တရွာတပုဒ်ဆန်း ဆိုသလိုမျိုး မြန်မာနိုင်ငံအသီးသီးရဲ့ တိုင်းနဲ့ပြည်နယ်တွေ အသီးသီးမှာ မတူကွဲပြားတဲ့ ပုံစံ တွေနဲ့ နှစ်သစ် ကူး မဟာသင်္ကြန်ကို ဆင်နွှဲလေ့ ရှိကြပါတယ်။
အဲဒီအထဲမှာ မွန်ပြည်နယ်ဟာလည်း ထူးခြားတဲ့ ရိုးရာ ဓလေ့တွေနဲ့ သင်္ကြန်ကို ဆင်နွှဲကြပါတယ်။
မွန်ပြည်နယ်သင်္ကြန်ရဲ့ ထူးခြားမှုက သင်္ကြန်နှစ်ဆန်းတရက် အထိ စည်စည်ကားကားနဲ့ ရေပက်ကြတာပါ။ ဒါ့အပြင် သင်္ကြန် အကြို၊ အကျ၊ အကြတ်၊ အတက်၊ နှစ်ဆန်း တရက် စတဲ့ နေ့အလိုက် မြို့တွေ သတ်မှတ်ကာ သွားရောက်ပြီး ရေပက်ခံ ထွက် လည်တဲ့ အလေ့အထရှိ နေပါသေး တယ်။
အဲဒီလို နေ့ရက် အလိုက် လည်ပတ်ကြတဲ့ သက်ဆိုင်ရာမြို့တွေမှာတော့ စည်ကားကြပါတယ်။
သင်္ကြန် အကြိုနေ့နဲ့ အကျနေ့တွေမှာတော့ မော်လမြိုင်မြို့ပေါ်မှာ သိပ်မစည်သေးပေမယ့် ရေပက်ခံ ထွက်တဲ့သူ တွေက တော့ အဲဒီနေ့တွေမှာ သံဖြူဇရပ်မြို့နယ်နဲ့ စက်စဲ ကမ်းခြေဘက်ကို သွားရောက် လည်ပတ်လေ့လည်း ရှိကြပါတယ်။
သင်္ကြန်အကြတ်နေ့မှာ မုဒုံမြို့ ကန်ကြီးစေတီရှိရာ ရေပက်ခံထွက်ကြပြီး အတက်နေမှာတော့ ကျိုက်မရော မြို့နယ် ဘုရာကြီး ဘက်ကိုသွားပြီး ရေပက်ခံ ထွက်ကြတာ ဖြစ်ပါတယ်။
မြန်မာတနိုင်ငံလုံးရဲ့ ဒေသ အတော်များများမှာ သင်္ကြန်အတက်နေ့ဟာ သင်္ကြန်နောက်ဆုံးနေ့ ဖြစ်နေပေမယ့် မွန် ပြည်နယ် မှာတော့ နှစ်ဆန်းတရက်နေ့ အထိ ရေပက်ခံထွက် လည်ပက်နေကြတုန်းပါ။ အဲဒီနေ့ဟာ အစည်ကားဆုံး နေ့လည်း ဖြစ်နေ ပါတယ်။
မွန်ပြည်နယ်မှာတော့ သင်္ကြန် နှစ်ဆန်းတရက်နေ့ကို ‘ရိုးဂိုးနေ့’ လို့ သတ်မှတ်ထားပြီး မြို့နယ်အသီးသီးက ရေကစား သူ တွေ ဟာ မော်လမြိုင်မြို့ကနေ ၁၇ ကီလိုမီတာ ဝန်းကျင် ကွာဝေးတဲ့ မော်လမြိုင်-မုဒုံ အဝေးပြေး လမ်းဘေးက ရိုးဂိုး ဘုရား တည်ရှိရာ နေရာကို ရေပက်ခံ ထွက်ကြတာလည်း ဖြစ်ပါတယ်။ အဲဒီနေ့ဟာ ရိုးဂိုးဘုရားပွဲ နေ့လည်း ဖြစ်ပါတယ်။
ရိုးရာ အစားအစာ အနေနဲ့ကတော့ သင်္ကြန်ကာလအတွင်းမှာ မွန်ရိုးရာ သင်္ကြန်ထမင်းဟာလည်း အထင်ကရ အစားအစာ တခုဖြစ်ပါတယ်။
ပူပြင်းတဲ့ရာသီမှာ မွန်ရိုးရာ သင်္ကြန်ထမင်း စားလိုက်ရရင်ဖြင့် ရင်ကို အေးမြစေတယ်လို့လည်း ဆိုကြပါတယ်။ သင်္ကြန် ကာလမှာ သင်္ကြန်ထမင်းအပြင် အုန်းထမင်း၊ မုန့်လက်ဆောင်း၊ မုန့်လုံး ရေပေါ် စတဲ့ မုန့်အမျိုးမျိုးကိုလည်း ကုသိုလ်ပြုကြ ပါတယ်။
ဖျော်ဖြေရေး အနေနဲ့ကတော့ မော်လမြိုင်ဗဟိုမဏ္ဍပ်မှာ နာမည်ကြီး အဆိုတော်တွေ မဖျော်ဖြေနိုင်ခဲ့တာ ဆယ်စုနှစ် ဝန်းကျင် ရှိနေခဲ့ပြီးတော့ အဲဒီလို ဖျော်ဖြေရေးပိုင်းမှာ အားနည်းခဲ့တာကြောင့် ဗဟိုမဏ္ဍပ်ကြီးရဲ့ သင်္ကြန် အငွေ့အသက်က အေးစက် နေခဲ့ပါတယ်။
ဒီနှစ်ကိုတော့ မွန်ပြည်နယ် အစိုးရအနေနဲ့ မော်လမြိုင် ဗဟိုမဏ္ဍပ် ပိုမိုစည်ကားဖို့ အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ရဲ့ အနှစ်သာရ တခုဖြစ်တဲ့ သင်္ကြန် သံချပ်ကို မွန်ပြည်နယ် အစိုးရက လွတ်လပ်စွာ ကျင်းပခွင့် ပေးထားပြီး သံချပ်ပါ စာသားများကို စိစစ်ဖြတ်တောက်မည် မဟုတ်ကြောင်းလည်း မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆို ထား ပါတယ်။
၂၀၁၇ ခုနှစ်က လမ်းလျှောက်သင်္ကြန်ကို လူငယ်တချို့ စုပေါင်း ကျင်းပခဲ့ကြပေမယ့်လည်း အခုနှစ် အတွက် လမ်း လျှောက် သင်္ကြန်ကိုတော့ ပြည်နယ် အစိုးရက ဦးဆောင်ကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့လည်း မွန်ပြည်နယ် အစိုးရအဖွဲ့ က အသိပေး ထား ပါသေးတယ်။
ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ တည်ရှိနေတဲ့ မွန်ပြည်နယ်ကတော့ သွားရေးလာရေး အတွက် ထိုင်းနိုင်ငံ က တင်သွင်းတဲ့ မော်တော်ဆိုင်ကယ်တွေကို အဓိက အသုံးပြုနေကြတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။
ဒါ့ကြောင့် သင်္ကြန်ကာလမှာ လူငယ်အများစုဟာ ဆင်တူဝတ်စုံဝတ်ဆင်ကာ ဆိုင်ကယ်တွေကို အလှဆင်ပြီး အုပ်စုဖွဲ့ ရေပက်ခံ ထွက်တဲ့ အလေ့အထလည်း ရှိကြပါတယ်။
သင်္ကြန်တွင်း အုပ်စုဖွဲ့ လည်ပတ်ကြတဲ့ အဖွဲ့တွေဟာလည်း မိမိအုပ်စုရဲ့ အမည်တွေကို တံဆိပ်များပြုလုပ်ကာ အလံမျိုးစုံ ပြုလုပ်ပြီး လည်ပတ်ကြတဲ့အပြင် မျက်နှာတွေကိုလည်း ရောင်စုံကာလာတွေ ရေးခြယ်ထားလေ့ ရှိကြ ပါတယ်။
ရေပက်ခံထွက်ကြတဲ့ လူငယ်တွေကြား တခါတရံ လက်နက်ကိုင် အဖွဲ့အစည်း တခုခုလို အကျႌတွေကို ဆင်တူ ဝတ် လည် ပတ် ကြခြင်းနဲ့ အန္တရာယ်ရှိတဲ့ တုတ်တွေမှာ အလံတွေ တပ်ဆင် အသုံးပြုမှုတွေ ရှိလာတာမို့ ရဲတပ်ဖွဲ့ အနေနဲ့ ကြပ်မတ် ထိန်းသိမ်း ရတာတွေလည်း ရှိပါတယ်။
ဒ့ါအပြင် အဆန်းထွင်ချင်တဲ့ လူငယ်တွေကတော့ လက်ထိပ်များ၊ နံပါတ်တုတ်များ၊ ဆိုင်ကယ်ချိန်းကြိုးများ၊ သံပိုက်များစတဲ့ အန္တရာယ်ရှိ လက်နက်တွေကို ကိုင်ဆောင်ပြီး ရေပက်ခံထွက်ကြတာကိုလည်း နှစ်စဉ်လို တွေ့မြင်နေရပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်ဝန်းကျင် သင်္ကြန် နှစ်ဆန်းတရက်နေ့မှာ ရိုးဂိုး ဘုရားပွဲကို သွားရောက် ရေပက်ခံထွက်တဲ့ လူငယ်တွေဆီက အန္တရာယ်ရှိ တုတ်တွေနဲ့ အလံတပ်ထားခြင်းကို ရဲတပ်ဖွဲ့ဝင်တွေ လိုက်လံသိမ်းဆည်းရာမှာ အလံသိမ်းတဲ့ ရဲတပ်ဖွဲ့ဝင်ကို ပြန်လည် ခုခံတိုက်ခိုက်ပြီး သေနတ်လုယူ ထွက်ပြေးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးပါတယ်။
အများပြည်သူ အေးချမ်းစွာ ရေပက်ခံထွက်လည်နိုင်စေဖို့ ခိုက်ရန်ဖြစ်ပွားမှုတွေ လျော့နည်းရေး အတွက် သင်္ကြန်မဏ္ဍပ် တွေ မှာ CCTV လုံခြုံရေး ကင်မရာတွေ တပ်ဆင်စေကာ ရဲတပ်ဖွဲ့လုံခြုံရေး အင်အားတွေကို အရင်နှစ်တွေထက် ပိုမို မြှင့် တင် ဆောင်ရွက်ဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့က စီစဉ်နေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် သင်္ကြန်ကာလ လုံခြုံရေး အတွက် စီမံချက် ဆောင်ရွက်မှုကို ပြည်နယ် အစိုးရဆီ တင်ပြ ထားတဲ့ ရဲအင်အားအတိုင်း မြေပြင်မှာ စီစဉ်ပေးဖို့ လိုအပ်ကြောင်း ဧပြီ ၅ ရက်က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ကျင်းပ တဲ့ ၂၀၁၈ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ကျင်းပရေး ဦးစီး ကော်မတီ အစည်းအဝေးမှာ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောပါ တယ်။
“လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့လည်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးကနေပြီးတော့ စီမံချက် တင်ထားတာ ရှိပါတယ်၊ သို့သော် လည်း စီမံချက်ပါရှိတဲ့ အတိုင်းပဲ မြေပြင်မှာ အမှန်တကယ် ဆောင်ရွက်ဖို့ လိုမှာ ဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက အစည်းအဝေးမှာ ပြောဆိုပါတယ်။
မြန်မာ တနိုင်ငံလုံး အနေနဲ့ သင်္ကြန်ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေဖို့ ပြည်သူများ သတိပြု ရှောင်ကြဉ်ရမယ့် သတိ ပေး နှိုးဆော်ချက် ၁၃ ချက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပေမယ့်လည်း အဲဒီ အချက်များအပြင် မွန် ပြည်နယ် မှာ ဖြစ်ပွားလေ့ရှိတဲ့ အချက်တွေကိုပါ ထပ်မံ ဖြည့်စွက်ပြီး ပြည်နယ်အတွင်း အများပြည်သူတွေ ကျယ်ကျယ် ပြန့်ပြန့် အသိ ပေးသွားဖို့ လိုအပ်ကြောင်းလည်း အဲဒီ အစည်းအဝေးမှာ ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆွေး နွေးပြောဆိုခဲ့ပါတယ်။
“မူးခင်း ဖြစ်စဉ်ဖြစ်ရပ်တွေ မဖြစ်ဖို့အတွက်က ကြိုတင်ကာကွယ် တားဆီးခြင်းဆိုတဲ့ အပိုင်းတွေရှိတယ်။ ကြိုတင် ကာကွယ် တားဆီးခြင်း ဆိုတဲ့ အပိုင်းပြီးမှ အရေးယူခြင်းဆိုတဲ့ အပိုင်းတွေ လာမှာဖြစ်တယ်။ သင်္ကြန်ကာလ အေးချမ်း တည်ငြိမ်စွာနဲ့ စနစ်တကျ ဖြစ်စေဖို့အတွက်ကို အများပြည်သူကို သတိပေး နှိုးဆော်ချက် ထုတ်ပြန်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြည်သူလူထု ကို အသိပေးဖို့ လုပ်သွားမှာ ဖြစ်ပါတယ်” လို့လည်း သူက ဆိုပါတယ်။
ခေတ်ကာလ ပြောင်းလဲလာမှုကြောင့် မြန်မာ့ရိုးရာ သင်္ကြန်ကာလမှာ ဝတ်စားဆင်ယင်မှုတွေကို အစိုးရက ထိန်းချုပ် မရ နိုင် ပေမယ့်လည်း ခိုက်ရန်ဖြစ်ပွားနိုင်တဲ့ ကိစ္စရပ်များကိုတော့ အစိုးရတရပ် အနေနဲ့ ထိန်းချုပ်ရမှာ ကတော့ မလွဲဧကန်ပင် ဖြစ် ပါ တယ်။
အစိုးရ ရုံးပိတ်ရက်ဖြစ်နေတဲ့ သင်္ကြန်ကာလမှာ အများပြည်သူကို အန္တရာယ်ဖြစ်စေတဲ့ ကိစ္စများဖြစ်လာပါက အချိန်နဲ့ တပြေးညီ တရားစီရင်နိုင်စေဖို့ အထူးတရားရုံးများ ဖွင့်လှစ်ထားမှာ ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင် ဦးက ဆက်လက် ပြောကြားပါတယ်။
အရင်နှစ်တွေက အများပြည်သူ အနှောင့်အယှက် ဖြစ်စေခဲ့တဲ့ အိတ်ဇောဖြုတ် မောင်းတဲ့ ဆိုင်ကယ်တွေကို ယာဉ်ထိန်း ရဲတပ်ဖွဲ့က ၁၂ ဘီးယာဉ်ကြီးတွေနဲ့ ဖမ်းဆီး သယ်ဆောင်သွားပြီး သင်္ကြန်ပြီးချိန်မှ ဆိုင်ကယ်များကို ပြန်လည်ရွေးတဲ့ စနစ်နဲ့ ထိန်းချုပ်မှုများလည်း ရှိခဲ့ပါတယ်။
သင်္ကြန်ကာလအတွင်း ယာဉ်လမ်းကြောင်း ပိတ်ဆိုမှုတွေ မဖြစ်ပွားစေဖို့အတွက် မော်လမြိုင် မြို့ပေါ်လမ်းများကို တလမ်း မောင်း စနစ် သတ်မှတ် ကြေညာဖို့လည်း ပြည်နယ်အစိုးရအဖွဲ့က ယာဉ်ထိန်း ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းဆောင် ရွက်နေပါတယ်။
အရင်နှစ်တွေက သင်္ကြန်ရေပက်ခံ ထွက်ကြတဲ့ ယာဉ်တွေထဲက အရက်ပုလင်းများအစား ရေသန့်ဘူးများထဲသို့ ပြောင်းလဲ စေခြင်း၊ အန္တရာယ်ရှိတဲ့ လက်နက်ပစ္စည်းများကို သိမ်းဆည်းခြင်းများလည်း ရှိခဲ့တာကြောင့် ခိုက်ရန် ဖြစ်ပွားမှု လျော့ကျစေ ခဲ့ တယ်လို့ သိရပါတယ်။
ဒီနှစ်အတွက်လည်း မွန်ပြည်နယ် သင်္ကြန်ကို စည်ကား သိုက်မြိုက်စေဖို့ အတွက်နဲ့ ခိုက်ရန်ဖြစ်ပွားမှု ထိခိုက်ဒဏ်ရာ ရရှိ မှုတွေ လျော့ကျစေဖို့ကို လုံခြုံရေးပိုင်းကလည်း အဘက်ဘက်က ဆောင်ရွက်နေတာ တွေ့ရပါတယ်။
မွန်ပြည်နယ်ကတော့ ရာသီဥတု ကောင်းမွန်ပြီး တောင်၊ ဂူ၊ ရေတံခွန်၊ စိမ့်စမ်း၊ ဘုရား ပုထိုး စေတီ စတာတွေ အပြင် ကမ်းခြေ ကဲ့သို့ အပန်းဖြေ နားနေစရာ နေရာများစွာ ရှိတာကြောင့် လာရောက် လည်ပတ်ကြတဲ့သူတွေ များပြားလှပါတယ်။
မတူကွဲပြားတဲ့ ရိုးရာဓလေ့တွေကို ခံစားချင်သူတွေ၊ ရိုးရာ အစားအသောက်တွေကို မြည်းစမ်းချင်သူတွေ အတွက် မွန် ပြည်နယ် သင်္ကြန်ပွဲတော်ကို သွားရောက် ဆင်နွှဲကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်။ ။