အစိုးရသက်တမ်း တဝက်ကျိုးလုမျှ အချိန်ကို ရောက်လာသော်လည်း ရခိုင်ပြည်နယ်အတွင်း သိသာ ထင်ရှားသည့် တိုးတက်မှု အပြောင်းအလဲကို မတွေ့ရှိရသေးပါ။
သို့သော် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော ပြည်နယ် အစိုးရနှင့် ဦးစံကျော်လှ ဦးဆောင်သော ပြည်နယ် လွှတ်တော် တို့ ကြား အားပြိုင်မှု၊ ပွတ်တိုက်မှု ပဋိပက္ခများ တဖြည်းဖြည်း ကြီးထွားလာသည်ကိုတော့ တွေ့ရှိနေရပါသည်။
အထင်ရှားဆုံး ပွတ်တိုက်မှုသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အတွက် ပြည်ထောင်စု အစိုးရ က ခွဲတမ်းချပေး လိုက် သော ဘတ်ဂျက်များထဲမှ ကျပ် ၆ ဘီလီယံ ကျော်ကို ပြန်အပ်လိုက်ရသည့် အခြေအနေ ဖြစ်ပါသည်။
မီနီဘတ်ဂျက်ဟု ခေါ်သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ၆ လတာ အတွက် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ရေးဆွဲထားသော စီမံကိန်းများကို ပြည်နယ်လွှတ်တော်သို့ အတည်ပြုရန် တင်ပြခဲ့ရာ လွှတ်တော်က သဘော တူ လက်ခံနိုင်သည့် အခြေအနေမရှိဟူသော အကြောင်းပြချက်ဖြင့် ဧပြီလ ၆ ရက်နေ့က ပြုလုပ်သည့် ရခိုင် ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ယင်းစီမံကိန်းများကို ငြင်းပယ်လိုက်သည်။
အဆိုပါ ပြည်နယ် အစိုးရက ရေးဆွဲထားသည့် စီမံကိန်းများကို ငြင်းပယ်လိုက်ပြီး တချို့ လုပ်ငန်းများကိုလည်း လျှော့ချ ကာ ကျပ် ၆ ဘီလီယံ ကျော် (ကျပ် သန်းပေါင်း ၆၁၆၂ ဒသမ ၀၅၇) ကို လွှတ်တော်က ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
ပြည်နယ် လွှတ်တော် အနေဖြင့် ထိုကဲ့သို့ လုပ်ငန်းများကို ငြင်းပယ်၊ လျှော့ချခြင်းများကို လုပ်ဆောင်ရခြင်းသည် ပြည် နယ် အစိုးရ ရေးဆွဲတင်ပြလာသော လုပ်ငန်း စီမံကိန်းများတွင် လွှတ်တော်နှင့် မူလအဆိုပြုစဉ်က မပါရှိခဲ့သော ဈေး ၅ ဈေး အပါအဝင် စီမံကိန်းများကို လိုသလို ထည့်သွင်းရေးဆွဲလာခြင်း၊ လုပ်ဆောင်ထားပြီး ဖြစ်သော လုပ်ငန်းများ ထပ်မံ ပါဝင်လာခြင်း၊ လိုအပ်သည်ထက် ငွေကြေးများကို ပိုမို တောင်းခံထားခြင်း စသည်တို့ကို တွေ့ရှိရသည့်အတွက် ဘတ် ဂျက် ဖြတ်တောက် ခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သော ဘဏ္ဍာရေးနှစ်က ဈေး ၅ ဈေး ပြဿနာနှင့် ပတ်သက်ပြီး လွှတ်တော်နှင့် အစိုးရ သဘောထား ကွဲလွဲမှု ဖြစ် ကာ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် စည်ပင်ဝန်ကြီးကို လွှတ်တော်က ဖြုတ်ချမှု ဖြစ်ပွားခဲ့သည်။
