ဆောင်းပါး

ရှင်သန်နေဆဲ သင်္ကြန် သံချပ်

Want create site? Find Free WordPress Themes and plugins.

နှစ်သစ်ကူး သင်္ကြန်ရောက်ပြီ ဆိုတာနဲ့ တွဲဖက်မြင်ကြတာက သံချပ်ထိုးတဲ့ အလေ့အထလည်း တခု အပါအဝင် ဖြစ်ပါ တယ်။

သံချပ်အဖွဲ့တွေက ပြည်သူလူထုရဲ့ လိုအပ်ချက်တွေ၊ လူမှုရေး၊ စီးပွားရေး နိုင်ငံရေး စတဲ့ ကိစ္စတွေအပေါ် မူတည်ပြီး သံချပ်ထိုး တင်ဆက်ဖျော်ဖြေကာ ဝေဖန် ထောက်ပြကြတာကြောင့် လူထုက သဘောကျ နှစ်ခြိုက်ကြပါတယ်။

မဆလ ခေတ်ကာလတုန်းကတော့ သံချပ်ကို အနည်းအပါး ထိန်းချုပ်မှုမျိုး ရှိခဲ့ပေမယ့် အဲဒီခေတ်အခါက သံချပ် ဆို တာ က သင်္ကြန်နဲ့တွဲဖက် ရေပန်းစားခဲ့တဲ့ အရာတခုပါ။

စစ်အစိုးရ လက်ထက်မှာတော့ သံချပ်ကို ဆက်တိုက် ဖိနှိပ်ခံခဲ့ရတာကြောင့် သံချပ် အလေ့အထက မြန်မာ့ရိုးရာ နှစ်ကူး သင်္ကြန်ကာလမှ အတန်ကြာ မှေးမှိန်နေခဲ့ပါတယ်။

ဒီမိုကရေစီ အစိုးရ စတင်ခဲ့တဲ့ ကာလတွေမှာလည်း သင်္ကြန်မှာ သံချပ်ထိုးမယ့်အဖွဲ့တွေကို စိစစ်မှုတွေလုပ်ခဲ့လို့ ဝေဖန် သံ တွေ ထွက်ခဲ့ပေမယ့် သင်္ကြန်ဆိုရင် သံချပ်နဲ့ ပြန်လည်တွဲဖက် မြင်စပြုလာကြပါပြီ။

၂၀၁၇ ခုနှစ် သင်္ကြန်ကာလ သံချပ် လှုပ်ရှားမှု မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

အိုးဝေသံ သံချပ်အဖွဲ့မှ ကိုမင်းသွေးသစ် ကတော့ “တကယ်တမ်း သံချပ်က ခေတ်ကောင်းခဲ့တာ မဟုတ်ဘူး။ အခုမှ နဂို အခြေအနေ ဖြစ်အောင် ပြန်ပြီး အားယူနေရတဲ့ အခြေအနေပါ။ သင်္ကြန်နဲ့ သံချပ်ဆိုတာ ခွဲမရတဲ့ ယဉ်ကျေးမှု တခု ပါပဲ။ သင်္ကြန်ရှိရင် သံချပ်ရှိသလို သံချပ်ထိုးတာလည်း သင်္ကြန်မှာ သံချပ်ထိုးမှ ပိုပြီး အနှစ်သာရ ရှိတာပေါ့။ မြန်မာပြည် မှာ နှစ်သစ်ကူး ပွဲတော်တွေမှာ သံချပ်ကို ဘယ်လောက်ပဲ ဖိနှိပ်ခဲ့သည်ရှိစေ မိဘပြည်သူတွေ အမှတ်ရနေတာပါပဲ” လို့ ပြောပြပါတယ်။

