“ဘယ်လိုနည်းနဲ့ ဒီကိုသယ်လာတာလဲ မေးတော့၊ နယ်ခြားစောင့်တပ်က လူကြီးတွေ သယ်ပေးတာလို့ ပြောတယ်”ဟု ကျောက် ကယ်ရီ လက်ခံ အမျိုးသမီး ငယ်က ဖြေကြားခဲ့သည်ကို သူက ပြန်ပြောပြနေခြင်း ဖြစ်သည်။
ကချင်မှ တရုတ်သို့ ကျောက်စိမ်း မှောင်ခိုထွက်ရှိရာ လမ်းကြောင်းများတွင် နယ်ခြားစောင့် တပ်၏ သြဇာခံ ကန်ပိုက်တီး ဒေသသည်လည်း တခု အပါအဝင်ဖြစ်သည်။
ဒေသန္တရအစိုးရ အုပ်ချုပ်မှုလက်တံ မမီနိုင်သော ဒေသတခုလည်း ဖြစ်ပြီး ကန်ပိုက်တီးသို့ သွားရာလမ်း တလျှောက် ဖြတ်သန်းသွားသည့် ကားတိုင်း နယ်ခြားစောင့်တပ်က တောင်းခံသော “ထမင်းဖိုး၊ ဟင်းဖိုး” အမည်ခံထားသည့် ဖြတ်သန်းခ ကို ပေးဆောင်ပြီးမှသာ သွားလာခွင့် ရှိသည်။
အလားတူ အဆိုပါ နယ်မြေကို ဖြတ်သန်းသွားသော ကျောက်စိမ်း မှောင်ခိုကားများသည်လည်း နယ်မြေခံ လက်နက် ကိုင် တပ်ဖွဲ့၏ ခွင့်ပြုချက် တစုံတရာမရရှိဘဲ တဖက်နယ်စပ်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။
လွန်ခဲ့သော လေးနှစ်ခန့်က ကချင်ပြည်နယ် ကန်ပိုက်တီးမှတဆင့် တရုတ်ပြည် နယ်စပ်မြို့ ထိန်ခြုံး သို့ ပို့ဆောင်ပေး သော အပြာရောင် အငှားယာဉ်ငယ် တစီးနှင့် အသက် ၅၀ အရွယ် ဒေါ်အမွန်း (အမည်လွှဲ) လိုက်သွားခဲ့သည်။
သူ၏ တရုတ်ပြည် အလည်သက်သက် ခရီးစဉ်တခုမှ ဇာတိမြေ၏ အသည်းနှလုံး ရတနာတပါး ဖြစ်သော ကျောက်စိမ်း များ တရုတ်ပြည်သို့ မှောင်ခိုမည်သို့ ရောက်ရှိနေပုံကို ယခုကဲ့သို့ မျက်မြင် တွေ့ခွင့်ရခဲ့ခြင်း ဖြစ်သည်။
မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်သော ကန်ပိုက်တီးမှ တဆင့် တရုတ်ပြည်တွင်းသို့ ကျောက်စိမ်းများကို အဆက်အသွယ် ဖြင့် တရားမဝင် တင်ပို့နေခြင်း ဖြစ်သည်။
စစ်ဆေးရေး ရှောင်ကွင်းလမ်းများမှ တဆင့် သယ်လာသော ကျောက်စိမ်းများကို တရုတ် နယ်စပ်မြို့မှ ရွာငယ်လေး များ တွင် စတည်းချကာ သက်ဆိုင်သည့် ကယ်ရီများက တရုတ်ပြည် ဈေးကွက်သို့ ထပ်မံ ပို့ဆောင် ပေးခြင်းဖြစ်သည် ဟု ဒေါ်အမွန်းက ပြန်ပြောပြသည်။
မြန်မာနိုင်ငံ မြောက်ဖျားဒေသ ကချင်ပြည်နယ်သည် ကမ္ဘာကျော် “ကျောက်စိမ်း” သယံဇာတထွက်ရှိရာ ဖားကန့် ရတနာ မြေ ပိုင်ဆိုင်ထားရ သကဲ့သို့ နှစ် ၆၀ ကျော်ကြာ အရှည်ကြာဆုံး ပြည်တွင်း စစ်မီးနှင့်လည်း ယှဉ်တွဲနေထိုင်ရဆဲ ဖြစ်သည်။
ထို့ကြောင့် ကချင်ဒေသသည် လုံခြုံရေးအရ အစိုးရ တပ်မတော်၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ နယ်ခြား စောင့်တပ် ဆိုသည့် လက်နက်ကိုင် တပ်ဖွဲ့သုံးခု အဓိက ခြေကုတ်ယူထားသော ဧရိယာ တခုလည်း ဖြစ်နေ သည်။
