ဆောင်းပါး

ငြိမ်းစုစီဥပဒေ ပြင်ဆင်မှု နောက်ကွယ်

Want create site? Find Free WordPress Themes and plugins.

ငြိမ်းစုစီ ဟု သိကြသည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို မကြာခင်က အဆိုပြုခဲ့သည့် ပြင်ဆင်ချက်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ သက်တမ်းတလျှောက် ဥပဒေပြုရေးတွင် အငြင်းပွားမှုအများဆုံး ဖြစ်လာခဲ့သည်။

ရန်ကုန်တွင် လူရာနှင့်ချီ ထိုဥပဒေကြမ်းကို ဆန့်ကျင်ချီတက် ဆန္ဒပြခဲ့ကြသည်။ အရပ်ဖက်အဖွဲ့အစည်း ၂၀၀ ကျော်တို့ကလည်း ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်၍ ကန့်ကွက်ခဲ့သည်။ ပြင်ဆင်ချက်များကို ဆန့်ကျင်သည့် စတစ်ကာ လှုပ်ရှားမှုတခုကိုပင် ပြုလုပ်နေသည်။ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား လွတ်တော်ကိုယ်စားလှယ် ၆၀ တို့ကလည်း ကန့်ကွက် ဆွေးနွေးရန် စာရင်းပေးထားသည်။

ကန့်ကွက်သူများက အဆိုပါ ဥပဒေကြမ်းသည် လွတ်လပ်စွာ စုဝေးခွင့်နှင့် ထုတ်ဖေါ်ခွင့်ကို ပိုမို ကန့်သတ်ရာ ရောက်နိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်သော ပုဒ်မများကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို လိုသလို ဖိနှိပ်နိုင်သော ဥပဒေဖြစ်လာနိုင်ကြောင်း ပြောသည်။

မူလ ငြိမ်းစုစီ ဥပဒေကို ယခင် ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်တွင် ရေးဆွဲပြဌာန်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်တကြိမ် ပြင်ဆင်ခဲ့သည့် အဆိုပါ ဥပဒေဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဖမ်းဆီးထောင်ချခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရလာပြီးနောက် ဆန္ဒပြမည့်သူများက အာဏာပိုင်များဆီမှ ခွင့်ပြုမိန့် ယူရန် လိုအပ်ချက်ကို ပယ်ဖျက်ခဲ့ပြီး အသစ်ပြန်လည်ပြဌာန်းခဲ့သည်။ ထို ၂၀၁၆ ခုနှစ် အောက်တိုဘာလက အသစ်ပြဌာန်းခဲ့သည့် ငြိမ်းစုစီ ဥပဒေအရ ဆန္ဒပြသူများသည် အသိပေးရန်သာ လိုအပ်ပြီး ခွင့်ပြုမိန့်ရယူရန် မလိုအပ်တော့ပေ။

သို့သော် ထိုသို့ ကန့်သတ်မှုကို လျှော့ချလိုက်မှုသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ကို အလွဲသုံးစားလုပ်၍ တိုင်းပြည်ကို ဆူပူ မငြိမ်သက်အောင် လုပ်ချင်သူများအတွက် အခွင့်အရေးဖြစ်သွားစေခဲ့သည်ဟု NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက ယူဆခဲ့သည်။

အသစ်ပြန်လည်ပြဌာန်းပြီးနောက် တနှစ်ခွဲကျော်အတွင်း အမျိုးသားရေး အမည်ခံ လှုပ်ရှားသူများက ဘာသာရေး လူမျိုးရေး အခြေခံသည့် ဆန္ဒပြပွဲများ၊ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကန့်ကွက်ပွဲများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ အစိုးရက ဗုဒ္ဒဘာသာကို ဖိနှိပ်ပြီး အခြားဘာသာကို မြှောက်စားသည်ဟု စွပ်စွဲကြသည်။

ရန်ကုန်တွင် ထောင်နှင့်ချီသော သူများက ရခိုင်ပြည်နယ်မှ တပ်မတော်၏ စစ်ဆင်ရေးများကို ထောက်ခံဆန္ဒပြစဉ်/ မျိုးမင်းစိုး

