ဆောင်းပါး

သင်္ကြန်၊ လူငယ် နှင့် မူးယစ်

Want create site? Find Free WordPress Themes and plugins.

ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲလာသည့် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကြီးသည် ပျော်ရွှင်စရာများနှင့် အတူ စိုးရိမ်ပူပန်စရာများလည်း ရှိနေပါသည်။

ယာဉ်မတော်တဆ မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ၏ အခြေတည်ရာ တခု ဖြစ်သော မူးယစ်ဆေးဝါး သုံးစွဲမှုများ ကလည်း တိတ်တဆိတ် စိန်ခေါ်လျက် ရှိနေသည်။

မူးယစ်ဆေးဝါး လောကတွင် ကျင်လည်ခဲ့ဖူးသူများ၏ ပြောပြချက်များအရ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမို ကျယ် ပြန့်လာသည့် မူးယစ်ဆေးဝါးများသည် ဖန်တီးမှု ပုံစံမျိုးစုံဖြင့် လူငယ်များ၏ လက်တကမ်း အနီးအနားတွင်ပင် ရှိနေ သည် ဟု ဆိုသည်။

ရန်ကုန် ဒလမြို့နယ်တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် သားရှင် မိခင်တဦးက “အိမ်က သားကို ဆူထား၊ ပြော ထားရတယ်၊ ပတ်ဝန်းကျင်မှာက လူငယ်အများစုက ဆေးလိပ်လေးတွေ လက်ကြား ညှပ်ထားတာ၊ ဆေးခြောက်သုံးကြ တယ် ပြောတာပဲ၊ သေချာတော့ မသိဘူး။ အဲဒီလိုတွေသုံးမှာ စိုးရိမ်တာပေါ့” ဟု ပြောသည်။

မူးယစ်ဆေး သုံးစွဲဖူးသူများအနေဖြင့် သင်္ကြန်ပွဲတော်ကာလအတွင်း ပိုမိုသုံးစွဲသည်ဟု ပြောဆို၍မရသော်လည်း ၎င်းတို့ အတွေ့အကြုံအရ လူငယ်တချို့သည် သင်္ကြန် ကဲ့သို့သော ပွဲတော် ကာလများတွင် မူးယစ်ဆေးကို စမ်းသပ် သုံးစွဲ တတ်ကြကြောင်း ပြောဆိုကြသည်။

“အများစုက ပျော်တဲ့နေရာမှာ စိတ်ဓာတ်တွေ တက်ကြွနေအောင်ဆိုပြီး လုပ်ကြတာ၊ ဒါရဲ့ နောက်ဆက်တွဲ ဖြစ်လာမှာ တွေကို ကြိုမမြင်ကြဘူး။ ပေးဆပ် လိုက်ရမှာတွေက ပြစ်မှုပြစ်ဒဏ် မတန်ဘူး။ အခုတောင် လွယ်တဲ့သူတွေ အရမ်း လွယ်လွယ် ရနေကြတယ်လို့ ကြားတယ်”ဟု ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလူငယ်တဦးက ပြောသည်။

အသစ်အဆန်းများ အပေါ် စိတ်အား ထက်သန်တတ်သည့် လူငယ်များနှင့် မူးယစ်ဆေးဝါး ပြဿနာသည် အရက် မသောက်သူ တဦး ပွဲတော်ရက်တွင် အရက် စမ်းသောက်သလိုပင် ဖြစ်ကြောင်းလည်း ၎င်းက ဥပမာ ပေးသည်။

“သုံးနေကျလူတွေက ပွဲတော်ရက်မို့ ပိုသုံးမယ်ဆိုတာမျိုး မရှိလောက်ဘူး။ မသုံးဘူးတဲ့ လူငယ်တွေသာ အပေါင်း အသင်း တွေနဲ့ ဆေးပြားတွေ စမ်းကြည့်တာမျိုးတွေ ရှိနိုင်တယ်။ သင်္ကြန်လို ပွဲတော်ကတော့ ပိုများနိုင်တာပေါ့။ တချို့ ကျတော့လည်း ပိုမိုလွယ်ကူတဲ့ ဆေးခြောက်ကို သုံးကြတာလည်း ရှိမှာပဲ” ဟုလည်း အထက်ပါ ပြည်ပရောက် မြန်မာ လူငယ်က ပြောသည်။