အိုးဝေသံ သံချပ်အဖွဲ့ အနေနဲ့ ပြည်သူလူထု လက်ရှိ ကြုံတွေ့နေရတဲ့ စားဝတ်နေရေး၊ လူမှုစီးပွားရေး ဒုက္ခတွေကို သံချပ် ထိုးပြီး တင်ဆက်မယ်လို့ ဆိုပါတယ်။

သံချပ် စာသားတွေကိုတော့ ပြိုင်ပွဲဝင်မယ့် မဏ္ဍပ်က ဒိုင်အဖွဲ့ဆီကို ပြထားတာက လွဲပြီး သက်ဆိုင်ရာကို တင်ပြထား တာ မရှိဘူးလို့ သိရပါတယ်။

“ပြည်သူ လူမှုဘဝ ဒုက္ခတွေ ပါတယ်။ လူမှုရေး သရော်တာတွေ ပါတယ်၊ နိုင်ငံရေး တွေလည်း ပါတယ်။ ကုန်ဈေးနှုန်း ကိစ္စတွေရောပေါ့။ ဒီနှစ်မှာ ရန်ကုန် တောင်ပိုင်းခရိုင် မဏ္ဍပ်၊ ဗမာသစ် မဏ္ဍပ်တွေ အပြင် ဖိတ်ခေါ်ထားတဲ့ ရပ်ကွက် တွေ မှာလည်း သွားပြီး ဖျော်ဖြေမယ်” လို့ ကိုမင်းသွေးသစ်က ရှင်းပြတယ်။

ဒီနှစ်မှာ သင်္ကြန်သံချပ်ထိုးမယ့်အဖွဲ့ ၂၀ ကျော် ရှိပြီး အစိုးရကတော့ သင်္ကြန်မှာ သံချပ်ထိုးမယ့် အဖွဲ့တွေရဲ့ သံချပ် စာသား တွေကို တင်ပြဖို့ ပြောထားပါတယ်။

ဒါပေမယ့် သံချပ်အဖွဲ့ ၅ ဖွဲ့၊ ၆ ဖွဲ့ကတော့ သံချပ်စာသား တင်ပြခြင်းမရှိဘူးလို့ သိရပါတယ်။ စာသား တင်ပြတဲ့ တချို့ အဖွဲ့တွေကတော့ သူတို့ သံချပ် စာသားတွေကို ဆင်ဆာဖြတ်တယ်လို့လည်း ပြောဆိုကြတာ ကြားရပါတယ်။

သင်္ကြန်မှာ သံချပ်ထိုးတာ နှစ်အတန်ကြာ မှေးမှိန်နေခဲ့ရာက သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က စပြီး ပြန်လည် အသက်ဝင် လာခဲ့ပေမယ့် လူထုကြား ပြန်လည် ရေပန်းစားလာအောင်၊ သံချပ်ခေတ် တခေတ်ပြန်နိုးထအောင် အားယူ ကြိုးစားနေရဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်။

သာဓုပါဗျာ သံချပ်အဖွဲ့က ဦးမေတ္တာကတော့ “ တရားဥပဒေပိုင်းကို အဓိက ထောက်ပြမယ်။ မူးယစ်ဆေးကိစ္စ ပြောချင် တယ် ကွန်တိန်နာနဲ့ ဘိန်းအပြည့်မိတယ်၊ အပြင်ကဘီးက မောင်းဖို့၊ အတွင်းက ဘိန်းက ရောင်းဖို့ ကားကြီးမိပြီး ပေါ် မလာဘူး၊ ပိုင်ရှင်မဲ့ဖြစ်တယ် အဲဒီလိုပေါ့။ ဖြေဖျော်ရေး သက်သက်ပါပဲ။ ဖိတ်တဲ့ အရပ်ဒေသကို သွားဖျော်ဖြေမယ်။

၂၀၁၇ ခုနှစ် သင်္ကြန်ကာလ သံချပ် လှုပ်ရှားမှု မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