မငြိမ်းချမ်းသော ဒေသဖြစ်သည့် အလျောက် တရားဥပဒေ စိုးမိုးရေးသည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်သည်ဟု ဖားကန့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။
“ကျောက်စိမ်း ခိုးထွက်တာ မရှိနိုင်ဘူးလို့ မပြောနိုင်ဘူး။ ရှိကောင်း ရှိနိုင်တယ်။ ဒီလိုပဲ ဝန်ထမ်းမသမာမှု ဆိုတာလည်း ရှိနိုင်တာပဲလေ။ ဒါပေမယ့် ခိုင်လုံတဲ့ အချက်အလက်၊ အထောက်အထား မရှိဘဲ အမြင်နဲ့ ပြောဖို့ ခက်ပါတယ်” ဟု လည်း ၎င်းက ဆိုသည်။
ဖားကန့်သည် ရတနာ နယ်မြေဟု ဝိသေသ ပိုင်ဆိုင်ထားသော်လည်း သယံဇာတ အကျိုးစီးပွားများ ကြား သွေးထွက် သံယို ဖြစ်နေသော သဘာ၀ ပတ်ဝန်းကျင်နှင့် ဥရုချောင်း၊ မူးယစ်ဆေးဝါး ပြဿနာ၊ လောင်းကစား၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ မြေစာပုံပြိုသည့် အထဲ ပါသွားရသော သူဌေးလောင်း တို့၏ အိပ်မက်များ စသည့် ဝေဒနာများအား ထွေးပွေ့ ထားရဆဲ။
ကျောက်စိမ်းမြေ၏ အလားအလာကို “လက်နက်ကိုင် အဖွဲ့တွေ စစ်တန်းလျားကို မပြန်မချင်း ဖားကန့်က ဘယ်တော့မှ မစိမ်းနိုင်တော့ဘူး”ဟု ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အုပ်စု NLD ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။
ကျောက်စိမ်း မှောင်ခိုတွေ ဘယ်လိုသွားနေလဲ
“တရားမဝင်ဆိုလို့ ဇာတ်ကားတွေထဲကလို ညမှောင်မှောင်မှာ ခိုးကြောင်ခိုးဝှက် သွားနေတယ်လို့ မထင်လိုက်နဲ့။ အားလုံး က သူ့အချိတ်အဆက်နဲ့ သူ့လမ်းကြောင်းနဲ့ နေ့ခင်းကြောင်တောင်မှာ ကားကြီးတွေနဲ့ ပေါ်ပေါ် ထင်ထင်ပဲ သွားနေ ကြတာ” ဟု ကန်ပိုက်တီးမှ အမည်မဖော်လိုသူ ကုန်သည်တဦးက ဧရာဝတီ ကို ပြောသည်။
၎င်းသည် အစိုးရ တပ်မတော်မှ အငြိမ်းစား အရာရှိတဦး ဖြစ်ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံနှင့် ဆက်စပ်သည့် ကချင်ပြည်နယ်ရှိ မြို့များဖြစ်သော ကန်ပိုက်တီး၊ ဆဒုံး၊ လွယ်ဂျယ်တို့မှ တဆင့် ကျောက်စိမ်း မှောင်ခို အဓိကထွက်ရှိရာ ဆဒုံးလမ်းသည် နယ်ခြားစောင့်တပ် နယ်မြေဖြစ်ပြီး တာဝန်ရှိ အစိုးရဌာန၏ စစ်ဆေးရေး ဂိတ်များ မရှိခြင်း၊ လမ်းခရီး တိုခြင်းတို့ကြောင့် ပမာဏ အများဆုံး ထွက်နေသည့် မှောင်ခိုလမ်း တလမ်း ဖြစ်သည်ဟု ဒေသခံတချို့က ပြောပြသည်။
“ဖားကန့်မှာ ထွက်သမျှ ကျောက်တွေရဲ့ဆယ်ပုံတပုံတောင် နေပြည်တော်ပြပွဲကို မရောက်ဘူးရယ်။ ဒါတွေက မတူးခင် ကတည်းက ဗီဇာပါ ကျောက်စိမ်းတွေလေ”ဟု အမည်မဖော်လိုသူ ကျောက်စိမ်း ကယ်ရီ တဦးကလည်း ဧရာဝတီကို ပြောသည်။
၎င်းသည် ကချင်ပြည်နယ်တွင် နှစ် ၄၀ကျော်ကြာ ကျောက်စိမ်း ကယ်ရီလုပ်ငန်းဖြင့် အသက်မွေးသူ တဦးလည်း ဖြစ် သည်။
မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ စာရင်း အချက်အလက်များအရ ယခု ၂၀၁၇-၂၀၁၈ ဖေဖော်ဝါရီ လ အထိ ဖားကန့် ရတနာနယ်မြေမှ ကျောက်ထုတ်လုပ်မှု တန်ချိန် ၂၈၀၀၀ နီးပါးရှိရာ ယင်း အတွက် ရတနာခွန် ကျပ် သန်းပေါင်း ၂သောင်းကျော် ကောက်ခံရရှိကြောင်း သိရသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ပြန်ခဲ့သော Global Witness အဖွဲ့၏ ကျောက်စိမ်း အစီရင်ခံ စာတွင် ၎င်းတို့ကိုးကားခဲ့သည့် တရုတ်နိုင်ငံ၏ သွင်းကုန် အချက်အလက်များ အရ ၂၀၁၄ ခုနှစ် တနှစ်တည်း ပင်လျှင် မြန်မာနိုင်ငံမှ တင်သွင်းခဲ့သော ကျောက်စိမ်း တန်ဖိုးစုစုပေါင်း အမေရိကန် ဒေါ်လာ ၁၂.၃ ဘီလီယံ ရှိခဲ့ကြောင်း ဖော်ပြ ထားသည်။
ထို့ပြင် ကျောက်စိမ်း လုပ်ငန်းမှ လုပ်ကိုင်နေသူများက ထွက်ရှိသော ကျောက်စိမ်း ၅၀ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းခန့် ကို မြန်မာ-တရုတ် နယ်စပ်မှတဆင့် ခိုးထုတ်လျက် ရှိကြောင်းကိုလည်း အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။
“ငွေမည်း ခဝါချဖို့ လိုအပ်တဲ့ လူကလွဲပြီး အောက်လမ်းက သွားကြတာများတယ်” ဟု သဘာ၀ သယံဇာတ အရင်း အမြစ် စီမံခန့်ခွဲမှု အကြံပေး အဖွဲ့ (NRGI)မှ ဦးမော်ထွန်းအောင်က ပြောသည်။
NRGI သည် မြန်မာ့ ကျောက်စိမ်း ကျောက်မျက်ကဏ္ဍ စီမံခန့်ခွဲမှု ပိုမိုကောင်းမွန် လာစေရန် စောင့်ကြည့်လေ့လာ၍ အစီရင်ခံစာများ နှစ်စဉ် ထုတ်ပြန်နေသည့် အဖွဲ့အစည်းတခု ဖြစ်သည်။
အကျည်းတန် ကျောက်စိမ်းမြေ
၂၀၁၂ ခုနှစ်က စတင်၍ အစိုးရ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့၍ ဖား ကန့် တွင် တူးဖော်ခွင့် ယာယီရပ်ဆိုင်းခဲ့သည်။ ထို့နောက် ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် ပြန်လည် တူးဖော်ခွင့် ပြုခဲ့ သည်။
ဦးသိန်းစိန် အစိုးရ လက်ထက်က ပြဌာန်းခဲ့သော ၂၀၁၆ ခုနှစ် ဒုတိယအကြိမ် ကျောက်မျက်ရတနာ ဥပဒေအရ လုပ် ကွက် များတွင် ဘက်ဟိုး၊ မြေသယ်ယာဉ် အစရှိသည့် စက်ယန္တရားကြီးများ အသုံးပြုခွင့်နှင့် အကြီးစား လုပ်ကွက် ဆို သည့် အချက်များ ပါဝင်ခဲ့သည်။
ထိုအချက်များကား တရားဥပဒေ စိုးမိုးမှု နည်းပါးလွန်းနေသော ဒေသရှိ သယံဇာတများကို စက်ယန္တရား အင်အားဖြင့် အင်တိုက် အားတိုက် ရှာဖွေတူးယူခွင့် ရရှိမည် ဖြစ်ရာ လက်ရှိ အခြေအနေတွင်ပင် သဘာ၀ ပတ်ဝန်းကျင် ဆိုးကျိုးများ ခံစား နေရသော ကျောက်စိမ်းမြေကို ပို၍ အကျည်းတန်စေခဲ့ပါသည်။
