ပတ်ဝန်းကျင်ကို ခြိမ်းခြောက် နှောင့်ယှက်ပြုနေသည့် အထပ်မြင့်အဆောက်အအုံ စီမံကိန်းအနီးတွင် နေထိုင်ရခြင်းသည် စိတ်ဖိစီးမှုကို မည်မျှမြင့်မားစေကြောင်း ဦးသန်းလွင်ကို မေးမြန်းကြည့်နိုင်သည်။
“ဖြစ်လာလို့ကတော့ ပြေးဖို့တောင် အချိန်ရမှာ မဟုတ်ဘူး” ဟု အငြိမ်းစား ဓာတုအင်ဂျင်နီယာ ဦးသန်းလွင်က ပြောသည်။ သူသည် ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ သူ၏ အိမ်မှ ကီလိုမီတာ အနည်းငယ်သာဝေးသည့် သက်တမ်း ၉၂ နှစ် ရှိပြီဖြစ်သော မြေအောက် ရေလှောင်ကန်ကြီး ကျိုးမည့် အရေးကို စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။
ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်း တခုဖြစ်သော ဇေကမ္ဘာ ကုမ္ပဏီနှင့် တရုတ်နိုင်ငံ ဆောက်လုပ်ရေး အင်ဂျင်နီယာ ကော်ပိုရေးရှင်း (CSCEC) တို့ ပူးတွဲ တည်ဆောက်နေခြင်း ဖြစ်ပြီး ယခု စတင်နေပြီဖြစ်သည့် ဆောက်လုပ်ရေး စီမံကိန်းသည် အထက်ပါ ရေလှောင်ကန်ကြီးကို ပျက်စီးစေလျှင် မည်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သနည်း။
အဆိုးဆုံးအခြေအနေဖြစ်သည့် ရေဂါလံသန်း ၂၀ ဆံ့ ရေပေးဝေရေး ရေလှောင်ကန် ကျိုးကျလျှင် မြေနိမ့်ပိုင်းတွင် ရှိနေသည့် ထို လူကုန်ထံရပ်ကွက်နှင့် အနီးရှိ ရွှေတောင်ကြား ရပ်ကွက်တို့ ရေနစ်မြုပ်သွားမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။
“ကျနော်တို့ချည်းပဲ ထိမှာ မဟုတ်ဘူး။ ရန်ကုန်က နေရာအများစု ထိခိုက်မယ်။ ဒါကြောင့် ဒီစီမံကိန်းကို ကျနော်တို့ ဆန့်ကျင်နေတာ” ဟု ကုက္ကိုင်းတွင် နေထိုင်သော အခြားသူတဦးဖြစ်သည့် ဦးဝင်းဗိုလ်က ပြောသည်။
သူသည် ရေလှောင်ကန်ကြီး ကျိုးကျခြင်းကြောင့် ဖြစ်နိုင်သည့် အပျက်အစီးများကိုသာမက မြေအောက်ကွန်ကရစ် ရေလှောင်ကန်သည် မြို့နယ် အများအပြားသို့ ရေဖြန့်ချိပေးနေသောကြောင့် ရေပြတ်လပ်မှုဖြစ်မည်ကိုပါ ပြောဆိုနေခြင်း ဖြစ်သည်။

၁၉၂၆ ခုနှစ်က တည်ဆောက်ခဲ့ပြီး ကမ္ဘာအေးဘုရားလမ်းနှင့် ပုလဲလမ်းဆုံတွင် တည်ရှိသော ကုက္ကိုင်းရေပေးဝေရေး ရေလှောင်ကန်သည် မြို့စွန်ရှိ ဂျိုးဖြူရေလှောင်ကန်မှ ရေကို သိုလှောင်ပြီး မြို့တွင်း ရပ်ကွက်များကို ရေပေးဝေရန် ရည်ရွယ်သည်။ ၎င်းသည် ရန်ကုန်တွင် အကြီးမားဆုံး (၅၅၉ ပေ x ၂၈၆ ပေ x ၂၀ ပေ) မြေအောက် ကွန်ကရစ် ရေလှောင်ကန် ဖြစ်ပြီး သက်တမ်း အရလည်း ဒုတိယ အကြီးဆုံး ဖြစ်သည်။
