မြန်မာနိုင်ငံ၏ အထင်ကရ ပွဲတော်တခုဖြစ်သော ၁၃၇၉ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ပိတ်ရက်ရှည်ရသဖြင့် ရန်ကုန်မြို့မှ နယ်သို့ ပြန်မည့်သူများနှင့် အပန်းဖြေခရီး ထွက်မည့်သူများ အဝေးပြေး ကားဂိတ်များ၌ ကားလက်မှတ်များ ဝယ်ယူရန် စောင့်ဆိုင်း နေကြသည်။
သို့သော် ရန်ကုန်မြို့သည် နှစ်စဉ် သင်္ကြန်ပွဲတော် နီးကပ်လာသည်နှင့် ရန်ကုန်မှ နယ်သို့ပြန်မည့်သူများ၊ အပန်းဖြေ ခရီး ထွက် မည့်သူများသည် ကားလက်မှတ် မရရှိခြင်း၊ လက်မှတ်ခများ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ကြုံတွေ့ရသည်မှာ ထုံးစံလို ဖြစ်နေ သည်။
ယင်းအခြေနေများကိုု ဖြေရှင်းရန်အတွက် အစိုးရအဆက်ဆက် နှစ်စဉ်ကြိုးစားခဲ့သော်လည်း လက်ရှိ အရပ်သား အစိုးရဟု အများက အသိအမှတ်ပြုထားသော NLD အစိုးရလက်ထက်၌ပင်လျှင် အခါကြီးရက်ကြီး ဖြစ်သော ပွဲတော်ရက်များ၊ အထူး သဖြင့် သင်္ကြန်ပွဲတော်အချိန် ရောက်လာသည်နှင့် ကားလက်မှတ်ခ ဈေးနူန်းများမြင့်တက်ခြင်းနှင့် လက်မှတ် ဝယ်မရ သည့် ပြဿနာများကို ကြုံတွေ့ ကြရကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောဆိုကြသည်။
စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်သို့ မြန်မာနိုင်ငံအနှံ့အပြားတွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူများ အလုပ် လာရောက်လုပ်ကိုင်လျက်ရှိပြီး သင်္ကြန်ပွဲတော်ကဲ့သို့သော ပိတ်ရက်ရှည်ရရှိသည့် ပွဲတော်များတွင် မိမိတို့နေထိုင်ရာ နယ်မြို့များသို့ နှစ်စဉ်ပြန်လေ့ရှိကြသည်။
ပုဂ္ဂလိက ကုမ္ပဏီ ဝန်ထမ်းတဦးဖြစ်သူ ဦးမင်းမင်းက “ကျနော်က ပခုက္ကူကိုပြန်ရမှာ။ ကျနော်တို့ သင်္ကြန် ရုံးပိတ်ရက်က ၁၂ ရက်နေ့မှ စမှာဆိုတော့ နယ်ပြန်ဖို့ ဧပြီလ ၃ ရက်ထဲက ကြိုပြီး ကားလက်မှတ်သွားဝယ်တာ မရဘူး။ ရှေ့ထိုင်ခုံ နံပါတ် ၁ နဲ့ ၂ က အစိုးရတာဝန်ရှိသူတွေအတွက် ထားတယ်ဆိုပြီး ဖြတ်မရဘူး။ အစိုးရဝန်ထမ်းကို ဦးစားပေးပြီးဖြတ်တယ်။ ဘယ်ဝန်ထမ်းပဲဖြစ်ဖြစ် အတူတူပါပဲ။ ကျနော်တို့လည်း တခါတလေ ပိတ်ရက်ရှည်ဆိုတော့ မိသားစုနဲ့ တွေ့ချင်တယ်။ မိသားစု ဆုံတုန်းလေး ပြန်ချင်တာ။ အခုတော့ ဈေးပိုပေးတာတောင် လက်မှတ်မရတော့ ပြန်မရဘူး”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ဒါတွေက နှစ်စဉ်ကျနော်တို့ဆီမှာ ဖြစ်နေကျပဲ။ လက်မှတ်ခတွေ ဈေးပိုတောင်းချင်လို့ လက်မှတ်တွေ မရှိတော့ဘူး ဆိုပြီး လက်သိပ်ထိုးရောင်းတာတွေ ရှိတယ်။ ဒါတွေကို တိုင်လို့ရတယ်ဆိုပြီး အစိုးရက စာတွေထွက်၊ တိုင်ကြား ဖို့ ဖုန်းနံပါတ်တွေ ကြေညာထားပေမယ့် ပြည်သူက တိုင်လည်း မထိရောက်ဘူး။ ပြီးခဲ့တဲ့နှစ် အထိပဲ။ တိုင်လို့ ထိရောက်မှု မရှိတာ၊ အရေးယူတာ သိပ်မတွေ့ရတော့လည်း ကြာတော့ မတိုင်ဘဲ တနှစ်ပြီးတနှစ် ပြီးသွားတာ။ ဒါတွေကို အစိုးရအနေနဲ့ အဆင်ပြေအောင် ဖြေရှင်းပေးစေချင်တယ်”ဟုလည်း ပြောဆိုသည်။