ဖားကန့် ကျောက်စိမ်း မှော်အတွင်း နေထိုင်သူ အသက် ၅၀ အရွယ် ဦးသန်းဆွေက “ဖားကန့်မှာ တနေ့နဲ့တနေ့ လမ်း တွေက မတူဘူး။ နေ့တိုင်းသွားနေတဲ့ သူတောင် တခါတလေ မျက်စိလည်တယ်” ဟု ပြောသည်။
ဖားကန့်မှော်နယ်မြေတွင် လမ်းနယ်နိမိတ် တိတိကျကျ သတ်မှတ်မထားဘဲ မှော်ဧရိယာ အတွင်းက ကျောက်စိမ်း လုပ် ကွက် များမှ စက်ယန္တရားကြီးများ၏ နေ့စဉ်တူးဖော် ရှာဖွေမှုများကြောင့် လမ်းပျောက်သည့်ဒုက္ခကို အမြဲကြုံတွေ့ရ သည့် အပြင် လအနည်းငယ်ကြာပါက တောင်များ အလုံးလိုက် မျက်စိရှေ့က ပျောက်သွားသည်ဟု ဒေသခံများက ပြောပြကြ သည်။
မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ စာရင်းများအရ ဖားကန့်၊ လုံးခင်း ရတနာနယ်မြေတွင် ခွင့်ပြု ထားသည့် လုပ်ကွက် စုစုပေါင်း ၄ ထောင် နီးပါး၌ ကုမ္ပဏီပေါင်း ၄၅၀ ကျော်က တူးဖော်လုပ်ကိုင်ခွင့် ရရှိထားသည်ဟု သိရ သည်။
ကချင်ပြည်နယ်ရှိ ကျောက်စိမ်း လုပ်ကွက်ကြီးများကို အငြိမ်းစား စစ်အာဏာရှင်ဖြစ်သူ ဦးသန်းရွှေနှင့် ၎င်း၏ မိသားစု ဝင်များ၊ ယခင် အာဏာရ ပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) တို့နှင့် ဆက်နွယ်နေ သော အငြိမ်းစား ဗိုလ်ချုပ် မိသားစုများ၊ တပ်ပိုင် လုပ်ငန်းဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့ စီးပွား ရေး ကော်ပိုရေးရှင်း၊ ခရိုနီ ကုမ္ပဏီများ၊ အပစ်အခတ် ရပ်စဲရေးနှင့် ဆက်နွယ်နေသော အဖွဲ့များက လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့် ရထားကြောင်း Global Witness ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
၂၀၁၆ ခုနှစ်နောက်ပိုင်း NLD အစိုးရ တက်လာသည့်အခါ ရတနာနယ်မြေများ၏ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မူအရ လုပ်ကွက်သစ်များ၊ သက်တမ်း ထပ်တိုးပေးခြင်း မပြုတော့ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ် ရေး လုပ်ငန်း (နေပြည်တော်)မှ အထွေထွေမန်နေဂျာ ဦးရဲထွဋ်က ပြောသည်။
“သက်တမ်း ထပ်မတိုးပေးတော့ဘူး ဆိုတော့ ရထားတဲ့ အချိန်အတွင်း နေ့ဆိုင်း၊ ညဆိုင်းတွေနဲ့ စက်ယန္တရားတွေနဲ့ နင်းကန်ဝင်လုပ်နေကြတာ။ အဲဒီတော့ အချိန်ကြာလေ ဖားကန့်က တဖြည်းဖြည်း ဆိုးလေပါပဲ။ ဒါတွေကို လက်ရှိ အစိုးရ ကလည်း သေချာမလုပ်နိုင်တော့ ပိုဆိုးလာတာပေါ့” ဟု ကချင်ပြည်နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဒေါ်ဒွဲဘူက ပြောဆိုသည်။
လက်ရှိ အခြေအနေအရ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေကို တိုက်ရိုက် ကြတ်မတ်ရသည့် ဌာနသည် မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (မကလ) လက်အောက်ရှိ ရာဖြတ်ဌာန ဖြစ်ပြီး လုံးခင်း မြို့နယ်တွင် အခြေ စိုက်ထားသည်။