ယခုနှစ် ၆ လာတာ မီနီဘတ်ဂျက် စီမံကိန်းတွင်လည်း ဈေး ၅ ဈေး ပြဿနာ ထပ်မံ ပေါ်ပေါက်လာကာ နောက်ထပ် အစိုးရ အဖွဲ့ဝင် စီမံ/ဘဏ္ဍာ ဝန်ကြီးကိုပါ တာဝန်မှ ရပ်စဲရန် လွှတ်တော်က စီစဉ်နေရာ ပွတ်တိုက်မှု ထပ်မံ ကြီးထွား လာမည့် အခြေအနေတခုသို့ ရောက်ရှိနေပြီဟု ခန့်မှန်းရပါသည်။
၆ ဘီလီယံကျော် ဘတ်ဂျက် ဘယ်သူ့တာဝန်လဲ
ဘတ်ဂျက်ခွဲတမ်း ၆ ဘီလီယံကျော်ကို ပြည်ထောင်စု အစိုးရသို့ အသားလွတ် ပြန်အပ်လိုက်ရသည့် အတွက် ရခိုင် ပြည်သူများ ကြား ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ ဧပြီလ ၉ ရက်နေ့ လွှတ်တော် အပြီးတွင် ပြည်နယ် လွတ်တော် ဘက်ကနေ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်သန်း ခေါင်းဆောင်၍ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။
လွှတ်တော်အနေဖြင့် ရခိုင်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးပြုမည့် ဘဏ္ဍာငွေများကို မဖြစ်သာ၍သာ ဖြတ် တောက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကလည်း ဝန်ကြီချူပ် ဦးညီပုအား ဆွေးနွေးရန် အကြိမ်ကြိမ် ကမ်းလှမ်းကြောင်း၊ တဖက် က လက်ခံခဲ့သည့်အတွက်သာ ဝမ်းနည်းစွာဖြင့် ဘဏ္ဍာငွေကို ဖြတ်တောက်ခဲ့ရခြင်း ဖြစ်ကြောင်း လွှတ်တော် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
“ဆွေးနွေးကြမယ် ဆိုပြန်တော့လည်း အဆွေးနွေးမခံဘူး။ ဝန်ကြီးချုပ်က ဥပဒေနဲ့ အညီ လုပ်ပါဆိုပြီးတော့ ပြောလာ တယ်။ ကျနော်တို့ ဘက်ကလည်း မလွှဲသာ မရှောင်သာလို့ ကျနော်တို့ လုပ်ခဲ့ရပါတယ်”ဟု ဦးစံကျော်လှက လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အစိုးရဘက်ကတော့ တစုံတရာ ပြန်လည် ချေပခြင်း မရှိသလို လက်ရှိအချိန်အထိ လည်း အများပြည်သူ သိရှိရန် ထုတ်ဖော် ပြောဆိုလာမှုကိုလည်း မတွေ့ရှိရသေးပေ။
လွှတ်တော် အစည်းအဝေး တက်ရောက်စဉ် ပြည်နယ်အစိုးရကိုယ်စား ဖြေကြားခဲ့သူ စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးကျော်အေး သိန်း က အစိုးရအဖွဲ့၏ စီမံကိန်း ရေးဆွဲခဲ့ခြင်းသည် ဘဏ္ဍာရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရေးဆွဲတင် သွင်း ခဲ့ကြောင်း သတင်း မီဒီယာများသို့ ဖြေကြားခဲ့သည်။
“ဘဏ္ဍာ ရေးနဲ့ ပတ်သက်ပြီးတော့ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း ရှိတယ်။ နောက် စီမံကိန်းနဲ့ ဘဏ္ဍာရေး ရေးဆွဲတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်တွေရှိပါတယ်။ အဲ့ဒီလိုအဆင့်ဆင့်တွေနဲ့ ကျနော်တို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်”ဟု ဦးကျော် အေး သိန်းက ပြောသည်။
