ဆောင်းပါး

ရန်ကုန်က ကြွက်များ

Want create site? Find Free WordPress Themes and plugins.

၁၉၇၄ ခုနှစ်က ရန်ကုန်မြို့ရှိ သြစတြေးလျသံရုံးတွင် ကျနော်တာဝန်ကျခဲ့စဉ်က ပထမဆုံး ၆ ပတ်ကို စထရန်း Strand ဟိုတယ်တွင် ကျနော် နေထိုင်ခဲ့ပါသည်။ စထရန်းဟိုတယ်သည် ယခင်က ခန်းနားကြီးကျယ်ခဲ့သော အဆောက်အဦးဟောင်းကို ပြန်လည်ပြုပြင်ထားခြင်း ဖြစ်ပြီး ရန်ကုန်မြို့တော်၏ ဈေးအကြီးဆုံး တည်းခိုစရာ နေရာများထဲမှ တခုလည်း ဖြစ်ပါသည်။

ကျနော် ရောက်ရှိပြီး များမကြာမီ တည၌ ရေချိုးကန်ထဲတွင် ထိုင်နေစဉ် မြွေပါဟု ကျနော်ထင်သော အကောင်တကောင် ရေချိုးခန်း ကြမ်းပြင်တွင် ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရ၍ အံ့သြသွားပါသည်။ နောက်ထပ် သေသေချာချာ စူးစမ်းကြည့်လိုက်သောအခါ မြွေပါ မဟုတ်ဘဲ ကြွက်ကြီးတကောင် ဖြစ်နေကြောင်း တွေ့ရသည်။ ဤသည်မှာ မြို့တော်ဟောင်းတွင် အများဆုံးတွေ့မြင်ရသည့် တိရိစ္ဆာန်တမျိုးနှင့် ကျနော်၏ စတင်တွေ့ဆုံမှုပင်။

မကြာသေးမီက Lonely Planet လမ်းညွှန်စာအုပ်ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဖြစ်သော တိုနီဝှီးလား Tony Wheeler ၏ Bad Lands အမည်ရှိ ကိုယ်ရေးမှတ်တမ်းစာအုပ်ကို ဖတ်နေသည့် အချိန်၌ အဆိုပါ အဖြစ်အပျက်ကို ကျနော် ပြန်သတိရမိပါသည်။ ၁၉၇၉ ခုနှစ်က စထရန်းဟိုတယ်တွင် သူလည်း အလားတူ ကြုံတွေ့ရကြောင်း ဖော်ပြထားသည်။

“ည ၁၀ နာရီတွင် ဘားပိတ်သွားခြင်း တခုတည်းက ပြဿနာမဟုတ်ပါ၊ ကြွက်များလည်း ထွက်လာပြီး ပြေးလွှားနေကြသည်။ မကြာမီမှာပင် ဧည့်ခန်းတလျှောက် သူတို့ ခုန်ပေါက်နေကြသည်။ ဆိုဖာပေါ်မှနေ၍ စားပွဲပေါ်၊ ကုလားထိုင်ပေါ်သို့ ခုန်တက်ကြသည်။ တခါတရံ သူတို့က ပေါင်ပေါ်ကပင် ဖြတ်ပြေးသွားကြသည်။ ထို့ကြောင့် ကျနော်၏ ဒတ်ချ်လူမျိုး မိတ်ဆွေမှာ ကုလားထိုင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ရပြီး နှုတ်မှလည်း စိတ်မသက်သာစွာဖြင့် တတွတ်တွတ် ရေရွတ်နေသည်” ဟု တိုနီဝှီးလားက ရေးသည်။

စထရန်းဟိုတယ်မှ ကြွက်များသည် အမေရိကန်နိုင်ငံ မမ်းဖစ် Memphis မြို့မှ ကျော်ကြားသည့် Peabody ဟိုတယ်ရှိ ဘဲများကဲ့သို့ပင် ထင်ရှားကျော်ကြားလာသည်ဟု အမေရိကန် ခရီးသွားစာရေးဆရာ အင်ဒရူးဟာပါ Andrew Harper က ၁၉၈၀ နှစ်များ အတွင်းက ရေးသားခဲ့ဖူးသည်။