ပွင့်လင်းမြင်သာမှုကို အလေးပေးလာသော လက်ရှိအစိုးရ လက်ထက်တွင် မကလ အပါအဝင် အုပ်ချုပ်ရေး ယန္တရားမှ ဝန်ထမ်းများ ပါဝင်ကာ ဖားကန့်၊ လုံးခင်း ရတနာနယ်မြေ ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ရတနာ နယ်မြေတွင် လုပ်ပိုင်ခွင့်ရ ကုမ္ပဏီများက ဥပဒေနှင့်အညီ တူးဖော်ခြင်း ရှိ၊မရှိ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ဖားကန့် မြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှ သိရသည်။
ကော်မတီ၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင် ၂ နှစ်ကျော်ကာလအတွင်း လုပ်ပိုင်ခွင့်ရသည့် ကုမ္ပဏီများ၏ ဥပဒေ မဲ့ ဆောင်ရွက်ချက်များ မတွေ့ရှိရသေးကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။
ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးHလအောင် ကမူ တရားဥပဒေ စိုးမိုးမှု အားနည်းသည့် ဒေသဖြစ်သည့်အလျောက် ဒေသအာဏာပိုင် အဖွဲ့အစည်းတချို့၏ အဂတိတရား ကင်းရှင်းမှုကိုပါ ယိမ်းယိုင်စေသည့် အပြင် သယံဇာတ ကဏ္ဍတွင် ဗဟိုချုပ်ကိုင်မှု များနေပြီး ပြည်နယ် အစိုးရ၏ လုပ်ပိုင်ခွင့် အကန့် အသတ် ရှိနေခြင်းသည် ကျောက်စိမ်းကဏ္ဍကို ပို၍ ထိန်းကွပ်ရ ခက်ခဲစေသည်ဟု ပြောဆိုသည်။
“ကျောက်စိမ်းမပြောနဲ့ လူတောင် တရုတ်ပြည်မှာ တရားမဝင်တွေ အများကြီးပဲလေ။ မြန်မာတွေ တရုတ် ပြည်မှာ ပြည့် နေ တာပဲလေ။ ဒါတွေက ဘယ်ကနေ ဘယ်လို ရောင်းစားပြီး ရောက်နေတယ် ဆိုတာ စဉ်းစား ကြည့်ပေါ့” ဟု ဝန်ကြီး ဦးHလအောင်က ဆိုသည်။
NRGI အဖွဲ့ မှ ဦးမော်ထွန်းအောင်ကလည်း “အစိုးရရဲ့စနစ်ကိုက သူ့ဆီကို ဝင်လာတာကိုပဲ Record (မှတ်တမ်း) လုပ်နိုင်မယ်။ အောက်ခြေမှာ ဘာဖြစ်နေလဲ မသိဘူး။ တကယ် မသိတာလား။ ရိုးရိုးသားသားနဲ့ မသိတာလား ကတော့ သူတို့မှ သိနိုင်မယ်” ဟု ပြောသည်။
ထို့ပြင် အခွန်နှုန်း ကြီးမြင့်ခြင်း၊ မမြင့်ခြင်းထက် အခွန်စနစ် ရှုပ်ထွေးခြင်း၊ အခွန်ဆောင်ရန် စောင့်ဆိုင်းရသည့် အချိန် ကြန့်ကြာခြင်း၊ ဥပဒေအညီ ကောက်ခံသော အခွန်များသာမက ထမင်းဖိုးဟင်းဖိုး အခွန်ကိစ္စများ ရှိနေခြင်းတို့သည် မှောင်ခို ကျောက်စိမ်း ဈေးကွက်ကို ပို၍ သက်ဆိုးရှည်စေသည်ဟု ဖားကန့် မြို့နယ်ရှိ ကျောက်လုပ်ငန်းရှင် တချို့က ပြောဆိုသည်။
ဦးသိန်းစိန် အစိုးရ လက်ထက်မတိုင်ခင်က လုံးခင်း ရာဖြတ်ရုံးတွင် အခွန်ဆောင်ပြီးသော ၁၀ တန် ကျောက်ကား တစီး ကျပ် ၈ သိန်း ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အား အခွန်ဆောင်ခဲ့ရာမှ ယခု NLD အစိုးရ လက်ထက်တွင် တစီးလျှင် သိန်း ၃၀ ခန့် ပေးဆောင်ရကြောင်း၊ မည်သည့်အတွက် ထိုသို့ ပေးဆောင်နေရခြင်းကို ၎င်းတို့ အနေဖြင့် လည်း အထွန့်မတက်ရဲသည့် အခြေအနေ ဖြစ်ကြောင်း အမည်မဖော် လိုသူ ကျောက်စိမ်း ကယ်ရီသမား တဦးက ပြော သည်။
ယင်းပမာဏသည် နေပြည်တော် (သို့မဟုတ်) တရုတ်ပြည် ခရီးစဉ် ဖြစ်စေ ပေးဆောင်ရသည်ဟုလည်း ဆိုသည်။
“ကျောက်စိမ်းရုံးမှာ ရာဖြတ်ပြီးရင် သူတို့က ကားတွေကို လာကြည့်ပြီး သူတို့ကို အခွန် ထပ်ဆောင်ရတယ်။ သူ့နယ်မြေ မှာ သူ့ကို မပေးလို့လည်း မရတော့ ပေးရတာပေါ့”ဟု အထက်ပါ ကျောက်စိမ်း ကယ်ရီသမားက ပြောသည်။
ကျောက်စိမ်း ကဏ္ဍအား အဓိက ကြတ်မတ်ရသည့် ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဌာန လက်အောက်ရှိ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (နေပြည်တော်)သို့ မေးမြန်းခဲ့ရာ မြန်မာနိုင်ငံ တွင် တရားမဝင် ကျောက်စိမ်း ကုန်သွယ်မှု ရှိနေကြောင်းနှင့် ယင်းကိစ္စအား စီမံ ထိန်းချုပ်ရန် ခက်ခဲကြောင်း ပြောဆို သည်။
“ရန်ကုန်လှိုင်သာယာ လောက်မှာပဲ ကျောက်ထွက်နေရင်တော့ ကျောက်ထွက်တိုင်း စိတ်တိုင်းကျ သေချာ ကြတ်မတ် လုပ်နိုင်တာပေါ့။ အခုက မအေးချမ်းတဲ့ နေရာမှာဖြစ်နေတော့ ဘယ်လို Occupy လုပ်မလဲ”ဟု မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးက ပြောသည်။
တရားမဝင် ကျောက်စိမ်း သက်ဆိုးရှည်နေရခြင်းသည် နိုင်ငံရေးနဲ့ ပထဝီအခြေအနေ တို့ကြောင့် အဓိက ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။
နှစ် ၆၀ ကျော်ကြာ ပြည်တွင်းစစ်မီးကြောင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့သည် ဆိတ်သုဉ်း နေရ ဆဲ ကချင် အတွက် ကမ္ဘာကျော် ရတနာတပါး ဖြစ်သော ကျောက်စိမ်းကြောင့် တပူပေါ် နှစ်ပူ ဆင့်ရသည်ဟု ကချင် အမျိုးသား ကွန်ဂရက် ပါတီ ဥက္ကဋ္ဌ Dr M Kawn La က ပြောသည်။
“အခုတော့ အိမ်ပိုင်ရှင်က လှေကားထစ်မှာ ရောက်နေပြီး ကိုယ့်အိမ်ထဲမှာ သူစိမ်းတွေက ခပ်တည်တည်နဲ့ ဝင်စား နေ တဲ့ အဖြစ် ရောက်နေပြီ”ဟု ကျောက်စိမ်းမြေ ၏ လက်ရှိအခြေအနေအား ၎င်းက ပြောဆို လိုက်ပါသည်။
လက်ရှိ အချိန်အထိလည်း မြေစာပုံ ပြိုကျမှု၊ မူးယစ်ဆေးဝါး ပြဿနာ၊ လောင်းကစားနှင့် လက်နက်ကိုင် ပဋိပက္ခများ၏ အကျိုးဆက် အနေဖြင့် အသက် အိုးအိမ် စည်းစိမ် ဆုံးရှုံးနစ်နာမှု ကြီးမားစွာ ရှိနေဆဲ၊ ကျိန်စာသင့်နေသော ကျောက်စိမ်း မြေ အလား ဖြစ်နေဆဲပင်။ ။