ဆောင်းပါး

လတန်ခူး ကျူးခဲ့ပြန်ပေါ့

Want create site? Find Free WordPress Themes and plugins.

သင်္ကြန်ကာလကို ဖြတ်သန်းဖို့ ရက်ပိုင်းပင်လိုတော့သည်။

ပိတောက်သည်လည်း မိုးလေမှန်မှသာ ပွင့်နိုင်ရာ၊ အချိန်ကိုက် မပွင့်တာကြာပြီဖြစ်သော ပိတောက်သည် သစ္စာမရှိဟုပင် စွပ်စွဲ ပုတ်ခတ်ခံနေရသည်မှာ နှစ်အတန်ကြာနေပြီ ဖြစ်သည်။

သို့သော် မကြာခင်က ရွာသော အချိန်အခါမဟုတ် မိုးက ပိတောက်ကို ပွင့်စေ၏။

သင်္ကြန်နီးပြီဆိုတော့ အထက်တန်း ကျောင်းသားဘဝက သင်ကြားဖူးသော အမျိုးသား စာဆိုကြီး ဆရာဇော်ဂျီ၏ “တခု သော သင်္ကြန်အခါ” ဆိုသည့် မြန်မာတို့၏ ရိုးရာသင်္ကြန်ကို ဖွဲ့ဆိုထားသည့် ကဗျာခေါင်းစဉ်လေးက အတွေးထဲ ရောက်သည်။

ထိုကဗျာထဲမှ ရိုးရိုးစင်းစင်း ဖွဲ့ဆိုထားသည့် ကဗျာလေး တပိုဒ်က –

“လာဟေ့ လာဟေ့၊ ဘုရားကုန်းက၊ တအုန်းအုန်းနဲ့၊ တရုန်းရုန်း လာကြ၊ ဘယ့်နှာပါလိမ့်

ထိန့်လိုက်တဲ့ အိုးစည်၊ နှဲကလည်း ပီသနဲ့၊ သီသူက သီကြ၊ ကသူက ကလာ

နွားကြီးလည်း ပါသဟေ့၊ ကျောပေါ်မှာ ကော်ဇော၊ အမွှေးရော သနပ်ခါး

ချိုဖျားမှာ ပိတောက်ပန်းတွေက၊ တလျှမ်းလျှမ်း ရွှေအဆင်

နွားစိတ်ထဲ အခဲသားဝင်လိုက်ရ၊ ရွှင်လိုက်မည့်ဖြစ်ခြင်း”

ဤသည်ကား ဆရာဇော်ဂျီတို့ သိမီလိုက်သည့် မြန်မာ့ရိုးရာ သင်္ကြန်၏ မြင်ကွင်းတကွက်။

တခုသော သင်္ကြန်အခါ ကဗျာကပင် ဆက်၍ အတွေးရောက်သွားသည်က နို့ဆီခွက်ကလေးနဲ့ ပက်၊ ရေပြွတ်လေးနဲ့ ထိုး၊ ဖလားလေးတွေနဲ့ လောင်းကြသည့် အုန်းလက်မဏ္ဍပ်လေးတွေနှင့် ငယ်သင်္ကြန်ပင်။

ငယ်ဘ၀ ကြုံရသည့် သင်္ကြန်က ဆရာဇော်ဂျီတို့ခေတ်ကကဲ့သို့ နွားလွှတ်ပွဲများ မရှိပေမယ့် ရိုးရှင်းကာ မြန်မာဆန်နေသေး သည်ဟု ဆိုရမည်။

ဧပြီလဆန်းပြီဆိုရင်ဖြင့် သင်္ကြန်ကျတော့မည့် အရိပ်အယောင်တွေကို မြင်တွေ့ရကတည်းက အရပ်ထဲရှိ ကလေးတိုင်း ပျော်ကြ၏၊ မဏ္ဍပ်ထိုးဖို့ ကာလသား အစ်ကိုများက လူကြီးများနှင့် တိုင်ပင်တာကို မြင်ကတည်းက စိတ်လှုပ်ရှားကြသည်။ အရပ်လှည့် အလှူငွေကောက်ပြီဆိုရင်ဖြင့် ပြောမနေနှင့် နောက်က တကောက်ကောက်လိုက်ဖို့ ဝန်မလေး။

ထိုင်းနိုင်ငံ ချင်းမိုင် ရေသဘင်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော မြန်မာများ (ဓာတ်ပုံ – ကျော်ခ/ဧရာဝတီ)

စနေနေ့တိုင်း ထုတ်ဝေသည်ဆိုသည့် ရွှေသွေး အပတ်စဉ်စာစောင်တို့၊ တေဇစာစောင်တို့၏ မျက်နှာဖုံးတွင် ဆရာကြီး ဦးဘကြည်၊ ဆရာကြီးဦးစိန် ရေးဆွဲသည့် ရေပြွတ်တို့၊ ရေသေနတ်၊ လက်ပစ်ဗုံး စသည့် ကစားစရာများနှင့် ရေကစားနေ သည့် ကလေးငယ်များ၏ ပုံပါလျှင်တော့ မိဘတွေကို ရေသေနတ်ဝယ်ပေးဖို့ ပူဆာကြပြီပေါ့။

ဈေးတွင်လည်း ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် လက်ပစ်ဗုံးပုံ၊ သေနတ်ပုံ၊ စပျစ်သီးပုံ စသည့်တို့ အပြင် သံရေပြွတ်၊ ကော်ရေပြွတ် စသည့် သင်္ကြန်ရေ ကစားစရာ အမျိုးမျိုးကလည်း အပုံအပင်။

ဤသို့ဖြင့် သင်္ကြန်ရက် ရောက်ခဲ့ပါပြီ။ နံနက်မိုးလင်းသည်နှင့် ညကတည်းက ပွင့်သည့် ပန်းပိတောက်ကို အလုအယက်ခူး သံများ၊ သစ်ကိုင်းချိုးသံများက ညံနေသလို၊ လည်ဖို့ ပတ်ဖို့ လူစုသူများကလည်း စုလိုု့ပေါ့။ တချို့ကတော့ လမ်းထိပ်က မဏ္ဍပ်တွင် ရေကစားကြရန် တာဆူကြပေါ့၊ အခုခေတ်လိုတော့ ပိုက်တချောင်း ဘယ်လောက်၊ လူတယောက် ဘယ်လောက် ဆိုတာမျိုး အတောင်းအရမ်း မသောင်းကျန်းသေးပါ။

ကလေးတွေအတွက် စိတ်မချသည့် မိဘများက အိမ်ရှေ့တွင် အုန်းလက်မဏ္ဍပ်လေးထိုး၊ ရေတိုင်ကီ၊ ရေပုံးလေး ချထား ပေး၊ စပယ်ပန်းကုံးလေး လည်ပင်းဆွဲပေးကာ လာသမျှ စက်ဘီး၊ ဆိုက်ကား၊ မြင်းလှည်းနှင့် လမ်းသွားလမ်းလာ များကို ပက်စေ၏။ ထိုစဉ်က မော်တာဖြင့် ရေစုပ်စက်ဆိုသည်မှာ ဝေလာဝေး၊ ရေပက်ချင်ဇောဖြင့် ကိုယ့်ဘာသာ မနိုင့်တနိုင် ပုံးဖြင့် ရေဆွဲကာ သယ်ထည့်ရသည်။

ဥပုသ်သည်ကို ပက်မိမှာ စိုး၍လည်း လူကြီးတွေက တဟင်းဟင်းဖြင့် ဟန့်ရသည်။

လမ်းသွားလမ်းလာများက ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့လို့ အော်သွားရင်ဖြင့် မခံချင် စိတ်ဖြင့် နောက်ကနေ တအားပက်လိုက်မည်။

ထိုစဉ်က ဂျစ်ကားနှင့် လည်သူသည် သင်္ကြန်ကာလတွင် စတားအဖြစ်ဆုံး၊ မျက်နှာအပွင့်ဆုံးဟု ဆိုရမည်။ တချို့ကတော့ မြင်းလှည်း ပေါင်းမိုးဖြုတ်ကာ လှည့်ကြသလို၊ ကုန်ကားကြီး တစင်းပေါ် တရပ်ကွက်လုံး ပျိုပျိုအိုအိုမရွေး တင်ကာ လည်ကြ သူများလည်း ရှိ၏။

ညစ်ညမ်းသည့် အော်ဟစ်မှု နည်းပါးသည်၊ အလွန်ဆုံးအော်မှ အပျိုပိန်ပိန် ရေမစိမ်နဲ့ အီကြာကွေး၊ အီကြာကွေး၊ ဘာမြို့ကြီး ကျယ်တယ်ဆိုလို့ လျှောက်ပတ်ကြည့်၊ လျှောက်ပတ်ကြည့် ဆိုတာလောက်ပင်။

ထိုင်းနိုင်ငံ ချင်းမိုင် ရေသဘင်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော မြန်မာများ (ဓာတ်ပုံ – ကျော်ခ/ဧရာဝတီ)

တချို့လည်း ဆိုက်ကားနှင့် တချို့လည်း ခြေလျင်ပေါ့၊ အခုခေတ် အများပြောနေသည့် လမ်းလျှောက် သင်္ကြန်ဆိုတာ ဟိုတုန်း ကတော့ အထူးအဆန်း မဟုတ်ချေ။

ထိုစဉ်က မြို့နားမှာ တရုတ်ရဲ့ အကူအညီနဲ့ ရွှေတောင် ချည်မျှင်နှင့် အထည်စက်ရုံ ဆောက်ခါစ၊ စက်ရုံ ဆောက်ရန်လာ သည့် တရုတ်လူမျိုးတွေလည်း TE-11 ကားဖြင့် မြန်မာသင်္ကြန်ကို လည်သည်။ ကွန်မြူနစ် တရုတ်မို့လို့လားတေ့ာမသိ၊ ပျော်ဖို့ ရေပက်ခံထွက်ပေမယ့် စည်းကမ်းရှိကြသည်ကို မှတ်မိနေသေး၏။ ပြဿနာဖြစ်သည့် အသံမကြားရ၊ ယဉ်ယဉ် ကျေးကျေးပင်။

အခုခေတ် မြန်မာပြည်တွင်း လာရောက်လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီများလိုသာ ဆိုလျှင်တော့ တွေးပင်မတွေးရဲ။

မှန်ရာဝန်ခံရလျှင် သင်္ကြန်တွင်း အရက်သောက်တယ် ဆိုတာက ရိုးရာလိုဖြစ်နေပေမယ့် တော်ရုံသည်းခံကြသည်။ အခု ခေတ် လိုတော့ စိတ်ကြွမူးယစ်ဆေး မရှိခြင်းက လာဘ်တပါးဟုပင် ဆိုရမည်။

ဘီယာ၊ အရက် ဆိုသည်ကလည်း အင်မတန်ရှားပါး၏၊ လည်ရင်းပတ်ရင်း ပြည်တွင်းဖြစ် နိုင်ငံခြားအရက်ဆိုင် သို့မဟုတ် ဘီအီးရောင်းသည့် အရက်ဖြူဆိုင်ရှေ့ ကားထိုးကာ သောက်ကြရသည်၊ ဒါတောင် လူမြင်မှာ စိုးကြ၏။

ကားပေါ် အရက်ပုလင်း ဆောင်သူများက ဝါရင့်ဇိုးသမားများသာ ဖြစ်၏။ အခုခေတ်လိုတော့ ဘီယာဘူး၊ ရေသန့်ဘူး ကောက်ဖို့ မစဉ်းစားလေနှင့်။

မူးလာလျှင် ကကြသည့်သူသာ များပြီး အရပ်ကလည်း သူတို့ကို ကြည့်ကာ ပျော်ကြသည်။ သို့သော် သင်္ကြန်အတက်နေ့ ညနေဆိုရင်တော့ ရန်ပွဲတပွဲနှင့် ဇာတ်သိမ်းရသည်က ဓမ္မတာလို၊ အစဉ်အလာလိုပင် ဖြစ်တော့၏။

ဝတ်စားဆင်ယင်မှုသည်ကား ပုံမှန်ပင်ဖြစ်ပြီး တဦးတလေသာ ယူဘရိုင်းနား မင်းသားကဲ့သို့ ကတုံးတုံး အိုးမည်းသုတ်ကာ၊ ရေသေနတ်ခါးထိုး လျှောက်လည်သည်ကား ရယ်စရာ ဖက်ရှင်တမျိုးအဖြစ် မြင်ရသည်။

မြို့အပြင်က စစ်တပ်များတွင်လည်း သင်္ကြန်မဏ္ဍပ်များရှိသည်။ ရေကို ပေါပေါသီသီ ပက်၍ လူစည်ကား၏။ သို့သော် ရှေ့တန်းပြန် စစ်သားများ ကရင်းခုန်ရင်း ပျော်ရင်းပါးရင်း စစ်ဖိနပ်ဖြင့် တက်နင်းမိတတ်သည်ကိုလည်း ရှောင်ကြရပေမည်။

ထူးခြားသည်က ထိုစဉ်က လူမျိုးမရွေး၊ ဘာသာမရွေး၊ လူမျိုးပေါင်းစုံ သင်္ကြန်ကို ဆင်နွှဲကြ၏။ ရပ်ကွက်ထဲမှ ဘာသာခြား များသည်ပင် သင်္ကြန်ကို ဦးဆောင်၏။

အခုခေတ်အခါမှာတော့ ဘာသာခြားကလည်း တစုံတရာဖြစ်လျှင် ပြဿနာဖြစ်မည် စိုး၍ ဆယ့်နှစ်ရာသီ ပွဲတော်များကို ရှောင်လာကြသည်။ မည်သို့ပင်ဖြစ်စေ ဆုတ်ယုတ်မှု တခုဖြစ်သည့်အတွက် ဝမ်းနည်းစရာပင်။

၁၉၈၈ ခုနှစ် နောက်ပိုင်းကာလများမှာတော့ ရိုးရာသင်္ကြန်သည် စီးပွားရေး သင်္ကြန်ဟုပင် ကင်ပွန်းတပ်ရလောက်အောင် ဖြစ်လာသည်။ နယ်မြို့လေးများတွင် မသိသာသော်လည်း ရန်ကုန်နှင့် မန္တလေးလို မြို့ကြီးများတွင် မဏ္ဍပ်ဆောက်ဖို့ ပေးရ သည့် ကြေးသည်လည်း မသေးပေ။

ထို့ကြောင့် တွက်ခြေကိုက်ရုံသာမက အမြတ်အစွန်းအတွက်ပါ လုပ်ကိုင်လာကြသည်။ မဏ္ဍပ်အတွင်း လိုတရဖြစ်အောင် လည်း အပြိုင်အဆိုင် ဖန်တီးထားသည့်အတွက် မဏ္ဍပ်ကြေးကလည်း မနည်းပေးရသည်ဟု အသံများထွက်လာသည်။

ထိုသို့ ပျောက်ကွယ်သွားသည့် ရိုးရာသင်္ကြန်ကို အမှတ်မထင် ပြန်လည်မြင်တွေ့လိုက်ရသည်ကား ဇင်းမယ်ဟု ခေါ်သည့် ချင်းမိုင်တွင် ဖြစ်သည်။

ချင်းမိုင်သင်္ကြန်သည် ရိုးရှင်းသည်၊ ချစ်စရာကောင်းသည်၊ ကားများ၊ ဆိုင်ကယ်များနှင့် လည်သူများရှိသလို၊ ကျုံး တလျှောက် လမ်းလျှောက်လည်သူများလည်း မနည်းမနောပေ။

ရေပက်လျှင်လည်း ရေသေနတ်လေးများနှင့် ခွက်လေးများအတွင်း ရေခဲရေအေးကို ထည့်ကာပက်ကြသည်။

ချင်းမိုင် ကျုံးဘေး သင်္ကြန်ပွဲတော် မြင်ကွင်း (ဓာတ်ပုံ – ကျော်ခ/ဧရာဝတီ)

အသောက်သမားများ အပြည့်ဖြစ်သော်လည်း အော်ဟစ်သံမကြားရ၊ ဆဲဆိုသံမကြားရ၊ အသံချဲ့စက်မဖွင့်၊ မြန်မာ သင်္ကြန် နှင့် ယှဉ်လျှင် တခုခုလိုနေသလို။ အဆိုးဆုံးက မြနန္ဒာ ရေညိုညို ရစ်ကာသန်းတဲ့ ဆိုသည့် သီချင်းသံ မကြားရခြင်းပင် ဖြစ် သည်။

မည်သို့ပင် ဖြစ်စေကာမူ အခုအခါမှာတော့ ယဉ်ကျေးမှုမြို့တော် မန္တလေးကစကာ လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန် ည ဈေး စသည်ဖြင့် ရိုးရာသင်္ကြန်ကို ပြန်လည် ဆန်းသစ်မူများ ပြုလုပ်လာပြီဖြစ်သည်။

မှန်ရာကို ပြောစတမ်းဆိုလျှင် ငယ်ငယ်က သင်္ကြန်သည် ကြမ်းတမ်း၏၊ အသားနာစေရန် ရည်ရွယ်ကာ ခွက်စောင်း ခုတ် ခြင်း၊ ရေပူဖောင်းနှင့် ပေါက်ခြင်း၊ မီးသတ်ပိုက်ဖြင့် ထိုးခြင်းများ ပြုလုပ်၏။ သို့သော် မရိုင်းပေ။

သို့သော် နောက်ပိုင်းတွင်တော့ ကြမ်းရာမှ ရိုင်းလာကြပြီဟု ကြားနေရသည်။ နေပြည်တော် အစိုးရ အသိုင်းအဝန်းတွင်သာ သပြေခက်နှင့် ရေပက်ကစားနေသော်လည်း အပြင်မှာတော့ လူသတ်ပွဲအလား မဖြစ်စေလိုပါ။ အများအမြင် ရိုင်းစိုင်းကြမ်း တမ်းသည့် ရေကစားမှုတခုဟု ပြေစမှတ် မတွင်စေချင်ပါ။

တဖြည်းဖြည်း ပြောင်းလဲနိုင်ပါက နောင်တချိန်တွင် သိမ်မွေ့ပြီး ချစ်စရာကောင်းကာ ပျော်ရွင်ဖွယ် မြန်မာ့ရိုးရာ သင်္ကြန်ဖြစ် လာမည်ဟု တွေးမိပါ၏။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် ဆိုသည့် မူလတန်း ဖတ်စာအတိုင်းပင်၊ အားလုံး စိတ်ရောကိုယ်ပါ ယဉ်ကျေးပါက၊ ငယ် ဘဝက ရခဲ့သည့် ရိုးရာသင်္ကြန်သည် တပတ်လည်လာဦးမည်က အမှန်ပင်ဖြစ်၏။  ။

Did you find apk for android? You can find new Free Android Games and apps.
Loading