သင်္ကြန်ဟု ဆိုလိုက်သည်နှင့် မန္တလေးကို အရင်ဆုံး ပြေးမြင်တတ်ကြသည်။
ယနေ့တိုင် လူများအပေါ် လွှမ်းမိုးဆဲ ဖြစ်သည့် သင်္ကြန်ဟုဆိုလျှင် မပါမဖြစ် မြို့မငြိမ်း၏ သီချင်းများ နှင့် သင်္ကြန်မိုး ရုပ်ရှင် ဇာတ်ကားတို့ မွေးဖွားရာနေရာသည် မန္တလေးလည်း ဖြစ်နေသည့်အပြင် သင်္ကြန်နှင့် ပတ်သက်လျှင် ရှေးနှစ် ပေါင်း များစွာ ကတည်းကပင် အစဉ်အလာ ကြီးမားခဲ့သည့် ဌာနေတခုလည်း ဖြစ်ခဲ့လေသည်။
ရှေးယခင်ကာလများ ကတည်းက မန္တလေးမြို့ သင်္ကြန်ရေသဘင် ဆင်နွှဲရာတွင် တမူထူးခြားသည့်ဟန် နန်းဆန်သည့် သဏ္ဌာန်ဖြင့် တီးမှုတ်ကပြ ဖျော်ဖြေမှုများကြောင့် မန္တလေးသင်္ကြန်သည် ခမ်းနားမှု၊ စည်ကားမှုတို့ဖြင့် နာမည်ကျော်ခဲ့ လေသည်။
မန္တလေး သင်္ကြန်ဟု ပြောစမှတ် တွင်ကျယ်အောင် အားကောင်းမောင်းသန် စည်ကားလာခဲ့သည်ကတော့ စစ်ကြီး အပြီး ၁၉၄၅ – ၁၉၅၀ ဝန်းကျင် ကာလများပင် ဖြစ်သည်။
ထိုစဉ်က မန္တလေးတမြို့လုံးတွင် အလှပြယာဉ် ရာနှင့်ချီ ထွက်ရှိခဲ့ပြီး ခေတ်ကာလကို ထင်ဟပ်စေသည့် ဒုံးပျံ၊ တင့်ကား၊ တိုက်သင်္ဘော၊ အမြောက် ပုံစံများနှင့် အလှပြယာဉ်များကို ခမ်းခမ်းနားနား ပြင်ဆင် ခြယ်သခဲ့ကြသည်။
တဖက်တွင်လည်း မြန်မာမှုကို ပေါ်လွင်စေသည့် ရုပ်လုံးများ၊ ဒေါင်းရုပ်၊ ခြေင်္သ့ရုပ်၊ တိုးနယားရုပ် စသည်ဖြင့် အလှပြ ယာဉ်များ ထွက်ကာ စည်စည်ကားကား ကျင်းပခဲ့ကြသည်။
၁၉၅၀ ပြည့်နှစ်၌မူ ငြိမ်းချမ်းရေး သင်္ကြန်ဟု အမည်တပ်ကာ ပို၍ပင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြပါသည်။
ထိုစဉ်က နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက် ကိုယ်တိုင်ဦးစီးပြီး သံချပ်များ၊ အလှပြယာဉ်များ၊ မဏ္ဍုပ် ဖျော်ဖြေမှုများကို ရွေးချယ် ဆုချီးမြင့်ခြင်းများ ပြုလုပ်ခဲ့သည်။
သင်္ကြန်ကာလ မန္တလေးတမြို့လုံး၌ လမ်းတပြလျှင် မဏ္ဍပ် ၂ ခုခန့်ရှိပြီး အရပ်တိုင်းစေ့ မဏ္ဍပ်များ ဆောက်၍ ရှေ့တွင် စင်ထိုး၊ နောက်မှာ ဧည့်ခံ သီချင်းများ၊ အကအလှများနှင့် တီးမှုတ် ဖျော်ဖြေ ကျင်းပခဲ့ ကြသည်။
၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စု သင်္ကြန်ဟု အမည်တပ်က ယခင်နှစ်များ နည်းတူ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ကြပြန်ပါ သည်။