ရန်ကုန်မြို့၏ သင်္ကြန်ကာလ တခုတွင် ပျော်ရွှင်နေကြသူများ / ဧရာဝတီ

လက်ရှိတွင် မူးယစ်ဆေးဝါး ဖြတ်သူများအတွက် အစားထိုးအနေဖြင့် မက်သဒုံးဆေး ရရှိရေး ကူညီပေးနေသည့် မြန်မာ မူးယစ်ဆေးဝါး သုံးစွဲသူများ ကွန်ရက်မှ ကိုဝင်းမင်း၏ အဆိုအရ ဒေါ်ကြင် ချွဲပုပ် ချဆေး ဆိုသော ဆေး ဘူးကလေးများ သည် ဘိန်းဖြူ ဖြန့်ဖြူးရာတွင် အသုံးချခံ ဖြစ်ခဲ့ကြောင်း သိရသည်။

အများအားဖြင့် ဆပ်ပြာခွက် (ခေါ်) အတုံးပုံစံ ဝင်ရောက်လာသည့် မူးယစ်ဆေးကို ပင်နယ်စလင် ပုလင်းလေး များထဲ ခွဲထည့်ကာ ဖြန့်ကြကြောင်း ကိုဝင်းမင်းက ရှင်းပြသည်။

ဘိန်းဖြူ ပင်နယ်စလင်ပုလင်း တလုံးလျှင် ကျပ်သုံးသောင်းခွဲခန့် ပေါက်ဈေးရှိပြီး ၎င်းကို တဆင့်ပြန်လည်၍ ဒေါ်ကြင် ချွဲပုပ်ချဆေး ဘူးကလေး ၆ ဗူးမှ ၉ ဘူးအထိ ရောစပ်မှုအပေါ် မူတည်ကာ ရရှိကြောင်း ၎င်းက ဆိုသည်။

“ကိုယ်တိုင်က ဒီလောကထဲ ကျင်လည်ခဲ့တာပဲ၊ အခုလည်း သုံးဖူးသူတွေနဲ့ ဆက်ဆံပြီး လမ်းကြောင်းမှန်ပေါ် တည့်ပေး နေရတာ။ ဒေါ်ကြင်တဘူးကို ဈေးက တသောင်းခွဲလောက် ပေါက်တယ်” ဟုလည်း ကိုဝင်းမင်းက ပြောပြသည်။

မြန်မာ မူးယစ်ဆေး သုံးစွဲသူများ ကွန်ရက် အဖွဲ့ဝင်များသည် အစိုးရ၏ မူးယစ်ဆေး တိုက်ဖျက်ရေး မူဝါဒများ၊ ဥပဒေ များ ပြုပြင်ပြောင်းလဲရေး အတွက် အစိုးရအဖွဲ့၊ လွှတ်တော်တို့နှင့် အတူ ပူးပေါင်း ဆောင်ရွက် ပေးခဲ့သူများ ဖြစ်ကြပြီး ဘဝတူများ မူးယစ်ဆေး အစားထိုး မက်သဒုံးဆေး ရရှိရေးကို ကူညီလုပ်ဆောင်နေကြသူများ ဖြစ်သည်။

ကွန်ရက် အဖွဲ့ဝင်များ၏ ပြောကြားချက်အရ ၂၀၁၀ ပြည့်နှစ်ခန့်တွင် တရားဝင် မက်သဒုံးယူနေသူ အရေအတွက်မှာ ၁၀၀ ပင် မပြည့်သော်လည်း လက်ရှိတွင် ဦးရေ ၅၀၀ ခန့်အထိ ရှိလာကြောင်း သိရသည်။

ထိုစာရင်းတွင် အသက် ၂၀ အောက် လူငယ်မှာ ၃၀ ခန့် ပါဝင်နေသည့် အတွက် လူငယ်များ၏ ရှေ့ဘဝ တက်လမ်း အပေါ် စိုးရိမ်မိကြောင်း ၎င်းတို့က ပြောဆိုကြသည်။

“ခေတ်ရဲ့ ပေါ်ပြူလာဖြစ်မှု အပေါ် စိတ် ထက်သန်မှုတွေကနေ စလာတယ်။ သုံးရင်းနဲ့ တဆင့်ခံရောင်းသူ၊ နောက် တော့ ရောင်းသုံး အဆင့် တက်သွားတာပေါ့။ အဲဒီမှာ ပိုက်ဆံက အဆင်မပြေတော့တဲ့ အခါ ပြစ်မှုတွေ ကျူးလွန် တဲ့ အထိ ဖြစ်ကြရော။ အဲဒီလိုဖြစ်လာရင် ကိုယ်တိုင်အပြင် မိသားစုဝင်တွေပါ ဒုက္ခရောက်ကြရတာပဲ” ဟု ကိုယ်တိုင် ဆေး သုံးခဲ့ဖူးပြီး လက်ရှိ မက်သဒုံးယူနေသူ ကိုကျော်သူက ပြောသည်။

လူငယ်အများစု၏ မိဘဖြစ်သူများသည် လွန်ခဲ့သည့် ဆယ်စုနှစ် တခုကျော်က အပြင်ထွက်လည်မည့် သားသမီးများ အပေါ် အရက် မသောက်ရန်၊ ရန်မဖြစ်ရန်သာ အဓိကထား မှာကြားတတ်ကြသော်လည်း လက်ရှိတွင်မူ မူးယစ်ဆေး မသုံးမိဖို့ပါ သတိပေး စိတ်ပူနေရပြီ ဖြစ်ကြောင်း တက်သစ်စ အဆိုတော်တဦး၏ မိခင်ဖြစ်သူ ဒေါ်လှက ဆိုသည်။

၎င်း၏သားဖြစ်သူသည် မကြားသေးခင်ကမှ ပြိုင်ပွဲပြီးဆုံးခဲ့သည့် အိမ်မက်ဆုံရာ သီချင်းဆို ပြိုင်ပွဲတွင် နောက်ဆုံး ဖိုင်နယ် အဆင့်အထိ ရောက်ရှိသူတဦးဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်း အန္တရာယ်ကြီးစွာ တိုးဝင်လာနေသည့် မူးယစ် ဆေးဝါးများအပေါ် သားဖြစ်သူအနေဖြင့် လမ်းကြောင်းမှားကာ ရောက်ရှိစွဲမြဲသွားမည်ကို စိုးရိမ် ပူပန်မိကြောင်းလည်း ပြောသည်။

“သူ့ကို မသုံးနဲ့သတိပေးရင် အမြဲတမ်းပဲ ဒီအတွက် စိတ်ပူစရာမလိုဘူး ပြန်ပြောပေမယ့် ကျမကတော့ စိတ်ပူတယ်၊ သူ လမ်းကြောင်းမှားသွားမှာကို” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့၏ သင်္ကြန်ကာလ တခုတွင် ပျော်ရွှင်နေကြသူများ / ဧရာဝတီ

ရန်ကုန်တိုင်းဒေသကြီး အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်များအား စီမံချက်ဖြင့် အရေးယူ ဆောင်ရွက်ရာတွင်လည်း မူးယစ် ဆေးဝါး အမှုများသည် နေ့စဉ် မပါမရှိသလောက်ပင် ဖြစ်နေသည်။

ကိုဝင်းမင်းက “ဘိန်း၊ အိုက်စ်၊ WY၊ ဆေးခြောက် တွေကတော့ အတွေ့ရများတယ်။ တခြား နည်းမျိုးစုံနဲ့ ဖန်တီး ထားတဲ့ Ecstasy လို ဆေးတွေ၊ ခေါင်းခါဆေးလို ကခုန်တဲ့နေရာတွေမှာ သုံးတာတွေလည်း ရှိတယ်” ဟု ရှင်းပြသည်။

လက်ရှိ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များ၊ သတင်းများအရ ဖမ်းမိမှု မရှိသည့် နေ့ဟူ၍ မရှိသလောက်ပင် လူ့အဖွ့ဲအစည်း အတွင်း ပေါများလျက် ရှိနေသည်။