တိုင်းအစိုးရ အနေဖြင့် သင်္ကြန်ပွဲတော် ကဲ့သို့သော ပိတ်ရက်ရှည်များတွင် ပြည်သူများ အားလုံး စိတ်ချမ်းသာစွာဖြင့် မိမိတို့ နေရပ်သို့ ပြန်နိုင်ရေးကို စီစဉ်ပေးသင့်ကြောင်း၊ အစိုးရ ဝန်ထမ်းများအတွက် သီးသန့်စီစဉ်ထားသော နေရာများကို ထို ပိတ်ရက် ရှည်များတွင် မထားဘဲ အစိုးရဝန်ထမ်းများကို ဖယ်ရီကားများ စီစဉ်ပေးသင့်ကြောင်းလည်း ၎င်းက အကြံပြု ပြောကြား သည်။
“ဒီလိုသာ စီစဉ်ပေးရင် လက်မှတ်ဖြတ်ရတာလည်း လွယ်မယ်။ ပြည်သူတွေ အားလုံးလည်း ထိုင်ခုံလောက်ငှငှနဲ့ မိမိနေရပ် ကို စိတ်ချမ်းသာစွာ ပြန်နိုင်မယ်။ အခုက အဲဒီလိုမဟုတ်တော့ ပိတ်ရက်ရှည်ဆိုရင် လူတွေက အဝေးပြေး ကားဝင်းတွေမှာ ဝိုင်းအုံပြီး ဖြတ်ကြရတယ်။ အဲဒီတော့ လက်မှတ်ခတွေလည်း ဈေးက အရင်ကထက် နှစ်ဆလောက် ဈေးပိုပေးရတယ်” ဟု ဦးမင်းမင်း က ပြောဆိုသည်။
ပုံမှန်အားဖြင့် ရန်ကုန်မှ မြင်းခြံသို့ အဝေးပြေးကား လက်မှတ်ခမှာ ၉၅၀၀ ကျပ်မှ ၁၁၅၀၀ ကျပ်အထိ ရှိသော်လည်း သင်္ကြန် ကာလ ရောက်လာပြီဆိုလျှင် ကျပ် ၂ သောင်းအထိ မြင့်တက်လျက်ရှိပြီး တချို့မှာ ပိုက်ဆံပိုပေးသော်လည်း ကားလက်မှတ် မရသဖြင့် မပြန်ရသော သူများပင် ရှိကြောင်း မြင်းခြံခရိုင် နထိုးကြီးမြို့နယ်သို့ ပြန်မည့် ကိုရဲနောင်ကလည်း ပြောသည်။
“ကျနော်က လမကုန်ခင်ကတည်းက လက်မှတ်ဝယ်တာ အခုထိ မရသေးဘူး။ ကားလက်မှတ် ရောင်းတဲ့ သူတွေက သူတို့ ကားဂိတ်နဲ့ သိတဲ့သူကို ပိုဦးစားပေးတယ်။ မသိတဲ့သူဆိုရင် လက်မှတ်က မရတော့ဘူး။ မရောင်းတော့ဘူးလို့ပဲ ပြောတာ။ ပုံမှန်ထက်လည်းဈေးက နည်းနည်းပိုပေးရတယ်။ နှစ်တိုင်းဖြစ်နေကျ ဆိုတော့ မတိုင်တော့ဘူး။ တိုင်လည်း လက်မှတ်က ရမှာမှ မဟုတ်တာ။ သူတို့တွေက ဒီအချိန်ဆို လုပ်စားနေကျပဲ။ ကျနော်တို့က သိသိကြီးကြီးနဲ့ ခံနေရတာ” ဟုလည်း ၎င်းက ပြောပြသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့လို နယ်ကနေ ရန်ကုန် အလုပ်လာလုပ်တဲ့ သူတွေကတော့ ပိတ်ရက်ရှည်ဆို ပြန်ချင် ကြ တယ်။ ဒီရက်လေးပဲ ပြန်ရတာလေ။ ကျန်ခဲ့တဲ့ မိဘတွေကလည်း မျှော်ကြတယ်လေ။ အခုလို ကားလက်မှတ်တွေ ဖြတ်ရ ခက်နေတော့ စိတ်မကောင်း ဖြစ်မိတယ်။ တချို့ သူငယ်ချင်းတွေဆို ရတဲ့ကားနဲ့ ပြန်ကြတယ်။ ပုံမှန် ၉၅၀၀ ကျပ်ပဲပေးရတဲ့ လက်မှတ်ခက ကျပ် ၂ သောင်းလောက် ပေးရတယ်။ ဒါ အသွားတင် မဟုတ်ဘူးနော်၊ ရုံးပြန်တက်ဖို့ ရန်ကုန် ပြန်လာ တော့ လည်း လက်မှတ်ခက ဈေးတက်နေတုန်းပဲ” ဟု ပြောသည်။
သင်္ကြန်ကာလ အတွင်း ရန်ကုန်မြို့နေ ပြည်သူများနှင့် ရန်ကုန်တိုင်း ဒေသကြီးပြင်ပ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ သွားရောက်လိုသော ခရီးသွားပြည်သူများ အတွက် ရန်ကုန် ဘတ်စ်ကား (YBS) ခရီးသည်တင် ယာဉ်များနှင့် အဝေးပြေး ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ် လိုင်းများအား ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) က ၂၀၁၈ ခုနှစ်သင်္ကြန်နှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်ကို ဧပြီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ၆၁ ယာဉ်လိုင်းသည် ယာဉ်အစီးရေ ၇၆၉ စီးဖြင့် ပုံမှန် လမ်းကြောင်း အတိုင်း ပုံမှန် ကားခနှုန်းထားနှင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း ပါရှိသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြေးဆွဲမည့် အဝေးပြေးခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းများသည် ဧပြီလ ၈ ရက်အထိ ပုံမှန် ပြေးပေးရမည်ဖြစ်ပြီး ဧပြီလ ၉ ရက်မှ ၁၆ ရက်အထိ အောင်မင်္ဂလာ အဝေး ပြေး နှင့် ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နား စခန်းများမှ ထွက်ရှိသည့် ခရီးသည်တင် ယာဉ်များ အနေဖြင့် အလှည့်ကျ ရပ်နား ခြင်း၊ ပြေးဆွဲခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။
အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ ရန်ကုန်တိုင်းဒေသကြီး အခြေပြု ယာဉ်လိုင်း ၁၀ လိုင်း၊ အခြားတိုင်း ဒေသ ကြီး နှင့် ပြည်နယ်များအခြေပြု ယာဉ်လိုင်း ၈ လိုင်း ရှိမည်ဖြစ်ပြီး ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နား စခန်းမှ ရန်ကုန်တိုင်း ဒေသကြီးအခြေပြု ယာဉ်လိုင်း ၄ လိုင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအခြေပြု ယာဉ်လိုင်း ၃ လိုင်းတို့မှာ ပိတ်ရက် မရှိ ပြေးဆွဲရမည် ဖြစ်ကြောင်း YRTA မှ ထုတ်ပြန်ထားသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးမှ တဆင့် အခြားတိုင်းနှင့် ပြည်နယ်များသို့ သွားရောက်မည့် ခရီးသွားပြည်သူများ သွား လာ မှု အထောက်အကူ ပြုရန်အတွက် ဧပြီလ ၁၁ ရက်မှ ၁၃ ရက်အထိ ရန်ကုန် – ပုသိမ် ခရီးစဉ်အား ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ လည်းကောင်း၊ ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ ရန်ကုန်- လက်ပံတန်း- မင်းလှခရီးစဉ်နှင့် ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ရန်ကုန် – ပဲခူး – ညောင်လေးပင် – တောင်ငူ – နေပြည်တော် ခရီးစဉ်များကို အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ လည်းကောင်း YRTA ၏ စီမံမှုဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ရန်ကုန်တိုင်း ဒေသကြီး မြို့တွင်းပြေးဆွဲနေသော YBS ခရီးသည်တင် ယာဉ်လိုင်းများနှင့် အဝေးပြေး ခရီးသည်တင် ယာဉ် လိုင်းများ အားလုံးသည် ဧပြီလ ၁၇ ရက် (နှစ်ဆန်း ၁ ရက်) တွင် ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