ဦးနေဝင်းလက်ထက် (၁၉၆၂ မှ၁၉၈၈ အတွင်း) တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြသည့် ကမ္ဘာလှည့် ခရီးသည်များနှင့် မြန်မာနိုင်ငံတွင် နေထိုင်သည့် အနည်းငယ်မျှသော နိုင်ငံခြားသား အသိုင်းအဝိုင်းထဲတွင် ကြွက်များနှင့် ပတ်သက်၍ ဇာတ် ကြောင်း တခု သို့မဟုတ် နှစ်ခု မပါဘဲ မြန်မာနိုင်ငံမှ ပြန်လာသူ အလွန်ရှားပါးပါသည်။ စစ်ပြန်များက ထိုနေရာသို့ မရောက် ဖူးသူများကို ဂုဏ်ယူစွာ ပြောပြတတ်သည့် စစ်ပွဲပုံပြင်များလို သူတို့ကို သဘောထားကြသည်။

ကင်ဘာရာ Canberra သို့ ပြန်ပို့ရမည့် ကျနော်၏ အစီရင်ခံစာတွင် ရန်ကုန်မှ ကြွက်ပြဿနာ အတိုင်းအတာကို အလေးပေးဖော်ပြရန် ကျနော်၏ လုပ်ဖော်ကိုင်ဖက်များက တိုက်တွန်းကြသည်ကို မှတ်မိနေပါသည်။ (ခက်ခဲပင်ပန်းမှုအတွက်) သံရုံးမှ ပေးသည့် ထောက်ပံ့ကြေးကို လျှော့ချရန် ပြည်သူ့ဝန်ဆောင်မှု စုံစမ်းစစ်ဆေးရေးမှူးများ၏ အားထုတ်မှုများကို တုန့်ပြန်သည့် နည်းလမ်းတခု အနေနှင့် ဖြစ်ပါသည်။

အများပြည်သူနှင့် ဆိုင်သော မည်သည့် အဆောက်အဦးများတွင် ကြွက် အများဆုံး ရှိနေသနည်းနှင့် ပတ်သက်၍ သံတမန် အသိုင်းအဝိုင်းကြား အခြေအတင် ငြင်းခုန်မှုတခုလည်း ရှိခဲ့သည်။

ပုဂံကဲ့သို့သော ရန်ကုန်မြို့၏ မြောက်ဖက်ဒေသများသို့ မသွားမီ (နိုင်ငံခြား) ခရီးသွားများ တည်းခိုကြလေ့ရှိသော YMCA ကို အများစုက အဆိုပြုကြသည်။ အခြားသူများက ပိုးမွှားတိရိစ္ဆာန် အများအပြား ရှိနေသော အစိုးရပိုင် မန္တလေး ဟိုတယ်ကို အဆိုပြုကြသည်။ ဗြိတိန်နိုင်ငံသား လုပ်ဖော်ကိုင်ဖက်တဦးကတော့ ခရီးသွားရသည့် မြန်မာအစိုးရ အရာရှိများအတွက် အသုံးပြုသော ကျေးလက်ဒေသ အနှံ့အပြားမှ ဗိုလ်တဲများ ဖြစ်သည်ဟု ဆိုသည်။

ကျနော်ကတော့ ရန်ကုန်လေဆိပ် အဆောက်အဦဟောင်းကို အမည်စာရင်း တင်သွင်းခဲ့သည်။ တခါက သြစတြေးလျ နိုင်ငံသား လူငယ် ကမ္ဘာလှည့် ခရီးသည်တဦးကို မပြန်မီ တညတာ စောင့်ဆိုင်းရန် လေဆိပ်တွင် ကျနော် ထားခဲ့ရပါသည်။ နောက်တနေ့မနက် ရောက်သောအခါ ကြွက်များက တညလုံး သူ့ကိုယ်ပေါ်က ဖြတ်ပြေးနေသောကြောင့် တမှေးမှ မအိပ် လိုက်ရကြောင်း ကျနော့်ကို ပြန်ပြောပြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ ဌာနေကိုယ်စားလှယ်သို့ ကြွက်ပြဿနာကို ကျနော် တခါပြောပြခဲ့ဖူးပါသည်။ WHO ၏ လေ့လာမှုအရ ရန်ကုန်တွင် ကြွက်ကောင်ရေ ၅ သန်းကျော်ရှိသည်ဟု ခန့်မှန်းရပြီး နှစ်စဉ် အညစ်အကြေး ၆၅ ၀၀၀ တန် စွန့်ပစ်နေကြောင်း သူက ကျနော့်ကို ပြောပြပါသည်။ အချို့သော အညစ်အကြေးများကို နှစ်စဉ် မုတ်သုန်မိုးများက ဖယ်ရှား ပေးသော်လည်း အများပြည်သူအတွက် ရေဆိုးထုတ်စနစ်က မရှိသလောက် နီးပါး ဖြစ်နေသဖြင့် စွန့်ပစ် အညစ်အကြေး များက နှစ်စဉ် နှစ်တိုင်း ယခင်နှစ်ကထက် ပို၍ စုပုံ များပြားလာခဲ့သည်။

မြို့တော် အနှံ့တွင် ဖြစ်နေသည့် ကျန်းမာရေးနှင့် မညီညွတ်သော အခြေအနေတွင် ကြွက်များ အလွန်အမင်း ပေါက်ပွားနေခြင်းကိုပါ ပေါင်းထည့်လိုက်သည့် အခါ ရောဂါဘယ ဖြစ်ပွားနိုင်သည့် အန္တရာယ်က ကြီးမားစွာ တိုးမြင့်လာစေခဲ့သည်။

ရန်ကုန်မြို့မှ ကြွက်များ၏ ၁၀ ရာခိုင်နှုန်းခန့်က ပလိပ်ရောဂါ (Bubonic plague) ပိုးရှိသည့် သန်းများကို သယ်ဆောင်ထားသည်ဟု WHO က ယုံကြည်ထားသည်။ ထိုရောဂါကြောင့် အလယ်ခေတ်က ဥရောပတွင် လူသန်းပေါင်း များစွာ သေဆုံးခဲ့ရသည်။ ၁၉၇၄ ခုနှစ်က ရန်ကုန်မြို့တော် အတွင်းနှင့် ဝန်းကျင်တွင် ပလိပ်ရောဂါ ဖြစ်ပွားသည့် အမှု ၇၀၀ ရှိခဲ့သည်။ ၁၉၇၅ ခုနှစ်က ရန်ကုန်နှင့် ပဲခူး ဧရိယာတွင် ဖြစ်ပွားမှု ၂၇၅ ခုရှိခဲ့ပြီး လူ ၂၀ သေဆုံးခဲ့ရသည်။ ကျနော် မြန်မာ နိုင်ငံမှ ထွက်ခွာလာသည့် ၁၉၇၆ ခုနှစ်တွင် မန္တလေး ဝန်းကျင်၌ ပလိပ်ရောဂါ ဖြစ်ပွားခဲ့သည်။ လူ ၁၀၀၀ ခန့်ရောဂါ ဖြစ်ပွား ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ လူ ၁၄ ဦးသာ သေဆုံးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ကုသမှုရရှိ သည့် ဖြစ်ပွားမှုများတွင် ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိရှိ၍ ကုသမှု မရရှိပါက ၉၀ ရာခိုင်နှုန်း အထိ သေဆုံးနိုင် သဖြင့် ပလိပ်ရောဂါ၏ အသက်သေဆုံးမှုကို လျှော့ပေါ့ တွက်ချက်ထားခြင်းဟု ယူဆရပါသည်။