အကြီးမားဆုံး မြေအောက်ကွန်ကရစ် ရေလှောင်ကန်မှာ ရွှေဂုံတိုင် ရေပေးဝေရေး ရေလှောင်ကန် ဖြစ်ပြီး ၁၈၉၄ ခုနှစ်က တည်ဆောက်ခဲ့သည်။ လက်ရှိအချိန်အထိ ထိုရေလှောင်ကန် ၂ ခုလုံးကို အသုံးပြုနေရဆဲ ဖြစ်သည်။
မြူနီစပယ် အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ၏ အဆိုအရ ထို ရေလှောင်ကန် ၂ ခုသည် မြို့နယ်ပေါင်း ၁၆ ခုကို ရေပေးဝေနေသည်။ YCDC ၏ ရေပေးဝေရေး မြေပုံအရ ကုက္ကိုင်း ရေလှောင်ကန်သည် ရွှေဂုံတိုင် ရေလှောင်ကန်သို့ ရေပေးပို့ကြောင်း ပြသထားသသည်။
ထို့ကြောင့် ကုက္ကိုင်းရေလှောင်ကန်တွင် ထိခိုက်မှုရှိပါက ရန်ကုန်ရှိမြို့တွင်းရှိ (၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ) လူ ၁ သန်း နီးပါး ရေပြတ်လတ်မှုကို ရင်ဆိုင်ရမည် ဖြစ်ပြီး လမ်းမတော်မြို့နယ်ရှိ ရန်ကုန် ဆေးရုံကြီးကိုပါ ထိခိုက်စေမည် ဖြစ်သည်။
“ဒီစီမံကိန်းကို ခွင့်မပြုခင် အာဏာပိုင်တွေက ဒီအချက်တွေကို ထည့်တောင်စဉ်းစားရဲ့လားမသိဘူး” ဟု ဦးဝင်းဗိုလ်က ပြောသည်။

ကန့်ကွက်ရန် မရှိသော်သော်လည်း ခွင့်ပြုချက် မရရှိသေး
ကုက္ကိုင်း ဒေသခံများကို မလုံမခြုံ ခံစားရစေသော မြရိပ်ညို အထပ်မြင့် အဆောက်အအုံ စီမံကိန်းမှာ ယခု ရပ်ဆိုင်းသွားပြီ ဖြစ်သော မြရိပ်ညိုဟိုတယ်ကို အစွဲပြု အမည်ပေးထားသော စီမံကိန်းဖြစ်သည်။ ယခုစီမံကိန်းကို တည်ဆောက်မည့် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ဆောက်လုပ်ရေး ကုမ္ပဏီများ အနက်တခု ဖြစ်သော ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေက ထို ဟိုတယ်ကို ပိုင်သည်။ ယခင်စစ်အစိုးရခေတ်က မြန်မာနိုင်ငံတွင် တတိယ သြဇာအကြီးမားဆုံးသူ ဖြစ်ခဲ့ပြီး ယခု ဒေါ်အောင်ဆန်းစုကြည် ၏ အရေးပါသော မဟာမိတ်ဖြစ်သူ ဦးရွှေမန်းနှင့် “ခမည်း ခမက်” တော်သည်။

၃၈၂ ပေ မှ ၄၁၂ ပေအထိ ရှိသော အဆောက်အအုံ ၁၂ လုံးနှင် ၃ ထပ် အဆောက်အအုံ တလုံးကို ထိုဟိုတယ် ရှိသည့် တပ်မတော်ပိုင် မြေပေါ်တွင် တည်ဆောက်မည် ဖြစ်သည်ဟု ဧရာဝတီသတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သည့် ထိုကုမ္ပဏီနှင့် ရန်ကန်မြို့တော်စည်ပင်သာယာရေး ကော်မတီအကြား ပေးပို့သော စာတွင် ဖော်ပြထားသည်။ ထိုမြေကွက်၏ ထောင့်တွင် ကုက္ကိုင်း ရေပေးဝေရေး ရေလှောင်ကန် ရှိနေသည်။
ယခု စီမံကိန်း လုပ်ဆောင်နေသည့် နေရာသည် ရွှေတိဂုံဘုရားတည်ရှိရာ တောင်ကုန်းပြီးလျှင် ရန်ကနု်တွင် ဒုတိယ အမြင့်ဆုံး ဖြစ်သည့် အမြင့်ပေ ၁၆၀ နီးပါး တွင်တည်ရှိပြီး စိမ်းလမ်းစိုပြေသော နေရာအဖြစ် လူသိများသည်။ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ၏ အဆိုအရ ထိုနေရာကို ကိုလိုနီခေတ်က Mount Pleasant ဟုခေါ်ကြောင်း သိရသည်။
ယခု မြို့ပြ အမွေအနှစ် စာရင်းဝင်ပြီး ဖြစ်သော မြို့တော်ဝန်၏ အိမ်တော်နှင့် မြို့တော်ဝန်၏ ဧည့်ဂေဟာ၊ အပါအဝင် အဆင့်မြင့် အရာရှိများ၏ အိမ်များ တည်ရှိရာ နေရာဖြစ်သည်။ Chartered Bank မန်နေဂျာ၏ နေအိမ်ဟောင်းလည်း ထိုနေရာတွင် တည်ရှိသည်။
ထိုစီမံကိန်းကို ဆောလျင်စွာ စတင်ရန် ဆောက်လုပ်ရေး လုပ်ငန်း၏ တောင်းဆိုမှုကို ကန့်ကွက်ရန် မရှိကြောင်း အစိုးရက လွန်ခဲ့သော ဇွန်လတွင် ထို ကုမ္ပဏီအား အကြောင်းကြားခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းတွင် ထို ခြံဝန်းအတွင်း မြေရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သဖြင့် ထူထပ်သော သစ်ပင်ကြီး အများစုမှာ မရှိတော့ပေ။ ရှေးဟောင်း အမွှေအနှစ် အဆောက်အအုံ ၂ ခု ဖြစ်သည့် မြို့တော်ဝန်၏ အိမ်တော်နှင့် မြို့တော်ဝန်၏ ဧည့်ဂေဟာကို ဖြိုချခဲ့ခြင်း ရှိ/မရှိ မသိရပေ။ ရေလှောင်ကန်၏ အပြင် မြေထိန်းနံရံနား အထိ မြေတူးစက်ဖြင့် ဖြိုချထားသည်ကို ဧရာဝတီ သတင်းဌာနက တွေ့ခဲ့ရသည်။
ထိုသို့ ရှင်းလင်းခြင်း လုပ်ဆောင်စဉ်အတွင်း မြေထိန်းနံရံကို ထိခိုက်ခဲ့ပြီး ရေများ စိမ့်ထွက်လာသောကြောင့် ဒေသခံများ၏ စိုးရိမ်ပူပန်မှုသည် အခြေအမြစ် ရှိကြောင်း ထင်ရှားလာခဲ့သည်။

“အဲဒီတုန်းက ကျနော်တို့ တော်တော်လေးလန့်သွားတယ်။ ဘာဆက်ဖြစ်မယ်မှန်းမှ မသိတာ” ဟု ဦးဝင်းဗိုလ်ပြောသည်။
ဒေသခံများက ကုမ္ပဏီကို အကြောင်းကြားသောအခါ အနီးရှိ ရေတိုင်ကီမှ ရေလျှံကျခြင်းသာ ဖြစ်သည်ဟု အကြောင်းပြန်ခဲ့သည် ဟု ဆိုသည်။ သို့သော် ၎င်းတို့ ရည်ညွှန်းပြောဆိုသော ရေတိုင်ကီမှာ မြေတူးစက်ကြီးများဖြင့် တူးဖော်ခြင်း မရှိသော တောင်ကုန်းဘက်အခြမ်းမှ ဖြစ်နေသည်ဟုလည်း သူက ပြောသည်။
ထိုသို့ တုံ့ပြန်မှုကို မကျေနပ်သောကြောင့် ကုက္ကိုင်းရိပ်သာမှ ဒေသခံများသည် အဖွဲ့ဝင် ၇ ဦးပါသော “ ရန်ကုန် ကုက္ကိုင်း ရေလှောင်ကန် ကယ်ဆယ်ရေးအဖွဲ့” ကို မတ်လ အစောပိုင်းတွင် ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့နေ ပြည်သူများ ဘေးကင်းရေးနှင့် ရေလှောင်ကန် ကြံ့ခိုင်ရေး အတွက် ဆော်သြရန် လုပ်ဆောင်ခဲ့သည်။
ဦးဝင်းဗိုလ်သည် ၎င်းတို့၏ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ဖေ့စ်ဘုတ်တွင် လူထုထောက်ခံမှု ရရှိအောင် လုပ်ဆောင်ခဲ့သည်။ ထိုအဖွဲ့ကို ဖွဲ့စည်းပြီး မကြာမီ ရေလှောင်ကန် မပျက်စီးစေရန် စနစ်တကျ လုပ်ဆောင်မည့် အစီအစဉ်ကို ကုမ္ပဏီက တင်ပြနိုင်သည် အထိ စီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ဆိုင်းငံ့လိုက်သည်။
သို့သော် ထိုအမိန့်ကို မည်သူမျှ ဂရုမစိုက်ကြပေ။ ကုမ္ပဏီသည် မတ်လ ၂၄ ရက်နေ့ နေ့လယ်တွင် စမ်းသပ်ပိုင်ရိုက်ခြင်း ပြုလုပ်ခဲ့သဖြင့် ဒေသခံများက မကျေမနပ်ဖြစ်ရာမှ ပိုင်ရိုက်ခြင်း လုပ်ငန်းများ ဆိုင်းငံ့ခဲ့ရသည်။

“သူတို့က ကျနော်တို့ကို လက်တလုံးခြား လုပ်နေတာ။ အစိုးရက မကန့်ကွက်ဘူး ဆိုတာနဲ့ သူတို့ဆောက်လုပ်ခွင့်ရတာ မဟုတ်ဘူး” ဟု ဦးဝင်းဗိုလ်က ပြောသည်။
မြို့တော်စည်ပင်၏ အဆိုအရ ထိုစီမံကိန်းကို မြေရှင်းခြင်း လုပ်ငန်းသာ ဆောင်ရွက်ခွင့် ပေးထားပြီး ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ခွင့် မရှိသေးကြောင်း သိရသည်။ စည်ပင် အနေဖြင့် အဆောက်အအုံ ဒီဇိုင်းနှင့် အခြားသော ဆောက်လုပ်ရေး ဆိုင်ရာ အသေးစိတ် အချက်အလက်များကို စစ်ဆေးပြီးမှသာ ဆောက်လုပ်ခွင့် ပါမစ် (ခွင့်ပြုချက်) ကို ထုတ်ပေးသည်။ ထို ခွင့်ပြုချက် ရမှသာ ဆောက်လုပ်ရေး စတင်ခွင့် ရှိသည်။
“သူတို့တတွေ ဆောက်လုပ်ခွင့် ပါမစ် မရသေးဘူး။ သူတို့မှာ ဆောက်လုပ်ခွင့် မရှိသေးဘူး” ဟု စည်ပင်မှ အဆင့်မြင့် အရာရှိတဦးက ဧရာဝတီကို ပြောသည်။
ထိုစီမံကိန်းကို စိမ်းလန်းဧရိယာ အတွင်း တည်ဆောက်နေပြီး ရေလှောင်ကန်နှင့်လည်း နီးကပ်နေသောကြောင့် ၎င်းအတွက် စနစ်ကျသော သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက် လိုအပ်သည် ဟု မြန်မာနိုင်ငံ ဗိသုကာများ အသင်း ဥက္ကဋ္ဌ ဦးစန်းဦးက ပြောသည်။
ထို စီမံကိန်း နှင့် ပတ်သက်ပြီး သဘောထားမှတ်ချက် တောင်းခံရန် ဇေကမ္ဘာ ဦးခင်ရွှေအား ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တနင်္လာနေ့အထိ ဆက်သွယ်နိုင်ခြင်း မရှိပါ။
လတ်တလော ပူပန်မှုများ
၎င်းတို့ အပူပန်ဆုံး အချက်မှာ ရေလှောင်ကန် ကျိုးပေါက်ခြင်း ဖြစ်သော်လည်း ကုက္ကိုင်း ရိပ်သာနှင့် ပတ်ဝန်းကျင်မှ ပြည်သူများသည် မကြာမီ မေလတွင် မိုးရာသီရောက်ရှိသောအခါ စီမံကိန်း ဆောင်ရွက်နေသည့်နေရာအတွင်း မြေပြိုမည် ကိုလည်း စိုးရိမ်နေကြသည်။
ယခင်က ထိုစီမံကိန်းနေရာကို သစ်တောများ ဖုံးလွှမ်းထားသောကြောင့် တောင်ကုန်းကို မြေတိုက်စားခြင်းနှင့် မြေပြိုခြင်းမှ အကာအကွယ် ပေးထားသည်။ သို့သော် ယခုသစ်ပင်များကို ရှင်းလင်းလိုက်သေအခါ အနီးနားရှိ မြေနိမ့်သော နေရာများ သည် မြေပြိုခြင်းနှင့် ရေကြီးခြင်းများကို ရင်ဆိုင်လာရနိုင်ခြေ ရှိနေသည်။

“စီမံကိန်းလုပ်ငန်းခွင်ရဲ့လက်ရှိ အခြေအနေအရ မြေပြိုပြီး ရွံ့တွေ လူနေရပ်ကွက်တွေထဲကို ဝင်လာနိုင်တယ်” ဟု စီမံကိန်း၏ မြေတူးထားသော နေရာနှင့်ကပ်လျှက်တွင် နေထိုင်သူ ဦးသန်းလွင်က ပြောသည်။ ထိုသို့ ပူပန်နေရသူမှာ ဦးသန်းလွင် တဦးတည်း မဟုတ်ပေ။
ကုက္ကိုင်းရိပ်သာ၏ အောက်ဘက် ရွှေတောင်ကြား ရပ်ကွက်တွင် နေထိုင်သူူ ဒေါက်တာ မြင့်ခိုင်သည် စီမံကိန်း စတင်သည့် ဖေဖော်ဝါရီလမှ စတင်ပြီး ကောင်းမွန်စွာ အိပ်ရခြင်း မရှိတော့ပေ။ စီမံကိန်းလုပ်ငန်းခွင်သည် ရပ်ကွက်အတွင်း အနိမ့်ဆုံး နေရာတွင် ရှိသော သူ၏ အိမ် အထက် ပေ ၂၀ ခန့် အမြင့်တွင် ရှိနေပြီး အပေါ်စီးမှ အုပ်မိုးနေသည်။ သူ၏အိမ်နှင့် စီမံကိန်း လုပ်ငန်းခွင် အကြားတွင် မြေထိန်းနံရံတခုသာ ခြားသည်။
“သူတို့တွေက နေ့ရော၊ ညရော လုပ်နေကြတာ။ တရုတ်လိုတွေ အော်ကြတယ်။ မြေတူးစက်ကလည်း တဝီဝီနဲ့။ အိပ်လို့ကိုမရဘူး” ဟု အသက် ၆၈ နှစ် အရွယ် ဆရာဝန်ဟောင်းက ပြောသည်။ထိုသို့သော အများပြည်သူ အနှောင့်အယှက် ဖြစ်ခြင်းများနှင့်ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တိုင်ကြားကြောင်းလည်း သူက ပြောသည်။ “ခဏလောက် ရပ်လိုက်ပြီး၊ ပြီးတော့ ပြန်ဆက်လုပ်တာပဲ” ဟုလည်း သူက ဆိုသည်။
စီမံကိန်းနှင့် ဆိုင်သည့် လုပ်ငန်းများကို ဆိုင်းငံ့ထားရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အမိန့် ထုတ်ထား သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေသည် ကို တနင်္ဂနွေနေ့က ဧရာဝတီသတင်းဌာနက မြင်တွေ့ခဲ့သည်။ အလုပ်သမားများသည် သံရက်မကြီးများကို ကရိန်းတစင်းဖြင့် ထောင်နေကြပြီး သံချည်သံကွေး လုပ်ဆောင်နေကြသည်။

ရေလှောင်ကန် ပြိုကျမည်ကို စိုးရိမ်သောကြောင့် ရပ်ကွက်အတွင်းမှ အခြားသူများ ကဲ့သို့ပင် ဒေါက်တာမြင့်ခိုင်သည် စီမံကိန်းကို ဆန့်ကျင်ကြောင်း ပြောသည်။ ရပ်ကွက်အတွင်း အနိမ့်ဆုံးနေရာတွင် တည်ရှိပြီး မိုးရာသီတွင် မကြာခဏ ရေမြုပ်တတ်သောကြောင့် ရေလှောင်ကန် ကျိုးကျလျှင် သူ၏ အိမ်သည် အထိခိုက်ဆုံး ဖြစ်နိုင်သည့် အိမ်များ အနက် တအိမ်ဖြစ်နေသည်။
သူ လတ်တလော စိုးရိမ်နေသည်မှာ စီမံကိန်း နှင့် သူ့အိမ်ကို ခြားထားသည့် မြေထိန်းနံရံပြိုကျမည်ကို ဖြစ်သည်။
“မြေထိန်းနံရံ ပြိုကျလို့ကတော့ အိမ်ပေါ်တည့်တည့်ကျပြီး ပိသွားမှာ” ဟုသူပြောသည်။
(အင်္ဂလိပ်ဘာသာဖြင့် Construction Project Strikes Fear Into Residents Living Below Old Reservoir တွင် ဖတ်ပါ။)