လွှတ်တော်က သဘောမတူသည့်အတွက် ဖြတ်တောက်လိုက်သည့် ဘတ်ဂျက် ကိစ္စကိုလည်း လွှတ်တော် အနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်လိုက်ခြင်း ဖြစ်သည့်အတွက် တစုံတရာပြောဆိုစရာ မရှိကြောင်းလည်း ဝန်ကြီး ဦးကျော်အေးသိန်းက ပြောဆိုခဲ့သည်။
ပြည်နယ် အစိုးရနဲ့လွှတ်တော် အားပြိုင်မှုလား
အပြန်အလှန် ထိန်းကျောင်းခြင်း၊ ညှိနှိုင်း ပေါင်းစပ်ခြင်းဖြင့်သာ သွားရမည်ဆိုပြီး ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင် သော ဝန်ကြီးချုပ် ဦညီပု နှင့် ပြည်နယ် လွှတ်တော်ကို ဦးဆောင်သော ဥက္ကဋ္ဌ ဦးစံကျော်လှတို့ မတ်လ ၁၉ ရက်နေ့က ယင်းဘတ်ဂျက် စီမံကိန်းကိစ္စအား အကျေအလည် ဆွေးနွေး ညှိနှိုင်းခဲ့ကြသော်လည်း အဆင်မပြေခဲ့ကြပါ။
၆ ဘီလီယံ ပြန်အပ်လိုက်ရသည့် ရခိုင်ပြည်သူတို့၏ နစ်နာချက်များနှင့် ပတ်သက်ပြီး ဧရာဝတီအနေဖြင့် ပါတီ အသီး သီး က လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ရခိုင်နိုင်ငံရေးကို စောင့်ကြည့် လေ့လာ သော ဒေသခံ လူငယ်များကို မေးမြန်းခဲ့ရာ မတူကွဲပြားသော သဘောထား အမြင်များကို ရရှိခဲ့ပါသည်။
မာန်အောင် မဲဆန္ဒနယ်အမှတ် (၂) မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အမတ် ဦးဘိုးနွဲ့က လွှတ်တော်နှင့် အစိုးရအဖွဲ့ သူ့ဘက်၊ ကိုယ့်ဘက် အားပြိုင်ကြသည့် အတွက် ယခုကဲ့သို့ ဖြစ်ရသည်ဟု ဆိုသည်။
“ကျနော်တို့ အမြင်ကတော့ လွှတ်တော်နဲ့ အစိုးရ အားပြိုင်တဲ့ သဘောရှိတယ်လေ။ အမှန်က ဖြစ်စေချင်တာက ဒီစီမံ ကိန်း က ဘယ်သူ ရေးဆွဲလို့ပဲ လာလာ။ ပြည်သူအတွက် အကျိုးရှိရင်တော့ ခွင့်ပြုသင့်တာပေါ့။ အခုက အဲဒီလို ဖြစ် မလာဘဲ အစိုးရ လုပ်သမျှ လွှတ်တော်က ထိုင်ကြည့်နေရမလား ဆိုပြီး အားပြိုင်လိုက်တာပေါ့”ဟု ဦးဘိုးနွဲ့က ပြောသည်။
အစိုးရ ရေးဆွဲသည့် တချို့သောမြို့နယ်များတွင် လုပ်ကိုင်မည့် လုပ်ငန်းစီမံကိန်းများတွင် လိုအပ်ချက် ငွေကြေး ပိုမို တောင်းခံ ထားသည်ကို တွေ့ရှိရသည့်အတွက် လျှော့ချရန် လွှတ်တော်တွင် ဆွေးနွေးခဲ့သော်လည်း ယခုကဲ့သို့ လုပ်ငန်း အများ အပြား ဖြတ်တောက်မှုကိုတော့ မဖြစ်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
သံတွဲ မဲဆန္ဒယ်မှ NLD အမတ် ဦးနိုင်ကြွေအေးကတော့ အစိုးရနှင့်လွှတ်တော် အားပြိုင်ခြင်းမျိုး မဟုတ်ဘဲ ခေါက်ရိုး ကျိုး နေသည့် မူတခုကို ပြောင်းချင်သည့် အတွက် လုပ်လိုက်ရခြင်း ဖြစ်သည်ဟု ပြောသည်။
“အားပြိုင်တယ် ဆိုတာကတော့ မဟုတ်ဘူး။ လွတ်တော်က မကြပ်မတ်ဘူးဆိုရင် အရင်လို ဆီးသီးဗန်း မှောက်သလို ဖြစ်မယ်။ ဒီလိုသာ ဆက်သွားမယ်ဆိုလို့ရှိရင် လုပ်ငန်းတွေ တအားထပ်လာတယ်။ တင်ပြချင်သလို တင်ပြလာတယ်” ဟု ဦးနိုင်ကြွေအေးက ပြောဆိုသည်။
၎င်းက ဆက်လက်၍ “ပထမ တက်တဲ့ တနှစ် အတွင်း ကျနော်တို့ လုံးဝ လိုက်လျောခဲ့တယ်။ ဒီအချိန်မှာတော့ ပြတ် ပြတ် သားသား လုပ်ရတော့မယ် ဆိုပြီးတော့ ကျနော်တို့က ဒီလို မလုပ်ပြန်ရင်လည်း အဲဒီမူတခုက ဒီအတိုင်း ဆက် သွားမယ်။ နှစ်နာမှုကတော့ ရှိတယ်။ ဒါပေမယ့် ဒီမူတခုကို သတ်သတ် မှတ်မှတ် သွားချင်တဲ့အတွက် နောက်မဖြစ် အောင် လုပ်တာပါ”ဟုလည်း ပြောကြားသည်။
ရခိုင့် နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ရမ်းဗြဲ ဒေသခံ ဦးကိုကိုကြီး (ခ) သူကြီး ကမူ နှစ်ဘက်စလုံးက ပါတီစွဲ ရောဂါ ကြောင့် ဖြစ်ရသည်ဟု ဆိုသည်။
“အဓိကတော့ ပါတီစွဲနေကြတယ်။ အစိုးရဘက်က ကောင်းတာတခုခု လုပ်သွားရင်လည်း NLD ဟာ ရခိုင်ပြည်မှာ သြဇာအာဏာ ကြီးသွားမှာလားဆိုတဲ့ ထိန်းချုပ်မှုမျိုး၊ ANP (ရခိုင် အမျိုးသား ပါတီ) လွှတ်တော်က တခုခုအကြံပြု ထောက်ပြလိုက် လို့ အစိုးရဘက်က လိုက်လျော ပေးလိုက်ရတယ် ဆိုရင် NLD က ပါဝါကျပြီးတော့ ANP က ပါဝါ တက်သွားတယ် ဆိုပြီး အမြင်မျိုးနဲ့ ကစားနေကြတယ်”ဟု ဦးကိုကိုကြီး (ခ) သူကြီးက ပြောသည်။
စစ်တွေမြို့နယ် အရပ်ဘက် လူမှုအဖွဲ့များ၏ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီမှ ဦးစိုးနိုင်ကမူ“ကျနော်တို့ ရွေးချယ်ထား တဲ့ ကိုယ်စားလှယ်တွေက မညီညွတ်မှုကို ပြတာဟာ ကျနော်တို့အတွက် ဝမ်းနည်းစရာ ဖြစ်တယ်။ နှစ်ဦးနှစ်ဖက်သည် ပြည်သူ သိအောင် အကျေအလည် ရှင်းပေးရမယ်။ အစိုးရက ဘာကြောင့် ဒီလို ဘတ်ဂျက်စီမံကိန်းကို ဆွဲရလဲ။ လွှတ်တော်က ဘာ့ကြောင့် ကန့်ကွက်ရလဲ ဆိုတာရှင်းပြရမယ်”ဟု ပြောဆိုသည်။
ကျပ် ၆ ဘီလီယံထိအောင် ဖြတ်တောက်လိုက်သည့် လုပ်ငန်းစီမံကိန်းထဲက အစိုးရနှင့် လွှတ်တော်တို့ မီးကုန် ယမ်းကုန် ပွတ်တိုက်မှုကြီး ကတော့ အစိုးရအဖွဲ့ ရည်မှန်းချက်ကြီးဖြစ်သည့် သုံးထပ် ဈေးကြီး ၅ ဈေး တည်ဆောက် မည့် စီမံကိန်းပင် ဖြစ်သည်။
အဆိုပါ သုံးထပ်ဈေးကြီး ၅ ဈေးကို စစ်တွေ၊ ကျောက်တော်၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ဂွ စသည့် မြို့များတွင် တည် ဆောက်မည် ဖြစ်ပြီး ပြီးခဲ့သော ဘဏ္ဍာရေးနှစ်ကလည်း စည်ပင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သော ဦးမင်း အောင် က လွှတ်တော်ကို တစုံတရာ အသိပေး တင်ပြခြင်းမပြုဘဲ လုပ်ငန်းတင်ဒါခေါ်ပြီး တည်ဆောက်ခဲ့သည့် အတွက် ဈေးဆောက်ခွင့်ကို ကန့်ကွက်ခဲ့သလို ဥပဒေကို ကျော်လွန် သုံးစွဲခဲ့သည့် အတွက်ဟု ဆိုကာ ၎င်းအား လွတ်တော် က စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချမှု ဖြစ်ပွားခဲ့သည်။
ဈေး ၅ ဈေး စီမံကိန်း အစိုးရ လက်လွှတ်နိုင်မလား