ထိုနှစ်တွင် တပ်မတော်ကလည်း အလှပြယာဉ်များ ထွက်ရှိခဲ့သည်။
မန္တလေးအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် က ထွက်ရှိသော အလှပြယာဉ်တွင် “ကျားခေါင်းကြီး” ဟု အမည်တပ်ကာ ကျားပါးစပ်ကြီး အတွင်းမှ မင်းသမီးလေး ထွက်လာ ကပြသော သဏ္ဌာန်ဖြင့် လှည့်လည် ဖျော်ဖြေခဲ့ကြသည်။
ထိုခေတ်အခါက တက္ကသိုလ်ကျောင်းသားများ အဖွဲ့က ထွက်ရှိသော “တက္ကသိုလ်မောင်” အလှပြယာဉ်ကိုတော့ ခွပ် ဒေါင်းရုပ်ဖြင့် အလှဆင်ထားခဲ့ကြသည်။
မန္တလေးမြို့ရှိ တရုတ် အမျိုးသား၊ အမျိုးသမီးများ၏ တရုတ် ဘုံကျောင်းများက ထွက်ရှိသော “ကြာပန်းယဉ်” အလှပြ ယာဉ် ဆိုလျှင်လည်း ကားခေါင်းထိပ်တွင် ကြာပန်း ဖူးပွင့်လာပြီး အဆိုပါ ကြာပန်း အတွင်းမှ မင်းသမီးလေး ထွက်လာ ကပြသော သဏ္ဍာန်ဖြင့် ဖျော်ဖြေခဲ့ကြသည်။
၁၉၆၀ ကျော် တော်လှန်ရေးကောင်စီ ဦးနေဝင်းတက်ပြီး နောက်ပိုင်း ကာလတွေမှာတော့ မန္တလေးသင်္ကြန်ရဲ့ အရှိန်ဟာ တန့်သွားခဲ့သည်။
သို့သော် မဏ္ဍပ်များကတော့ လျော့မသွား။ ထိုအချိန်က ပုဂ္ဂလိကအသင်းတွေ၊ ဌာနဆိုင်ရာတွေမှ မဏ္ဍပ် အမြောက် အမြား ထွက်ရှိခဲ့ကြသည်။
၁၉၈၀ ခုနှစ်ဝန်းကျင်တွင် တိုင်းပြည် စီးပွားရေးကျဆင်းသွာပြီး သင်္ကြန်ရဲ့ အရှိန်ဟာ အင်မတန် သွေးအေး သွားခဲ့ရ သည်။ ငွေကြေး အဆင်မပြေမှုကြောင့် မဏ္ဍပ်များလည်း မထွက်နိုင်တော့။
သံချပ်များ၊ သီချင်းများကိုလည်း စိစစ်တင်းကျပ် လာခဲ့သည်။ အသင်းအဖွဲ့တွေအားနည်းသွားပြီး အလှပြယာဉ်များ၊ မဏ္ဍပ်များ မထွက်ရှိနိုင်တော့ပေ။ မနက်ပိုင်း ရေပက်၊ ညပိုင်း ထိုင်ဝိုင်းတွေလောက်သာ ကျန်ရှိတော့သည်။
၁၉၈၈ နောက်ပိုင်းတွင်တော့ မြို့တော်ဝန် မဏ္ဍပ်၊ နန်းမြို့သူ မဏ္ဍပ်လောက်သာ မှတ်မှတ်သားသား ကျန်ရှိတော့သည်။ ကုမ္ပဏီ မဏ္ဍပ်များက ကြော်ငြာများ၊ ဝင်ကြေးများနှင့် နာမည်ကြီး အဆိုတော်များ ငှားရမ်းပြီး ရေပက်ခြင်း လောက်သာ အဓိက ထားကြသည့် စီးပွားရေးသင်္ကြန် လုံးလုံး ဖြစ်သွားတော့သည်။
အလှပြယာဉ်များ၊ သံချပ်များအနေနှင့်က မြို့မတူရိယာ အသင်းက ထွက်ရှိသော ငွေငန်း အလှပြယာဉ်နှင့် မဖြစ်မနေ ထွက်ရှိရသည့် ခရိုင်ကိုယ်စားပြု အသင်း ၈ သင်းလောက်သာ ကျန်ရှိတော့သည်။
အဆိုပါ အသင်းများက မြို့ထဲရှိ မဏ္ဍပ်များရှေ့ ဖြတ်၊ ရပ်ကွက်များရှေ့ လှည့်လည်အလှူခံ၊ ဘုန်းကြီး ကျောင်းပြန်အိပ် စသည်လောက်သာ ရှိတော့သည်။
ငြိမ်းချမ်းရေး သင်္ကြန်၊ ပြည်ထောင်စု သင်္ကြန်တို့ ကျင်းပခဲ့စဉ်က မန္တလေးသင်္ကြန်သည် ရေပက်သည်ကို အဓိကထား ခြင်း မဟုတ်။ ညပိုင်း အတီးအမှုတ်၊ အကအလှများနှင့် ခမ်းခမ်းနားနား ဖျော်ဖြေခဲ့ကြသည်။ ရပ်ကွက်ထဲမှ ပျိုဖြူများ ညီညီ ညာညာ ကပြကြသည်။
သင်္ကြန် အလှပြယာဉ်များ၊ သံချပ်အဖွဲ့များလည်း ထွက်ရှိသည်။
ပွင့်ပွင့်လင်းလင်း ဖိုးနတ်မင်း၊ ဒိုးဒိုးဒေါက်ဒေါက်၊ ဗိုလ် သခင် ဆရာ၊ လျှာကုဋေ စသည့် သံချပ်အသင်းများ၊ ငွေကြယ် လေး များ၊ ပတ္တမြားသူဇာ၊ ဈေးချိုသူ၊ နဂါးမယ်၊ ငုဝါ စ သည့် ရေကစား မဏ္ဍပ်များ ထွက်ပေါ်ခဲ့သည်။
သင်္ကြန်မယ်လေးများ ကပြသောအသင်းများအား တနေ့ပြီးတနေ့ မည်သို့ ဝတ်စားမည်ကို စိတ်ဝင်တစားနှင့် မိန်းမချင်း ပင် ငေးကြည့်ရလောက်အောင် အကောင်းစားများကို ဝတ်စားကာ ကပြ ဖျော်ဖြေခဲ့ကြသည်။
ဓားတန်းမှ “ချစ်ပန်းနွယ်” မဏ္ဍပ်သည် ကျောင်းသူ အချောအလှလေးများ၏ ခေတ်ဆန်ဆန်ဝတ်စားပြီး ကပြဖျော်ဖြေမှု က နာမည်ကြီးသည်။
ခေတ်ဆန်ဆန်ဟု ဆိုရာတွင် လျှပ်ပေါ်လော်လီမဟုတ်။ ဆန်းသစ်သော အပြင်အဆင်ဒီဇိုင်းများဖြင့် ဝတ်စား ဖျော်ဖြေမှု ကို ဆိုလိုခြင်းဖြစ်သည်။
ထို့နောက် ဒီဗီလိုင်းမှ “ငုရွှေဝါ” မဏ္ဍပ်သည် အကအလှများဖြင့် နာမည်ကြီးပြီး ပန်တျာကျောင်းမှ ကျောင်းသူလေး များ က ဖျော်ဖြေ ခဲ့ကြသည်။
နဂါးဒေါ်ဦး ဆေးလိပ်ခုံမှ ထွက်ရှိသော“နဂါးမယ်” မဏ္ဍပ်သည် အကအလှများ၊ သီချင်းများဖြင့် နာမည်ကြီးပြီး ဆေး လိပ် ခုံမှ အရွယ်ညီ၊ ရုပ်ညီ အချောအလှ ဆေးလိပ်သမကလေးများ ကပြခဲ့ကြသည်။
ထိုခေတ်က မဏ္ဍပ်များ၊ အလှပြယာဉ်များ၊ သံချပ်များ အမြောက်အမြား ရှိသလို ရပ်ကွက်အသီးသီးမှ ရွက်ပုန်းသီး အရပ် သား ဝါသနာရှင်များ၏ စိတ်ကြိုက်အနုပညာ ဖန်တီးမှုများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ထွန်းကားခဲ့ရာ ကာလဖြစ်သည်။
ဂီတ ဝါသနာရှင်များက သီချင်းရေး၊ သီချင်းဆို၊ တီးမှုတ်မှုများပြုလုပ်ကြပြီး ပန်းချီဝါသနာ ပါသူများက ရေးကြ ဆွဲကြနှင့် အနုပညာများကို ဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ ဖန်တီးမှုများမှတဆင့် ယနေ့တိုင် မှတ်ကျောက်တင် သြချရသည့် အနုပညာရှင်ကြီးများ ပေါ်ထွန်းခဲ့သည်ကို လည်း မြင်တွေ့နိုင်ပါသည်။
“မြို့မက ဆိုရင် မြို့မငြိမ်း၊ ဦးဘသိန်း၊ ဦးရွှန်းမြိုင်၊ ဦးပေါ၊ မြို့မ သီချင်းတွေက ဒီနေ့အထိ ခေတ်မီတယ်။ တနှစ်မှာ သီချင်း အသစ် ၅ ပုဒ်ရှိတယ်။ နှစ်ပေါင်း ဆယ်ချီ ထွက်ခဲ့တာပဲ။ နောက် တေးချစ်သူ၊ တေးနုယဉ်၊ တေးသဇင်၊ အထူး သဖြင့် နဂါးမယ် အင်မတန်ကောင်းတဲ့ သီချင်းတွေ ရာဂဏန်း၊ ထောင်ဂဏန်း ရှိတယ်။ ဒါတွေက အမျိုးသားရေး အမွေ အနှစ် တွေပဲ။ မြို့မက သီချင်းအခွေ ထွက်ခဲ့လို့ ကျန်တဲ့ သီချင်း အကောင်းစားတွေ အများကြီးကို ကျန်သေးတယ်။ မူရင်း ဆရာကြီးတွေရဲ့ သားသမီးတွေ ရှိသေးရင် ပြန်ဖော်ထုတ် ပြန်မှတ်တမ်း တင်သင့်တယ်။ ပြန်တီးသင့် ပြန်ဆိုသင့် တဲ့ သီချင်းတွေ အများကြီး ကျန်သေးတယ်”ဟု မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က ပြောသည်။
ထိုခေတ်က နာမည်ကြီး ခေတ်စားခဲ့သော နဂါးသီချင်းများကို မြန်မာ့ဆိုင်းဝိုင်း ရွာစားကြီး စိန်တင်ဟန်က ၁ နှစ်လျှင် ၅ ပုဒ်မှ ၇ ပုဒ်အထိ ရေးသားခဲ့သည်။ နဂါးသီချင်း ဗဟိုတေးဂီတမှလည်း တနှစ်လျှင် ၅ ပုဒ်မှ ၇ ပုဒ် အထိ ရေးသားခဲ့ သည်။
တေးရေး ဦးသန်းကြွယ ်ရေးစပ်ပြီး ဇာတ်မင်းသား သိန်းဇော် သီဆိုအောင်မြင်ခဲ့သည့် အိပ်မက်စေတမန် သီချင်းသည် နဂါးမယ် ရေသဘင် သီချင်းဖြစ်ပါသည်။
ရွာစားကြီး စိန်တင်ဟန်သည် နဂါးမယ်ရေသဘင် အဖွဲ့နှင့် ၇ နှစ်ခန့် လက်တွဲကာ တီးမှုတ် ဖျော်ဖြေခဲ့သည်။ တီးလုံး တိုက်ကြသည်မှာ နဂါးဒေါ်ဦး၏ တိုက်အပေါ်ထပ်တွင်ဖြစ်သည်။ ဆိုင်းဝိုင်း၊ ဗဟိုတေးဂီတနှင့် နဂါးမယ်များ အတူ ပါဝင် ကပြသီဆို တီးလုံး တိုက်ကြခြင်း ဖြစ်သည်။
“အကသင်ပေးတာ မြန်မာမိတ် ဒေါ်တင်အောင်တဲ့၊ သင်္ကြန်ဆို တလကြိုပြီး ညနေ ၆နာရီ၊ ၇နာရီဆို အကတိုက်ကြ တယ်။ အကျွေးအမွေးကလည်း နေ့တိုင်း ရှိတာပဲ။ သင်္ကြန်ရက်ဆို ခေါင်းလောင်းအကျႌ တိမ်တောင်တက် ဒီဇိုင်း၊ ဘီးဆံ ထုံးနဲ့ ပန်းခြောက်ကလေးတွေနဲ့ လည်ပင်းမှာ ပုလဲပုတီး အမြဲပါတယ်။ ညလုံးပေါက် ကခဲ့တာတွေကို သတိရတယ်။ ဟိုတုန်းကနဲ့ ဘာမှကိုမဆိုင်ဘူး”ဟု နဂါးမယ်သင်္ကြန်တွင် ပါဝင်ပြခဲ့သူ ဒေါ်တူးမာက အဝေးတနေရာကို ငေးကြည့်ရင် လွမ်းမောဟန်ဖြင့် ပြောသည်။
သင်္ကြန်အကဟု ဆိုရာတွင်လည်း ယနေ့ခေတ် တီဗီ ရုပ်သံ အစီအစဉ်များတွင် ထုတ်လွှင့်ပြသနေသော ပညာရှင်များ ကသည့် ကချိုးအတိုင်း မဟုတ်ဘဲ သာမန် အရပ်သူကလေးများ ပျော်ချင်၊ ပါဝင်ချင်လွန်းသဖြင့် ရှက်ရှက်နှင့် မရဲတရဲ ကသည့် ကဟန် ကလေးများကို ဆိုလိုခြင်း ဖြစ်သည်။
တခေတ်တခါက မန္တလေးသင်္ကြန် အကများကို သင်ကြားပေးသည့် နည်းပြအများစုမှာ မိန်းမလျာများ ဖြစ်ပြီး အရပ်သူ သင်္ကြန် မယ်ကလေးများက ခေါင်း၊ လက်၊ ခြေ ယဉ်ယဉ်ကလေးနှင့် မခို့တရို့ ကကြသည့် ကဟန်ဖြစ်သည်။
နဂါးမယ် သင်္ကြန်မဏ္ဍပ်အား ၈၄ လမ်းမကြီးပေါ်ရှိ နဂါးတိုက်တည်ရှိရာတွင် တိုက်ရှေ့ အပြည့်ထိုး ဆောက်လုပ်ပြီး အကြီးတန်းနှင့် အငယ်တန်းဟူ၍ နှစ်ဖွဲ့ခွဲပြီး တဖွဲ့လျှင် သင်္ကြန်မယ် ၃၀ ဦးခန့်စီနှင့် ဆေးလိပ်သမလေးများ ဖျော်ဖြေ ခဲ့ကြ သည်။
နဂါး ဆေးလိပ်ခုံပိုင်ရှင် နဂါး ဒေါ်ဦး၏ ၇၅ နှစ် ပြည့် စိန်ရတု အထိမ်းအမှတ်က နဂါးသင်္ကြန်ကို နောက်ဆုံး ကျင်းပ ခဲ့ခြင်း ဖြစ်ပြီး နဂါးဒေါ်ဦး ကိုယ်တိုင် သင်္ကြန်မယ်များနှင့် ဆင်တူဝတ်စားကာ ဧည့်ခံခဲ့ကြောင်း သိရသည်။
ယခင်နှင့် ယခု မန္တလေးသင်္ကြန် ကျင်းပကြပုံ၏ ကွာခြားချက်မှာ သံချပ်အဖွဲ့များတိတ်ဆိတ်သွားခြင်း၊ ကျုံးပတ်လည်မှာ သာ စည်ကားနေခြင်း၊ အနောက်တိုင်း တူရိယာများ လွှမ်းမိုးခြင်းတို့ ဖြစ်ပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများ ဦးဆောင် ပါဝင်သည့် သင်္ကြန်မဟုတ်တော့ဘဲ ကုမ္ပဏီသင်္ကြန်၊ စပွန်ဆာသင်္ကြန်၊ ဘီယာသင်္ကြန် အဖြစ် ရောက်ရှိသွားခြင်း ဖြစ် ကြောင်း မန္တလေး မြို့ခံ စာရေးဆရာ နေမျိုးက ပြောသည်။
“ရိုးရာသင်္ကြန် လမ်းလျှောက်သင်္ကြန် အဖြစ် ပြန်လည် ဖော်ဆောင်နေမှုက ကောင်းမွန်သော ဆောင်ရွက်ချက် ဖြစ်ပါ တယ်။ အထိန်းအကွပ် ပြုလုပ်ရန်ခက်ခဲသော ရမ်းကား ပျော်ရွှင်မှုကို အရှိန်လျှော့ချပြီး ကြည်နူး ပျော်ရွှင်ဖွယ် မြန်မာ့ ဓလေ့များနှင့် ပေါင်းစပ်ပေးသည့် သင်္ကြန်အဖြစ် ရောက်ရှိ လာနိုင်ပါတယ်။ စင်ပေါ်မှာရောက်နေတဲ့ Rocker က မိုက် ခွက် ကိုင်လိုက်တာနဲ့ ကဲ အားလုံး ကဲမှာလားလို့ ဆွပေးတာမျိုးနဲ့ အရက်ဘီယာ မူးနေသူတွေရဲ့ ကခုန်မှုမျိုးတွေကို လိုအပ်သလို ပြုပြင်ပေးသွားရမယ်လို့ နားလည်မိပါတယ်”ဟု စာရေးဆရာ နေမျိုးက ပြောလိုက်ပါသည်။
“ဒီလို အကောင်းစားကြီးတွေကို မီခဲ့ကြသူတွေက အခုဖြစ်နေတာတွေ ဘယ်ကျေနပ်မလဲ။ စာရေးဆရာတွေက စာရေးပြီး ပြန်တမ်းတတယ်။ တချို့က ဖေ့စ်ဘုတ်တွေမှာ ရှေးဓာတ်ပုံတွေ တင်ပြီး ပြန်တမ်းတတာမျိုးတွေ ရှိတယ်။ ရှေးကလို ပြန်မဖြစ်နိုင်တော့ပေမယ့် ဒီနေ့ဖြစ်နေတာတွေကို မကြိုက်ဘူး။ မနက်ပိုင်းမှာ မူးရူး ပိတ်ဆို့ပြီး ဖြစ်နေတာ တွေ အန္တရာယ် မကင်းတာတွေ ဒါမျိုးတွေ မဖြစ်စေချင်တော့ တက်လာတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ အပူကပ်ကြ တာ”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်နေသည့် လမ်းလျှောက် သင်္ကြန်နှင့် ပတ်သက်၍လည်း စာရေးဆရာ ဆူးငှက် က ယခုကဲ့သို့ ပြောပြသည်။
“မန်းသင်္ကြန်က မြို့တော်ဝန် မဏ္ဍပ်ရော၊ လမ်းလျှောက် သင်္ကြန်ရောဆိုတာ အရင်လို ပြန်မဖြစ်တောင် ယဉ်ကျေးတဲ့၊ ဘေးကင်း ရန်ကင်းနဲ့ အသက်ကြီးသူတွေကနေ လသားကလေးအထိ လည်ပတ်လို့ရအောင် လုပ်ထားတာ ကောင်း တဲ့ အစဉ်အလာပါ။ အရင်လို ရိုးရာ သင်္ကြန်ကို ပြန်ဖော်ပြီး တပိုင်တနိုင် ကကြ ခုန်ကြ တီးမှုတ်ကြရင် ပိုကောင်းတာ ပေါ့”ဟု စာရေးဆရာ ဆူးငှက်က ပြောသည်။
မန္တလေး သင်္ကြန်တွင် ယခင်နှစ်ကမှ စတင် ကျင်းပခဲ့သော မြန်မာရိုးရာ ရေသဘင်ပွဲတော် လမ်းလျှောက် သင်္ကြန်အား မြို့ခံများက သဘောကျ အားပေးလျက်ရှိပြီး သက်ကြီးရွယ်အိုမှ လသားကလေး အထိ အန္တရာယ်ကင်းစွာ လည်ပတ် နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
ယခုနှစ် သင်္ကြန်ကာလအတွင်း ကျုံးအရှေ့ဘက် ၆၆ လမ်းတလျှောက်တွင် ည ၇ နာရီမှ ၁၁ နာရီအထိ တောသင်္ကြန် ညဈေးကိုပါ ခင်းကျင်း ရောင်းချသွားမည် ဖြစ်ပြီး ရိုးရာသင်္ကြန် အလေ့အထများကို ပြန်လည်ဖော်ဆောင် နေကြသည် ကို မြင်တွေ့ရမည် ဖြစ်ပါသည်။ ။