်ခဲ့ပါပြီ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ အနာဂတ်မှာ ရှေ့လျှောက်ရမယ့်လမ်းကို မျှော်မကြည့်မီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့၂ နှစ်သက်တမ်းအတွင်းက လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့လိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ဦးညီပုဟာ ရခိုင်ပြည်နယ်အစိုးရဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီး ရာထူးတွေကိုတော့ ရွေးကောက်ခံကိုယ်စားလှယ်တွေ နဲ့ ရွေးကောက်ခံမဟုတ်တဲ့ အငြိမ်းစားဝန်ထမ်းတချို့ကို ခန့်အပ်ခဲ့ပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂ နှစ်သက်တမ်းကာလအတွင်းမှာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးတချို့ရဲ့ နိုင်ငံရေးအရ စိတ်အားထက်သန်မှု ( Political Will) ၊ ပညာအရည်အချင်း နဲ့ စွမ်းဆောင်ရည် အားနည်းတာကြောင့် ရခိုင်ပြည်သူအများရဲ့ အားရကျေနပ်မှု ပျက်ပြားလာတာကို တွေ့ရပါတယ်။ ဝန်ကြီးတွေဟာ သူတို့တာဝန်ယူထားတဲ့ဝန်ကြီးဌာနအသီးသီးတွေမှာ တစုံတရာ ဆုံးဖြတ်ချက် ချမှတ်နိုင်တာ မတွေ့ရသလို၊ တိုးတက်ပြောင်းလဲမှုကိုလည်း ပြသနိုင်တာမရှိဘဲ ဝန်ကြီးချုပ် ဦးညီပုရဲ့ ဦးဆောင်မှုအောက်မှာ မလုပ်၊ မရှုပ်၊ မပြုတ် တဲ့ ပုံစံနဲ့သာ ရှိနေကြတာကို တွေ့ရပါတယ်။
“ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ ရခိုင်ပြည်နယ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီး၊ ထိရောက်တဲ့ မူဝါဒ ဆိုင်ရာ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်သေးတာကြောင့် ထူးထူးခြားခြား ပြောင်းလဲလာတာ မတွေ့သေးဘူး ” လို့ ရခိုင်ပြည်နယ်အခြေစိုက် သဇင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်သန်းက ဆိုပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုအနေနဲ့လက်ရှိခန့်အပ်ထားတဲ့ ဝန်ကြီးတချို့ရဲ့ လုပ်ရည်ကိုင်ရည်ကို ပြန်လည်သုံးသပ်ပြီးတော့လိုအပ်လျှင် ကိုယ့်အတွက် အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့သူ စွမ်းဆောင်ရည် ရှိသူကိုတွေကို ပြောင်းလဲ ခန့်အပ်ဖို့လိုပါတယ်။
အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု လက်ထက်မှာတော့ အဂတိကင်းတဲ့ ဝန်ကြီးတွေ ဖြစ်လာလိမ့်မယ်လို့ လူအများက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂ နှစ်တာ ကာလအတွင်း စိတ်မကောင်းစရာတခုကတော့ ဝန်ကြီးတချို့ဟာ ဆောက်လုပ်ရေးတင်ဒါလုပ်ငန်းတွေနဲ့ ပတ်သက်နေကြတယ်ဆိုတဲ့ အသံတွေ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်သူတွေကြားမှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ဟာ သူတို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ ဆွေမျိုးတွေကို တင်ဒါချပေးတဲ့အပြင် သား၊သမီးတွေ အမည်နဲ့ကုမ္ပဏီထောင်ပြီး ဆောက်လုပ်ရေး တင်ဒါတွေ၊ တခြားလုပ်ပိုင်ခွင့်တွေ ရယူနေကြပါတယ်။ တကယ်တော့ အခုလို ရခိုင်ပြည်နယ်ဝန်ကြီးတချို့ရဲ့ အလွဲသုံးစားလုပ်မှုဟာ ယခင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဟောင်း ဦးမောင်မောင်အုန်းလက်ထက်က အခြေအနေနဲ့ ထူးမခြားနားသေးတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆောက်လုပ်ရေး တင်ဒါနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ဒေသဖွ ံ့ဖြိုးရေးအတွက် တင်ဒါပေးအပ်တဲ့အခါ တင်ဒါစည်းမျဉ်းစည်ကမ်းနဲ့ မရွေးချယ်တဲ့အပြင် တင်ဒါလုပ်ငန်းကို ငွေပေးပြီး ဝယ်ယူနေရတယ်လို့ ပြီးခဲ့တဲ့လပိုင်းက ကုမ္မဏီတချို့က ထုတ်ဖော်ပြောကြားလာပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ ရခိုင်ပြည်နယ်အနှံ့ကျေးရွာ နဲ့ မြို့တွေမှာ ရခိုင်လူထုနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေ ကို မေးမြန်းခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီပြသနာအပြင် ကျန်တဲ့ပြသနာတွေကို အဖြေရှာတဲ့အခါ ရခိုင်ပြည်နယ်ကိုယ်စားပြုအဖွဲ့တွေ၊ အထူးသဖြင့် ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ နဲ့ ဆွေးနွေးတိုင်ပင်တာ၊ အညံ့အကြံရယူတာ၊ ပူပေါင်းဆောင်ရွက်တာမရှိပဲ၊ ဘေးဖယ်ထားတာတွေ ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အဓိက အားနည်ချက်တခုလို့ ပြောလို့ရပါတယ်။
“ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ ရခိုင်ပြည်နယ်ရေးရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရခိုင်ကိုယ်စားပြုအဖွဲ့အစည်းတွေရဲ့ အသံကို နားထောင်မှု မရှိ” လို့ ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဆိုပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂ နှစ်တာ ကာလအတွင်းမှာ NLD ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရနဲ့ ရခိုင်အမျိုးသားပါတီ ( ANP) ဦးဆောင်တဲ့ ပြည်နယ်လွတ်တော်ကြား အပြန်အလှန် တာဝန်ခံမှု အားနည်းတာကြောင့် နိုင်ငံရေးအရ အားပြိုင်မှု ရှိလာတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ ရခိုင်ပြည်နယ်လွတ်တော်ရဲ့ မေးခွန်းတွေကို တိတိကျကျမဖြေတာတွေ၊ အောင်မြင်တဲ့အဆိုတွေကို အကောင်အထည်ဖော်မှု အားနည်းတာတွေ၊ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မယ့် စီမံကိန်းတွေကို ရခိုင်ပြည်နယ်လွှတ်တော်ကို တင်ပြမှု အားနည်းတာ တွေရှိပါတယ်။
ပြီးခဲ့တဲ့လပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးမင်းအောင်ဟာ ရခိုင်ပြည်နယ်မှာ ဈေးသစ် ၅ ခု တည်ဆောက်ရေးစီမံကိန်းနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်လွတ်တော်ကို တင်ပြသဘောတူညီမှု မယူခဲ့တာကြောင့် ရခိုင်ပြည်နယ်လွှတ်တော်က ပေးအပ်ထားတဲ့ တာဝန်မကျေပွန်ဟု စွပ်စွဲကာ စည်ပင်ဝန်ကြီး ရာထူးမှ ဖယ်ရှားခံခဲ့ရပါတယ်။
“ရခိုင်ပြည်နယ်တည်ငြိမ်းအေးချမ်းရေးဟာ ပထမဦးစားပေးဖြစ်တယ်” လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မီဒီယာမှတဆင့် ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂ နှစ်တာ သက်တမ်း တာဝန်ယူပြီးချိန်အထိ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးဟာ အလှမ်းဝေးနေဆဲပါ။ တကယ်တော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းဖို့ ကြိုးစားနေကြချိန်မှာပဲ ရခိုင်ပြည်နယ် စစ်တွေမှာ INGOs ဝန်ထမ်းတွေ တိုက်ခိုက်ခံရမှုတွေ၊ ပြီးခဲ့တဲ့ လပိုင်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖြစ်ပေါ်ခဲ့တဲ ပဋိပက္ခတွေကို အချိန်မီ ကိုင်တွယ်ဖြေရှင်းဖို့အားနည်းခဲ့တာကြောင့် အခြေအနေက ပိုဆိုးရွားစေခဲ့တာကို တွေ့ရပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ နိုင်ငံတကာ အဖွဲ့အစည်း တွေ၊ ရခိုင်လူမှုရေးအဖွဲ့အစည်းတချို့နဲ့ ၅ နှစ်တာ ရခိုင်ပြည်နယ်လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်ကို ရေးဆွဲနိုင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီ ၅ နှစ်တာ အစီအစဉ်ထဲမှာတော့စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ရေလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အအုံ၊ ခရီးသွားလာရေး၊ အသေးစားအလတ်စားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နဲ့ စက်မှုဇုန်ပေါ်ထွန်းရေး စတဲ့ အချက်တွေကို ဦးစားပေးဆောက်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပုဟာ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂါလီပြသနာကို အဓိက ဦးစားပေးဆောက်ရွက်နေတာကြောင့် အဲဒီ ၅ နှစ်တာ ရခိုင်ပြည်နယ်လူမှု စီးပွားဖွံ့ဖြိုးရေး အစီအစဉ်ကို အကောင်အထည် မဖော်နိုင်သေးသလို၊ စည်ပင်သာယာရေး၊ အုပ်ချုပ်ရေး၊ အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါး၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး စတဲ့ ကဏ္ဍအသီးသီးတွေမှာ လစ်ဟာမှုတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်အပေါ် အကောင်အထည် ဆောင်ရွက်ရေးကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီး အစီရင်ခံစာ တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီးတော့ မြေယာလျော်ကြေးပေးတာ၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးတာ၊ လမ်း၊တံတား တည်ဆောက်တာ၊ ရခိုင်ပြည်သူတချို့ကိုု သင်တန်းပေးတာတွေကို ဖော်ပြထားပါတယ်။
အဲဒါအပြင် အင်တာနက်နဲ့ မိုဘိုင်းဖုန်းကို လူဦးရေ ဘယ်လောက် သုံးစွဲနိုင်ပြီ ဘယ်မြို့တွေက လျှပ်စစ်ဓာတ်အား ရရှိနေပြီ၊ သောက်သုံးရေး ရရှိရေး ဘယ်လို ဆောင်ရွက်နေတယ် စတဲ့ အကြောင်းအရာတွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂ နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး မြင်သာတဲ့တိုးတက်ပြောင်းလဲမှုကို မပြသနိုင်သေးသလို၊ ရခိုင်ပြည်သူတွေကလည်း ဆင်းရဲဒုက္ခမှ လွတ်မြောက်ဖို့ အလှမ်းဝေးနေဆဲပင် ဖြစ်ပါတယ်။
ခြုံငုံကြည့်မယ်ဆိုရင်တော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ၂ နှစ်သက်တမ်း ကာလအတွင်းမှာ အားနည်ချက်တွေနဲ့ လစ်ဟာချက်တွေ များစွာရှိနေပြီးတော့ မယ်မယ်ရရ တိုးတက်ပြောင်းလဲလာတဲ့ ရလာဒ်ကိုလည်း မမြင်တွေ့ရသေးပါဘူး။ လက်ရှိအချိန်ထိ တိုးတက်ပြောင်းလဲလာမယ့် အလားအလာတွေလည်း ေ၀ဝါးနေဆဲ ဖြစ်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အနေနဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းမှာ ပြုပြင်သင့်တာတွေကို ပြုပြင်၊ ပြောင်းလဲသင့်တာကို ပြောင်းလဲပြီးတော့ သတ္တိရှိရှိ အပြောင်းအလဲကို ဦးဆောင်ဖို့လိုအပ်ပါတယ်။ အဲဒီလိုမှသာ ပြည်သူတွေက လိုလားနေတဲ့ အမှန်တကယ် တိုးတက်ပြောင်းလဲမှု ရလဒ်ကို မြင်တွေ့နိုင်မှာ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စာရေးသူ ထွန်းထွန်းနိုင်သည် ရခိုင်နိုင်ငံရေး နှင့် မူဝါဒရေးရာ လေ့လာသုံးသပ်ချက် ဆောင်းပါးများကို အထူးပြုရေးသားနေသူတဦးဖြစ်သည်။ သူသည် ၂၀၁၂ ခုနှစ်က ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာစီမံကိန်းရေးဆွဲရေး နှင့် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ကို ရရှိခဲ့ပါသည်။