ဆောင်းပါး

ကိုးရီးယား ၂ နိုင်ငံ ထိပ်သီးတွေ့ဆုံပွဲအကြောင်း သိကောင်းစရာ

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဧပြီလ ၂၇ ရက်နေ့တွင် စစ်မဲ့ဇုန်၌ တောင်ကိုရီးယား သမ္မတ မွန်းဂျဲအင်း နှင့် တွေ့ဆုံမည် ဖြစ်သည်။ ၁၁ နှစ် အတွင်းတွင် ပထမဆုံး အကြိမ်အဖြစ် ကိုရီးယား ၂ နိုင်ငံ ခေါင်း ဆောင်များ တွေ့ဆုံခြင်း ဖြစ်ပါသည်။

မြောက်ကိုရီးယား အစိုးရက အဆိုပါ ထိပ်သီး တွေ့ဆုံပွဲ မတိုင်မီအချိန်တွင် ညူကလီးယားနှင့် ဒုံးပျံ စမ်းသပ်မှုများ ရပ်တန့်ရန် ကတိပြုခြင်း နှင့် တောင်ကိုရီးယား အစိုးရနှင့် အရေးပေါ်ဖုန်းလိုင်းတခု တည်ထောင်ခြင်း အပါအဝင် စတင် ဆောင် ရွက်မှု အများအပြားပြုလုပ်ခဲ့သည်။ ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်တပ်ဖွဲ့များရှိနေခြင်းကို လက်ခံရန် ပြင်ဆင်ထား ကြောင်းနှင့် စစ်မပြုရေး အပြန်အလှန် သဘောတူညီချက် တခု လက်မှတ်ရေးထိုးရန် ရှိကြောင်းလည်း မြောက်ကိုရီးယား အစိုးရက အရိပ်အယောင်များ ပြသခဲ့သည်။

သို့သော်လည်း မြောက်ကိုရီးယား အစိုးရသည် ယခင် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်စဉ်ကလည်း အလားတူ ဗျူဟာများ အသုံးပြုခဲ့ပြီး ဖြစ်သည်။ ကင်ဂျုံအွန်၏ အမှန်တကယ် ရည်ရွယ်ချက်များ နှင့် ပတ်သက်၍ သံသယ ဖြစ်စရာများ ရှိနေသည်။
ကင်ဂျုံအွန်နှင့် မွန်းဂျဲအင်းတို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ သိထားရန် အချက် ၅ ချက်ရှိပါသည်။

မည့်သည့်အတွက် ယခု ထိပ်သီးတွေ့ဆုံပွဲ လုပ်ရသနည်း

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် သဘောတရား အရဆိုလျှင် ၁၉၅၀ မှ ၅၃ အတွင်း ဖြစ်ပွားခဲ့ပြီး စစ်ရပ်ဆိုင်းရေး သဘောတူညီချက်တခု ဖြင့် အဆုံးသတ်ခဲ့သည့် ကိုရီးယားစစ်ပွဲအတွင်း မှ တိုက်ခိုက်မှုများကဲ့သို့ပင် စစ်ပွဲ အခြေ အနေ၌ ရှိနေဆဲ ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါတွင် သူတို့၌ တူညီသော စိတ်ဝင်စားမှုတခု ရှိနေသည်။ ကြီးမား သော စစ်ပွဲတခု ဖြစ်လာနိုင်သည့် အမေရိကန်၏ စစ် ရေး အရ ဝင်ရောက် စွက်ဖက်မှုကို တားဆီးရေး ဖြစ်သည်။ ထိုကဲ့ သို့ သော အခြေအနေမျိုးက စစ်ရေးအရ အရေးယူဆောင်ရွက်ရန် ထပ်တလဲလဲ ခြိမ်းခြောက်နေသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ လက်ထက်တွင် ဖြစ်လာနိုင်သည့် အခြေအနေတခု အဖြစ် ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့သည်။

အမေရိကန်က ဦးဆောင်၍ မြောက်ကိုရီးယားနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခြင်းက တိုင်းပြည်၏ နည်းပါးသည့် ဝင်ငွေအရင်းအမြစ်များကို ဖြတ်တောက်ခဲ့ခြင်းကလည်း မြောက်ကိုရီးယား အစိုးရကို ညှိနှိုင်းဆွေးနွေးရေး စားပွဲသို့ ခေါ်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေခဲ့သည်။

မြောက်ကိုရီးယားဘက်မှ ကြည့်မည်ဆိုလျှင် ယခုအချိန်သည် ဆွေးနွေးညှိနှိုင်းရမည့် အချိန်ကောင်း ဖြစ်သည်။

