စာရေးသူတို့ တော်ကူမူးဒါး ကျေးရွာသို့ ရောက်ရှိချိန်သည် နေဝင်ဖျိုးဖျ အချိန် ဖြစ်သည်။ ဝင်လုဆဲဆဲ နေ၏ ရွှေရောင် အလင်းတန်းများ အောက်မှ ထိုကျေးရွာသည် ကရင်ပြည်နယ်၏ တောင်တန်းထူထပ်သော ကရင်ဘာသာဖြင့် မုတရော် ဟု ခေါ်သည့် ဖာပွန်ခရိုင်မှ တောင်ကြားတခုတွင် တည်ရှိပြီး လှပခမ်းနားသည်။ သို့သော် လူသူကင်းမဲ့နေပြီး အတိတ်နိမိတ် မကောင်းလှသော တိတ်ဆိတ်ခြင်းက မင်းမူနေသည်။
ဆော့ကစားနေသည့် ကလေးငယ်များ၏ အပူပင်ကင်းမဲ့သော အော်ဟစ်သံများ၊ နေအိမ်ဝရန်တာတွင် စကားစမြည် ပြောနေသော ၎င်းတို့မိဘများ၏ အသံများ၊ လယ်ကွင်းများတွင် တနေကုန် ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ကြပြီး ရေမိုး ချိုးနေသော လယ်သမားများ၏ အသံများကိုကား မကြားနိုင်တော့ပေ။ လက်တဆုပ်စာမျှသော တိရစ္ဆာန်များသာ ကျန်တော့သည်။
တဲအောက်တွင် အစာကောက်နေသော ကြက်အနည်းငယ်၊ အိမ်များ အကြား လှည့်ပတ်သွားလာနေသော ဆိတ်တကောင် နှင့် ဝရန်တာ တခုတွင် ဆောင့်ကြောင့်ထိုင်နေသော မီးခိုးရောင် အထီးကျန် ကြောင်တကောင်တို့သည်သာ ရှင်သန်မှု၏ လက္ခဏာများ ဖြစ်သည်။
တော်ကူမူးဒါးမှ ဒေသခံများသည် လွန်ခဲ့သော မတ်လဆန်းက ညကြီးမင်းကြီးထွက်ပြေးကြရသည်။ လူသော်မြို့နယ်တွင် ကြိုတင် သတိပေးခြင်း မရှိဘဲ မြန်မာ့တပ်မတော်က တပ်အင်အား အလုံးအရင်း ချထားပြီးနောက် ထွက်ပြေးကြရသည်။ အများအပြားမှာ ခါးဝတ်ခါးစား အပြင် အထုပ်ငယ် တထုပ်သာ သယ်ပြီး ပြေးကြရသည်။
၂၀၁၂ ခုနှစ် ကတည်းက စွန့်ပစ်ထားသော စစ်သုံးလမ်းကို တိုးချဲ့ရန် ထိုဒေသကို ထိန်းချုပ်ရန် ညွှန်ကြားချက်ဖြင့် လူသော် မြို့နယ်တွင် တပ်ရင်း ၆ ရင်း ဖြန့်ချထားသည်။ ထို စစ်သုံးလမ်းသည် တပ်မတော်၏ တောင်ပေါ်စခန်း ၂ ခုကို ဆက်သွယ်နိုင်ရန် အတွက် သစ်တောများ၊ ကျေးရွာ နယ်မြေများကို ဖြတ်၍ ဖောက်လုပ်မည် ဖြစ်သည်။
“တပ်မတော်က နည်းဗျူဟာ ပြောင်းလိုက်ပြီး သူတို့ရဲ့ စခန်းတွေကို ဆက်သွယ်ဖို့နဲ့ စစ်လက်နက်ရိက္ခာ ပို့ဆောင်ရတာ လွယ်အောင် စစ်ဆင်ရေးသုံး လမ်းတခု ဖောက်ဖို့ သေနင်္ဂဗျူဟာ အခိုင်အမာ ချမှတ်ထားတယ်” ဟု ဖာပွန်ခရိုင် ကရင် အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူး ဦးစောရော်ဘင်မူးက ပြောသည်။
တပ်မတော်သည် ၂၀၁၅ ခုနှစ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပြဋ္ဌာန်းချက်များကို ချိုးဖောက်ပြီး ထိုဒေသအတွင်း ဝင်ရောက်ကာ စတင်ပစ်ခတ်သည် ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅) မှ ခေါင်းဆောင်များက ပြောသည်။