သင်္ကြန်ဆိုတာ နိုင်ငံရေးသက်သက် လုပ်တယ်လို့ ထင်ကြတယ်၊ သင်္ကြန်ဆိုတာ ရပ်ကွက်ထဲမှာ တကယ်ကို ကောလာဟလ သော်လည်းကောင်း၊ အတည်သော်လည်းကောင်း ဖြစ်တဲ့ကိစ္စကို အပြုသဘောနဲ့ ရယ်စရာရေးတာ။ ဆဲတာမှ မဟုတ်ဘဲ အပြစ်ပြောတာမှ မဟုတ်ဘဲ” လို့ ပြောပြပါတယ်။

သင်္ကြန်ကာလ ရောက်ဖို့ ရက်ပိုင်းပဲ လိုတော့တာကြောင့် ပြည်သူလူထုကို ဖျော်ဖြေမယ့် သံချပ် အဖွဲ့တွေက ကြိုတင် ပြင်ဆင်မှုတွေ ဆက်တိုက် လုပ်ဆောင်နေကြပါပြီ။

သံချပ်ထိုးမယ့် အဖွဲ့တွေဟာ ပြည်သူတွေ ဘဝအမော ပြေအောင်၊ လိုအပ်ချက်ရှိတဲ့ အရာတွေကို သက်ဆိုင်သူတွေ မြင်နိုင်အောင် မီးမောင်းထိုးပြမယ့် စာသားတွေကို ရေးသားကာ ဖျော်ဖြေတင်ဆက် ထောက်ပြကြမှာပါ။

သံချပ် ဆိုတာ ပြည်သူတွေရဲ့ ဘဝအမောကို ပြေပျောက်စေတယ်လို့ ခံစားရကြောင်း၊ အားလပ်ချိန်ကာလ ဖြစ်တဲ့ အလျောက် သံချပ် အဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေကို ကြည့်ရှုရင်း စိတ်အပန်းဖြေမှု တခု ရရှိစေတယ်လို့ ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့က မသျှားယမုံက ဆိုပါတယ်။

“ပြည်သူတွေထဲက တချို့က ရေကစားသူ ရေမကစားတဲ့သူ ဆိုပြီး ရှိတော့၊ သံချပ်ဆိုတာ သူတို့အတွက် စိတ် အပန်း ဖြေမှု တခုလို့ ထင်တယ်။ တချို့ဆို သံချပ် ဆုပေးမဏ္ဍပ်တွေလည်း လုပ်တယ်။ သူတို့ ဘဝ အမောတွေကို ပြေပျောက် စေလို့ သင်္ကြန်ဆိုတာက သံချပ်နဲ့လည်း လိုက်ဖက်မှု ရှိတယ်လေ” လို့လည်း သူက ပြောပါတယ်။

ဒီနှစ်မှာတော့ သံချပ်ထိုးမယ့် အဖွဲ့ ၂၀ ကျော်ဟာ ရန်ကုန်မြို့မှာ ရှိတဲ့ မဏ္ဍပ်တွေအပြင် ရပ်ကွက်အတွင်းက မြေဝိုင်း မဏ္ဍပ် တွေမှာလည်း လိုက်လံ ဖျော်ဖြေကြမှာပါ။ ဖိတ်ခေါ်မှုရှိတဲ့ နေရာတွေကို လိုက်လံ ဖျော်ဖြေကြဖို့လည်း သူတို့တွေ ပြင်ဆင်ထားကြပါတယ်။

ဒီနှစ်မှာရော ဘယ်လို သံချပ် စာသားတွေက လူထုကြား ရေပန်းစားလာမလဲ။

သံချပ်တွေက အစိုးရအပေါ် ဘယ်လို ဝေဖန် ထောက်ပြမလဲ၊ လူထုရဲ့ ဘဝအမောကို ဘယ်လောက်ထိ ပြေပျောက် စေမလဲ ဆိုတာ သင်္ကြန် ကာလမှာ တွေ့မြင်ကြရတော့မှာပါ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading