ကရင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့နေခြင်းအပေါ် သတိပေးခြင်းနှင့် တပ်မတော်က ဒေသခံလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ အသေးစိတ်ဖြစ်စဉ်တို့ကို ဖော်ပြသည့်တင်ဆက်မှုတရပ်ကို မြန်မာ့ တပ်မတော်၏ တောင်းဆိုချက်အရ ထိုင်းအာဏာပိုင်များက ဧပြီလ ၂၅ ရက်နေ့က ပိတ်ပင်လိုက်သည်။
“အိပ်မက်ဆိုးကြီး ပြန်လာပြီ၊ ဗမာစစ်တပ်က ချိုးဖျက်ခဲ့သော ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ကရင်လူထုမျှော်လင့်” ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် (KPSN) က တင်ဆက်မှုတခုပြုရန် စီစဉ်ခဲ့သည်။
ယင်းတင်ဆက်မှုကို သတင်းမှတ်တမ်း ဇာတ်ကား၊ ဓာတ်ပုံပြပွဲ၊ စကားဝိုင်းနှစ်ခုအသွင် စသည်ဖြင့် တင်ဆက်မည် ဖြစ်ပြီး ယခုနှစ် မတ်လက ကရင်တိုင်းရင်းသား ၂၄၀၀ ထက်မနည်း ရှောင်ပြေးခဲ့ရသည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် မြောက်ပိုင်း၌ မြန်မာ့တပ်မတော် စစ်ဆင်ရေး အကြောင်းကို သရုပ်ဖော်မည် ဖြစ်သည်။
တပ်မတော်သည် တပ်အင်အား အလုံးအရင်းဖြင့် လုသောမြို့နယ်အတွင်း ကေပုနှင့် လယ်မူပလော ဧရိယာ ဆက်သွယ်ထားသည့် လမ်းဟောင်း တခုကို ပြန်ဖောက်ခဲ့ပြီး ယင်းသို့ တပ်အင်အား ဖြန့်ကျက်မှုကြောင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လက်ရုံးဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တပ်မတော်တို့အကြား မတ်လ ၄ ရက်နေ့မှ စတင်၍ တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့သည်။
KNU ရော၊ တပ်မတော်ကပါ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး (NCA) သဘောတူညီချက်တွင် လက်မှတ်ထိုးထားခဲ့ ကြသည့် အလျောက် နှစ်ဘက်စလုံး တပ်အင်အား ထပ်တိုး၍ ချမထားရန် သဘောတူထားပြီး ဖြစ်သော်လည်း ဧပြီလ ၅ ရက်နေ့က ဒေသခံ ကရင်တိုင်းရင်းသား ခေါင်းဆောင် တဦးကို KNLA တပ်သား တဦးဟုယူဆ၍ တပ်မတော်ဘက်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
KPSN အနေဖြင့် မူလက ယင်းဖြစ်စဉ်ကို ချင်းမိုင်တက္ကသိုလ်၊ ဒေသတွင်းလူမှုသိပ္ပံနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာဌာန (RCSD) တွင် တင်ဆက်ပြသရန် ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်းယင်းနေရာတွင် တင်ဆက်ပြသခွင့်ကို ချင်းမိုင်တက္ကသိုလ်က အင်္ဂါနေ့တွင် ဖျက်သိမ်းပစ်ခဲ့သည်။ ရဲများက ဒုတိယနေရာတွင် ပြသရန် ညွှန်ပြခဲ့သော်လည်း ဗုဒ္ဒဟူးနေ့ နံနက်ကမူလ စီစဉ်ထားသည့် နေရာကို ခွင့်မပြုတော့၍ စီစဉ်တင်ဆက်မှုကို ရွှေ့ဆိုင်းခဲ့ရသည်။
မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ခင်ဇော်ထံမှ အကြောင်းကြားစာ တစောင်ကို ဖစ်စန်နူလော့အခြေစိုက် ထိုင်းတတိယ စစ်တိုင်းမှူးက လက်ခံရရှိပြီး ၎င်းမှတဆင့် ချင်းမိုင်တက္ကသိုလ်သို့ ယင်းစီစဉ်တင်ဆက်မှု လက်ခံထားသည့် ကိစ္စအပေါ် ပြန်စဉ်းစားရန် ယခုသီတင်းပတ် အစောပိုင်းက ဆက်လက် အကြောင်းကြားခဲ့ကြောင်း RCSD ၏ဒ ါရိုက်တာ ဒေါက်တာ ချရန်ဗာဒါနတ်ပက်၏ အဆိုအရသိရသည်။
၎င်းဌာနအနေဖြင့် ချင်းမိုင်တက္ကသိုလ် အကြီးအကဲ၏ အဆုံးအဖြတ်ဖြင့် ယင်းတောင်းဆိုချက်ကို လက်ခံခဲ့ရရှိကြောင်း ဒေါက်တာချရန်က ဧရာဝတီသို့ ပြောသည်။ RCSD နှင့် KPSN တို့သည် ယင်းတင်ဆက်မှုကို တခြားတနေရာသို့ ပြောင်းရွှေ့ပြုလုပ်ရန် စီစဉ်လိုက်သော်လည်း နောက်ဆုံးတွင် ထိုင်းရဲတပ်ဖွဲ့၏တားဆီးမှုနှင့် ရင်ဆိုင်ရပြန်သည်။
RCSD က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အစီအစဉ် တားမြစ်ခံရသည်မှာ ယခုအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေါက်တာချရန်က ပြောကြားပြီး “ပညာဆိုင်ရာလွတ်လပ်ခွင့်ကို ဝင်ရောက်စွက်ဖက်မှု” ဟုမှတ်ချက်ချလိုက်သည်။
ယခုတင်ဆက်ဆွေးနွေးမှုတွင် ဒုက္ခသည်များ၏အနာဂတ်ကိုသာဗဟိုပြုထားပြီးစစ်ရေးကိစ္စ အာရုံစိုက်ထားခြင်းမရှိကြောင်းသူကရှင်းပြသည်။
မြန်မာနိုင်ငံတွင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များအကြား တင်းမာမှုရှိနေသည့် ကာလအတွင်း ထိုင်းအခြေစိုက် မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသည့် အုပ်စုများကို ဖိနှိပ်ရေးအတွက် မြန်မာစစ်တပ်က တောင်းဆိုရန် လိုလားနေသည်။ ယမန်နှစ် ဇူလိုင်လကလည်း ရှမ်းညွန့်ပေါင်း အဖွဲ့တဖွဲ့ဖြစ်သည့် ရှမ်းပြည်နယ် သွေးစည်းညီညွတ်ရေး ကော်မတီ၏ အစည်းအဝေးကို ချင်းမိုင်မြို့တွင် မကျင်းပနိုင်ရန် မြန်မာစစ်တပ်က တောင်းဆိုခဲ့သဖြင့် ထိုင်းအာဏာပိုင် များက အတင်းအကြပ်တားဆီးခဲ့သည်။
KNU နှင့်ကနဦး သဘောတူညီချက်မယူဘဲ လုသောမြို့နယ်တွင် မြန်မာစစ်တပ်က ဝင်ရောက်နေရာယူမှုကြောင့် နေရပ်စွန့်ပြေးလာရသည့် ဒုက္ခသည်များ၏ ဆင်းရဲပင်ပန်းမှုများကို အများပြည်သူ စာနာသိရှိလာစေရန် မိမိတို့အုပ်စုက ရည်ရွယ်ခြင်းဖြစ်ကြောင်း KPSN မှပြောခွင့်ရသူ စောစိုးဒိုးက ရှင်းပြသည်။
မြန်မာစစ်တပ်ဘက်က ဝင်ရောက်နေရာယူမှုကြောင့် ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူ ၂၄၁၇ ဦးနေရပ်စွန့်ခွာလာကြောင်း KPSN က မှတ်တမ်း တင်ပြီးဖြစ်သည်။ တခြားသောကျေးရွာ ၄ ရွာမှ နောက်ထပ် ရွာသား ၄၀၀ ခန့်မှာလည်းထွက်ပြေးရန် ပြင်ဆင်နေကြောင်း ယင်းမှတ်တမ်းက ဆိုသည်။ မုတြော် (ဖာပွန်)မြို့နယ်ရှိ ကျေးရွာနေ ပြည်သူများ နေရပ်စွန့်ခွာရသည့် ဖြစ်စဉ်မှာ ယခုဆိုလျှင် ဖြစ်စဉ်အသစ်ပင် မဟုတ်တော့ ကြောင်း KPSN ၏အဆိုအရ သိရသည်။
ယခုဖြစ်စဉ်မှာ အဆိုပါရွာသားများအတွက် စတုတ္ထအကြိမ်ဖြစ်ပြီး အတင်းအဓမ္မပြောင်းရွှေ့ခိုင်းခံရခြင်းဖြစ်သည် (ယခင်ကလည်း အလားတူဖြစ်စဉ်မျိုး ၁၉၉၂-၉၃ ခုနှစ်၊ ၁၉၉၅-၉၇ ခုနှစ်၊ ၂၀၀၅-၀၈ ခုနှစ်တို့တွင်လည်း ဖြစ်ပွားခဲ့သည်)။
KPSN ၏ ကွင်းဆင်းတွေ့ဆုံမေးမြန်းမှုတခု၌ နော်ဖွေးအမည်ရှိ သက်ကြီးပိုင်း အမျိုးသမီးတဦးက “ကျမတို့နေရာကို ဗမာစစ်သားတွေလာတာ၊ စစ်တပ်က လမ်းဖောက်တာ မကြိုက်ပါဘူး။ ကျမတို့အပေါ် သူတို့ကအေးအေး ချမ်းချမ်း နေခွင့်ပေးတာပဲလိုလားပါတယ်” ဟု ပြောဆိုထားသည်။
ထီးဘွေးခီး ကျေးရွာမှ နောက်ထပ်နေရပ်စွန့်ပြေး ဒုက္ခသည်တဦးဖြစ်သည့် စောဖျိုးစေးကလည်း “ကျနော်တို့ကလေးတွေကို ကျနော်တို့ ရင်ဆိုင်ခဲ့ရဖူးတဲ့ အိပ်မက်ဆိုးမျိုး မကြုံစေချင်ဘူး။ သူတို့လေးတွေရဲ့ဘဝကို ကျနော်တို့က ဒီထက်ကောင်းစေချင်တယ်၊ ဘယ်နေရာမှာပဲနေနေ သူတို့ဘဝလမ်းကို သူတို့ရွေးစေချင်တယ်။ ကျနော်တို့နေရာထက်၊ ဘဝထက် သာစေချင်တယ်။ ဒီနေရာက လယ်ကွင်းထဲမှာပဲဖြစ်ဖြစ်၊ ပညာပဲသင်ရသင်ရ သူတို့လေးတွေကို အေးအေးချမ်းချမ်းပဲ နေစေချင်တာပါ။ ကျနော်တို့လို ဟိုပြေးဒီပြေးမဖြစ်စေချင်ဘူး” ဟု KPSN ၏ သတင်းမှတ်တမ်းတွင် ပြောဆိုထားကြောင်းတွေ့ရသည်။
KNU နှင့် တပ်မတော်တို့ နှစ်ဘက်စလုံးက လက်မှတ်ထိုးထားသည့် NCA သဘောတူညီချက်ကို မြန်မာစစ်တပ်အနေဖြင့် ချိုးဖောက်ခြင်း ဖြစ်ကြောင်း KPSN က စွပ်စွဲလိုက်ပြီး KNU ၏ကန့်သတ်ဧရိယာနှင့် နှစ်ဘက်လက်နက်ကိုင်အဖွဲ့ချင်းနယ်ခြားစည်းကို တပ်မတော်က ဖြတ်ကျော်ခြင်း ဖြစ်သည်ဟုဆိုသည်။
“သူတို့ဘက်က ထိုးစစ်ပြန်မဆုတ်သေးတဲ့အတွက် ဒီကရင်တိုင်းရင်းသားဒုက္ခသည်တွေမှာ အခုဆိုရင် ကာလရှည်ကြာ အိုးမဲ့အိမ်မဲ့ ဖြစ်နေရပါတယ်။ အစားအသောက်နဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုလည်းဆိုးရွားနေပါတယ်” ဟု ဗုဒ္ဒဟူးနေ့က ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် KPSN က ဆိုထားသည်။