အခြားသော အလုပ်သမများ ကဲ့သို့ပင် နံနက် ၈ နာရီမှ ည ၉ နာရီအထိ တပတ်လျှင် ၆ ရက် အလုပ်ဆင်းရသော အထည်ချုပ် စက်ရုံအလုပ်သမ မဥမ္မာခိုင်သည် မည်သို့မျှ ထူးထူးခြားခြား ခံစားရခြင်း မရှိခဲ့ပေ။ သို့သော် မကြာသေးမီကမူ သူသည် စက်ရုံနှင့် နေထိုင်ရာ နေရာသို့ အသွားအပြန်ခရီး အကြောင်းပြောရင်း ရုတ်တရက် စိတ်ပူလာခဲ့သည်။
“ကျမ အချိန်ပို ဆင်းရရင် ဘတ်စ်ကားမရှိတော့လို့ လမ်းလျှောက်ပြန်ရင်ပြန်၊ မပြန်ရင် ဆိုင်ကယ် တက္ကစီ စီးရမယ်” ဟု အသက် ၁၉ နှစ်အရွယ် မဥမ္မာခိုင်ကပြောသည်။
မကြာသေးမီက သူ အပြန်လမ်းတွင် လူအုပ်စုတစုက သူ့ကို ချောင်ပိတ်ဖမ်းရန် လုပ်သည်။
“သူတို့က ကျမရဲ့ ဆံပင်ကို နောက်ကနေ ဆွဲထားပြီး သူတို့ရဲ့ ဆိုင်ကယ်ပေါ် အတင်းတင်ဖို့လုပ်တယ်။ အရမ်း ကြောက်စရာကောင်းတယ်။ ကျမက လွတ်အောင် ပြေးနိုင်လို့ အဝတ်အစားတွေလောက်ပဲ စုတ်ပြဲသွားခဲ့တာ” ဟု သူက ရှင်းပြသည်။
အလုပ်ပြုတ်မည် စိုးရိမ်သောကြောင့် ထိုဖြစ်ရပ်ကို စက်ရုံမန်နေဂျာသို့ ဖြစ်စေ ရဲတပ်ဖွဲ့သို့ ဖြစ်စေ သတင်းပို့ခြင်း မရှိခဲ့ပေ။
“ကျမ အမှု မဖွင့်ဘူး။ တခြားအလုပ်သမတွေကိုပဲ ပြောပြလိုက်တယ်။ သူတို့တွေက သူတို့ကို ကြီးကြပ်သူတွေနဲ့ မန်နေဂျာတွေကို ပြောပြီး မလုံခြုံလို့ ညနက်အောင် အလုပ် မလုပ်ချင်ဘူး လို့ ပြောကြတာ။ ကျမတို့ အမြဲတမ်း အဲဒီလို တောင်းဆိုပေမယ့် ဘယ်တော့မှ ဖြစ်မလာဘူး” ဟုလည်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံမှ အခြားသူ အများအပြားကဲ့သို့ပင် မဥမ္မာခိုင်သည် အလုပ်ရှာရန် ဧရာဝတီတိုင်းမှ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သော ရန်ကုန်သို့ ရောက်လာသည့် ရွှေ့ပြောင်း အလုပ်သမ တဦး ဖြစ်သည်။
တနေ့လျှင် ၃၆၀၀ ကျပ်မျှသာ ရှိသော သူ၏ လုပ်အားခ၏ အနည်းဆုံး ထက်ဝက်ခန့်ကို မိသားစုထံ ပြန်လည် ပေးပို့ နေရသည်။
စက်ရုံအနီးအနားတွင်ပင် ထိပါးခံရခြင်းမျိုးကို အခြားသော အလုပ်သမများ ကလည်း မကြာခဏ ပြောတတ်ကြသည်။
သို့သော် စက်ရုံအတွင် လိင်ပိုင်းဆိုင်ရာ ထိပါးမှုများကိုလည်း အလားတူ ကြုံတွေ့နေရသည်။ ကန်ထရိုက် လုပ်သားများ၊ ကြီးကြပ်သူများနှင့် ဘဝတူလု ပ်သားများက ဟိုစမ်း သည်စမ်းလုပ်တတ်သလို လိင်ပိုင်းဆိုင်ရာ ထိပါးသော စကားများကို လည်း သည်းခံနေရသည်။
လုပ်ငန်းခွင်အတွင်း စကားပြန်တဦးနှင့် စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ တဦးတို့၏ လိင်ပိုင်ဆိုင်ရာ ထိပါးမှု ခံခဲ့ရသည့် အတွေ့အကြုံကို အသက် ၁၈ နှစ်အရွယ် မဝေဝေကလည်း ပြန်လည် ပြောပြသည်။
“သူတို့က ကျမကို လိင်စိတ် ဖြစ်စေမယ့် အမည်တွေနဲ့ ခေါ်ပြီး ကျမရဲ့ ကိုယ်လုံးအကြောင်းတွေ ပြောတယ်။ စတယ်၊ နောက်တယ်။ ဟိုထိ သည်ထိ လာလုပ်တယ်။ ကျမက အဲဒီလို မလုပ်နဲ့၊ လုပ်ရင် တိုင်မယ်၊ ကပ်ကြေးနဲ့ ထိုးမယ်လို့ ပြန်ပြောရတယ်” ဟု သူက ရှင်းပြသည်။
တဦးတည်း သန့်စင်ခန်း သွားလျှင် ကန်ထရိုက်တာများ၏ လိင်ပိုင်းဆိုင်ရာ ထိပါးမှု ခံရသည်ကိုလည်း အခြားသော အမျိုးသမီး အများအပြားက ပြန်ပြောကြသည်။
ပဋိသန္ဓေစစ်ဆေးမှုများ ပြုလုပ်ရခြင်း
ထိုကဲ့သို့သော လိင်ပိုင်းဆိုင်ရာ ထိပါးမှုများ အပြင် အထည်ချုပ်စက်ရုံ အလုပ်သမများသည် ပုံမှန် ပဋိသန္ဓေ စစ်ဆေး အစီရင်ခံ နေရပြီး စက်ရုံစီမံခန့်ခွဲမှုပိုင်း၏ ခွဲခြား ဆက်ဆံခြင်းကိုလည်း ခံနေရသည်။
အဆိုပါ အလုပ်သမတို့၏ ပြောဆိုချက်များကို မကြာမီ ထုတ်ပြန်တော့မည့် ရန်ကုန်ရှိ နိုင်ငံခြားသားပိုင် အထည် ချုပ်စက်ရုံ ၁၆ ၏ လိင်ပိုင်း ဆိုင်ရာ တန်းတူညီမျှမှု အကဲဖြတ်ချက်က ထပ်မံ အတည်ပြုပေးမည် ဖြစ်သည်။
“တွေ့ဆုံမေးမြန်းခဲ့တဲ့ အမျိုးသမီး တော်တော်များများဟာ စက်ရုံမှာ အလုပ်ရဖို့ အတွက် ပဋိသန္ဓေ စစ်ဆေးမှု အရင် လုပ်ခဲ့ရပုံ ရှိတယ်” ဟု နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့မှ ကိုယ်စားလှယ် ကက်သရင်း ဗေလန်ကုပ်လာဖလမ်းမီး (Catherine Vaillancourt-Laflamme) က ပြောသည်။
စက်ရုံ ပိုင်ရှင်များသည် အလုပ်သမများအား ၉၈ ရက် မီးဖွားခွင့် ရပိုင်ခွင့်ကို မပေးလိုကြဘဲ ၎င်းတို့၏ ထုတ်လုပ်မှုအဆင့် ပြတ်တောက်မည်ကိုသာ စိုးရိမ်နေကြသည်။
“အလုပ်ခန့်ထားရာမှာ ဆေးစစ်တာတို့၊ ကိုယ်ဝန်စစ်တာတို့ကို ဥပဒေမှာ ဘာမှ ပြောမထားဘူး” ဟု ဗေလန်ကုပ်လာဖလီးမ်က ဆက်လက်ပြောကြားသည်။
တွေ့ဆုံမေးမြန်းမှုများကို ဖြေကြားသူများသည် အထွေထွေ ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် ပဋိသန္ဓေ စစ်ဆေးခြင်းကို ရောထွေး သွားပုံရသည် ဟု ပြောပြီး စက်ရုံ ကိုယ်စားလှယ်များက အထက်ပါ အစီရင်ခံစာ၏ တွေ့ရှိချက်များကို ငြင်းဆို ကြသည်။
ပဋိသန္ဓေစစ်ဆေးခြင်းသည် အရှေ့တောင်အာရှတွင် ပြဿနာတရပ် ဖြစ်ပြီး နိုင်ငံခြားသားပိုင် စက်ရုံများက ထိုညံ့ဖျင်းလှသော အလေ့အထကို မြန်မာနိုင်ငံသို့ တင်သွင်းလာခဲ့ကြောင်း အတည်ချုပ်လုပ်ငန်း ရေရှည်တိုးတက်ရေး အဖွဲ့အစည်း ဖြစ်သော SMART Myanmar မှ မစ္စတာ ဂျက်ကော့ ကလာရီး (Jacob Clere) က ပြောသည်။
ကုန်အမှတ်တံဆိပ်များက အပြစ်ကို ရှောင်နေ
ကိုယ်ဝန်ဆောင်မှု ခွဲခြားဆက်ဆံခြင်းနှင့် အလုပ်သမများကို လိင်ပိုင်ဆိုင်ရာ ထိပါးသည့် တိုင်ကြားမှုများကို အမြဲရရှိနေ သော်လည်း ၎င်းတို့၏ တိုင်ကြားမှုများကို မည်သို့ ဆက်လက် ဆောင်ရွက်ရန် ခက်ခဲနေကြောင်း Action Labour Rights အဖွဲ့မှ ကို သူရိန်အောင်က ပြောသည်။
“ကျနော်တို့က အလုပ်သမားရုံးမှာ သွားတိုင်ရင် သူတို့က အဲဒါ သူတို့တာဝန် မဟုတ်ဘူးလို့ ပြောပြီး ရဲစခန်းကို သွားဖို့ အကြံပေးတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ အမျိုးသမီးတွေမှာ ရဲစခန်းကို သွားဖို့ ဆိုတာကလည်း ရဲတွေက ဒါမျိုးကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ မသိတော့ အဆင်မပြေဘူး” ဟုလည်း သူက ပြောသည်။
စက်ရုံများသည် အာရှတွင် အသက်သာဆုံး လုပ်အားခကို အလုအယက် ရှာဖွေနေသောကြောင့် အချို့မှာ မြန်မာနိုင်ငံ ကျေးလက်ဒေသများသို့ ဝင်ရောက်ပြီး ၇ နှစ်တာ အခွန်ကင်းလွတ်ခွင့် ရနေကြသည်။
ထိုသို့ လုပ်ဆောင်ခြင်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော်လည်း အလုပ်သမားများမှာ မြို့ရှိ ၎င်းတို့၏ နေထိုင်ရာမှ ကျေးလက်ရှိ စက်ရုံသို့ ညအချိန် မီးမရှိသော လမ်းများတွင်ပင် ဝေးကွာစွာ သွားရောက်နေရသည်။
ကျမ ပြန်လာရတာ လုံး၀ မလုံခြုံဘူး ဟု မဝေဝေက ပြောသည်။
“တခါတခါ ကျရင် အလုပ်က မနက် ၃ ၊ ၄ နာရီမှ ပြီးတာ။ အတူပြန်စရာ တခြား အလုပ်သမ အဖော်လည်း မရှိဘူး။ ဆိုင်ကယ် မငှားနိုင်တော့ လမ်းပဲ လျှောက်ပြန်ရတာ” ဟုလည်း သူက ပြောသည်။
“ဘေးကင်းလုံခြုံစွာ အလုပ်သွား၊ လုပ်လာနိုင်ဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတဲ့ မေးခွန်းက အရမ်းကို စိတ်ဝင်စားစရာ ကောင်းတယ်” ဟု မစ္စတာ ကလာရီးက ပြောသည်။
“တချို့စက်ရုံတွေက ဘတ်စ်ကားပိုင်မယ် လို့ ကျနော် နားလည်ထားတယ်။ ဒါဆိုရင် သဘောတရား အရတော့ သူတို့မှာ ဥပဒေကြောင်း အရ တာဝန်ရှိတယ် လို့ ထင်ရတယ်” ဟုလည်း သူက ဆက်ပြောသည်။
စားသူများနှင့် ထိတွေ့ဆက်ဆံရသော ကုန်အမှတ်တံဆိပ်များသည် မကြာခဏ ဆိုသလို ၎င်းတို့၏ တာဝန်ကို ရှောင်ရှား နေသောကြောင့် ထိုတာဝန်သည် ၎င်းတို့ထံ ကုန်ပစ္စည်း ပေးသွင်းသူများ၏ တာဝန်ဖြစ်နေသည်။
“ဒါပေမယ့် ကမ္ဘာ့ကုန်စည်ဖြန့်ချိရေး ကွင်းဆက်မှာ တာဝန်သိမှုကို ပိုမို အသိအမှတ်ပြု လာကြပြီ” ဟု ဗေလန်ကုပ်လာဖလီးမ်က အကောင်းမြင်ရှုထောင့်မှ ပြောသည်။
အမျိုးသမီးများ ၎င်းတို့၏ အခွင့်အရေးကို လေ့လာရမည်
ဒေသခံ အမျိုးသမီး ဖြစ်သူ ဒေါ်သန္တာကိုသည် ဖုန်ထူလှသော လှိုင်သာယာ စက်မှုဇုန်ရှိ သူ၏ အလှပြင်ဆိုင် နံဘေးမှ အခန်းငယ်တွင် တနင်္ဂနွေနေ့တိုင်း အလုပ်သမားအခွင့်အရေး ဆွေးနွေးပွဲများ ကျင်းပသည်။
“ကျမတို့က ပြဿနာတခုချင်းကို ရှာဖွေ ဖော်ထုတ်နေတာ မဟုတ်ဘူး။ အလုပ်သမား အခွင့်အရေး နိုးကြားမှုကို မြှင့်တင် အားပေးနေတာ” ဟု သူက ရှင်းပြသည်။
“အလုပ်သမတွေဟာ လိင်ပိုင်းဆိုင်ရာ ထိပါးခံရတဲ့ အခါ သူတို့ ကြုံတွေ့ရတာတွေကို ထုတ်ဖော် ပြောဆိုလိုခြင်း မရှိဘူး။ သူတို့တွေ ထုတ်ဖော် ပြောဆိုလာဖို့ သတ္တိရှိအောင် လုပ်ပေးရတာကို ခက်ခဲနိုင်တယ်။ ဒါကြောင့်မို့လို့ သူတို့တွေကို သူတို့ အခွင့်အရေးတွေ အကြောင်း ပညာပေးနေရတာ” ဟုလည်း သူက ပြောသည်။
အမျိုးသမီများအား အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေတခုကို အချိန် ၅ နှစ်ယူ ရေးဆွဲခဲ့ပြီးနောက် ယခုအခါ လွှတ်တော်သို့ တင်သွင်းထားသည်။
လုပ်ငန်းခွင် လိင်ပိုင်ဆိုင်ရာ ထိပါးမှုနှင့် ခွဲခြားဆက်ဆံမှုတို့ကို ထို ဥပဒေကြမ်း အကြောင်းဆွေးနွေးရာတွင် ထည့်သွင်း ဆွေးနွေးခြင်း မရှိခဲ့ပါ။
လုပ်ငန်းခွင် ကျား-မ တန်းတူမှု လုပ်ငန်းစီမံချက်ဆိုသည်မှာ မြန်မာနိုင်ငံ အတွက် အသစ်အဆန်း ဖြစ်နေသည်ဟု နိုင်ငံတကာ ဘာဏ္ဍာရေး ကော်ပိုရေးရှင်းမှ သြစတေးလျနိုင်ငံသား ကျား-မ တန်းတူမှု ဆိုင်ရာ အတိုင်ပင်ခံ အယ်လန် မေးနပ် (Ellen Maynes) က ပြောသည်။
“မူဝါဒတွေဟာ လက်တွေ့ ဆောင်ရွက်မှုတွေ အပေါ် သြဇာသက်ရောက်နိုင်တယ် ဆိုတဲ့ အယူအဆမျိုးက မြန်မာနိုင်ငံမှာ ပျောက်ဆုံး နေပုံရတယ်” ဟုလည်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် အရည်အသွေးမီသော အလုပ်သမားများကို ရှာဖွေစုဆောင်း ထိန်းသိမ်း ထားနိုင်ခြင်းသည် စီပွားရေး လုပ်ငန်းများ အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုများအနက် တခု ဖြစ်ကြောင်း မစ္စမေးနပ် က ဆက်လက်ပြောသည်။
ထိုကဲ့သို့သော ကျွမ်းကျင်မှု သင်တန်းများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသော ပထမဆုံး အဖွဲ့အစည်းမှာ အောင်မြင်မှု အဖွဲ့အစည်း ဖြစ်ပြီး အထည်ချုပ် လုပ်သားများ အတွက် သီတင်း ၈ ပတ်ကြာ သင်တန်းများ ပေးနေပြီး ထိုသင်တန်းများတွင် အလုပ်သမားများ အတွက် သာမက ကြီးကြပ်သူများ အတွက်ပါ ဆက်သွယ်ရေး သင်ခန်းစာများလည်း ပါဝင်သည်။
“ဒီ သင်တန်းမှာ ဘယ်လို ဖြတ်မယ်၊ ဘယ်လို ချုပ်မယ် ဆိုတာ အပြင် အခြား သိကောင်းစရာတွေ လည်း သင်ကြားပေးတယ်” ဟု စက်ရုံမှ ကြီးကြပ်သူ မထားထားလှိုင်က ပြောသည်။
“လိင်ပိုင်ဆိုင်ရာ ထိပါးမှုတွေရှိလာမယ်၊ ဒါမှ မဟုတ် အလုပ်သမားတွေ အဆင်မပြေတဲ့ အခြေအနေတွေ ရှိလာမယ် ဆိုရင် ကျမတို့ကိုလည်း သူတို့ ပြောလို့ ရပါတယ်” ဟု သူမက ရှင်းပြသည်။
အောက်ဆုံးအဆင့်ကို အားပေးခြင်း
အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံတွင် အလုပ်သမားများ လုပ်ငန်းခွင်သို့ ဆောင်ယူလာတတ်သည့် အိမ်တွင်း အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးမှုများကြောင့် ဆုံးရှုံးမှုများ ရှိသည်။
အထည်ချုပ်လုပ်ငန်းတွင် လိင်ပိုင်းဆိုင်ရာ ထိပါးမှုများကြောင့် ကုန်ထုတ်လုပ်မှု ဆိုင်ရာ ထိခိုက်မှုသည် နှစ်စဉ် စင်ကာပူ ဒေါ်လာ ၁၁၄ သန်း အထိရှိသည်။ လုပ်ငန်းများမှ အလုပ်သမားများ အခြား အလုပ်များသို့ ပြောင်းရွေ့မှု မြင့်မားသော ကြောင့် ဆုံးရှုံးမှုမှာ စင်ကာပူဒေါ်လာ ၁၀၉၀၀၀ ရှိပြီး အလုပ်ပျက်ကွက်ခြင်းကြောင့် ဆုံးရှုံးမှုမှာ စင်ကာပူဒေါ်လာ ၇၀၁၀၀၀ ရှိသည်။ ကုန်ထုတ်လုပ်မှု ကျဆင်းသောကြောင့် ဆုံးရှုံးမှုမှာ စင်ကာပူ ဒေါ်လာ ၁၁၃ သန်း ရှိသည်။
လုပ်ငန်းခွင် အခြေအနေ ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ခြင်းနှင့် အလုပ်သမားများကို လေ့ကျင့်ပေးရာတွင် ရင်းနှီး မြှုပ်နှံခြင်းသည် အကျိုးရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း မြန်မာစီးပွားရေး လုပ်ငန်းများ နားလည်လာမည် ဟု မျှော်လင့်ကြောင်း မထားထားလှိုင်က ပြောသည်။
“အလုပ်သမားတွေ ပျော်ရွှင်ရင် သူတို့တွေ ကုန်ပိုမို ထုတ်လုပ်နိုင်မယ်။ စိတ် ဖိစီးမှု မရှိဘူးဆိုရင် အားလုံးအတွက် ငွေကုန်ကြေးကျ ဖြစ်စေတဲ့ အမှားမျိုး မလုပ်ဘူး” ဟုလည်း သူက ရှင်းပြသည်။ ။
australianews.ga တွင် ဖော်ပြထားသည့် Myanmar’s women face routine pregnancy tests and sexual harassment in sweatshops ကိုဆီလျော်အောင် ဘာသာပြန်သည်။