သက်ငယ်မုဒိမ်းမှုများကို ထိရောက်စွာ ပြစ်ဒဏ်ချမှတ်ရေး လှုပ်ရှားမှုများကို မြန်မာနိုင်ငံ တဝှမ်းလုံးရှိ နေရာ အတော်များများတွင် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေကြသည်ကို နေ့စဉ်နှင့်အမျှ တွေ့ရှိနေရသည်။
တချိန်တည်းမှာပင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး လှုပ်ရှားမှုများ ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများကို ထုတ်ဖော်ပြောဆိုလာကြသည့်၊ ထုတ်ဖော်ပြောဆိုရန် အားပေးသည့် #MeToo လှုပ်ရှားမှု အားကောင်းလာသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြသကဲ့သို့ တဖက်တွင်လည်း ယင်းသို့ ထုတ်ဖော်ပြောဆိုသူများကို ပုံကြီးချဲ့လွန်းသည်ဟု ပြစ်တင်မှုများ ကြားနေရပါသည်။ တကယ်ပဲ ကျမတို့တွေ ပုံကြီးချဲ့နေကြသလား။
မကြာသေးမှီက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တင်သွင်းသည့် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ချက်များကို အကောင်အထည်ဖော်ခြင်း တိုးတက်မှုပြ စီရင်ခံစာတွင် မဟာဖိုဝါဒလွှမ်းမိုးသည့် လူမှုရေးစံနှုန်းများကြောင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု၊ နှိမ့်ချမှုများမှာ ဓလေ့ထုံးစံများအဖြစ် အရိုးစွဲနေကြသည်ဟု ထောက်ပြခဲ့သည်။
ယင်းအစီရင်ခံစာတွင် ကိုးကားထားသည်မှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၁၂ နှစ်တာ ကာလအတွင်း နိုင်ငံပေါင်း ၈၇ နိုင်ငံရှိ အမျိုးသမီးများအား စစ်တမ်းကောက်ယူခဲ့ရာတွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများ၏ ၁၉ ရာခိုင်နှုန်းသည် အနီးကပ်နေချစ်သူ၊ အိမ်ထောင်ဖက်တို့၏ အကြမ်းဖက် နှိပ်စက်ကလူပြုခြင်းကို ခံနေရပြီး အချို့ဆိုလျှင် အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ကြောင်းဆိုသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလက IMS/Fojo Media Institute နှင့် မြန်မာအမျိုးသမီးသတင်းထောက်များအသင်းတို့ ပူးပေါင်း အကောင်အထည်ဖော်ခဲ့သည့် မြန်မာ့သတင်းမီဒီယာများတွင် ကျားမရေးရာ သတင်းဖော်ပြမှု အခြေအနေ သုတေသန စာတမ်းအရ သတင်းများတွင် အမျိုးသမီးများကို သတင်းရင်းမြစ် သို့မဟုတ် သတင်းခေါင်းစဉ်အကြောင်းအရာအဖြစ် ဖော်ပြမှုမှာ ၁၆ ရာခိုင်နှုန်း ဖြစ်ပြီး အမျိုးသားများကိုဖော်ပြမှုမှာ ၈၀ ရာခိုင်နှုန်း ဖြစ်ကြောင်း တွေ့ရှိရသည်။