ကော်မရှင်ကို ရခိုင်ပြည်နယ်၏ ပြသနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ရေရှည်နည်းလမ်းကောင်းရှာဖွေရန် ရည်ရွယ်၍ အစိုးရက ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း ထို ဆန္ဒပြပွဲများသည် ရခိုုင်အကျပ်အတည်းကြောင့် နိုင်ငံတကာ ဖိအားများကို ရင်ဆိုင်နေရသည့် အစိုးရအတွက် ခေါင်းခဲစရာ ဖြစ်သည်။

“တပ်မတော်အား ချစ်ခင်မြတ်နိုးသူများ”ဟု ဆိုသူများကလည်း လူအင်အား သောင်းချီ ချီတက် ဆန္ဒထုတ်ဖော် ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။ ထိုဆန္ဒပြပွဲတွင် အတက်ကြွဆုံးပါဝင်သူများမှာ အမျိုးသားရေးဝါဒီ အမည်ခံ သံဃာတော်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓါတ်ပျံ့နှံ့ရေးကို လုပ်ဆောင်နေသော အဖွဲ့အစည်းများအနက် အထင်ရှားဆုံးဖြစ်သော မဘသ အဖွဲ့ဝင်များတို့ပါဝင်သည်။ မဘသကို အစိုးရက လွန်ခဲ့သော နှစ်က ဖျက်သိမ်းရန် ညွှန်ကြားခဲ့သည်။

ထို ဆန္ဒပြပွဲများအတွက် ကုန်ကျစရိတ်များကို အလှူရှင်များ၏ လှူဒါန်းငွေနှင့် အမျိုးသားရေးသမားများမှ စိုက်ထည့်ငွေများဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း စီစဉ်သူများနှင့် ပါဝင်သူများက ဆိုသည်။

နိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းကို နောက်ပြန်ဆွဲလိုသော အဖွဲ့တခု သို့မဟုတ် အဖွဲ့အစည်းတခုသည် ထိုအမျိုးသားရေးဝါဒီများကို ထောက်ပံ့နေသည်ဟု သာသနာရေး ဝန်ကြီး ဦးအောင်ကိုက မေလတွင် ပြောခဲ့သည်။ သို့သော်လည်း မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို အတိအကျပြောဆိုခြင်း မရှိပေ။

ငြိမ်းစုစီ ဥပဒေကို အစားထိုးပြဌာန်းပြီးနောက် အမျိုးသားရေးဝါဒီများ၏ ဆန္ဒပြပွဲများ များပြားလာခြင်းသည် မကြာသေးမီက ပြင်ဆင်သည့် ဥပဒေမူကြမ်းကို အဆိုပြုခြင်းအတွက် အကြောင်းရင်းတခုဖြစ်သည်ဟု NLD ဗဟိုသတင်းနှင့်ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“ကျနော်တို့က ကန့်သတ်ချက်ဖြေလျှော့လိုက်တော့ အခြေအနေက ပိုဆိုးလာတယ်” ဟု မုံရွာအောင်ရှင်က ပြောသည်။ ထိုအခြေအနေသည် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်လာပြီး တားဆီးရန် လိုသည်ဟုလည်း ပြောသည်။

နောက်ကွယ်မှ ဆန္ဒပြပွဲများကို ကြိုးကိုင်၍ တိုင်းပြည်မငြိမ်သက်အောင် လုပ်သူများကို တားဆီးရန် မျှော်လင့်ပြီး NLD သည် ပြင်ဆင်သည့် ဥပဒေကြမ်းကို ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့သည်။

အမျိုးသားရေးဝါဒီများ၏ ဆန္ဒပြပွဲများနှင့် တနှစ်တာ

၂၀၁၇ ခုနှစ် မေလ ၂၀ ရက်နေ့တွင် အမျိုးသားရေးဝါဒီနှင့် သံဃာ ၃၀၀ ခန့်သည် တနိုင်ငံလုံးမှ ထောက်ခံသူ ၂၇၀၀ ခန့်နှင့်အတူ နေပြည်တော်သို့ ချီတက်ပြီး သာသနာရေး ဝန်ကြီးဦးအောင်ကိုမှာ ဗုဒ္ဓဘာသာကို လျစ်လျူရှုပြီး အစ္စလာမ်ဘာသာကို မျက်နှာသာပေးသည်ဟု စွပ်စွဲသည်။