မတ်လ အစောပိုင်းတွင် တပ်မတော်က အပစ်အခတ် ရပ်စဲရေး သတ်မှတ်မျဉ်းကို ကျော်လာပြီးနောက် တပ်မတော်နှင့် KNLA တို့ အကြားတိုက်ပွဲများ ပြင်းထန်လာကာ ကရင်တပ်များက ၎င်းတို့ နယ်မြေကို ခုခံရန် ကြိုးစားရင်း နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားလာသည်။
KNLA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော KNU သည် တပ်မတော်၊ ပြည်ထောင်စုအစိုးရတို့နှင့် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် အတူ လက်မှတ်ရေးထိုးခဲ့သည်။
လတ်တလော ဖာပွန်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထိုစစ်ဆင်ရေးလမ်း ပတ်ဝန်းကျင် ကျေးရွာ ၁၁ ရွာမှ လူ ၂၀၀၀ ကျော် ထွက်ပြေးရသည်။ မတည်ငြိမ်မှု ကြီးထွားလာသောကြောင့် နောက်ထပ် ရွာ ၅ ရွာမှ လူ ၆၀၀ ခန့် ထွက်ပြေးရန် ပြင်ဆင်ထားရသည်။
ယခု စစ်ဆင်ရေးများသည် ၂၀၁၆ ခုနှစ် စက်တင်ဘာ နောက်ပိုင်း စစ်ဘေးရှောင် အများဆုံး ထွက်ပြေးရသော စစ်ဆင်ရေးများ ဖြစ်သည်။ ထိုစဉ်က တပ်မတော်၏ နယ်ခြားစောင့်တပ်များက မဲသဝေါလမ်းကို သိမ်းပိုက် လိုက်သောကြောင့် လူ ၅၀၀၀ ကျော် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးရသည်။
၂၀၁၂ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် KNU အကြား နှစ်ဖက် အပစ်ရပ်စဲရေးမှ စတင်ပြီး ဒေသခံများသည် အပစ်အခတ် ရပ်စဲရေးကို ယုံကြည်ကာ ဆယ်စုနှစ်များစွာ အကြာ တိုက်ခိုက်မှုများ အပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရတော့မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် မကြာသေးမီက ဖာပွန်ခရိုင်မှ လက်နက်ကိုင်ပဋိပက္ခနှင့် တိုက်ပွဲသစ်များကြောင့် ထိုမျှော်လင့်ချက် ပျက်စီးသွားရသည်။
တော်ကူမူးဒါးကျေးရွာမှ တနာရီခန့် ခရီးအကွာအဝေးရှိ တောင်စောင်းတခုတွင် ချထားသည့် ယာယီစခန်းတွင် ရွာသားများသည် ညနေစာပြင်ဆင်ရင်း အလုပ်များ နေကြသည်။ ခွေးများနှင့် ကြောင်အများအပြားသည် စားကြွင်းစားကျန်များ ချပေးမည် ဟူသော မျှော်လင့်ချက်ဖြင့် ရွာသားများ၏ ခြေထောက်များ အကြားတွင် ပွတ်သီ ရစ်သီ သွားလာနေကြသည်။
ထိုနေရာတွင် မိသားစု ၄ ခု စုုပေါင်းစခန်းချ နေကြရခြင်း ဖြစ်ပြီး အခြားသူများလည်း တောအတွင်းတွင် စခန်းငယ်များဖြင့် နေထိုင်နေကြကာ တိုက်ပွဲများ စတင်ဖြစ်ပွားချိန်က သူတို့ ခြေဦးတည့်ရာ ထွက်ပြေးခဲ့ရပြီး ကြုံရာသင့်ရာ နေရာများတွင် ဖြစ်သလို စခန်းချနေနေရခြင်း ဖြစ်သည်။
တော်ကူမူးဒါးကို စွန့်ခွာခဲ့ရသည့် အချိန်က စတင်ပြီး ရွာသားများသည် ၎င်းတို့၏ အဖိုးတန် ပစ္စည်းများကို ယူရန် ထိုရွာသို့ မကြာခဏ ဆိုသလို ပြန်ကြသည်။ ကြီးမားသော ဆန်အိတ်များကို စခန်းသို့ သွားသည့် အောက်ဘက်လမ်းဘေးတွင် ပုံထားကြသည်။
ညဘက် ရောက်လာသောအခါ အအေးဓာတ် လွှမ်းခြုံကျရောက်လာပြီး စစ်ဘေးရှောင် ရွာသားများသည် အိပ်ယာမဝင်မီ စကားပြေားရင်း အနွေးဓာတ်ရရန် မီးပုံအနီးတွင် ဝိုင်းအုံထိုင်နေကြရသည်။
“မြန်မာစစ်တပ်တွေ ဒီက ထွက်သွားမယ့် အချိန်ကို ကျနော်တို့ စောင့်နေတာ” ဟု တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ဘိုးနားဒါးကျေးရွာမှ အသက် ၆၀ အရွယ် စောဘူကွေးက ပြောသည်။ သူ၏ ကျေးရွာသည် စစ်ဆင်ရေးလမ်း ဖောက်မည့် နေရာနှင့် ၃ မိနစ်ခန့်သာ သွားရသည့် ခရီးအကွာအဝေးသာ ရှိသည်။
“ဒီဒေသထဲကို တပ်တွေ အများကြီး ထပ်ရောက်လာတာ ကျနော်တို့ တွေ့ခဲ့တယ်။ ဒါကြောင့် စားစရာတွေ ပြင်ပြီး သူတို့နဲ့ ပိုဝေးအောင် နေရာထပ်ရွှေ့ ရတယ်” ဟု စောဘူကွေးက ရှင်းပြသည်။ သူ့စိတ်ကို ဖိစီးနေသော မေးခွန်းမှာ မေလ အစောပိုင်း ကောက်စိုက်ချိန်တွင် လယ် ပြန်ထွန်ရန် ရွာသို့ ပြန်နိုင်ပါမည်လား ဟူသော မေးခွန်းပင် ဖြစ်သည်။
မကြာသေးမီက ပဋိပက္ခများ ပြန်လည် ဖြစ်ပွားလာခြင်းသည် စောဘူကွေး၏ ဘဝတလျှောက်လုံးတွင် အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့သော စိုးရိမ်မှုပင် ဖြစ်သည်။ တပ်မတော်၏ ရက်စက်ကြမ်းကြုတ်လှသော ဖြတ်လေးဖြတ် မူဝါဒ အပြီးတွင် သူ၏ သူငယ်ချင်း အများအပြား ညှဉ်းပမ်းနှိပ်စက် သို့မဟုတ် သတ်ဖြတ်ခံကြရသည်။
တကြိမ်တွင်မူ တပ်မတော်တပ်မှ တပ်ဖွဲ့ဝင်များသည် ရွာသားတို့၏ ကျွဲများကို ပစ်သတ်ခဲ့သဖြင့် လယ် မထွန်နိုင်တော့ဘဲ စားစရာ အခက်အခဲ ရင်ဆိုင်ရသည် ဟု စောဘူကွေးက ပြန်ပြောပြသည်။
၎င်းတို့ကဲ့သို့ပင် သာမန်ရွာသားများအနေဖြင့် တိုက်ပွဲများ ရပ်အောင် လုပ်နိုင်စွမ်း မရှိကြောင်းလည်း သူက ပြောသည်။
“စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရအောင် ကျနော်တို့ KNU ခေါင်းဆောင်တွေ အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရနဲ့ ဆွေးနွေးစေချင်တယ်” ဟု သူက ဆိုသည်။ ။
(အင်္ဂလိပ်ဘာသာဖြင့် Villagers Flee as Specter of War Returns to Northern Karen State တွင် ဖတ်ပါ)