မြောက်ကိုရီးယားက အမေရိကန် နိုင်ငံအထိ ရောက်နိုင်သော တာဝေးပစ် ဒုံးကျည် တခုကို ထုတ်လုပ်ခဲ့ပြီး ဖြစ်ကြောင်း နှင့် ဟိုက်ဒရိုဂျင်ဗုံးဟု သူတို့က ဆိုသော ဗုံးတခုကို စမ်းသပ်ခဲ့ကြောင်း ပြောဆိုထားသည်။ သီအိုရီအရကြည့်မည် ဆိုလျှင် ထိုသို့ ပြုလုပ်ခြင်းက ညှိနှိုင်းဆွေးနွေးရေးတွင် ၎င်းတို့၏ အနေအထားကို ခိုင်မာ အားကောင်းစေခဲ့သည်။

ဖေဖော်ဝါရီလက တောင်ကိုရီးယားနိုင်ငံ ပြုံချန်းတွင် ပြုလုပ်သော ဆောင်းရာသီ အိုလံပစ်ပွဲ ကာလ အတွင်း ကင်ဂျုံအွန်၏ အမ ဖြစ်ပြီး အနီးကပ် လက်ထောက်တဦးလည်း ဖြစ်သည့် ကင်ယိုဂျွန်းက ဆိုးလ်မြို့သို့ လာရောက် လည်ပတ်ခဲ့ပြီး ပြုံယမ်းမြို့တွင် မြောက်ကိုရီးယား ခေါင်းဆောင်နှင့် တွေ့ဆုံရန် တောင်ကို ရီးယား သမ္မတ မွန်းဂျဲအင်းကို ဖိတ်ခေါ်ခဲ့သည်။ နောက်ဆုံးတွင် စစ်မဲ့ဇုန်၌ ထိပ်သီးဆွေးနွေးပွဲတခု ပြုလုပ်ရန် ၂ ဘက်လုံးက သဘောတူညီခဲ့သည်။

ကင်ဂျုံအွန်က ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းတွင် ရောက်လာမည်ဟု မျှော်လင့်ရပြီး နယ်စပ်ကို လမ်းလျှောက် ဖြတ် ကျော်၍ တောင်ကိုရီးယား ဘက်ခြမ်းမှ ကျေးရွာတွင် တည်ရှိသော အိမ်တခု ဖြစ်သည့် ငြိမ်းချမ်းရေးဂေဟာ(Peace House) သို့ လာမည် ဖြစ်သည်။ ထို့သို့ ရောက်ရှိလာခဲ့ပါက ကိုရီးယား စစ်ပွဲနောက်ပိုင်းတွင် မြောက်ကိုရီးယား ခေါင်းဆောင်တဦး နယ်စပ်ကို ပထမဆုံး ဖြတ်ကျော်ခြင်း ဖြစ်လာပါလိမ့်မည်။

ယခင် ထိပ်သီး ဆွေးနွေးပွဲ ၂ ခုနှင့် မည်သို့ ခြားနားသနည်း

ပထမဆုံး အကြိမ် ကိုရီးယား ၂ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို ၂၀၀၀ ခုနှစ်တွင် ကျင်းပခဲ့ပြီး ကင်ဂျုံအွန်၏ ဖခင်ဖြစ်သူ ကင်ဂျုံအီနှင့် ထိုစဉ်က တောင်ကိုရီးယား သမ္မတ ကင်ဒေးဂျုံတို့ ပါဝင်ခဲ့ကြသည်။ ထိုအချိန်တွင် မြောက်ကိုရီးယား နိုင်ငံ၏ စီးပွားရေးက အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ၁၉၉၀ ခုနှစ်များအတွင်းမှ ငတ်မွတ်ခေါင်းပါးမှုကြောင့် ပြည် သူများ သေဆုံးခဲ့ရခြင်းက ကင်ဂျုံအီကို ပြည်ပအကူအညီ ရှာဖွေရန် ဖြစ်လာစေခဲ့သည်။

၂၀၀၇ ခုနှစ်တွင် စေ့စပ်ညှိနှိုင်း ရေးစားပွဲသို့ လာရောက်ရန် ကင်ဂျုံအီကို ထိုစဉ်က တောင်ကိုရီးယား သမ္မတ ရိုမူးရွှန်းက တောင်းဆိုခြင်းကြောင့် ဒုတိယအကြိမ် ထိပ်သီး အစည်းအဝေး ဖြစ်ပေါ်လာခဲ့သည်။ စီးပွားရေး အထောက် အကူပေးခြင်းက မြောက်ကိုရီးယား အစိုးရ၏ ညူကလီးယား လက်နက် အစီအစဉ်ကို ဦးတည်ပစ်မှတ်ထားသည့် သဘော တူညီချက်များကို ထိခိုက်ပျက်စီးစေနိုင်သည်ဟု အမေရိကန် နိုင်ငံက စိုးရိမ်ခဲ့သော်လည်း ထိုတွေ့ဆုံမှုမှ တဆင့် နယ်စပ် မြောက်ကိုရီးယားဘက် ခြမ်းတွင် ကဲဆောင်း စက်မှုဇုန် ပူးတွဲတည်ထောင်ရန် သဘောတူညီချက်တခု ရရှိခဲ့သည်။

ပြုလုပ်ရန် ရှိနေသည့် ထိပ်သီးဆွေးနွေးပွဲ အတွက် အမေရိကန် နှင့် တောင်ကိုရီးယား နိုင်ငံကြားတွင် အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုများ ရှိခဲ့သည်။ တောင်ကိုရီးယား အစိုးရက အမေရိကန် နှင့် မြောက်ကိုရီးယား ကြားတွင် ကြားခံဆက်သွယ် ပေးသည့် အခန်းကဏ္ဍကို ရယူထားပြီး အမေရိကန်၌ နိုဝင်ဘာလတွင် ကျင်းပရန် ရှိနေသည့် နှစ်ဝက် ရွေးကောက်ပွဲများ မတိုင်မီတွင် ထောက်ခံမှုများ မြင့်တက်လာစေရေးအတွက် ကင်ဂျုံအွန်နှင့် သဘောတူညီချက် တခု ရရှိနိုင်ရန် သမ္မတ ဒေါ်နယ်ထရမ့်က ကြိုးစားနေပုံ ရသည်။

တောင်ကိုရီးယားက ဘာကို ရရှိရန် မျှော်လင့်ထားသနည်း

မြောက်ကိုရီးယား နှင့် ထိတွေ့ဆက်ဆံရေး အတွက် ဆောင်ရွက်နေသူ တဦးဖြစ်သော မွန်းဂျဲအင်းက သဘောတူညီချက်တခု ရရှိနိုင်ရန် ကြိုးစားနေသည့် (မြောက်ကိုရီးယားနှင့် အမေရိကန်) ခေါင်းဆောင် ၂ ဦးကြားတွင် ကြားခံညှိနှိုင်းသူ အဖြစ် ပြသခြင်း အားဖြင့် အစောပိုင်းက ဒေါ်နယ်ထရမ့်နှင့် ဆက်ဆံရေး မပြေလည်မှုကို ကျော်ဖြတ်နိုင်ခဲ့သည်။

ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအွန်တို့ ကြား၌ မေလ သို့မဟုတ် ဇွန်လတွင် ထိပ်သီး ဆွေးနွေးပွဲတခု ပေါ်ပေါက်လာရေး အတွက် ပွဲစားလုပ်ပေးခဲ့သော မွန်းဂျဲအင်းအတွက် ယခုလက်ရှိ ဆောင်ရွက်ရမည့် တာဝန်မှာ အဆိုပါ အစည်းအဝေး ကျင်းပနိုင်ရေး သေချာစေရန် နှင့် ကိုရီးယားကျွန်းဆွယ် ညူကလီးယား ကင်းစင်ရေး လုပ်ငန်းစဉ်ကို အရှိန် ထပ်မြှင့်ပေးရန် ဖြစ်သည်။

ပဋိပက္ခဖြေရှင်းရေးကို ဦးတည်သည့် ချဉ်းကပ်မှုက မွန်းဂျဲအင်း၏ အရင်သမ္မတ ဖြစ်သော ပတ်ဂွန်ဟိုင်း ဆောင်ရွက်ခဲ့သော သဘောထား တင်းမာသည့် ချဉ်းကပ်မှုမျိုး နှင့် သိသိသာသာ ကွဲပြားနေပြီး ပြည်သူလူထုကြားတွင်လည်း ရေ ပန်းစားကြောင်း ပြသနိုင်ခဲ့ပြီး ဖြစ်သည်။ သူ၏ မြောက်ကိုရီးယားနှင့် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံရေး မူဝါဒ နှင့် ၂၀၀၀ ခုနှစ် ထိပ်သီးဆွေးနွေးပွဲကို အောင်အောင်မြင်မြင် အဆုံးသတ် နိုင်ခဲ့ခြင်းကြောင့် သမ္မတ ကင်ဒေးဂျုံ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိခဲ့သည်။ မွန်းဂျဲအင်းတွင်လည်း အလားတူ ရည်ရွယ်ချက်မျိုး ရှိနေသည်ဟု အချို့က ပြောကြသည်။

မြောက်ကိုရီးယားက ဘာကို ရရှိရန် မျှော်လင့်ထားသနည်း

ကင်ဂျုံအွန်က မြောက်ကိုရီးယား ခေါင်းဆောင်ရာထူးကို အသက် ၃၀ မပြည့်မီမှာပင် ၂၀၁၁ ခုနှစ်က ရရှိခဲ့သည်။ ထိုနေရာတွင် နောက်ထပ် နှစ်ပေါင်းများစွာ ဆက်ရှိနေမည့် အသွင်ရှိသည်။

လတ်တလော ရည်မှန်းချက်မှာ အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ရေး ဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံမှ ကျောက်မီးသွေး၊ သံရိုင်း၊ ချည်ထည် နှင်အခြား ပစ္စည်းများ နိုင်ငံခြားတင်ပို့ ခြင်းကို ကုလသမဂ္ဂက အပြည့်အဝတား မြစ်ထားသည်။ မြောက် ကိုရီးယားသို့ လောင်စာဆီ ထောက်ပံ့မှုကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။

မြောက်ကိုရီးယား အစိုးရ၏ ရည်ရွယ်ချက် မှာ ညူကလီးယား လက်နက် အစီအစဉ်ကို အဆုံးသတ်ပေးခြင်း အတွက် အပြန်အလှန် အနေဖြင့် အမေရိကန်နိုင်ငံနှင့် ပုံမှန် သံတမန် ဆက်ဆံရေး ပုံစံတခုတွင် သူတို့ အစိုးရအတွက် လုံခြုံရေး အာမခံချက်များ ရရှိရေး ဖြစ်သည်။

ကင်ဂျွန်အွန်က သူသည် ထိပ်တိုက်ရင်ဆိုင်ရေးမဟုတ်ဘဲ အတူယှဉ်တွဲ နေထိုင်ရေးကို ရှာဖွေနေသည့် လက်တွေ့ကျ သောခေါင်းဆောင်တယောက် ဖြစ်ကြောင်း သူ့ကိုယ်သူ ပုံပေါ်ပြရန် ထိပ်သီး အစည်းအဝေးကို အသုံးချနိုင်ပါသည်။

တွေ့ဆုံမှု၏ တစိတ်တပိုင်းကို ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ရန် ကိုရီးယား ၂ နိုင်ငံလုံးက သဘောတူညီခဲ့ကြသည်။

ထိပ်သီး အစည်းအဝေးက ဘာရမည်နည်း

ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအွန်တို့ တွေ့ဆုံမှု အောင်မြင်ရေးအတွက် အခြေခံအလုပ်များ ချမှတ်နိုင်ရန် မြောက် နှင့် တောင် ကိုရီးယား အစိုးရများက ဆန္ဒရှိနေသည်။ ညူကလီးယားလက်နက် ဖြုတ်သိမ်းရေး၏ နောက်ဆုံးရည်မှန်းချက်သို့ ဦးတည်သည့် တိုးတက်မှုတခု အဖြစ်ဖော်ပြနိုင်ရန် ၂ ဘက်လုံးက မျှော်လင့်ထားသည်။

၁၉၅၃ ခုနှစ် စစ်ရပ်စဲရေး သဘောတူညီချက်ကို အစားထိုးရန် အားထုတ်မှုတခု အနေဖြင့် စစ်ပြုခြင်းများ တရားဝင် အဆုံး သတ်မှုတခုကိုလည်း သူတို့က ကြေညာနိုင်ပါသည်။

သို့သော်လည်း ခေါင်းဆောင် ၂ ယောက်လုံးက အချိန်ကန့်သတ်ချက် နှင့် ညူကလီးယားလက်နက် ဖြုတ်သိမ်းရေး အတိုင်းအတာ သို့မဟုတ် တဖက်နှင့် တဖက် အပြန်အလှန် ချိန်ရွယ်ထားကြသည့် အငြင်းပွားဖွယ်ရာ လက်နက်များ လျှော့ ချရေး အသေးစိတ် အစီအစဉ် ကဲ့သို့သော တိကျသေချာသည့် အကြောင်းအရာများ အထိ သွားကြဖွယ်ရာ မရှိပါ။

ခေါင်းဆောင် ၂ ဦးက ညူကလီးယား လက်နက် ဖြုတ်သိမ်းရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကိစ္စများ နှင့် ၂ နိုင်ငံဆက်ဆံရေး တိုးတက်ရေး ကဲ့သို့သော အနာဂါတ် ဆွေးနွေးပွဲများ အတွက် အခြေခံ ရည်ရွယ်ချက်များ ကိုသာ အတည်ပြုကြဖွယ်ရာ ရှိသည်။

ကိုးကား ။ ။ Nikkei Asia Review

Did you find apk for android? You can find new Free Android Games and apps.
Loading