ဝန်ကြီးဦးအောင်ကို အနေဖြင့် တောင်းပန်ပြီး တရားရင်ဆိုင်နေရသော၊ အဖမ်းဆီးခံနေရသော အမျိုးသားရေးသမားများကို လွှတ်ပေးရန်နှင့် စွဲချက်များ ပယ်ဖျက်ပေးရန် တောင်းဆိုကြသည်။

ထို ဆန္ဒပြပွဲတွင် ပါဝင်သူများကို တဦးလျှင် ၇၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အတွင်းပေးပြီး ဆန္ဒပြပွဲကို စီစဉ်ရန် ကျပ် သန်း ၈၀၀ သုံးစွဲခဲ့ကြောင်း ဦးအောင်ကိုက ဆန္ဒပြပွဲ အပြီးတွင် ဆိုသည်။ နိုင်ငံ၏ ဒီမိုကရေစီသို့ အကူးအပြောင်းကို နောက်ကြောင်းပြန်စေလိုသူအုပ်စု သို့မဟုတ် အဖွဲ့အစည်းတခုသည် ထို အမျိုးသားရေးဝါဒီများကို ထောက်ခံနေကြောင်းလည်း သူပြောသည်။

၂၀၁၇ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် သံဃာ ၂၀၀ နှင့် လူပုဂ္ဂိုလ် ၂၀၀ ခန့်သည် မန္တလေးတွင် စုရုံးပြီး ဦးအောင်ကို နှုတ်ထွက်ရန် တောင်းဆိုကြသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂ ရက် ရာချီသော အမျိုးသားရေးဝါဒီ သံဃာများနှင့် လူပုဂ္ဂိုလ်များ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းများ ဖွင့်ခဲ့စဉ်/ မျိုးမင်းစိုး

၂၀၁၇ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ရာချီသော အမျိုးသားရေးဝါဒီ သံဃာများနှင့် လူပုဂ္ဂိုလ်များသည် ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ် တောင်ကြီးတို့ရှိ ဘာသာရေးဆိုင်ရာနေရာများတွင် အစိုးရဆန့်ကျင်ရေး သပိတ်စခန်းများ ဖွင့်ခဲ့ပြီး အစိုးရသည် ဗုဒ္ဓဘာသာကို ကာကွယ်ရန် ပျက်ကွက်သည်ဟု ဆိုကာ နှုတ်ထွက်ရန် တောင်းဆိုကြသည်။

သြဂုတ်လ ၅ ရက်နေ့တွင် အစိုးရက မန္တလေးရှိ သပိတ်စခန်းကို ဖြိုခွဲလိုက်ပြီးနောက် ရန်ကုန်နှင့်တောင်ကြီးမှ သပိတ်မှောက်သူများသည် ၎င်းတို့၏ သပိတ်စခန်းများကို ကိုယ်တိုင် ဖျက်သိမ်းသွားခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၃၀ ရက် ဆန္ဒပြမှုတွင် ပူးပေါင်းပါဝင်လာသော ဦးဝီရသူ/ မျိုးမင်းစိုး

သြဂုတ်လ ၃၀ ရက်နေ့တွင် ရာနှင့်ချီသော အမျိုးသားရေးဝါဒီများသည် ရန်ကုန်မြို့တော်ခန်းမ အနီးတွင် စုရုံးပြီး အစိုးရက ခန့်အပ်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အကြံပြုချက်များ နှင့် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်တွင် ARSA အဖွဲ့၏ တိုက်ခိုက်မှုများ ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

အမျိုးသားရေးဝါဒီ သံဃာဦးဝီရသူသည် ဆန္ဒပြသူများနှင့်ပူးပေါင်းခဲ့ပြီး ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာရန်နှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ – NDSC အစည်းအဝေးခေါ်ရန် အစိုးရကို တောင်းဆိုသည်။

၂၀၁၇ ခုနှစ် စက်တင်လာလ ၁၈ ရက်တွင် ရာနှင့်ချီသော အမျိုးသားရေးဝါဒီများသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို ထပ်မံကန့်ကွက်ရန် ရန်ကုန်မြို့တော်ခန်းမအနီး စုဝေးပြီး ထိုအကြံပြုချက်များအနက်မှ နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ရန်နှင့် ရိုဟင်ဂျာများအပေါ် ကန့်သတ်ချက်များကို အဆုံးသတ်ရန် အကြံပြုချက်များကို ဆန့်ကျင်ကြသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက် နေပြည်တော်တွင် ကျင်းပသော ယခင်အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လူထုစုဝေးပွဲတခု/ မျိုးမင်းစိုး

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက်တွင် ယခင်အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နေပြည်တော်တွင် လူထုစုဝေးပွဲတခုပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေ ဆုံးရှုံးရနိုင်သည်ဟု သတိပေးခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အစိုးရက အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ထိုကော်မရှင်က တင်ပြသော အကြံပေးချက်များကိုလည်း ကန့်ကွက်ခဲ့သည်။ ၎င်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး မခေါ်ယူခြင်းကိုလည်း ရှုတ်ချခဲ့သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် မန္တလေးနှင့် ပတ်ဝန်းကျင်မှ အမျိုးသားရေးဝါဒီ ၃၀၀၀ ခန့်သည် လူထု စုဝေးပွဲကျင်းပပြီး ARSA တိုက်ခိုက်မှုနှင့် ရခိုင်ပြည်အရေးတွင် ပြည်ပမှ စွက်ဖက်မှုကို ရှုတ်ချခဲ့ကြသည်။ ထိုကန့်ကွက်သူများသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များနှင့် ် နိုင်ငံသားဥပဒေကိုပြင်ဆင်ရန် မည်သည့်အကြံပြုချက်ကိုမဆို ပယ်ချခဲ့ကြသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် တပ်မတော် ချစ်မြတ်နိုးသူများ အဖွဲ့က ကျင်းပသော ချီတက်ဆန္ဒပြပွဲကို သံဃာတော်များအပါအဝင် ထောင်နှင့်ချီသော သူများက ပါဝင်ခဲ့ကြပြီး ရခိုင်ပြည်နယ်မှ တပ်မတော်၏ စစ်ဆင်ရေးများကို ထောက်ခံခဲ့ကြသည်။ အဆိုပါထောက်ခံပွဲများကို မန္တလေးနှင့် ကရင်ပြည်နယ်တွင် တပြိုင်နက် ကျင်းပခဲ့သည်။ စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်းကလည်း မွန်ပြည်နယ်နှင့် ရန်ကုန်တို့တွင် အသီးသီးကျင်းပခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ၊ အမျိုးသားရေး သံဃာများနှင့် ၎င်းတို့ကို ထောက်ခံသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်တွင် ရှေ့နေ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုကို ကြားနာစစ်ဆေးစဉ် တရားရုံးသို့ အမျိုးသားရေးဝါဒီများသည် “မင်းတို့ ထမင်းဝအောင် စားထား” စာတန်းပါ အင်္ကျီများ ဝတ်ဆင်ရောက်ရှိလာပြီး ထိုလုပ်ကြံသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူများကို ထောက်ခံကြောင်း လာရောက်ပြသခဲ့ကြသည်။

ကာကွယ်ခြင်းလား၊ ကန့်သတ်ခြင်းလား?

မကြာသေးမီက အဆိုပြုထားသော ပြင်ဆင်ချက်များအရ ဆန္ဒပြမည့်သူများသည် ဆန္ဒပြပွဲကုန်ကျစရိတ်နှင့် အဆိုပါကုန်ကျစရိတ်အတွက် ငွေကြေးထောက်ပံ့သော ရင်းမြစ်ကို ဖေါ်ပြရန် လိုအပ်မည်ဖြစ်ပြီး ဆန္ဒပြပွဲများကို အသုံးချပြီး မတည်ငြိမ်မှုဖြစ်အောင် လှုံ့ဆော်မှုများအတွက် ပြစ်ဒဏ်ထည့်သွင်း ရေးဆွဲထားသည်။

ထိုပြင်ဆင်ချက်များသည် ဆန္ဒထုတ်ဖေါ်ခွင့်ထက် ထိန်းချုပ်ရန် ဦးစားပေးထားသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

အဆိုပြုထားသော ပြင်ဆင်ချက်များ၏ ပြဌာန်းချက်များသည် လွန်စွာကျယ်ပြန့်လွန်းပြီး ထိုပြင်ဆင်ချက်များကို ဖွင့်ဆိုရာတွင် အာဏာပိုင်များအား လိုသလို လုပ်ဆောင်ခွင့်ပေးထားသည်ဟု NLD လွတ်တော်ကိုယ်စားလှယ် ဒေါ်ဆူဇန်နာ လှလှစိုးက အဆိုပြုထားသော ပုဒ်မ ၁၈ ကို ဥပမာအဖြစ် ကိုးကား ပြောသည်။

ထိုပုဒ်မတွင် မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရား တို့ကို ပျက်ပြားစေရန်ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ ငွေကြေး သို့မဟုတ် ပစ္စည်း တစုံတရာကိုသော်လည်းကောင်း၊ အခြားနည်းလမ်းတခုခုကို သော်လည်းကောင်း အသုံးပြု၍ တဦးဦးအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည်ဟု ဖော်ပြထားသည်။

သို့သော် ထိုအပြောင်းအလဲများသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် မည်သည့်ကန့်သတ်ချက်မျှ မရှိကြောင်း ဥပဒေကြမ်းကို ထောက်ခံသူများနှင့် NLD ထိပ်ပိုင်းခေါင်းဆောင်များက ပြောသည်။

“ဆန္ဒပြသူတွေကို ရေလေးတဘူးလောက်ပေးရင်၊ လက်ခုပ်လေးပဲတီးလိုက်မိရင် ပြင်ဆင်လိုက်တဲ့ပုဒ်မ အရ တရားစွဲခံရတော့မှာလိုလို တချို့တွေက ပြောကြတယ်။ အဲဒီလိုမဟုတ်ဘူး။ ဒါက ထောက်ခံသူတွေရဲ့ ရည်ရွယ်ချက်နဲ့ ထောက်ခံတဲ့အတိုင်းအတာပေါ်မှာ မူတည်တယ်”ဟု ဥပဒေကြမ်းကို တင်သွင်းသူ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်ဉာဏစိုးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ဆန့်ကျင်ကန့်ကွက်များ ရှိနေသော်လည်း ထိုဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က မတ်လ အစောပိုင်းတွင် အတည်ပြုခဲ့သည်။ အနိုင်ရသောမဲအများစုမှာ NLD မှဖြစ်သည်။ ပုဒ်မ ၁၈ ကို ချိုးဖေါက်သောကြောင့် အများဆုံးထောင်ဒဏ်ကျခံရနိုင်သော ပြစ်ဒဏ်ကို ၃ နှစ်မှ ၂ နှစ်သို့လျှော့ချလိုက်ပြီး ပြည်သူ့လွှတ်တော်သို့ ဆက်လက်ပေးပို့ခဲ့သည်။

“ကျနော်တို့က ဆန္ဒပြပွဲတွေ နောက်ကွယ်က လက်မဲကြီးတွေကို ပစ်မှတ်ထားပြီး ပြင်ဆင်ချက်တွေကို အဆိုပြုတာပါ” ဟု ဦးမြတ်ဉာဏစိုးက ပြောသည်။