ယခုနှစ် မီနီဘတ်ဂျက်ထဲ၌လည်း အစိုးရအဖွဲ့က လွှတ်တော်ကို အသိပေးခြင်း မရှိဘဲ ပြဿနာ ဖြစ်ပွားခဲ့ရသော ဈေး ၅ ဈေး ထပ်မံ ပါလာခြင်းသည် လုံးဝ မဖြစ်သင့်သည့် အခြေအနေတခု ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။
လက်ရှိအချိန်တွင် စည်ပင်ဝန်ကြီး တာဝန်ထမ်းခဲ့စဉ်က တင်ဒါခေါ်ယူခဲ့ပြီး ကုမ္ပဏီများကို လုပ်ပိုင်ခွင့်ချပေးခဲ့သည့် ဈေး ကိစ္စကြောင့် အစိုးရတွင် အကြပ်အတည်း ဖြစ်နေကြောင်း သိရသည်။
လွှတ်တော်ကို အသိပေး တင်ပြခြင်းမရှိသဖြင့် လုပ်ကိုင်ခွင့် ငြင်းပယ်ခြင်း ခံထားရသော သုံးထပ် ဈေး ၅ ဈေးသည် ဦးမင်းအောင် လက်ထက် ၂၀၁၇ ခုနှစ် နိုင်ဝင်ဘာလက တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။
တောင်ကုတ် ဈေးအတွက် Super sunshine ကုမ္ပဏီ၊ ဂွ ဈေးအတွက် RT &T၊ ရမ်းဗြဲ ဈေးအတွက် လင်းလက်ဝတီ၊ စစ်တွေ ဈေးအတွက် သာဂီဆွေ၊ ကျောက်တော်ဈေးကြီး အတွက် ဝေသာလီစတား ကုမ္ပဏီ စသည့် ကုမ္ပဏီများက ဆောက်လုပ်ခွင့် တင်ဒါအောင်မြင်ခဲ့သည်။
သို့သော်လည်း အစိုးရ တင်ဒါကို တရားဝင်အောင်မြင်ခဲ့သော ကုမ္ပဏီများသည် စည်ပင်ဝန်ကြီး အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သော တောင်ကုတ်အမတ် ဦးမင်းအောင်၏ တောင်ကုတ်မြို့ဈေးကလွဲပြီး တခြားသော မြို့များတွင် ဈေး ဆောက်ခွင့် မရရှိခဲ့ကြပေ။
ပြည်နယ်လွှတ်တော်က ဈေးဆောက်မည့် စီမံကိန်းကို ကန့်ကွက်ခဲ့သော်လည်း တောင်ကုတ် အမတ် ဦးမင်းအောင် ကတော့ ဒေသဖွံ့ဖြိုးရေး အတွက် မြို့နယ်အလိုက် ခွဲတမ်းရငွေဖြင့် တောင်ကုတ်မြို့တွင် ဈေးကြီးအား ဆက်လက် ဆောက်လုပ်နေကြောင်း သိရသည်။
ထို့ကြောင့် တင်ဒါအောင်မြင်ထားသော ကုမ္ပဏီများက ဈေးဆောက်ခွင့် မရရှိသဖြင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည် ဆိုသည်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံသို့ မေးခွန်း ထုတ်ထားကြောင်း သိရသည်။
ဈေး ၅ ဈေးဆောက်ရန် အစိုးရအဖွဲ့သည် ကုမ္ပဏီများကို တင်ဒါခေါ်ယူ၍ ဆောက်လုပ်ခွင့်ပေးထားပြီ ဖြစ်သော်လည်း တဖက်တွင် ဥပဒေအရ လွှွတ်တော်ကို အသိပေးခြင်း မရှိသောကြောင့် ဆောက်လုပ်ခွင့် ရရှိမည် မဟုတ်သည့် အတွက် အစိုးရက မည်ကဲ့သို့ ဖြေရှင်းမည်ဆိုသည်ကို ပြည်သူများကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ဈေး ၅ ဈေး တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး အစိုးရနှင့်ကုမ္ပဏီများကြားတွင် ကြိုတင် သဘောတူချက်များ ရှိခဲ့ကြသည့်အတွက် ဈေးကိစ္စသည် အစိုးရအဖွဲ့ကို ခေါင်းကိုက်စေသည့် အခြေအနေကို ရောက်ရှိနေသည်ဟုလည်း ပြည်သူများကြားတွင် ပြောဆိုမှုများ ရှိနေသည်။
“၅ ဈေး ကိစ္စကတော့ စည်ပင်ဝန်ကြီး တဦးတည်း လုပ်တာလို့တော့ မမြင်ဘူး။ ဒီဟာသည် ကက်ဘိနက် အစည်း အဝေး ဆုံးဖြတ်ချက်အရ လုပ်တာမို့လို့ ရခိုင်ပြည်နယ် အစိုးရမှာ အပြည့်အဝ တာဝန်ရှိတယ်။ ကုမ္ပဏီတွေ ဆိုတာက အစိုးရတင်ဒါခေါ်မှ လျှောက်လို့ရတာ။ တည်ဆောက်မှုသည်လည်းပဲ အစိုးရခွင့်ပြုချက်ရမှပဲ ဆောက်လို့ရတာ”ဟု ရခိုင် နိုင်ငံရေး လေ့လာသူ ရမ်းဗြဲဒေသခံ ဦးကိုကိုကြီး (ခ) သူကြီးက ပြောဆိုသည်။
လက်ရှိ တာဝန် ထမ်းဆောင်နေသည့် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကတော့ လွှတ်တော်က ခွင့်ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ ပြည်သူအမှန်တကယ် လိုအပ်၍ တောင်းဆိုလျှင် ဈေးဆောက်ပေးမည် ဖြစ်ကြောင်း၊ သို့သော်လည်း အစိုးရ ဘတ်ဂျက် သုံးမလား၊ မည့်ကဲ့သို့ ဆောက်မည်ဆိုသည်ကို ပြောဆို၍ မရသေးကြောင်း ပြောသည်။
“၃ ထပ်ဈေး မလိုချင်ဘူးလားလို့ ပြည်သူ့အသံကို နားထောင်လိုက်ပါ။ ဈေးကော်မတီတွေကို မေးကြည့်လိုက်ပါ။ ပြည်သူ့ အသံ အရပဲ ကျနော်တို့ လုပ်ပေးမယ်”ဟု စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုသည်။
တင်ဒါအောင်မြင်ပြီး ဈေးဆောက်ခွင့် မရရှိသော ကုမ္ပဏီများ အတွက်လည်း အစိုးရအဖွဲ့က ဝိုင်းပြီး စဉ်းစား လုပ် ဆောင်ပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
စစ်တွေမြို့နယ် အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားပြု ကော်မတီမှ ဦးစိုးနိုင်ကမူ ဈေးဆောက်လုပ်မည့် အပေါ် လက်ခံသော်လည်း အာဏာရှင်ဆန်ပြီး လုပ်ဆောင်သွားသည့် လုပ်ရပ်မျိုးကိုတော့ လက်မခံနိုင်ကြောင်း ထောက်ပြ သည်။
“ကျနော်က စစ်တွေ ဈေးကိုပဲ ပြောချင်တယ်။ အခု ဈေးဆောက်မယ်ဆိုပြီး ရွေးချယ်ထားတဲ့ နေရာက အများကြီး သံသယ ဖြစ်စရာကောင်းတယ်။ ဟို ချောင်ကျတဲ့နေရာမှာ တခုကို တစ်ယောက်နဲ့မှ ညှိနှိုင်း ပြောဆိုခြင်းမပြုဘဲ အာဏာ ရှိတယ် ဆိုပြီး ဒီနေရာမှာ ဈေးဆောက်ဖို့ ငါရွေးချယ်တယ်ဆိုတာက ဒီမိုကရေစီ မဟုတ်ဘူး”ဟု ဦးစိုးနိုင်က ပြောဆိုသည်။
ဈေး ၅ ဈေး ဂယက်
ဈေး ၅ ဈေးသည် ယခင်စည်ပင်ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲသော တောင်ကုတ် အမတ် ဦးမင်းအောင် လက်ထက်က လွှတ်တော်သို့ အသိပေးခြင်းမရှိဘဲ တင်ဒါခေါ်ယူပြီး ကုမ္မဏီများကို လုပ်ပိုင်ခွင့် ပေးခဲ့သောကြောင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်းက လွှတ်တော်တွင် တာဝန်မှ ရပ်စဲရန် စွပ်စွဲပြစ်တင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဦးမင်းအောင်ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်က အရေးပေါ် အစည်း အဝေး