ဧရာဝတီတိုင်းသို့ ပြန်မည့် ကိုပြည့်ဖြိုးက “အစ်ကိုတို့ကတော့ ရက်ကပ်မှ လက်မှတ်ကရတယ်။ အရင်နှစ်တွေကတော့ ဈေး တက်တယ်။ အရင်နှစ်ကတော့ အစ်ကိုတို့ ဖျာပုံမြို့ နယ်ပြန်တာ ဈေးတက်တယ်။ အခုကတော့ ဈေးတက်တာ မကြား သေး ဘူး။ ပုံမှန် ကျပ် ၅ ထောင်၊ ကျပ် ၆ ထောင်ကနေ ကျပ် ၈ ထောင်လောက်အထိ တက်တယ်။ အပြန်လည်း နှစ်ဆန်း ၃ ရက် လောက် အထိ တက်တယ်” ဟု ပြောသည်။
“ကျနော်တို့ အနေနဲ့ကတော့ အစိုးရကို ဘာပြောချင်လဲ ဆိုရင် သင်္ကြန်ရောက်တိုင်း ကားခတွေ ဈေးတက်တယ်။ အမှန်က သင်္ကြန် ရောက်တာနဲ့ ဈေးတက်မယ် ဆိုတာက မဆိုင်ဘူးလေ။ အဝေးပြေးကားတင် မဟုတ်ဘူး။ မြို့တွင်းဆွဲတဲ့ လိုင်းကား ခ ဈေးပါတက်တာ။ ပွဲတော်ရက်မို့ ကားလမ်းပိတ်တာ လက်ခံတယ်။ ဒီလိုလမ်းပိတ်လို့ အရင်က လေးခေါက် ကားဆွဲရမယ့် နေရာမှာ ၂ ခေါက်ပဲ ဆွဲရမယ်ဆိုလည်း ၂ ခေါက်ပဲဆွဲပေါ့။ ကားခတော့ တိုးကောက်တာက မဖြစ်သင့်ဘူး။ မနှစ်ကအထိ လိုင်းကား ခလည်း တက်တယ်။ ဒီနှစ်တော့ ဘယ်လိုလာမလဲ မသိသေးဘူး” ဟု သူက ဆက်ပြောသည်။
ပြီးခဲ့သည့်နှစ် သင်္ကြန်တွင် မြောက်ဥက္ကလာပ ခြောက်ကွေ့မှတ်တိုင်မှ လမ်းနီမှတ်တိုင်အထိ လူတဦးလျှင် ကျပ် ၂၀၀ တန် သည့် ခရီးကို ကျပ် ၁ ထောင်အထိ ပေး၍ စီးခဲ့ရကြောင်းလည်း ၎င်းက ပြောပြသည်။
ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ပြန်မည့် ကိုဇော်ဇော်ကလည်း “ဒီနှစ်တော့ မပြန်တော့ပါဘူး။ ကားခ လက်မှတ်တွေလည်း ဈေး တက်တယ် ကြားတယ်။ အဆင်မပြေဘူး ဆိုတော့ မပြန်တော့ဘူး။ အိမ်ကလူတွေကတော့ မျှော်နေမှာပဲ” ဟု ပြောဆိုသည်။
သင်္ကြန်ကာလအတွင်း YBS ယာဉ်လိုင်းများကို ယာဉ်အစီးရေ ၃ ပုံ ၁ ပုံ ဖြစ်သည့် အစီးရေ ၈၀၀ ခန့် မြို့တွင်း ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။
“ဆရာတို့က ကုမ္ပဏီကားရော၊ တဦးကားရော ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ ဈေးကိုတော့ လုံး၀ တက်လို့မရပါဘူး။ ဒါလည်း ဆရာတို့ သေချာ ကြေကြေလည်လည် ညှိနှိုင်းထားပါတယ်။ အမှန်တော့ ဆရာတို့ တချို့ယာဉ်လိုင်း အကြီးတွေ ဆိုရင် နှစ်သစ်ကူး ဖြစ်တဲ့ အတွက် ယာဉ်လိုင်း ခဏရပ်နား ကြတယ်။ ကားခ တိုးကောက်တာတော့ လုံး၀ မလုပ်ပါဘူး၊ ဒါက သေချာတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။
