သင်္ကြန်နှင့် လုံခြုံရေး
ဧပြီ ၁၃ ရက်သည် မြန်မာလူမျိုးများ၏ အတာနှစ်ကူး သင်္ကြန်အခါ သမယကို ကျရောက်ပြီ ဖြစ်သည်။ လူငယ်၊ လူရွယ်၊ လူကြီး၊ ကလေး အားလုံးသည် အတာသင်္ကြန်ကို ရေပက်ခံ ထွက်ကြရန် ပြင်ဆင် နေကြသည်။ တချို့က ဘယ်နေ့ကိုလည်မည်၊ ဘယ်နေရာ (ဘယ်မြို့) ကို သွားလည်မည်၊ ဘယ်လို ပုံစံဖြင့် လည်မည်၊ ဘယ်သူတွေနှင့် လည်ကြမည် စသဖြင့် အစီအစဉ်များကို ဆွဲထားကြသည်။
အတာသင်္ကြန်သည် မြန်မာလူမျိုးများအတွက် နှစ်သစ် အခါ မင်္ဂလာပင် ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာရှိသော နှစ်သစ်ကူးကို မင်္ဂလာရှိရှိဖြင့် အဆုံးသတ်ရန် လိုအပ်သော်လည်း တနှစ်နှင့်တနှစ် လူအသေအပျောက်များက ဖြစ်ပေါ်မြဲပင်။
ထို့ကြောင့် မင်္ဂလာယူသည့် နှစ်သစ်ကူး အတာသင်္ကြန်တွင် မင်္ဂလာရှိရှိ အဆုံးသတ်နိုင်ရန်အတွက် လုံခြုံရေးနှင့် မိမိကိုယ်မိမိ ထိန်းသိမ်းရေးက အဓိက ဖြစ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လုံခြုံရေး မရှိပါက ခိုက်ရန် ဖြစ်ပွား၍ လူအသေအပျောက်များ ဖြစ်လာစေနိုင်ပြီး မိမိကိုယ်မိမိ ထိန်းသိမ်းခြင်း မရှိပါကလည်း အန္တရာယ်ကို လက်ယက်ခေါ်နေသကဲ့သို့ ဖြစ်နေသည်။
ရှမ်းလူငယ်များ ကွန်ရက် (ရန်ကုန်) ဥက္ကဋ္ဌ စိုင်းအောင်မြင့်ဦးကတော့ မြန်မာ့ရိုးရာ သင်္ကြန်အခါသမယသည် မူးယစ်ရမ်းကားပြီး ပျော်ရွှင်ရန်ထက် ယင်းအနှစ်သာရကို သိရှိရန်နှင့် ရိုးရာယဉ်ကျေးမှုအား ထိန်းသိမ်းရန် လိုကြောင်း ဆိုသည်။
“မြန်မာ့ရိုးရာ သင်္ကြန်အခါသမယ၊ တနည်းအားဖြင့် မြန်မာနှစ်သစ်ကူးလည်း ဖြစ်တဲ့အတွက် ပျော်ရွှင်တဲ့ လူ့အသိုင်းအဝန်းဖြစ်ဖို့ မင်္ဂလာရှိအောင် ကြိုးစားရပါမယ်။ နောက်တခုက လုံခြုံရေးလို့ ပြောတဲ့နေရာမှာ မူးယစ် သောက်စားတာတွေ သတိရှိရှိ ဆင်ခြင်ဖို့ အဓိကကျမယ်လို့ မြင်မိပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာ့ရိုးရာ သင်္ကြန်ကာလ ကျင်းပသည့် အချိန်တွင် ဖြစ်ပွားလေ့ ရှိသော ပြစ်မှုမြောက် ဖြစ်စဉ်များမှာ ခိုးမှု၊ ခါးပိုက်နှိုက်မှု၊ ယာဉ်မတော်တဆမှု၊ လူသတ်မှု၊ ခိုက်ရန် ဖြစ်ပွားမှု၊ မူးယစ်ရမ်းကားမှု၊ လက်နက်မှု စသည့် မတူညီသော ကိစ္စများ ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရသည်။
၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း တနိုင်ငံလုံးအနေဖြင့် ယာဉ်မတော်တဆမှု (၃၅၇) မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရ (၇၅၉) ဦး၊ သေဆုံးသူ (၁၃၉) ဦး ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အဖြစ်များဆုံးဖြစ်ကြောင်း လည်း ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် နိုင်ငံတော် အစိုးရက သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် လုံခြုံရေးကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရေပက်ခံ ထွက်ကြသော လူထုကလည်း မိမိကိုယ်မိမိ ဆင်ခြင်တုံတရားကို လက်ကိုင်ထား၍ ပျော်ပါးရန်လည်း လိုအပ်လာသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က လုံခြုံ ရေးဆိုသည့် စဉ်းစားချက်တွင် အတိတ်က သင်္ကြန်တွင်းအချိန် ရန်ကုန်တွင် ဖြစ်ခဲ့ဖူးသည့် X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှု ကိစ္စမျိုးကို စဉ်းစား၍ ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း ဆိုသည်။
“ဒီလို အချိန်မှာ လူငယ်တွေ မူးယစ်ဆေးသုံးစွဲမှုတွေ ရှိမယ်၊ အရက်၊ ဘီယာသောက်ပြီး မူးယစ် ရမ်းကားတာ တွေ ရှိမယ်၊ လုယက်မှုတွေ ဖြစ်နိုင်တယ်။ ဖြစ်နိုင်တဲ့ ပြဿနာတွေကို ကြိုစဉ်းစားပြီး ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အရက်၊ ဘီယာ ရောင်းချတာမျိုးကို အချိန် အကန့်အသတ်နဲ့ ရောင်းချတာမျိုး လုပ်သင့်တယ်။ မူးယစ်ဆေးဝါးကို လွယ်လွယ်ကူကူ မရနိုင်အောင်တော့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က စီစဉ်ထားသင့်တယ်” ဟု ၎င်းက ပြော သည်။
ထို့အပြင် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုများ မဖြစ်အောင် အရက်သောက်ပြီး ဆိုင်ကယ်၊ ကားမောင်းခြင်း များကို နေရာ ခပ်စိပ်စိပ်တွင် စစ်ဆေး၍ မူးပြီး ယာဉ်မောင်းသူများကို ချက်ချင်း အရေးယူကာ သင်္ကြန် ကာလပြီးသည် အထိ ထိန်းသိမ်းထားခြင်းနှင့် ဒဏ်ငွေများများ ချမှတ်ခြင်းမျိုး ပြုလုပ်သင့်ကြောင်း ဦးဘိုကြည်က အကြံပြု ပြောပြသည်။
“အခုချိန်လောက်ကတည်းက ပညာပေးတွေ များများ လုပ်သင့်တယ်။ တဦးချင်း အနေနဲ့ကတော့ မိမိရဲ့ ပျော်ရွှင် မှုကြောင့် တပါးသူများ အနှောင့်အယှက် မဖြစ်အောင် ထိန်းသိမ်းရမှာပါ။ ထောက်လှမ်းရေးတွေက သတင်းကြိုရ အောင် ထောက်လှမ်းနိုင်ရမယ်၊ ကြိုတင်ကာကွယ်မှု လုပ်နိုင်ရပါမယ်။ မိဘတွေကလည်း ကိုယ့်သားသမီး တွေကို မူးယစ်ရမ်းကားတာနဲ့ ရန်ဖြစ်တာမျိုး မဖြစ်အောင် ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ၂၀၁၈ ခုနှစ်၊ ဧပြီ ၅ ရက်က ထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း မိဘပြည်သူများ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်နစ်နာမှု မရှိစေရေး၊ ယာဉ်အန္တရာယ်မဖြစ်ပွားစေရေးတို့ အတွက် မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခြင်းမပြုရ၊ အပျော်လွန်ကျူး စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်း မောင်ခြင်း မပြုရ စသည့် အချက်များအပြင် အချက် ၁၀ ကို သတိပေး ထုတ်ပြန်ခဲ့ သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သင်္ကြန်ကာလတွင် မြန်မာတနိုင်ငံလုံးအတွင်း စုစုပေါင်း ပြစ်မှုပေါင်း ၁၂၀၀ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၈၅ ဦးနှင့် ဒဏ်ရာ ရရှိသူ ၁၀၇၃ ဦးရှိခဲ့ကြောင်း ၂၀၁၇ ခုနှစ်၊ ဧပြီ ၁၈ ရက်ထုတ် အစိုးရပိုင် ကြေးမုံ သတင်းစာမှာ ဖော်ပြထားသည်။
ထို့နောက် ၂၀၁၆ ခုနှစ် အင်္ကြန်ကာလတုန်းက မြန်မာတနိုင်ငံလုံးအတွင်း စုစုပေါင်း ပြစ်မှုပေါင်း ၉၆၇ မှု၊ သေဆုံး သူ ၂၇၂ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၈၆ ဦးရှိခဲ့သည်။
ဤ ၂ နှစ်အတွင်း ကျရောက်ခဲ့သော သင်္ကြန်ကာလကို နှိုင်းယှဉ်ကြည့်လျှင် ၂၀၁၇ ခုနှစ်တွင် ကျရောက်ခဲ့သော သင်္ကြန်ကာလသည် ၂၀၁၆ ခုနှစ်၌ ကျရောက်ခဲ့သော သင်္ကြန်ကာလထက် အမှုပေါင်း ၂၃၃ မှု ပိုမိုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၃ ဦး ပိုများခဲ့ကြောင်း တွေ့ရှိရမည် ဖြစ်သည်။
အဆိုပါ အခြေအနေများကြောင့် တရားလွှတ်တော် ရှေ့နေ ဦးအောင်ကျော်က လူထုအနေဖြင့် လုံခြုံရေးကို ပူးပေါင်းပါဝင်မှ လုံခြုံမည်ဖြစ်ပြီး မူးယစ် သောက်စားမှုများကိုလည်း လူထုအနေဖြင့် သတိနှင့် သောက်သင့် ကြောင်း ဆိုသည်။
“တာဝန်ရှိသူတွေက နယ်မြေခံရဲတွေကို စခန်းမှာ အချိန်ပြည့် တာဝန်ယူပြီး မြို့နယ်အလိုက် လှည့်ကင်း၊ ပတ်ကင်းတွေ ဆောင်ရွက်ပေးသင့်ပါတယ်။ ပြီးတော့ လုံခြုံရေး စနစ်တွေနဲ့ ပြည်သူလူထု လုံခြုံရေးကို အလေး ထား စောင့်ကြည့်သင့်ပါတယ်။ လုံခြုံရေး ကင်မရာတွေ တပ်ထားသင့်တယ်” ဟု ၎င်းက အကြံပြု တိုက်တွန်း သည်။
လက်ရှိတွင် နိုင်ငံတော်အစိုးရက သင်္ကြန်ကာလအတွင်း သေမှုသေခင်း မဖြစ်စေရေးနှင့် ပြစ်မှုများ မရှိစေရေး အတွက် လုံခြုံရေးကို တိုးမြှင့်ချထားရန် စီစဉ်နေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကတော့ ရန်ကုန်သင်္ကြန်တွင် လုံခြုံရေးအင်အား ၇၀၀၀ ကျော်သုံးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုလုံခြုံရေး အင်အား ၇၀၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ကြန်မဏ္ဍပ် ၆၀ ကျော်တွင် အချိုးကျ လုံခြုံရေး အင်အားများကို ခွဲဝေ၍ မူခင်း ကျဆင်းရေးနှင့် လူထု လုံခြုံရေးအတွက် ဆောင်ရွက်သွားရန် ပြင်ဆင် ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ဆိုသည်။
ဗဟန်းမြို့နယ်နေ မမြပန်းဝေက “လုံခြုံရေးက တင်းတင်းကြပ်ကြပ် ဆိုတာထက် ပျော်ပါးတဲ့လူတွေ ရေကစား တဲ့ သူတွေ၊ လည်တဲ့သူတွေ၊ မဏ္ဍပ်ထိုင်တဲ့လူတွေ အကုန်လုံးပေါ့၊ စည်းကမ်းရှိဖို့ လိုတယ်။ မူးယစ်စေတဲ့ အရာ တွေကို အဓိက Control လုပ်သင့်တယ်။ လုံးဝ မသောက်ရဘူး မပြောဘူးနော်။ သတိနဲ့ ထိန်းသိမ်းရမယ်။ ပြီး တော့ လူစည်ကားတဲ့ နေရာတွေမှာ လုံခြုံရေးကို သေချာ ချထားသင့်တယ်” ဟု ပြောသည်။
မွန်အမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး နိုင်လယိတမ ကတော့ ရေကစားထွက်ကြမည့် လူငယ်များ စီးနင်းသည့် ကား၊ ဆိုင်ကယ်များတွင် လူကို သေစေနိုင်သော တုတ်၊ ဓား၊ လက်နက်များ မပါအောင် စောင့်ကြပ် စိစစ်သင့်ကြောင်းဆိုသည်။
ထို့ပြင် နယ်မြို့/ ကျေးရွာများတွင် အချိန်လွန် ရေကစားခြင်းကလည်း ခိုက်ရန် ဖြစ်ပွားစေခြင်းကြောင့် အချိန်လွန် ရေကစားခြင်းကို တားမြစ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့များကို လုံခြုံရေးတာဝန် ချသည့်အခါ နေရာ သတ်မှတ်၍ တာဝန်ချခြင်း အပြင် မြို့နယ်တိုင်းမှာ Mobile လုံခြုံရေးအဖွဲ့ ထားသင့်ကြောင်း အကြံပြု ပြောဆိုသည်။
“မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်တွေ တော်တော်ရှိပါတယ်။ ရေကစားကြသူ အများစုကလည်း လူငယ်တွေ ဖြစ်နေတော့ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ အကြောင်းကတော့ ခိုက်ရန် ဖြစ်မှုတွေဟာ လုံခြုံရေး တပ်ဖွဲ့ ဆိတ်ကွယ်ရာ အရပ်မှာ ဖြစ်ပွားတာများတယ်။ ဆိတ်ကွယ်ရာ အရပ်မှာ ဖြစ်တဲ့အတွက် သွေး ချောင်းစီးတဲ့ ရန်ပွဲအဆင့်ထိ ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။
ရေကစားသူများ အနေဖြင့် မူးယစ်ဆေးသုံးစွဲခြင်းကို ရှောင်လွှဲရန်နှင့် အရက်အလွန်အကျွံ မသောက်သုံးမိရန် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရေး လိုအပ်ကြောင်း နိုင်လယိတမက အကြံပြု တိုက်တွန်းလာခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အမှတ် (၆) ယာဉ်ထိန်းဒုတပ်ဖွဲ့မှ ဒုရဲမှူး ဝင်းမြင့်ဦးက “ပြည်သူများအနေဖြင့် သတ်မှတ် ထားသော ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာရင် အန္တရာယ်ကင်းပါတယ်။ လမ်းလျှောက်တဲ့ လူရော၊ အနှေးယာဉ်မောင်းသူရော၊ မော်တော်ယာဉ် မောင်းသူရော အားလုံး သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာရင် ဘာမှ မဖြစ်ပါဘူး။ မလိုက်နာလို့ ဖြစ်တာပါ။ ဒါကြောင့် စည်းကမ်း လိုက်နာကြပါလို့ တိုက်တွန်း ချင်ပါတယ်” ဟု ပြောသည်။
၂၀၁၇ ခုနှစ် သင်္ကြန်ကာလတွင် ပြစ်မှုဖြစ်ပွားခြင်း၊ သေဆုံးသူ အရေအတွက်များခြင်းနှင့် ဒဏ်ရာ ရရှိသူ အများဆုံး တိုင်းနှင့် ပြည်နယ်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန် ပြည်နယ်၊ ကချင်ပြည်နယ် စသည့် ဒေသများ ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ကာလအတွင်း ဘေးအန္တရာယ် မကျရောက်ရေး ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များ အနေဖြင့် အရေးကြီး လမ်းမများတွင် ယာယီ Check Point များ ချထားပြီး လုံခြုံရေးကို ပိုမို ဂရုတစိုက် ဆောင်ရွက်သင့်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ အတွင်းရေးမှူး-၃ ဗိုလ်မှူးကြီး စိုင်းငင်းက အကြံပြုသည်။
အလားတူ ရေကစားမဏ္ဍပ် အနီးအနားမှာ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများ တွေ့လျှင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အချိန်နှင့် တပြေးညီ အကြောင်းကြားရေးတို့ကို ဖော်ဆောင်နိုင်ပါက ရေကစားသည့် ပြည်သူလူထု၏ လုံခြုံရေး အတွက် အကျိုးပြုနိုင်မည်ဟု မြင်ပါကြောင်း ၎င်းက ဆိုသည်။
RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက “မိဘတွေကလည်း မိမိတို့ သားသမီးများကို သင်္ကြန်အတွင်း ပိုမို ကြပ်ကြပ် မတ်မတ် ကြည့်ရှုစောင့်ရှောက်ရမယ်။ ပြည်သူ တဦးချင်းအနေနဲ့လည်း သွားသတိ၊ လာသတိ၊ မောင်း သတိ၊ စားသတိ၊ နေသတိ ဆိုတဲ့အတိုင်း ဆောင်ရွက်နိုင်မယ်ဆိုရင် သင်္ကြန်အခါသမယမှာ ဘေးဥပါဒ် အပေါင်း ကနေ ကင်းလွတ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။