လွတ်လပ်စွာ စီတန်း လှည့်လည့်ခွင့်ကို အခွင့်ကောင်းယူပြီး နောက်ကွယ်က လက်ရောင်စုံက ဝင်အမြတ်ထုတ်မှာ၊ အစိုးရကို အကျပ်အတည်းဖြစ်အောင် လုပ်မှာ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်မှာကို စိုးရိမ်ပြီး ပြင်ဖို့ကြိုးစားသည့် စိတ်ပူစိုးရိမ်ချက်ကို အတိုင်းသားမြင်ရကြောင်း နှစ်ပေါင်းများစွာကြာ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းက ပြောသည်။

သို့သော် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်သည် အခြေခံကျသော လူ့အခွင့်အရေးတရပ်ဖြစ်ပြီး ဥပဒေတခုသည် လူတစု သို့မဟုတ် အကြောင်းတခုကို ရည်ရွယ်ပြီး ကန့်သတ်လုပ်ဆောင်တာမျိုး မဖြစ်သင့်ကြောင်းလည်း ပြောဆိုသည်။

သို့သော် ထို ဥပဒေမူကြမ်းကို ဆန့်ကျင်မှုများသည် ဒီမိုကရေစီ အင်အားစုများထံမှသာ ထွက်ပေါ်လာသည်မဟုတ်ပေ။

အာဏာရှိစဉ်က ထိုဥပေဒေကြမ်းကို အသုံးပြုပြီး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖိနှိပ်ခဲ့သည့် သမိုင်းရှိသော တပ်မတော်တို့ ကလည်း ထို ပြင်ဆင်ချက်များကို ဆန့်ကျင်ကြသည်။

အမျိုးသားလွတ်တော်တွင် ဥပဒေကြမ်းကော်မတီက ထိုပြင်ဆင်ချက်များကို ဆွေးနွေးစဉ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်လွင်က ပြင်ဆင်ချက်များကို ဆန့်ကျင်ဆွေးနွေးသည်။

“ဆန္ဒပြပွဲတွေကို ဘယ်အဖွဲ့အစည်းကပဲ ငွေကြေးထောက်ပံ့ထောက်ပံ့ နိုင်ငံသားတွေရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်က ပိုအရေးကြီးတယ်” ဟု တပ်မတော်က ခန့်အပ်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး အောင်ကိုမင်းကလည်း ဥပဒေကြမ်းကို မဲခွဲသည့်နေ့က အမျိုးသားလွှတ်တော်တွင် ပြောသည်။ အဆိုပြုထားသော ပြင်ဆင်ချက်သည် ဆန္ဒပြပွဲများကို ရိုးရိုးသားသား ငွေကြေးထောက်ပံ့လိုသူများအား ဟန့်တားရာရောက်သည်ဟုလည်း ပြောသည်။ ဒု ဗိုလ်မှူးကြီး တင်လင်းဦးကလည်း ပုဒ်မ ၁၈ ကို ဆန့်ကျင်ပြောကြားခဲ့သည်။

“တပ်မတော်သားကိုယ်စားလှယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ ပြောနေကျ စကားကို ပြန်ပြောနေရပြီ” ဟု ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦဖေသန်းက မှတ်ချက်ချသည်။ “ကျနော့်အထင်တော့ သူတို့က ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ကာကွယ်စောင့်ရှောက်တယ်၊ ပြည်သူတွေနဲ့အတူရှိတယ်ဆိုတာကိုလည်း ပြချင်တယ်ထင်တယ်” ဟု သူက ဆက်ပြောသည်။

တပ်မတော်၏ စကားများသည် ဒီမိုကရေစီရေးလှုပ်ရှားသူများ၏စကားများနှင့် တူသော်လည်း ရည်ရွယ်ချက် ကွဲပြားနိုင်သည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းက သံသယရှိသည်။ “ကျနော်တို့က လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာ။ ပြောတဲ့စကားချင်း တူရင်တောင်မှ ရည်ရွယ်ချက် မတူဘူး။ ကျနော်တို့မှာ တခြား နိုင်ငံရေး ရည်ရွယ်ချက် မပါဘူး” ဟုလည်း သူက ရှင်းပြသည်။

(အင်္ဂလိပ်ဘာသာဖြင့် Analysis: What Lies Behind the NLD’s Protest Law Amendments?  တွင် ဖတ်ပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading