မြန်မာပြည်ရဲ့သမိုင်းထဲက ထင်ရှားတဲ့နေ့ရက်တွေကို ပြန်ကြည့်မယ်ဆိုရင် မေလ ၃ ရက်နေ့ဟာ ရန်ကုန်မြို့ကြီး ဖက်ဆစ်ဂျပန် လက်အောက်က လွတ်မြောက်ခဲ့တဲ့နေ့တနေ့ ဖြစ်တယ်ဆိုတာကို တွေ့ရမှာပါ။
အဲဒီအချိန်က ဒုတိယကမ္ဘာစစ်ရဲ့ ဗဟိုချက်တခုဖြစ်တဲ့ ဥရောပမှာလည်း အီတလီ အာဏာရှင် မူဆိုလိုနီကို တော်လှန်ရေးသမားတွေက ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီးဖြစ်သလို၊ ဂျာမန်အဓိပတိ ဟစ်တလာလည်း ဘာလင်မြို့ကြီး ဆိုဗီယက်တပ်နီတော် လက်ထဲကျဆုံးပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါပြီ။
အာရှနဲ့ ပစိဖိတ်စစ်မျက်နှာမှာတော့ အောင်ပွဲဆက်နေတဲ့ ဂျပန်တပ်မတော်ဟာ ၁၉၄၄ ခုနှစ် ဇူလိုင်လ အင်ဖာတိုက်ပွဲပြီးကတည်းက စစ်ရေးအောင်မြင်မှု အရှိန်အဟုန် ရပ်တန့်သွားပြီးတဲ့နောက် ဗြိတိသျှတွေရဲ့တန်ပြန်ထိုးစစ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
စစ်သမိုင်းမှတ်တမ်းတွေအရတော့ ဗြိတိသျှတွေဟာ စစ်ရေးအသာစီးရလာပြီးနောက် ကိုလိုနီဟောင်းမြန်မာပြည်ကို ပြန်လည်သိမ်းယူရာမှာ မြို့တော်ရန်ကုန်ကိုလည်း ၁၉၄၅ ခုနှစ်နှစ်လယ်လောက်မှာ ပြန်လည်သိမ်းဖို့ အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစုရဲ့ စစ်သေနာပတိချုပ် လော့ဒ်လူးဝစ်မောင့်ဘက်တန် စီစဉ်ရေးဆွဲခဲ့ပါတယ်။
သူ့ရဲအစီအစဉ်ကတော့ အမှတ်၇၊ အမှတ် ၁၄ နဲ့ အမှတ် ၁၇ တပ်မကြီးတွေ အပါအဝင် ခြေလျင်တပ်တွေက မိထ္ထီလာကိုသိမ်း၊ ပြီးရင်မိထ္ထီလာ- ရန်ကုန် လမ်းအတိုင်း ရန်ကုန်ကိုချီတက်၊ မိထ္ထီလာကို စစ်ဆင်နေချိန်မှာပဲ မန္တလေးကိုသိမ်း၊ အလားတူပဲ အမှတ် ၁၅ တပ်မကြီးကလည်း ရခိုင်ကမ်းရိုးတန်းကိုလည်း ကြည်း၊ ရေစစ်ဆင်ရေးနဲ့ သိမ်းပိုက်ပြီးနောက် ရန်ကုန်ကိုဆက်လက်ချီတက်ဖို့ဖြစ်ပါတယ်။
ဒါပေမယ့် ဒုဗိုလ်ချုပ်ကြီး ဆာဝီလျံစလင်း ဦးဆောင်တဲ့ တပ်တွေဟာ ဖေဖော်ဝါရီလလယ် ကတည်းက ဧရာဝတီမြစ်ကို လျင်လျင်မြန်မြန် ဖြတ်ကူးကာ မတ်လ ၄ ရက်၊ ၅ ရက်မှာ မိထ္ထီလာလွင်ပြင်ကို ထိန်းချုပ်ထားနိုင်ခဲ့သလို မန္တလေးကို သိမ်းယူနိုင်ခဲ့တာကြောင့်၊ လော့ဒ်မောင့်ဘက်တန် အနေနဲ့ ရန်ကုန်ကို မေလ ၅ ရက်နေ့ထက် နောက်မကျဘဲ သိမ်းဖို့စီစဉ်ရပါတော့တယ်။
ဧပြီလ ၁၀ ရက်နေ့မှာ အမှတ် ၁၇ အိန္ဒိယ တပ်မဟာ ပျော်ဘွယ်ကို ထပ်မံသိမ်းယူခဲ့သလို တောင်ငူ၊ ပဲနွယ်ကုန်း၊ ဒိုက်ဦး စတဲ့မြို့တွေကို လျင်လျင်မြန်မြန်နဲ့ ရရှိပြီးတဲ့နောက် ပဲခူးကို ဆက်လက်ချီတက်လာတာကြောင့် အခြေအနေဟာ တမျိုးတဖုံ ပြောင်းလဲလာပြန်ပါတယ်။
ဒါကြောင့်လည်းကြည်း၊ ရေ၊ လေတပ်တွေနဲ့ ဟန်ချက်ညီညီ ရန်ကုန်ကိုမေလ ၂ ရက်နေ့မှာ အပြီးသိမ်းပိုက်ဖို့ ထပ်မံပြင်ဆင်ခဲ့ပါတယ်။
Dracula စစ်ဆင်ရေးအရ ဗြိတိသျှ အရှေ့အိန္ဒိယ ရေတပ်အုပ်စုကြီးဟာ သီရိလင်္ကာထရင်ကိုမာလီ ဆိပ်ကမ်းကနေ ထွက်ခွာခဲ့သလို၊ ကျောက်ဖြူနဲ့ ရမ်းဗြဲကျွန်းကို သိမ်းပိုက်ထားတဲ့ အိန္ဒိယအမှတ် ၁၅ တပ်မကြီးဟာလည်း ရန်ကုန်ကို ဆက်လက်ချီတက်ခဲ့ပါတယ်။
ဧပြီလ ၂၉ ရက်နေ့မှာ အမှတ် ၁၇ တပ်မကပဲခူးကို သိမ်းပိုက်လိုက်ပြန်ကာ လှည်းကူးကို ဆက်လက် ချီတက်လာတာက တကြောင်း၊ မေလ ၁ ရက်နေ့မှာ အိန္ဒိယ အမှတ် ၅၀ လေထီးတပ်ရင်းကလည်း ရန်ကုန်ဒေသဝန်းကျင်မှာ လေထီးနဲ့ ဆင်းလာတာက တကြောင်း၊ ဒါကြောင့်ဂျပန်တွေဟာ ရန်ကုန်မှာ ပိတ်မိနေမှာစိုးတဲ့ အတွက်အလျင် အမြန် ဆုတ်ခွာပေးလိုက်ပါတယ်။
ဒါကြောင့်လည်းလော့ဒ်မောင့်ဘက်တန်ရဲ့လေကြောင်းနဲ့ရေကြောင်းကနေရန်ကုန်ကိုအပြင်းအထန်သိမ်းယူမယ့်Dracula စစ်ဆင်ရေးဟာနောက်ဆုံးအမြောက်သေနတ်တချက်မှမပစ်ဖောက်လိုက်ရပဲဖြစ်ခဲ့ရပါတယ်။။
ဂျပန်သာရန်ကုန်မြို့ကနေအလွယ်တကူ ဆုတ်ခွာမပေးဘဲ ခုခံနေရင် ရန်ကုန်ရဲ့ကံကြမ္မာဟာ မတွေးဝံ့စရာပါ။
ရန်ကုန်မြို့သိမ်း Dracula စစ်ဆင်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ ရေတပ်ဗိုလ်ကြီးဟောင်း စည်သူ ဦးကျော်သိန်းလွင်ရဲ့ အဆိုအရတော့ ဗြိတိသျှတွေဟာ ဂျပန်သိမ်းထားတဲ့ ရန်ကုန်ကိုလေတပ်နဲ့ အရင်ဗုံးကြဲ၊ စစ်သင်္ဘောတွေက အမြောက်နဲ့ ပစ်ခတ်ပြီးမှ ကမ်းတက် ရေယာဉ်တွေနဲ့ သိမ်းပိုက်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
“တကယ်တော့ ရန်ကုန်အများကြီး ကံကောင်းတယ်၊ ဂျပန်ဆုတ်သွားတာကို အင်္ဂလိပ်က မသိဘူး၊ တိုက်ဖို့ပြင်နေပြီ၊ အဲဒီအချိန် ရန်ကုန် ပုလိပ်မင်းကြီးရုံးမှာ ထားတဲ့သြစတြေးလျ စစ်သုံ့ပန်းတွေက ဂျပန်ထွက်ပြေးတာကို သိတယ်၊ ဒါကြောင့် လေယာဉ်ပျံတွေလာတော့ သုံ့ပန်းတွေက ခေါင်မိုးမှာ Jap Gone ဆိုပြီးရေးသလို၊ မယုံမှာစိုးလို့ သူတို့အချင်းချင်းသိတဲ့ ဗန်းစကားကိုလည်း ရေးထားတယ်၊ ဒါနဲ့ပိုင်းလော့က တွေ့ပြီးဂျပန်မရှိတာ သေချာပြီဆိုပြီး မင်္ဂလာဒုံမှာ ဆင်းတယ်၊ ပြီးမှမြို့ထဲကို လမ်းလျှောက်လာတာ” သူကပြန်ပြောင်း ပြောဆိုပါတယ်။
ဦးကျော်သိန်းလွင်ဟာ ဆရာကြီးမြို့မ ဦးဘလွင်သားဖြစ်ပြီး၊ ၁၉၄၁ ခုနှစ် အိန္ဒိယမှာ ရေကြောင်းပညာ သင်နေစဉ်မှာ ၁၉၄၄ ခုနှစ်မှာ ဗြိတိသျှတို့ရဲ့ ဗမာ့ရေတပ်မတော်ကို ဝင်ရောက်ခဲ့ပြီး ဗြိတိသျှအရှေ့အိန္ဒိယ ရေတပ်အုပ်စုကြီးနဲ့ အတူ ရန်ကုန်ကို သိမ်းမယ့် Dracula စစ်ဆင်ရေးမှာ ပါဝင်ခဲ့သူဖြစ်သလို၊ ပြည်တွင်းစစ်အစမှာ တံမြက်စည်းလို့ အမည်ပေးထားတဲ့ ရေတပ် အမြောက်ကိုဦးစီးပြီး တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။
ဒါကြောင့်လည်း နှစ်အတန်ကြာအောင် ရန်ကုန်ကို ဘယ်သူ သိမ်းသလဲ၊ ခြေလျင်တပ်တွေကလား၊ ရန်ကုန်ဆိပ်ကမ်းကနေ ဝင်လာတဲ့ ရေတပ်က သိမ်းတာလားဆိုတဲ့ သမိုင်းဆိုင်ရာ အငြင်းပွားမှုဟာနောက်ဆုံးတော့လေတပ်ကသာအရင်ဆုံးခြေချခဲ့သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့မှတ်ချက်ချကာနိဂုံးချုပ်ခဲ့ကြပါတယ်။
ဒီကြားထဲမှာ ပိုမိုရှုပ်ထွေးစေတာကတော့ တော်လှန်တဲ့ဗမာ့တပ်မတော်က ရန်ကုန်မြို့ကို သိမ်းပိုက်လိုက်ကြောင်း မြစ်ဝကျွန်းပေါ် တိုင်းတာဝန်ခံ ဗိုလ်မှူးကြီး နေဝင်းက မြန်မာ့တပ်မတော်ဦးစီးချုပ် အနေနဲ့ ကမ္ဘာသိအောင် ထုတ်ပြန်ကြေညာလိုက်တဲ့ အတွက်ဖြစ်ပါတယ်။
ဒါဟာနိုင်ငံရေးအရ လက်ဦးမှုယူတဲ့ ကြေညာချက်တခုလို့ ဆိုပေမယ့် တာဝန်ရှိတဲ့သူတွေကတော့ ဗိုလ်မှူးကြီး နေဝင်း (နောင်ဗိုလ်ချုပ်ကြီး)၊ ဗိုလ်အောင်ကြီး (ဗိုလ်မှူးချုပ်) နဲ့ ဦးကျော်ငြိမ်း( ဒုဝန်ကြီးချုပ်ဟောင်း) တို့ ဖြစ်ကာ၊ ဒီအတွက် ဗြိတိသျှတွေက ဗိုလ်ချုပ်အောင်ဆန်းကို ဖိအားပေး မေးမြန်းမှုတွေ ပြုလုပ်ခဲ့သလို၊ ဗိုလ်ချုပ်အောင်ဆန်း ကလည်း ဗိုလ်မှူးကြီးနေဝင်း အပေါ် တော်တော်စိတ်ဆိုးခဲ့တယ်လို့ သခင်အောင်ကြီး (ပေါင်းတည်) အမည်ခံ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးက “ကျွနု်ပ်တို့နှင့် ဦးကျော်ငြိမ်း” စာအုပ်မှာဆိုပါတယ်။
၁၉၄၅ ခုနှစ်မေလ၇ ရက်နေ့မှာ ဗိုလ်မှူးကြီး နေဝင်းကကို စက်ဖေနာမည်နဲ့ ဗိုလ်ချုပ် အောင်ဆန်းထံပေးစာမှာ ဂျပန်ဟာ ဧပြီလ ၂၈ ရက်လောက်ကတည်းက ရန်ကုန်က ဆုတ်သွားပြီး ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်သိန်းဟန်၊ ဗိုလ်ခင်ညို၊ ကွန်မြူနစ်ဦးကျော်ငြိမ်း (RET) တို့က တော်လှန်ရေးသမားတွေ အကူအညီနဲ့ ဧပြီ ၃၀ မှာ သိမ်းလိုက်ကြောင်း၊ မဟာမိတ်ရေတပ်က ရန်ကုန်ကို အလုံးအရင်းနဲ့ Shell လုပ်ဖို့ကြိုးစားတဲ့ အတွက် ဗိုလ်အောင်ကြီးကို Elephant Point ကို လွှတ်ပြီး ဗမာ့တပ်မတော် သိမ်းထားပြီးဖြစ်လို့ အမြောက်နဲ့ မပစ်ဖို့ ပြောခိုင်းကြောင်း၊ ဗမာသိမ်းထားတဲ့ ရန်ကုန်ကို အမှတ် ၁၅ တပ်မကြီးက သိမ်းတယ်လို့ အသားယူသွားကြောင်း ဖြေရှင်းထားပါတယ်။
ဒါပေမယ့် စည်သူ ဦးကျော်သိန်းလွင် ကတော့ တော်လှန်တဲ့ ဗမာ့တပ်မတော်ရဲ့ ရန်ကုန်မြို့သိမ်းကြေညာချက်ဟာ မဟုတ်မမှန်တဲ့ ကြေညာချက်သာ ဖြစ်တယ်လု့ိ သူ့ရဲ့အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြောဆိုပါတယ်။
“အဲဒီတုန်းက ရေတပ်သင်္ဘောတွေ မြစ်ဝရောက်တော့ မိုင်းအရင် ရှင်းတယ်၊ ပြည်တော်ပြန် ဗမာတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ရှေ့က ဆင်းရတယ်၊ ဘုန်းကြီးလမ်း တံတားကနေ တက်ရတယ်၊ အဲဒီအချိန်မှာ ဘယ်သူမှ မရှိပါဘူး။ နောက်ပိုင်း အင်းစိန်၊ ထန်းတပင်ဘက်မှာ ဟင်္သာတ၊ ညောင်တုန်းကနေ ပြေးလာတဲ့ ဂျပန်ကို ဗမာ့တပ်မတော်က သတင်းပေးလို့တ ိုက်ရတယ်၊ သူတို့က ရန်သူလာရင် အချက်ပေး၊ လက်နက်ရှိတဲ့ အန်ကယ်တို့က တိုက်တာပါ၊ အဲဒီတုန်းက ဗိုလ်မှူးကြည်ဝင်းဆိုတာပဲ တွေ့ပါတယ်” လို့ သူကဆိုပါတယ်။
ရန်ကုန်ကို ဘယ်သူသိမ်းသလဲဆိုတဲ့ သမိုင်းဝိဝါဒအရ ကွဲလွဲမှုတွေ မည်သို့ပင် ရှိစေကာမူ ယနေ့အခါမှာတော့ ရန်ကုန်မြို့ကြီး ဂျပန်လက်အောက်က လွတ်မြောက်ခဲ့တာဟာ အခုဆိုရင် ၇၃ နှစ်ရှိပြီလို့ဆိုရမှာပါ။