အမျိုးသမီးများအကြောင်းကို ဖော်ပြရာတွင်လည်း အကြမ်းဖက်မှု သို့မဟုတ် သဘာဝဘေးအန္တရာယ် ဒဏ်ခံရသူအဖြစ် ပိုမိုဖော်ပြလေ့ရှိကြပြီး ကိစ္စ တစုံတရာအတွက် ပညာရှင်အမြင်ကို ထည့်သွင်းဖော်ပြရာတွင် အမျိုးသမီးပညာရှင်များ၏ စကားသံကို ထည့်သွင်းဖော်ပြမှုအလွန်နည်းသည်ကို တွေ့ရသည်။
အမျိုးသမီးများကို ကျား/မ ဖြစ်တည်မှုအပေါ်အခြေခံ၍ ကျူးလွန်ကြသည့် အကြမ်းဖက်မှုအမျိုးအစားကို ၆ မျိုး ခွဲခြားနိုင်သည်။
၁။ အမျိုးသမီး လိင်အင်္ဂါကို လှီးဖြတ်ခြင်း – ယင်းကို အာဖရိကတိုက်နိုင်ငံများတွင် ဓလေ့ထုံးစံအရ ပြုလုပ်ကြပြီး အမျိုးသမီးများအနေဖြင့် လိင်ဆက်ဆံခြင်း၏ သာယာမှုကို မခံစားနိုင်စေရန် အလို့ငှာ အမျိုးသမီးအင်္ဂါကို လှီးဖြတ်ပစ်ခြင်းပင် ဖြစ်သည်။ ယင်းကို ဥပဒေများပြဌာန်း၍ ထိထိရောက်ရောက်အရေးယူနေသော်လည်း ဥပဒေ လက်တံနှင့် ဝေးလံရာဒေသတွင် နေထိုင်သည့် အမျိုးသမီးငယ်လေးများမှာ ယနေ့အထိ ခံစားနေရဆဲဖြစ်သည်။
၂။ ချစ်သူ/ အိမ်ထောင်ဖက်၏ အကြမ်းဖက်မှု – မြန်မာနိုင်ငံ ကျေးလက်ဒေသများရှိ အမျိုးသမီးများကို သုတေသနပြုထားသည့် စာတမ်းများတွင် အိမ်ထောင်ဖက်၏ ရိုက်နှက်ခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စဖြစ်နေသည်ကိုတွေ့ရသည်။ ကြား သုံးကြားမဝင်ရ ဟူသော စကားပုံအရ လင်မယားအချင်းများ ရိုက်နှက်နေလျှင်ပင် ဝင်ရောက်ဖြန်ဖြေခြင်း ၊ တားမြစ်ခြင်း ပြုလေ့မရှိကြပေ။ မယားနေစ ကြောင်သေမှ ကဲ့သို့သော စကားပုံများကလည်း မယားကို ယူကာစကပင် နိုင်နင်းထားမှဟူသော ဓလေ့ကို အားပေးလေသည်။ ဥပဒေကြောင်းအရ အရေးယူနိုင်သော်လည်း တိုင်ကြားမှု နည်းပါးသေးကြောင်း တွေ့ရသည်။
၃။ အဓမ္မပြုကျင့်ခြင်း – အမျိုးသမီး အလိုမတူပါဘဲ ကာမရယူခြင်းကို ဆိုလိုသည်။ သက်ငယ်မုဒိမ်းမှုများနှင့် သမီးရည်းစားအကြား ကျူးလွန်သော မုဒိမ်းမှုများ တွေ့နိုင်သလို အိမ်ထောင်ဖက်ကကျူးလွန်သော မုဒိမ်းမှုအထိ အမျိုးအစားများစွာ ခွဲခြားနိုင်ပေသည်။
၄။ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခြင်း – မုဒိမ်းမှုအဆင့်ထိ မရောက်သော်လည်း အမျိုးသမီးများ၏ ကိုယ်ခန္ဓာကို အလိုမတူပါဘဲ ထိကိုင်ခြင်း ၊ ဆွဲလွဲခြင်း ၊ ထိကပါး ရိကပါးပြုခြင်းကို ဆိုလိုသည်။
၅။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း – ယင်းကို နှုတ်ဖြင့် ၊ အပြုအမူဖြင့် ၊ အမူအရာဖြင့် ဟူ၍ ထပ်မံခွဲခြားနိုင်သည်။ မိန်းကလေးများ ခြေလှမ်းပျက်အောင် ၊ အိနြေ္ဒမဲ့အောင် သံသေးသံကြောင်ပြုခြင်း ၊ စနောက်ခြင်း ၊ ယင်းတို့၏အသားအရောင် ၊ ကိုယ်ခန္ဓာအရွယ်အစား ၊ ဝတ်စားဆင်ယင်မှုပုံစံ ၊ လူနေမှုဘဝ ပုံစံတို့အပေါ် အခြေခံ၍ နှိမ့်ချပြောဆိုခြင်း၊ အမူအယာပြခြင်း ၊ မလျော်သည့် ရုပ်ပုံများ ပြသခြင်း ၊ မြင်အောင်ပြုခြင်း၊ တို့ထိခြင်း စသည်တို့ပါဝင်သည်။ နောက်မှတကောက်ကောက်လိုက်ခြင်း၊ ဓါတ်ပုံခိုးရိုက်ခြင်း မှအစ မောင်နှမလို၊ ဦးလေးသားချင်းလို သဘောထားတာပါဟု ခါးတို့ ခါးဖက်လိုက်၊ ပုခုံးကိုထိခြင်း စသည်တို့အားလုံး အကျုံးဝင်သည်။
၆။ အင်တာနက်၊ ဖုန်းတို့ အသုံးပြု၍ အကြမ်းဖက်နှောက်ယှက်ခြင်း – အင်တာနက် ၊ ဖုန်းတို့ကို အသုံးပြု၍ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ စိတ်အနှောက်အယှက်ဖြစ်စေမည့် စာတိုများ၊ ရုပ်ပုံများ၊ အသံများပို့ခြင်း၊ ဓါတ်ပုံများတင်ခြင်း စသည်တို့ ပါဝင်သည်။
အထက်ဖော်ပြပါ အမျိုးအစား ၆ မျိုးအပြင် ထုံးတမ်းစဉ်လာများက ခွဲခြားဖိနှိပ်ထားမှု များစွာ ရှိနေပါသေးသည်။ ဥပဒေဖြင့် တားဆီးကာကွယ်ပေးရန် မလွယ်ကူသော မျိုးရိုးစဉ်ဆက် လက်ခံကျင့်သုံးလာနေသည့် ဓလေ့များအကြားတွင် ကူကယ်ရာမဲ့နေသော အမျိုးသမီးများစွာ ရှိပါသည်။
မြန်မာနိုင်ငံ၏ ကွဲပြားလှသော တိုင်းရင်းသား ဓလေ့ထုံးတမ်းများကို ကြည့်လျှင်လည်း အမျိုးသမီးများကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် ဓလေ့ထုံးတမ်းအချို့ရှိနေသေးသည်။ အထူးသဖြင့် မြေယာပိုင်ဆိုင်မှု၊ အမွေဆက်ခံမှု၊ စော်ကားအနိုင်ကျင့်မှုကို ဖြေရှင်းမှုစသည့် ဓလေ့ထုံးတမ်းအချို့တွင် အမျိုးသမီးကို ပြုလုပ်ခံရသူအဖြစ်သာ သတ်မှတ်ထားသည့် ဓလေ့များရှိသည်။
ယင်းတို့ကို ပြုပြင်ပြောင်းလဲရန် အမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူများက ကြိုးစားနေကြပြီး ဥပမာ ဆိုရမည်ဆိုလျှင် Social Justice 4 Chin Women ဟူသည့် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ချင်းအမျိုးသမီးများ၏ လူမှုရေး တရားမျှတမှုမရှိသည့် ဓလေ့ထုံးတမ်းများအနက် အချို့ကို အောက်ပါအတိုင်းဖော်ပြထားသည်ကိုတွေ့ရသည်။
ချင်းရိုးရာစကားပုံအရ
“ဗုံဆိုတာက တီးဖို့ဖြစ်သလို မိန်းမတွေဆိုတာလည်း ရိုက်ဖို့ပါပဲ” ဆိုတာ ရှိသည်။
“သမီးတွေကို ဘာလို့အမွေမပေးကြတာလဲဆိုတော့ သူမက တနေ့လက်ထပ်ပြီး သူ့ယောက်ျားအမျိုးဖြစ်သွားမှာမို့လို့တဲ့။ သမီးကအဖေ့အိမ်မှာ ဧည့်သည်လေ။ အဲဒီသမီးအိမ်ထောင်ကျသွားလို့ ယောင်္ကျားအရင်သေပြီး မုဆိုးမ ဖြစ်သွားပြန်တော့လည်း ဘာအမွေမှဆက်ခံလို့မရပြန်။ ဖခင်၊ အစ်ကို၊ မောင်ဆီပြန်သွားရမည့် ဧည့်သည် ဘဝရောက်နေပြန်ရော” လို့ အိမ်ရှင်မတဦးကပြောပြသည်။
အိမ်ရှင်ဖြစ်ခွင့်မရှိသည့် ဧည့်သည်များ – ချင်းရိုးရာ ဓလေ့ထုံးတမ်းများကို အမျိုးသမီးရှုထောင့်မှ လေ့လာခြင်း
“ကျွန်မသိတဲ့ မုဆိုးမ တယောက်ရှိတယ်။ သူ့မှာကလေးမရှိဘူး။ သူပင်စင်ယူတာလည်း ကြာပြီ။ သူ့ယောက်ျား ဆုံးသွားတာလည်း တော်တော်ကြာပြီ။ သူက နောက်အိမ်ထောင်မပြုဘဲနဲ့ သူတို့လင်မယားအိမ်မှာပဲ ဆက်နေတာပေါ့နော်။ သူပင်စင် နည်းနည်းလေး ရထားတာ ရှိတယ်။ သူများအိမ်က ထမင်းကျန် ဟင်းကျန်တွေလိုက်စုပြီး ဝက်မွေးတယ်။
ဒီလိုပဲ အသက်ရှင်နေရတာပါ။ ဟိုတလောတုန်းက သူတို့အိမ်ကို အမွေဆက်ခံတဲ့ သူ့ယောက်ျားအမျိုးတွေက အဲဒီအိမ်အဟောင်းကို ဖြိုပြီး အသစ်ပြန်ဆောက်ချင်တယ်။ သူ့ကို ပိုက်ဆံပေးပြီး တခြားပြောင်းနေခိုင်းတယ်။ သူက အဲဒီအိမ်က မထွက်ချင်ဘူး။ သေတဲ့အထိနေချင်တာ ဖြစ်မှာပေါ့။
အဲဒါ သူတို့က ဖိအားပေးပြီး သူ့ကို မောင်းထုတ်ကြတာပေါ့နော်။ စိတ်ပျက်ဖို့ကောင်းတာက သူ့အမျိုးတွေကလည်း သူ့ဖက်ကနေ တယောက်မှ မရပ်တည်ပေးကြဘူး။ တကယ်ဆို အရမ်းသနားဖို့ကောင်းလေ။ အသက်လဲ ကြီးနေပြီ။ သူ့ကို ပြုစုစောင့်ရှောက်မယ့်သူလည်း မရှိဘူး။ သူ့ခမျာ သူ့အိမ်အဖြိုခံရတာကို မျက်ရည်ကျပြီး ထိုင်ကြည့်ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး” မတူပီမြို့နယ်မှ အုပ်စုလိုက် ဆွေးနွေးပွဲတခုမှာ အမျိုးသမီးတဦးက ပြောပြသည်။
“သမီးသာ ဒီလိုမျိုးခံရမယ်ဆိုရင် ကျမတော့ ဘယ်လိုမှ ခွင့်လွှတ်နိုင်မယ် မထင်ဘူး။ ကျမဖြစ်စေချင်တာကတော့ မုဒိန်းမှုကျူးလွန်တဲ့ သူတိုင်းကို ထောင်ကျစေချင်တာပဲ။ အဲဒီလိုမှ တခြားယောကျ်ားတွေက ကြောက်ပြီး ထပ်မလုပ်ရဲကြမှာ။ ဒါပေမဲ့ ဖြစ်နေတဲ့ပုံက ကျူးလွန်သူမိသားစုက လာတောင်းပန်ပြီး ခံရတဲ့ မိသားစုဖက်ကခွင့်လွှတ်တယ်ချည်းပဲ ဖြစ်နေတော့ အဆင်မပြေဘူး။
အရင်တုန်းကဆိုရင် အဲဒါမျိုး ကျူးလွန်တဲ့သူတွေက ဒီလိုလွယ်လွယ်လေးနဲ့ မလွတ်ဘူးလေ။ ဓလေ့ထုံးတမ်းအရ သတ်မှတ်ထားတဲ့ ဒဏ်ကြေးတွေ ပေးခဲ့ရတာ။ ခုကျတော့ ဘာစည်းမျဉ်း စည်းကမ်း ဥပဒေမှလည်း မရှိ။ အားလုံး လျော့တိလျော့ရဲဖြစ်နေတယ်လို့ ခံစားရတယ်” လို့ ဖလမ်းမြို့နယ်မှ အသက် ၆၃ နှစ် အရွယ် မုဆိုးမတဦးက ပြောပြတယ်။
အထက်ဖော်ပြပါ အကြောင်းအရာများထဲတွင် မုဒိမ်းမှုများကို ရိုးရာဓလေ့အရ လျော်ကြေးပေးသည့်နည်းဖြင့် ကျေအေးနေမှုများသည် ဥပဒေလက်တံ၏ လက်လှမ်းမမှီရာ အရပ်များတွင် ရှိနေပေသေးသည်။ ထိုမျှသာမက ဥပဒေကိုယ်၌ကပင် ခွဲခြားဖိနှိပ်နေခဲ့သည့် အဖြစ်မျိုးများကိုလည်း တွေ့ရသည်။
အထူးသဖြင့် အိမ်ထောင်ကွဲသည့် ကိစ္စများတွင် အမျိုးသမီးများသည် ဥပဒေအရပင် ခွဲခြားနှိမ့်ချ ခံနေရဆဲဖြစ်သည်။ မကြာသေးမီက ခင်ပွန်း အိမ်ထောင်ရေး ဖောက်ပြန်သဖြင့် ကွာရှင်းရန် ကြိုးစားသူ ပညာတတ် အမျိုးသမီးတယောက်၏ အဖြစ်က အမျိုးသမီးများ၏ ရုပ်ပိုင်း ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကို မီးမောင်းထိုးပြနေခဲ့သည်။
မြန်မာအမျိုးသမီး ၊ ခရစ်ယာန်ဘာသာဝင် (ရိုမန်ကက်သလစ်) သူ့ အပြင် အခြား အမျိုးသမီး တယောက်ကို တရားဝင် လက်ထပ်ပေါင်းသင်းနေသည့် ဗုဒ္ဓဘာသာဝင် ခင်ပွန်းကို ကွာရှင်းပေးရန် တရားဥပဒေကြောင်းအရရော၊ ဘာသာရေးအရပါ ခွင့်မပြုသည့် သူ၏ နေ့စဉ်ဘဝသည် စိတ်ဆင်းရဲစရာ အတိဖြစ်သည်။
သူယုံကြည်သက်ဝင်သည့် ဘာသာရေးက ကွာရှင်းခြင်းအား ခွင့်မပြုသလို ၊ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်း ဥပဒေက ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးများကိုသာ အကာအကွယ် ပေးထားသည့်အတွက် သူ့မှာ အားကိုးစရာ မရှိပေ။
အမျိုးသမီးများ အကြမ်းဖက်ခံရမှု တိုက်ဖျက်ရေးသည် လူ့အဖွဲ့အစည်းတခုလုံး၏ အသိဉာဏ်ရေချိန် မြင့်မားလာပြီး၊ ယဉ်ကျေးမှုနှင့် ကိုယ်ချင်းစာတရားများ အားကောင်းလာမှသာ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာမည့် ဖြစ်စဉ်တခု ဖြစ်သည်။
လူတဦး၊ တယောက်၊ တစု၊ တဖွဲ့ကို ဦးတည် ကန့်သတ် ပြဌာန်းလိုက်ရုံဖြင့် ပြေလည်သွားနိုင်မည့် ပြဿနာ မဟုတ်ပါ။ အရိုးစွဲ ယုံကြည်ယူဆချက်များ ၊ အရိုးစွဲ ခွဲခြားဆက်ဆံမှုများ ကို သတိထားမိလာစေမည့် ပညာရေး စနစ်မျိုးလိုအပ်ပါသည်။ အရိုးစွဲ ယုံကြည်ယူဆချက်များကို တွန်းလှန်ထောက်ပြမည့် သတင်းမီဒီယာ အခင်းအကျင်းမျိုး လိုအပ်ပါသည်။
အကြမ်းဖက်ခံရခြင်းဆိုလျှင် ကိုယ်ခန္ဓာကို ထိပါးသော ဒဏ်ရာများကိုသာ မြင်နေကြသေးသည်။ စိတ်ကို ရိုက်သော၊ နှလုံးသားကို ရိုက်သော လက်များကိုလည်း သတိပြုမိစေချင်သည်။ တော်သော ထက်မြက်သော အမျိုးသမီးလေးများ၏ အရည်အချင်းကို အသိအမှတ်ပြုသည့် လူ့အဖွဲ့အစည်းမရှိသေးသရွေ့၊ ထိပ်ဆုံးနေရာသည် အမျိုးသားများအတွက်သာ သင့်တော်ပြီး ထက်မြက်သော အမျိုးသမီးများမှာ ထိုအမျိုးသားများအား ပံ့ပိုးပေးရသည့် ဒုတိယနေရာတွင်သာ နေရာပေးခြင်းမျိုးသည်လည်း စိတ်နှလုံးကို ရိုက်သော ဒဏ်ရာများဖြစ်သည်။
လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ကို ကြည့်ပါ။ နိုင်ငံတော်သမ္မတ အပါအဝင် ရာထူး ၂၆ နေရာအနက် အမျိုးသမီးဆို၍ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ရှိပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ်တို့တွင်သာ အမျိုးသမီး ဝန်ကြီးချုပ် ၂ ဦးပါဝင်ပါသည်။
လွှတ်တော်တွင်း အမျိုးသမီး ပါဝင်မှုမှာ အမျိုးသား လွှတ်တော်တွင် ၂၃ ယောက်နှင့် ပြည်သူ့လွှတ်တော်တွင် ၄၄ ယောက် ရွေးကောက်တင်မြှောက်ခံခဲ့ရသဖြင့် ပေါင်း ၆၇ ယောက် ၊ ရာခိုင်နှုန်းအားဖြင့် ၁၃ ဒသမ ၇ ရာခိုင်နှုန်း ရှိသော်လည်း တပ်မတော်သား ကိုယ်စားလှယ်များပါ ထည့်သွင်းရေတွက်ပါက စုစုပေါင်း ၆၉ ယောက် ၊ ၁၀ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ၂၅ ရာခိုင်နှုန်း သော တပ်မတော်သား ကိုယ်စားလှယ်များတွင် အမျိုးသမီး ၂ ဦးသာ ပါဝင်သည်။
အကြမ်းဖက်မှု ကင်းစင်သော ပိုမိုတောက်ပသည့် အနာဂါတ်ကို တည်ဆောက်ကြစို့ဟုဆိုလျှင် အခန်းကဏ္ဍ ၂ ခုရှိသည်ဟု ဆိုချင်ပါသည်။ တခုမှာ ရှိရင်းစွဲ အမျိုးသမီးများကို ခွဲခြားဖိနှိပ်ထားသော လူမှုရေး ၊ နိုင်ငံရေး ၊ ဘာသာရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ဖယ်ရှားပေးရန်နှင့် နောက်တခုမှာ နှစ်ပေါင်းများစွာ ဓလေ့ထုံးတမ်းစဉ်လာများဖြင့် အပိုးကျိုး အသားကျနေသော လူ့အဖွဲ့အစည်းတခုလုံးက တဦးကို တဦး အပြန်အလှန် ပံ့ပိုးပေးရန်တို့ ဖြစ်သည်။
အခန်းကျဉ်းတခုထဲတွင် ပိတ်လှောင်ထားပြီး လမ်းလျှောက်ခြင်းကို မေ့လျော့နေသည့် လူသားတဦးနှင့် ဥပမာပေးပါရစေ။
တံခါးတွေ ဖွင့်ပေးရုံနဲ့တော့ ရုတ်တရက် ချက်ခြင်း သူထလမ်းလျှောက်နိုင်မည် မဟုတ်ပါ။ လက်တွဲလှမ်းကူရင်း အစမှာတော့ တွဲခေါ်ဖို့လိုအပ်ပါသည်။ အားလုံးပါဝင်သည့် တန်းတူညီမျှ ဝါဒဖြူစင်သည့် မြေဖြစ်ဖို့ တဦးကို တဦးက လက်တွဲဖေးကူမှသာ ဖြစ်နိုင်မည်မို့ လက်ကမ်းပေးကြပါ။