တရပ်ခေါ်ယူပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၈ မဲတို့ဖြင့် ၎င်းအား ဆက်လက် တာဝန် ထမ်းဆောင် ရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ရသေ့တောင်မြို့ စာပေဟောပြောချက်နှင့် ပတ်သက်ပြီး အမ်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကို ဥပဒေနှင့် ငြိစွန်းသည်ဟုဆိုကာ စစ်တွေမြိုု့က သူ၏ နေအိမ်တွင် ဖမ်းဆီးချုပ်နှောင်ပြီး နိုင်ငံတော်ပုန်ကန်မှု အပါအဝင် ကြီးလေးသော ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်။
ဒေါက်တာ အေးမောင်ကို ဖမ်းဆီးလိုက်သည့် ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီကျော်အချိန်တွင်တော့ ပြည်နယ် လွှတ်တော် က စွပ်စွဲပြစ်တင်ခဲ့သော စည်ပင် ဝန်ကြီး ဦးမင်းအောင်ကို နိုင်ငံတော်သမ္မတက တာဝန်မှ ရပ်စဲကြောင်း အမိန့်စာ ထုတ်ပြန်ခဲ့သည်။
ဒေါက်တာ အေးမောင်ကမူ ၎င်းအား အစိုးရက ဖမ်ဆီးရန် ရွယ်ခြင်းမှာ လွှတ်တော်က ဖြုတ်လိုက်သည့် စည်ပင် ဝန်ကြီး ကိစ္စနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်က ပိုလျှံရန်ပုံငွေ ကိစ္စကို ပြည်သူ့လွှတ်တော်တွင် စာရင်းစစ်ချုပ်အား ကြပ်ပွင့်ပြ မေးခွန်းမေးမြန်းရန် တင်ပြထားကြောင်း၊ ယင်းကိစ္စတို့အပေါ် သံသယ ဖြစ်မိသည်ဟု အဖမ်းမခံရခင် နာရီပိုင်းအလိုက သတင်း မီဒီယာများကို ပြောပြသွားသည်။
ထိုဖြစ်ရပ်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဦးစီးထားသော NLD ပါတီနှင့် လွှတ်တော်ကို စိုးမိုးထားသော ANP ပါတီတို့ ၏ အားပြိုင်မှုများသာ ဖြစ်ကြောင်း ရခိုင့် နိုင်ငံရေး လေ့လာသူများက မှတ်ချက်ပေး ပြောဆိုကြသည်။
အစိုးရနှင့် လွှတ်တော်တို့၏ နှစ်ဘက် ပွတ်တိုက်မှုများက ရပ်တန့်သွားခြင်း မရှိဘဲ အလားတူ ပွတ်တိုက်မှုများ ဆက်ဖြစ် လာခြင်း ဖြစ်သည်။
ဈေး ၅ ဈေးကိစ္စအပါအဝင် တခြားသော ကိစ္စများကြောင့် လွှတ်တော်က ဖြုတ်ချခဲ့သော စည်ပင်ဝန်ကြီး ဦးမင်းအောင် ကဲ့သို့ နောက်ထပ် အစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးကျော်အေးသိန်းကိုလည်း လွှတ်တော်က တာဝန်မှ ရပ်စဲရန် ကြိုးပမ်း လာနေသည်။
တိုင်ကြားမှုအား စစ်ဆေးရန် လွှတ်တော် စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဧပြီလ ၉ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းထားပြီ ဖြစ်ရာ မကြာခင် ဈေး ၅ ဈေး ဂယက်သည် ထပ်မံ ပြင်းထန်လာဖွယ် ရှိပြီး ရခိုင် နိုင်ငံရေး ပင်လယ်ပြင်တွင်လည်း မိုးသက် လေပြင်းများ ကျရောက်ကာ မုန်တိုင်း ထန်လာတော့မည့် အခြေအနေ ဖြစ်နေသည်ကို ခန့်မှန်းကြည့် မိပါသည်။ ။