ရန်ကုန်တိုင်းဒေသကြီး တခုတည်း၌ပင် ခိုး၊ ဆိုး၊ လု၊ နှိုက်များနှင့် ပြစ်ချက်ဟောင်း ရှိသူများအပေါ် စီမံချက်ဖြင့် စိစစ် ကြပ်မတ်မှုများ၊ ဆောင်ရွက်မှု ရလဒ်များအား ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ရာတွင်လည်း မူးယစ်ဆေးဝါးမှု များသည် နေ့စဉ် ပါနေကျ အမှုတွဲတခုဖြစ်နေသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သင်္ကြန်ပွဲတော် ကာလအတွင်း ဖြစ်ပွားခဲ့သည့် အမှုအရေအတွက်မှာ ၁၂၀၀ အထိရှိခဲ့ပြီး သေဆုံးသူ ၂၈၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀၇၃ ဦးရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို အရေအတွက်တွင် ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှု စသည့် အမှုများစွာ ပါဝင်သော်လည်း မူးယစ်ဆေးဝါး မှု တမှုမှ မပါဝင်သည်ကို တွေ့ရသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သင်္ကြန်ကာလတွင် မူးယစ်ဆေး သုံးစွဲမှုများ သိသာစွာ လျော့နည်းသွားမှု ဖြစ်နိုင် သကဲ့ သို့ ရဲတပ်ဖွဲ့ အနေဖြင့်လည်း လူတန်းစားအားလုံး ပါဝင် ဆင်နွှဲသည့် သင်္ကြန်ပွဲတော် ကာလတွင် လုံခြုံရေး အာရုံစိုက် နေရသည့် အတွက် မူးယစ်ဆေးများကို သေချာ မစိစစ်နိုင်ခြင်းလည်း ဖြစ်နိုင်သည်။

“ဆေးသုံးသူက သူ့မှာ ယင်းထတာက ရှိတော့ သင်္ကြန်လည်း ပုံမှန်သုံးမှာပဲ၊ ခုခေတ်လူငယ်တွေက ကျနော်တို့ တုန်းက ထက် အကြောက်အလန့် ပိုကင်းတယ်။ အခု ဆေးထည့်ပေးလိုက် အခုချက်ချင်း သုံးဖို့တောင် ရဲကြတယ်” ဟု ကိုကျော်သူ က ပြောပြသည်။

အစိုးရအနေဖြင့် သင်္ကြန်ကဲ့သို့ ပွဲတော်ကာလများတွင် အရက်၊ ဘီယာ၊ မူးယစ်ဆေးများကို အခြားသော အချိန်ကာလ များထက် ပိုမို တင်းကြပ်စွာ ကိုင်တွယ် ထိန်းချုပ်သော်လည်း မြို့လယ်ကောင်မှာပင် ဝယ်ယူ ရရှိနိုင်နေသည်က မေးခွန်း ထုတ်စရာ ဖြစ်နေသည်။

“သင်္ကြန်ကိုမှ အသုံးချပြီး လုပ်နေသူတွေ အများကြီး၊ သူတို့က စီးပွားရေး လုပ်နေကြတာလေ။ ပုံစံ တမျိုးကြာလာရင် အသစ်အဆန်း တမျိုး ဖန်တီးလာမှာပဲ။ အသစ်အဆန်း နောက်၊ ပေါ်ပြူလာနောက် လိုက်ချင်နေကြတဲ့ လူငယ်တွေ အတွက် အန္တရာယ်ပေါ့။ ဒါက လူငယ်တိုင်းတော့ မဟုတ်ဘူး။ မိဘ၊ ပတ်ဝန်းကျင်ရဲ့ တွန်းပို့မှုတွေနဲ့လည်း ဆိုင်တယ်” ဟု ကိုယ်တိုင် မူးယစ်နွံထဲတွင် နှစ်အတန်ကြာ နစ်မွန်း နေခဲ့ဖူးသည့် ကိုကျော်သူက ရှင်းပြသည်။

မူးယစ်ဆေး သုံးစွဲသူများကို ကူညီပေးရင်း အနီးကပ်ဆက်ဆံရသည့် ကိုဝင်းမင်းက မူးယစ်ဆေးဝါး များသည် အရပ် သား အစိုးရလက်ထက် ပြောင်းလဲခဲ့ပြီးသည့် နောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်လာခဲ့ပြီး လက်ခွဲ ရောင်းသူများနှင့် သုံးစွဲမှု နှုန်း လည်း မြင့်တက်လာသည်ကို သတိထားမိကြောင်း ပြောဆိုသည်။

ကျယ်ပြန့်လာသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို တိုက်ဖျက်ရာတွင်လည်း လက်တွေ့အားဖြင့် အကျဉ်းထောင် အသီးသီး တွင်သာ မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျသူ များပြားလာခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၇ ခုနှစ်အတွင်း ပြောဆိုချက်အရ တနိုင်ငံလုံး အတိုင်းအတာ ဖြင့် အကျဉ်းသားများထဲတွင် မူးယစ်ဆေးမှုဖြင့် ကျခံနေရသည့် အကျဉ်းသား ၇၀ ရာခိုင်နှုန်းနီးပါး အထိ ရှိနိုင်ကြောင်း သိရသည်။

ထိုသို့ အကျဉ်းထောင်များ အတွင်း မူးယစ်ဆေးမှု အကျဉ်းသား များပြားနေခြင်းနှင့် ပတ်သက်ပြီး အကျဉ်းထောင် ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်နေမှုများက အစိုးရ၏ မူးယစ်ဆေးအပေါ် ကိုင်တွယ်ဖြေရှင်းမှု မူဝါဒများကို ဝေဖန် ထောက်ပြခဲ့ကြသည်။

မူးယစ်ဆေးနှင့် ပတ်သက်ပြီး လွဲမှားနေသည့် မူဝါဒများကြောင့် ဆေးပြား တပြားနှစ်ပြား မိရုံဖြင့် ထောင်ဒဏ် နှစ်ကြီး ကျခံခဲ့ရသည့် လူငယ်များစွာ ရှိနေပြီး ကာယကံရှင်အပြင် မိသားစုအတွက်ပါ များစွာ နစ်နာရကြောင်း ရဲတပ်ဖွဲ့တွင် ၉ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ရဲဝန်ထမ်းဟောင်း တဦးက ပြောသည်။

“သုံးစွဲသူတွေကို ဖမ်းပြီး ထောင်နှစ်ကြီး ချပစ်တာကို မကြိုက်ဘူး၊ လုံးဝမဖမ်းရဘူးတော့ မဆိုလိုဘူး။ သူတို့က တဆင့် ရောင်းတဲ့သူ အဆင့်ဆင့်ကို လိုက်လို့တော့ရတယ်၊ အဖမ်းခံရတဲ့အထဲ ကျောင်းသားတွေပါမယ်၊ ဒီလိုလူငယ်တွေအပြင် နောက်ဆက်တွဲ မိဘတွေကပါ ပေးဆပ်ရမှုတွေက မတန်ဘူး”ဟုလည်း ၎င်း ဆိုသည်။

မူးယစ်ဆေး သုံးစွဲမှုကြောင့် ထောင်ဒဏ်များ ကျခံခဲ့ရပြီး အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသည့် ကိုကျော်သူက “လူငယ်တွေ ကို အသစ်အသစ်တွေ နောက်လိုက်ရင်း လမ်းကြောင်းအမှား မရောက်သွားဖို့ သတိပေး ချင်တယ်၊ သူတို့ကို ကျနော် တို့လို မခံစားရစေချင်ဘူး” ဟု သတိပေးစကား ပြောဆိုသွားသည်။

ထို့ကြောင့် ယခုနှစ် သင်္ကြန် ပွဲတော်ကြီးသည် ယခင်နှစ်များက ကဲ့သို့ပင် မူးယစ်သင်္ကြန်ကြီး ဖြစ်နေဦးမလား၊ အပြစ် ကင်းစင်စွာ ပျော်ရွှင်နိုင်သည့် ရိုးရာ ယဉ်ကျေးမှု ပွဲတော်ကြီးဖြစ်လာ မလား ဆိုသည်ကိုတော့ ဆက်လက် စောင့်ကြည့် ရဦးမည် ဖြစ်ပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading