“အမှိုက်ကစ ပြသာဒ် မီးလောင်” ဆိုသည့် စကားကို အများသိကြပြီး ဖြစ်ပါသည်။
အသေးအဖွဲကလေးက စလိုက်သော အဖြစ်အပျက်တခုကြောင့် ကြီးမားသည့် ဆုံးရှုံးမှုကို ဖြစ်သွားစေနိုင်သည် ဟူသော အဓိပ္ပာယ် သဘောကို ဆောင်ပါသည်။
ယခုလည်း အမှန်တကယ် အမှိုက်က စခဲ့သည့် ဖြစ်ရပ်တခု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့ပါသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လှိုင်သာယာ ထိန်ပင်တွင် ဖြစ်ပွားခဲ့သည့် “မီးခိုးလုံး” ပြဿနာက ရန်ကုန်မြို့နေ လူထု ကို အလွန် စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့သည်။
တာဝန်ရှိသူများကအစ မြို့နေလူထုအဆုံး အမှုမဲ့ အမှတ်မဲ့ဖြစ်နေသည့် အရာ တခုကိုလည်း သတိပြုမိသွားစေပါသည်။
ထိုအရာသည် လူဦးရေထူထပ်လှသည့် ရန်ကုန်မြို့တော် အမှိုက် စီမံခန့်ခွဲမှု စနစ်၏ အားနည်းချက်၊ အားသာချက်များ ပင် ဖြစ်ပါသည်။
မီးခိုးလုံး ပြဿနာ၏ အရင်းအမြစ်သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန် အနီးရှိ ဧက ၃၀၀ ကျယ်သည့် စည်ပင်သာယာ အမှိုက်ပုံတွင် ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက မီးလောင်မှု ဖြစ်ပွားခြင်းမှ စတင်ခဲ့သည်။
အောက်ခြေအမှိုက်များမှ လှိုက်ပြီး လောင်ကျွမ်းနေခြင်းကြောင့် ချက်ချင်း မငြှိမ်းသတ်နိုင်ခဲ့ပေ။ အမှိုက်ထုသည် အမြင့် ၁၀ ပေ ၊ ၁၅ ပေခန့် ရှိသည်ဟု သိရသည်။
ရက်ကြာလာသည်နှင့်အမျှ အဆက်မပြတ်ထွက်ရှိလာသော မီးခိုးလုံးနှင့်ညှော်နံ့များက အနီးဝန်းကျင်အပြင် ရန်ကုန် မြို့နယ် များစွာကို ပျံ့နှံ့ခဲ့သည်။
မီးခိုးငွေ့သင့်မှုကြောင့် သာမန်လူကောင်းများပင်လျှင် အသက်ရှှုကြပ်ခြင်း၊ မျက်ရည်ဝဲခြင်း၊ ချောင်းဆိုးခြင်း စသည် တို့ကို ကြုံတွေ့ခံစားကြရသည်။
ယင်းအမှိုက်ပုံမီး ငြိမ်းနိုင်ရေး အတွက် ထိုင်းနိုင်ငံမှ Bio Foam ဓာတ်ငွေ့များ မှာယူ၍ ငြှိမ်းသတ်မှုလည်း ပြုလုပ်ခဲ့ရပြီး ဧပြီ လကုန်ပိုင်းတွင် လုံးဝမီးငြိမ်း သွားခဲ့ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှု အရ အမှိုက်ပုံမီး စတင်လောင်သည့် အချိန်မှစ၍ မီးခိုး မွှန်ခြင်း နှင့် ဆက်စပ်ရောဂါများဖြင့် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူရသူ ၇၁ ဦး ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့နေလူထု၏ စွန့်ပစ်အမှိုက် စီမံခန့်ခွဲ့မှုနှင့်ပတ်သက်၍ အဓိက တာဝန်ရှိသည့် အဖွဲ့အစည်းမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန (ပတ်/သန့်) ဖြစ်သည်။
ထိန်ပင် အမှိုက်ပုံ မီးလောင်မှုသည် YCDC ပတ်/သန့်ဌာန၏ အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲရေး ဆိုင်ရာ မနိုင်နင်းခြင်း၊ စနစ် မကျ ခြင်းများကြောင့် ဖြစ်လာရသော အကျိုးဆက်ဟု မြို့နေလူထုတချို့က ကောက်ချက်ချကြသည်။
သို့သော် အပြစ်တင်နေရုံဖြင့် ပြီးမသွားဘဲ အလားတူပြဿနာမျိုး နောင်အနာဂတ်တွင် ထပ်မဖြစ်စေရန် အတွက် အဓိက တာဝန်ယူနေရသည့် YCDC ပတ်/သန့်ဌာန၏ အားနည်းချက်၊ လိုအပ်ချက်နှင့် စိန်ခေါ်မှုများကို လေ့လာ ဆန်း စစ် ကာ ရေရှည်စီမံကိန်းတခု ရေးဆွဲချမှတ်ရန် အချိန်ကောင်းဖြစ်သည်ဟု ပြောဆိုသူများလည်း ရှိသည်။
စီးပွားရေးမြို့တော် ရန်ကုန်တွင် တရက်လျှင် စွန့်ပစ်အမှိုက် တန်ချိန် ၂၅၀၀ ခန့် ထွက်ရှိပြီး ဌာနအနေဖြင့် ၂၃၀၀ ခန့် သာ သိမ်းနိုင်ကြောင်း ပတ်/သန့်ဌာန၏ စာရင်းများက ဖော်ပြနေသည်။
မြို့နယ်၊ ရပ်ကွက်၊ လမ်းအလိုက် YCDC က သတ်မှတ်ပေးထားသည့် အမှိုက်ပုံး၊ အမှိုက်လှည်း၊ အမှိုက်ကန်များမှ တမြို့လုံး စွန့်ပစ် အမှိုက်များကို အမှိုက်သိမ်းယာဉ် ၄၀၀ ကျော်ဖြင့် စုဆောင်း သယ်ယူပြီးနောက် လှိုင်သာယာရှိ ထိန်ပင် အမှိုက်ပုံနှင့် မြောက်ဒဂုံရှိ ထားဝယ်ချောင် အမှိုက်ပုံများသို့ သွားရောက်စွန့်ပစ်သည့် စနစ်ကို ကျင့်သုံးနေ ကြောင်း သိရသည်။
ရန်ကုန်မြို့တော် သန့်ရှင်းရေးအတွက် YCDC ၏ နေ့စားတပတ်ရှင်း ဝန်ထမ်း ၄၀၀၀ ကျော်က တာဝန်ခွဲဝေ ဆောင်ရွက် လျက်ရှိသည်။
ရန်ကုန်မြို့၏ တိုးလာသော လူဦးရေနှင့်အညီ အမှိုက်ပုံး၊ အမှိုက်သိမ်းယာဉ်နှင့် ဝန်ထမ်းအင်အားများ တိုးချဲ့ ဆောင် ရွက် နေသော်လည်း စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများကြောင့် နိုင်နိုင်နင်းနင်း ဆောင်ရွက် နိုင်ခြင်း မရှိကြောင်း YCDC မှ တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုကြသည်။
အမှိုက်စိုနှင့် အမှိုက်ခြောက် ခွဲပစ်သည့်စနစ်ကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ပညာပေးမှုများ ပြုလုပ်ခဲ့သော် လည်း ၄၀ ရာခိုင်နှုန်းခန့်သာ လိုက်နာ ကျင့်သုံးလျက်ရှိသည်ဟု ပတ်/သန့်ဌာန၏ ဒု ဌာနမှူး ဦးအောင်မြင့်မော်က ပြောသည်။
ယခုနှစ် ဧပြီလက စတင်ပြီး မြို့နယ်တိုင်းရှိ ရပ်ကွက် နှစ်ခုသုံးခုခန့်၌ စမ်းသပ် ကျင့်သုံးနေသည့် အထုပ်ကောက် စနစ် တွင်လည်း ပြည်သူများက သတ်မှတ်ထားသည့် အချိန်၊ သတ်မှတ်ထားသည့် နေရာသို့ လာရောက်စွန့်ပစ်ခြင်း မရှိ သည် ကို တွေ့ရကြောင်း YCDC မော်တော်ယာဉ် ဌာနခွဲမှ လက်ထောက်ဌာနမှူး ဦးသန်းဌေးက ရှင်းပြသည်။
“ပြည်သူလူထုက ကူညီတဲ့အနေနဲ့ ဒီသတ်မှတ်ချက်ကို လိုက်နာသင့်တယ်” ဟုလည်း ၎င်းက တိုက်တွန်းသည်။
စွန့်ပစ်အမှိုက်နှင့် ပတ်သက်၍ လျှော့သုံးခြင်း၊ ပြန်လည် အသုံးပြုခြင်း၊ ပြန်၍ အသစ်ပြုသုံးစွဲခြင်းဟူသည့် 3Rs (Reduce, Reuse, Recycle) ကို လိုက်နာရန် ပြည်သူများကို အသိပညာပေးမှုများ ပြုလုပ်သော်လည်း လက်တွေ့တွင် လိုက်နာမှု မရှိသသည့်အတွက် ဌာနအနေဖြင့် လုပ်ကိုင်ရ ခက်ခဲကြောင်း ဦးသန်းဌေးက ပြောသည်။
ပြည်သူလူထုကို အသိပညာပေးရုံနှင့် မလုံလောက်ဘဲ ငယ်စဉ် ကလေးဘဝကတည်းကပင် စာသင်ကျောင်းများ၌ ထည့်သွင်း သင်ကြားသင့်သည်ဟုလည်း ၎င်းက အကြံပြုသည်။
“ခေါင်းလောင်းတီး သိမ်းတာတောင် ကားနောက် အပြေးအလွှား လိုက်ပစ်ရတယ်။ တာဝန်ရှိသူတွေ ဘက်က ပြည့်စုံ အောင် လုပ်ပေးပြီး မလိုက်နာရင် တိတိကျကျ ဒဏ်ရိုက်အပြစ်ပေးပေါ့။ ပြည်သူတွေကို ပြည့်စုံအောင်စီမံမပေးဘဲ အပြစ် ပြောလို့မရပါဘူး” ဟု လှိုင်မြို့နယ်တွင် နေထိုင်သူ ဦးထွန်းထွန်းလင်းက ပြောဆိုသည်။
၂၀၁၄ သန်းခေါင်စာရင်း အရ ရန်ကုန်မြို့တွင် လူဦးရေ ၇ သန်းကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ တိုးများလာသော လူဦးရေနှင့်အညီ တနေ့တခြား များပြားလာသော အမှိုက်တန်ချိန်များကြောင့် လက်ရှိ အသုံး ပြုနေသည့် မြေပြင်ပေါ် အမှိုက်ပုံစနစ်သည် ကောင်းကျိုးထက် ဆိုးကျိုးများသာ ထပ်မံပေးလာဖွယ် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီး/ခနောင်တို လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဝေဖန် ထောက်ပြသည်။
ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို သင်ခန်းစာရယူကာ “ဒီလိုစနစ်ကို ပြောင်းလဲဖို့ လိုအပ်ပြီ။ အမှိုက် မီးရှို့ပစ်ပြီး စွမ်းအင် ထုတ်တဲ့စနစ်ကို ပြောင်းလဲသင့်ပြီလို့ ပြောချင်တယ်” ဟုလည်း ၎င်းက အကြံပြုသည်။
အဆိုပါ အကြံပြုချက်နှင့်ပတ်သက်၍ ရန်ကုန်မြို့၌ အမှိုက်စွန့်ပစ်ရန် မြေနေရာရှားပါးလာခြင်းကြောင့် အမှိုက်မှ စွမ်းအင် ထုတ်လုပ်သည့်စက်ရုံများ လိုအပ်ကြောင်း၊ ထိန်ပင်အမှိုက်ပုံမီးလောင်မှုက သက်သေပင်ဖြစ်ကြောင်း YCDC ပတ်/သန့် ဌာန လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ထောက်ခံ ပြောဆိုသည်။
“အစိုးရအဖွဲ့ကို စွန့်ပစ်အမှိုက်ရဲ့ အန္တရာယ် အရေးကြီးပါလားဆိုတာကို သိစေချင်တယ်” ဟုလည်း ၎င်းက ပြောသည်။
လက်ရှိတွင် ရွှေပြည်သာမြို့နယ်၌ ဂျပန်နိုင်ငံ၏ အထောက်အပံ့ဖြင့် တနေ့လျှင် တန် ၆၀ ခန့် စွန့်ပစ်အမှိုက်မှ စွမ်းအင် ထုတ်လုပ်သည့် စက်ရုံတခု တည်ဆောက် လည်ပတ်နေသည်မှာ တနှစ်ခန့်ရှိပြီ ဖြစ်ပြီး တနေ့လျှင် တန် ၆၀၀၊ ၈၀၀ ခန့် လည်ပတ် နိုင်မည့် စက်ရုံကြီးများ ရှိလာပါက ပိုကောင်းမည်ဖြစ်ကြောင်း ဦးဇော်ဝင်းနိုင်က ရှင်းပြသည်။
YCDC ပတ်/သန့်ဌာနတွင် ပလတ်စတစ်အိတ်ကို ပြန်လည်အသစ်ပြု သုံးစွဲခြင်း (Recycle) ပြုလုပ်သည့် စက်ရုံတခု အလုံမြို့နယ်တွင် ရှိခဲ့ဖူးသော်လည်း ညှော်နံ့ထွက်ရှိခြင်း၊ အရှုံးပေါ်ခြင်းများကြောင့် မနှစ်ကတည်းကစပြီး ရပ်နားလိုက် ရကြောင်း၊ ယခု အခါ ပုဂ္ဂလိကစက်ရုံတခု မြောင်းတကာတွင် ရှိကြောင်း စုံစမ်းသိရှိရသည်။
ယခုမီးလောင်မှု ဖြစ်ပွားသော လှိုင်သာယာ ထိန်ပင်အမှိုက်ပုံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး အမှိုက်ပုံဟု ဆိုနိုင်ပါ သည်။
အဆိုပါအမှိုက်ပုံကို ၂၀၀၁ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ပြီး နှစ်ပေါင်း ၁၇ နှစ် ကြာမြင့်သည့် အချိန်တွင် ယခု ကဲ့သို့ သော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရခြင်း ဖြစ်သည်။
ယင်းမတိုင်ခင်က အသုံးပြုခဲ့သည့် အလုံအမှိုက်ပုံနှင့် မအူကုန်း အမှိုက်ပုံနေရာတို့သည် ယခုအခါ ကွန်ဒို၊ တိုက်ခန်း၊ ဈေးဝယ် စင်တာများဖြင့် စည်ကားနေသည်ကို တွေ့နိုင်ပါသည်။
ခေတ် အဆက်ဆက်ကတည်းက အမှိုက်နှင့်ပတ်သက်၍ စနစ်တကျ စွန့်ပစ်ထိန်းသိမ်းမှု မရှိခြင်း၊ အမှိုက်အတွက် ငွေကုန် ကြေးကျ မခံခဲ့ခြင်းတို့၏ အကျိုးဆက်ကို လက်ရှိခံစားနေရခြင်း ဖြစ်သည်။
“ထိရောက်တဲ့ ဝန်ဆောင်မှုကို မစီစဉ်နိုင်တော့ လက်တွေ့ခံစားရတာပါ” ဟု ဦးမောင်မောင်က ပြောဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် ဒလမြို့နယ် လွှတ်တော် ကိုယ်စား လှယ် ဦးထွေးတင်က ဒလ-တွံတေး ကားလမ်းမကြီးဘေးရှိ ကျန်စစ်သား အမှိုက်ပုံနှင့်ပတ်သက်၍ သင့်လျော်ရာ နေရာ သို့မဟုတ် ခေတ်မီနည်းပညာဖြင့် မီးရှို့ပစ်ခြင်းများပြုလုပ်ရန် အစီအစဉ် ရှိမရှိနှင့်ပတ်သက်ပြီး ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့ဖူးသည်။
သင့်လျော်သည့် မြေနေရာ၊ လူနေရပ်ကွက်နှင့် ဝေးသည့်နေရာကို ရှာရမည်ဖြစ်၍ လူနေထိုင်မည့် နေရာထက် မြေ နေရာ ရှာရန် ပိုခက်ခဲကြောင်း၊ လိုအပ်ချက် တရပ်ဖြစ်နေ၍ သင့်လျော်သည့် မြေနေရာရှိလျှင် ဖြစ်စေ၊ ရန်ကုန် – ဒလ တံတား တည်ဆောက် ပြီးသည့်အခါ ဖြစ်စေ အမှိုက်မီးရှို့စက်ရုံ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ဖြေကြားခဲ့ သည် ဟု ဒလ လွှတ်တော် ကိုယ်စားလှယ် ဦးထွေးတင် က တဆင့်ပြန်လည် ပြောပြသည်။
ထိန်ပင်အမှိုက်ပုံ မီးလောင်မှုက အစိုးရနှင့် တာဝန်ရှိသူများ အတွက် အကြီးမားဆုံး ရရှိလိုက်သည့် သင်ခန်းစာပင် ဖြစ်ကြောင်းလည်း ဦးထွေးတင်က ဆိုသည်။
ဧပြီ ၂၈ ရက်က ထိန်ပင်အမှိုက်ပုံ အနီး စည်ပင်ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတခုတွင်မူ ရန်ကုန်တိုင်း ဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစိုးရအတွက် စိန်ခေါ်မှု အကြီးမားဆုံး ပြဿနာကြီးများထဲတွင် အမှိုက် ပြဿနာသည်လည်း တခုအပါအဝင် ဖြစ်နေကြောင်း ဝန်ခံပြောကြားသွားခဲ့သည်။
အမှိုက်နှင့်ပတ်သက်၍ မီသိန်းဓာတ်ငွေ့ ထုတ်ပစ်နိုင်သည့် နည်းပညာမရှိခြင်း၊ အမှိုက်ကို ခွဲခြားမီးရှို့ခြင်း၊ အသုံးပြုခြင်း တို့ နှင့် ပတ်သက်ပြီး ဖြေရှင်းရမည့် နည်းပညာများ မရှိခြင်းတို့ကြောင့် ထိန်ပင်အမှိုက်ပုံ မီးလောင်ခြင်းကဲ့သို့ ကိစ္စများ ပေါ်လာရ ခြင်းဖြစ်သည်ဟု ဆိုသည်။
နောင်တွင် အဆိုပါပြဿနာမျိုး မဖြစ်ရန် မြန်မာနိုင်ငံမှ အမှိုက်စို၊ အမှိုက်ခြောက်နှင့် ပြန်လည် အသုံးပြု၍ရသည့် အမှိုက် ၃မျိုးလုံးကို ပြည်ပသို့ ပို့ပြီး သုတေသန ပြုလုပ်ထားကာ ရလဒ်များ ရရှိသည်နှင့် အမှိုက်ဖျက်ဆီးခြင်း လုပ်ငန်း နှင့် အမှိုက်မှ စွမ်းအင် ထုတ်လုပ်သည့် လုပ်ငန်းများကို တင်ဒါခေါ်ယူသွားမည်ဟုလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
“Land Fill (အမှိုက်မြေမြှုပ်စနစ်) တောင် စနစ်တကျ သန့်သန့်ရှင်းရှင်း ထိန်းတဲ့စနစ်ကို မရောက်နိုင်သေးတာ။ ဒီတိုင်း ဆက် သွားမယ်ဆိုရင်တော့ ဒီထက်ဆိုးစရာတွေပဲ ကြုံတွေ့ရမှာပါ။ ဒါပေမယ့် အမှိုက်မီးရှို့တဲ့ စနစ်ကလည်း အလုံးစုံ ကောင်းတဲ့စနစ်တော့ မဟုတ်ဘူး” ဟု သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် တဦးဖြစ်သူ ဦးဝင်းမျိုးသူက ပြောသည်။
YCDC တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ မြို့ပြကျွမ်းကျင်ပညာရှင် တဦးကတော့ နည်းပညာမြင့်မားပြီး ငွေကုန် ကြေး ကျ များသည့် အမှိုက်မှစွမ်းအင် ထုတ်လုပ်သော စက်ရုံများ အသုံးမပြုနိုင်သေးချိန်တွင် တခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကျင့်သုံးနေသည့် စရိတ်စက အနည်းဆုံးသော နည်းလမ်းများကို အတုယူသင့်ကြောင်း အကြံပြုသည်။
“အခုလုပ်နေတဲ့ ပုံစံထက်ကို စနစ်လေး နည်းနည်းပိုကျအောင် လုပ်နိုင်ရင်တောင် ပိုကောင်းမယ်” ဟု ၎င်းက ပြောဆို သည်။
ပျက်စီးလွယ်သည့်၊ ပျက်စီးရန် ခက်ခဲသည့် အမှိုက်ဟူ၍ ခွဲထုတ်ကာ အကွက်လိုက် ဧရိယာသတ်မှတ်ခြင်း၊ မြေတူးပြီး စွန့်ပစ် အမှိုက်ပုံခြင်း၊ ပုံပြီးနောက် ဘေးနားမှ မြေများကို အမှိုက်ပုံပေါ်ဖြန့်၍ စက်ယန္တရားဖြင့် ဖိကြိတ်ခြင်းများကို စနစ် တကျ ဆောင်ရွက်မည်ဆိုပါက ထိန်ပင်အမှိုက်ပုံ မီးလောင်မှုမျိုး ထပ်ဖြစ်စရာ မရှိကြောင်းလည်း ၎င်းက ရှင်းပြသည်။
ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် အဖြစ် မျှော်မှန်းချက် များစွာထားရှိပြီး အရေးကြီးသည် ဆိုလျှင်၊ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ အစိမ်းရောင်မြို့တော် (Green city)ဟု ရည်မှန်းပြောဆိုနေကြသည် ဆိုလျှင် လက်တွေ့ ဆောင်ရွက်ချက်များက အလုပ်ဖြစ်ရဲ့လား ဆိုသည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း မြို့ပြကျွမ်းကျင် ဗိသုကာပညာရှင် တဦးဖြစ်သူ ဒေါ်မိုးမိုးလွင်က ပြောဆိုပါသည်။
ဒေါ်မိုးမိုးလွင်က “ဒီအတိုင်းပဲကတော့ မရတော့ဘူး ဆိုတာ သတ ိပေးလိုက်တာပဲလေ”ဟုလည်း ပြောသည်။
မည်သို့ပင်ဖြစ်စေ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုက စွန့်ပစ်အမှိုက်၏ အန္တရာယ်ကြီးမားမှုကို မီးမောင်းထိုးပြလိုက်ပြီဖြစ်ပြီး အကြီးမားဆုံးသော သင်ခန်းစာကို ရရှိခဲ့စေခဲ့ပြီ ဖြစ်ပါသည်။ ။