စည်းကမ်း ဖောက်ဖျက်သော ယာဉ်လိုင်းများနှင့် ယာဉ်စီးခ ပိုမိုကောက်ခံသော ယာဉ်လိုင်းများကို YRTA စည်းကမ်း ထိန်းသိမ်းရေး ရုံးသို့ အချိန်မရွေး တိုင်ကြားနိုင်သည်ဟု ဒေါက်တာ မောင်အောင်က ဆိုသည်။
“ပြန်ချင်တော့လည်း ပိုက်ဆံပိုတောင်းလည်း ပေးရတာပေါ့။ တိုင်လည်းထူးမှ မထူးတာ။ မြန်မာလူမျိုးဆိုတော့ သူ့ခေတ်နဲ့ သူ့အခါ ပေးရတယ်လို့ပဲ သဘောထားပြီး ပေးလိုက်တာပဲ။ မပေးလည်း ပြန်လို့မှ မရတာ။ ပုံမှန်ဈေးထက် ကျပ် ၂၅၀၀ လောက်တော့ ပိုပေးရတယ်။ ဒါတောင် မတ်လ အလယ်လောက် ကတည်းက ကြိုဝယ်ထားလို့။ နောက်ပြီး ကျမတို့ အသွား အပြန် ခဏခဏရှိတော့ ဂိတ်နဲ့ ခင်နေလို့ရတာ”ဟု ရန်ကုန်မှ မြင်းခြံသို့ပြန်မည့် ဒေါ်မြင့်ကြိုင်က ပြောသည်။
အဝေးပြေး ပြေးဆွဲသော ယာဉ်လိုင်းများ အနေဖြင့်လည်း နစ်နာမှု မရှိစေရန် အတွက် ၎င်းတို့ဘက်မှ လုံလောက်မှု မရှိမှ သာလျှင် YBS ယာဉ်လိုင်းများကို ထည့်သွင်း ပြေးဆွဲသွားမည် ဖြစ်ပြီး မန္တလေး၊ ပြည် အစရှိသည့် တိုင်းနှင့် ပြည်နယ်များသို့ ပြေးဆွဲရန် ကား အလုံအလောက် ရှိကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ရှင်းပြသည်။
“ဆရာတို့ ဒဂုံဧရာရော အောင်မင်္ဂလာ အဝေးပြေးမှာလည်း ဗီနိုင်းထောင်ပြီး ကပ်ထားပါမယ်။ တကယ်လို့ အဝေးပြေး ကား လက်မှတ် ဝယ်လို့ မရရင် ဆရာတို့ YBS ဆီမှာ လက်မှတ်လာဝယ်လို့ ရပါတယ်။ နောက်ဆုံးအဖြေကို ဆရာတို့ စောင့်နေ တယ်။ အဝေးပြေးလိုင်းတွေလည်း လုံး၀ ဈေးတက်လို့ မရပါဘူး။ တက်တယ်ဆိုရင်လည်း YRTA အဝေးပြေး တာဝန်ခံရုံးမှာ တိုင်ကြားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယာဉ်စည်းကမ်း ဖောက်ဖျက်သော ယာဉ်လိုင်းများ၊ ဈေးနူန်းပိုမို ကောက်ခံသည့် ယာဉ်လိုင်းများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ဒေါက်တာ မောင်အောင်က ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “ဘယ်လို ထိန်းချုပ်မလဲ ဆိုတာက ဥပမာ ထားပါတော့၊ ထီဆိုလည်း ထီဥပေဒေနဲ့ ဈေးမတက်ရဘူး၊ ထိန်းချုပ်တာပဲ၊ ဒါပေမယ့် အပြင်မှာ ၇၀၀ ကျပ်နဲ့ ရောင်းတာပဲ။ ဒါ ဥပဒေ နည်းနည်း နည်းနေတာပေါ့နော်။ ပြောသာပြောရတာ ရင်ဆိုင်နေရတာပဲ။ အဲဒါကို အခုလောလောဆယ်မှာ အဖြေတော့ ရှာရမှာပဲ။ အခုလောလောဆယ်မှာ ဖမ်းမယ်ဆီးမယ် ဆိုပြန်တော့လည်း ဒီအဝေးပြေးကားတွေက မထွက်ခိုင်း ဘဲ နေလို့ရတာ မဟုတ်ဘူး” ဟု ပြောသည်။
၎င်းက ဆက်လက်၍“ကျနော်တို့ သိတာတော့ ဥပဒေ မဟုတ်ဘူး။ ညွှန်ကြားချက်နဲ့ သွားရတာ ဆိုတော့ ထိရောက်အောင် တော့ အရေးယူရမှာပဲ။ တိုင်ကြားလာရင်တော့ ဘယ်နေရာ ဘယ်နေရာ၊ ဘယ်ကတော့ ဘယ်လိုလုပ်တယ် ဆိုပြီး အကြောင်း ကြားရင် ကျနော်တို့က ဒီဘက်ကို ဖိအားပေးရမှာ။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် တွေကတော့ မေးခွန်း တွေ မေးကြတာပဲ၊ သူတို့လည်း အရေးယူသွားမယ်၊ ထိန်းသိမ်းသွားမယ်လို့ ပြောကြတာပဲ။ ဘယ်လိုလုပ်မယ် ဆိုတာတော့ အမြဲပြောကြတယ်” ဟု ပြောဆိုသည်။
ခရီးသွား ပြည်သူများအနေနှင့် ဘယ်ကားဂိတ် ဘယ်ကားဂိတ်ကဖြင့် ဈေးနှုန်း ပိုကောက်ခြင်းများ ရှိသည်ကို မိမိမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ ထံသို့ တိုင်ကြားလျှင် ယင်းတိုင်ကြားချက်များကို လွတ်တော်ကိုယ်စားလှယ်များက တဆင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့သို့ ပြောကြားနိုင်ကြောင်းလည်း ၎င်းက ရှင်းပြ သည်။
“တိုင်တဲ့သူက ဘယ်နေရာ ဘယ်ဂိတ်ဆိုပြီး တိတိကျကျ တိုင်စေချင်တယ်။ တိုင်တဲ့သူရဲ့ ဖုန်းလည်း ထည့်ပေးပေါ့။ ဒါဆိုရင် ကျနော်တို့က ပြောရတာ ပိုအဆင်ပြေတယ်။ အရေးယူပြီးရင်လည်း အရေးယူပြီးပြီလို့ ပြန်ပြောလို့ ရတယ်။ တတ်နိုင်ရင် သက်သေ ပေါ့နော်။ လက်မှတ်ဖြတ်ပိုင်း စာရွက်လေး ရှိရင် ပိုကောင်းတယ်။ တိုင်မှလည်း အရေးယူလို့ရမှာ။ ဒါကြောင့် တိုင်ကြပါ။ လွှတ်တော်ကိုယ်စားလှယ် တွေကိုလည်း တိုင်ကြားနိုင်တယ်။ ဒါမှ လွှတ်တော်ကိုယ်စားလှယ် တွေက လွှတ်တော် မှာ ထောက်ပြလို့ရမယ်”ဟု ဦးကျော်ကျော်ထွန်း က ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် လွှတ်တော် ကိုယ်စားလှယ်များကို အဝေးပြေး ယာဉ်စီးခများ ဈေးနူန်းကြီးမြင့်ခြင်းနှင့် ပတ်သက်ပြီး တိုင်ကြား မှုများ မရှိခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။
မန္တလေးတိုင်း ဒေသကြီးတွင်လည်း ယာဉ်စီးခများကို ပိုမိုကောက်ခံလျှင် စားသုံးသူ၊ နစ်နာသူများဘက်မှ ဆုံးရှုံးမှု တိုင်ကြား နိုင်ကြောင်း၊ ပုဒ်မ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ကို ဖောက်ဖျက် ကျူးလွန်ခဲ့လျှင် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ကို ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ကို ဖြစ်စေ အမြင့်ဆုံး အပြစ်ဒဏ် ကျခံရမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးကျော်ဦးက ဧရာဝတီသို့ ပြောကြားထားသည်။
မြန်မာ့ မီးရထားကလည်း ခရီးသွားပြည်သူများ အဆင်ပြေစေရန် နှစ်စဉ်နှစ်တိုင်း ရန်ကုန်-မန္တလေး သင်္ကြန်အထူးရထားကို ဧပြီလ ၁၀ ရက်နေ့မှ စတင်ပြီး ပုံမှန်ဈေးနှုန်းများဖြင့် ပြေးဆွဲပေးမည် ဖြစ်ကြောင်း မြန်မာ့ မီးရထား (အောက်မြန်မာပြည်) မှ သိရသည်။
နှစ်စဉ် မြင့်တက်နေသော အဝေးပြေးကားလက်မှတ်ခ နှုန်းထားများ၊ လက်မှတ် မလုံလောက်မှုများကို လက်ရှိ အချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ခရီးသွားပြည်သူများက ပြောဆိုနေကြသည်။ ။