မြန်မာနိုင်ငံမှ အိမ်ကြွက်နှင့် မြေကြွက် ၂ ခုလုံးတို့၏ ကြီးမားသော အရေအတွက်က အခြားသော ပြဿနာများတွင်လည်း ပါဝင်နေပါသည်။ ကြွက်ကိုက်ခံရခြင်း၊ ကုပ်ခြစ်ခံရခြင်းတို့ကြောင့် ဖျားနာခြင်းနှင့် အခြားသော ရောဂါကူးစက်မှုများ ဖြစ်ပွား စေနိုင်ပါသည်။ ကြွက်တံတွေးနှင့် ဆီးက အသားဝါရောဂါနှင့် lymphocytic choriomeningitis virus (LCMV) ကဲ့သို့သော အကိုက်ခံရခြင်းကြောင့် ကူးစက်နိုင်သော ရောဂါများကို ဖြစ်စေသည်။ ရန်ကုန် မြို့တွင်းနှင့် ဆင်ခြေဖုံးတွင် အများဆုံးတွေ့ ရသည့် မြေကြွက်များက သူတို့၏ တွင်းတူးနိုင်စွမ်းကြောင့် ထင်ရှားပါသည်။ သူတို့ကြောင့် အဆောက်အဦး အောက်ခံ ဖောင်ဒေးရှင်းများ အားနည်းခြင်း၊ နံရံများ ကျွံကျခြင်းနှင့် တပိုင်းတစပြိုလဲခြင်း တို့သာမက လူသွားလမ်း ပလက်ဖောင်းများ နှင့် ရေနုတ်မြောင်းများ ပျက်စီးခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါသည်။

WHO က မြန်မာနိုင်ငံ၏ ကျန်းမာရေး ပြဿနာများကို ဖြေရှင်းရန် ကြိုးစားနေသည်နှင့် တချိန်တည်းမှာပင် ကုလသမဂ္ဂ စား နပ်ရိက္ခာ နှင့် စိုက်ပျိုးရေး အဖွဲ့(FAO) က မြန်မာနိုင်ငံ၏ နှစ်စဉ် သီးနှံရိတ်သိမ်းမှုတွင် ကြွက်နှင့် အခြားသတ္တဝါများကြောင့် မည်မျှအထိ နစ်နာဆုံးရှုံးနေရသည်ကို တွက်ချက်ရန် ကြိုစားနေခဲ့သည်။ ၎င်းတို့က ဆန်နှင့် အခြား ကောက်ပဲသီးနှံများကို စိုက်ခင်းထဲတွင်ရော သိုလှောင်ကျိတ်ခွဲစဉ်မှာပါ စားသုံးကြသည်သာမက အစားအစာများကို သူတို့၏ အညစ်အကြေးများ ဖြင့် ညစ်ညမ်းစေသောကြောင့် ဖြစ်သည်။ မခိုင်မခန့် ဆောက်လုပ်ထားသော သိုလှောင်ရုံများတွင် သိမ်းဆည်းထားသော ကောက်ပဲ သီးနှံများမှာ ပျက်စီးဆုံးရှုံးနိုင်ချေ အများဆုံး ဖြစ်သည်။ ဆန်သည် မြန်မာနိုင်ငံ၏ အဓိက အစားအစာဖြစ်သလို နိုင်ငံခြားပို့ကုန် ဝင်ငွေ ရရှိရာ အဓိက အရင်းအမြစ် ဖြစ်သည့်အတွက် ကောက်ပဲသီးနှံများ ဆုံးရှုံးလျော့နည်းခြင်းက နိုင်ငံအတွက် စိုးရိမ်စရာ တခု ဖြစ်လာသည်။

၁၉၇၀ နှစ်များအတွင်းတွင် မြန်မာနိုင်ငံမှ အခြေအနေက အလွန်ဆိုးရွားသည်ဟု ယူဆသည့် အတွက် ကုလသမဂ္ဂက ပြည်တွင်းနှင့် ပြည်ပမှ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည့် Rodent Control Demonstration Unit ၏ ဦးဆောင်မှုဖြင့် စီမံကိန်းတရပ်ကို စတင်ခဲ့သည်။ မြန်မာနိုင်ငံတွင် သမိုင်း အစဉ်အလာသာဓကလည်း အများအပြား ရှိခဲ့ပါသည်။

၁၉၄၈ ခုနှစ် မတိုင်မီကာလတွင် ဗြိတိသျှ ကိုလိုနီ အစိုးရက အလားတူ အကြောင်းပြချက်များအရပင် မြန်မာနိုင်ငံမှ ကြွက်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခဲ့သည်။ ၁၉၀၅ ခုနှစ်မှ ၁၉၄၀ ခုနှစ် အတွင်းတွင် ပလိပ်ရောဂါ (Bubonic plague) ကြောင့် လူ ၁၆၅၄၀၀ သေဆုံးခဲ့ရကြောင်း မှတ်တမ်းတင်ခဲ့၏။ ကြွက်များကြောင့် ကောက်ပဲသီးနှံများ ဆုံးရှုံးရခြင်းကိုလည်း အရေးကြီးသည့် စီးပွားရေး ပြဿနာအဖြစ် ဗြိတိသျှ ကိုလိုနီ အစိုးရက ယူဆခဲ့သည်။ အဆိုပါ ပြဿနာများ၏ အကြောင်းရင်းမြစ်ကို ဖြေရှင်းရန် အားထုတ်မှုတခု အနေဖြင့် ကြွက်ဖမ်းသည့် လှုပ်ရှားမှု အများအပြားကို အာဏာ ပိုင်များက ပြုလုပ်ခဲ့သည်။

ဥပမာ ၁၉၀၉ ခုနှစ်တွင် ကြွက်ကောင်ရေ ၁၇၁၁၀၀၀ ကို နှိမ်နင်းခဲ့ပြီး အဓိကအားဖြင့် မြို့ပြ ဧရိယာများတွင် ဖြစ်သည်။ နောက်တကြိမ် ပလိပ်ရောဂါ ပေါ်ပေါက်မည်ကို စိုးရိမ်ရသည့် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းတွင် လည်း အလားတူ အားထုတ်မှုများ ပြုလုပ်ခဲ့သည်။ ဖမ်းမိခဲ့သော ကြွက်အချို့သည် ၆၀၀ ဂရမ် (၁.၃ ပေါင်) လေးပြီး ၂၇ စင်တီမီတာ (၁၀.၅ လက်မ) အရှည် အထိရှိကြသည်။

စစ်အတွင်းကာလတွင် ဂျပန်တပ်ဖွဲ့များက ရောဂါကာကွယ်ရေးနှင့် သန့်ရှင်းရေးကို အဆင့်မြင့် ဦးစားပေးအဖြစ် ထားရှိခဲ့သည်။ ရောဂါတိုက်ဖျက်ရေး အထောက်အကူ ဖြစ်စေရန်အတွက် ရန်ကုန်ရှိ အိမ်တိုင်းတွင် ကြွက်ထောင်ချောက် တခုရှိရန် လိုအပ်ပြီး အခါအားလျော်စွာ ကြွက်သေ တကောင် ပေးအပ်ရသည်။ ထိုကဲ့သို့ ပြည်သူ့တာဝန် ကျေပွန်ပါက အသိအမှတ်ပြုသည့် အနေဖြင့် တရားဝင် လက်မှတ်တစောင် ထုတ်ပေးသည်။ မြို့တော် တဝိုက်မှ လမ်းဆုံလမ်းခွများတွင် စစ်ဆေးရေး စခန်းများ တည်ဆောက်ထားသည်။ သတ်မှတ်ချက်အတိုင်း ကြွက်သေ မပေးနိုင်သူများကို ပြစ်ဒဏ်များ ချမှတ်သည်။

မြို့တော် အတွင်းတွင် ကြွက် အရေအတွက် ကျဆင်းလာသည့်အခါ လက်မှတ်အတုများ မှောင်ခိုရောင်းသည့် ဈေးကွက် ပေါ်ပေါက်လာသည်။ စီးပွားရေး အမြင်ရှိသူ အချို့က ကြွက်များပင် မွေးမြူ၍ ကိုယ်တိုင် ကြွက်မဖမ်းနိုင်သူများကို ပြန်လည် ရောင်းချကြခြင်းက ထိုစနစ်ကျင့်သုံးရခြင်း၏ ရည်ရွယ်ချက်ကို ထိခိုက်စေခဲ့သည်။

ရန်ကုန် ဗဟို အကျဉ်းထောင်တွင် ထိန်းသိမ်းခြင်း ခံထားရသော မဟာမိတ် စစ်သုံ့ပန်းများက ဒေသခံ ကြွက်များနှင့် ရင်ဆိုင်ရသည့် သူတို့ အတွေ့အကြုံကို ပြန်ပြောပြကြသည်။

“ကြွက်တွေ နဲ့ပတ်သက်လို့ ဘယ်လောက် ပြောခဲ့ပြီးပြီလဲ ဆိုတာတောင် ကျနော် မမှတ်မိတော့ဘူး။ အောက်ထပ်ကို ပြောင်းလာပြီးကထဲက အများကြီးကို တွေ့တော့တာပဲ။ ကျနော်တို့ ထမင်းစားပြီးတဲ့အခါ အကျဉ်းခန်းတွေကြားမှာ ဖိတ်စင် ကျနေတဲ့ ထမင်းတွေကို ခိုးယူဖို့ သူတို့ကြိုးစားကြတယ်။ သူတို့က ကျနော်တို့နဲ့ တညလုံး တူတူနေလေ့ရှိပါတယ်။ တပ်ကြပ် Leese ရဲ့ အိပ်ရာထဲကိုတောင် ဝင်ဖို့ သူတို့ကြိုးစားခဲ့ကြတယ်” ဟု စစ်သုံ့ပန်းတဦးက သူ၏ နေ့စဉ်မှတ်တမ်းတွင် ရေးသားခဲ့သည်။

နောက်ပိုင်းတွင် ထို စစ်သုံ့ပန်းများက သူတို့ကိုယ်သူတို့ “ရန်ကုန်ကြွက်များ” ဟု ခေါ်ဆိုခဲ့ကြသည်။ အဆိုပါ ရယ်စရာ နာမည်ပြောင် တွင်ရခြင်းမှာ သူတို့၏ အမွှေးထူထူ အခန်းဖော်များကြောင့် တစိတ်တပိုင်းဖြစ်သည်ဆိုခြင်းက သံသယ ရှိစရာ မလိုပါ။

ထိုင်း-မြန်မာ ရထားလမ်းဖောက်လုပ်ရေးမှ ဂျပန် အစောင့်တပ်သားများကလည်း ကျန်းမာရေး အကြောင်းပြချက်များဖြင့် ကြွက်ဖမ်းပွဲများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း သူတို့၏ ရိက္ခာ မလုံလောက်မှုကြောင့် စစ်သုံ့ပန်းများက ကြွက်များကို ဖြည့်စွက်စာ အဖြစ် စားခဲ့ကြရသည်။ ကြွက်သားစားခြင်းက ထူဆန်းသည့် ကိစ္စတခု တော့မဟုတ်ပါ။ ကရင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံမှ အခြားလူနည်းစု တိုင်းရင်းသား အချို့ ပုံမှန်စားလေ့ရှိသည့် အစားအစာများထဲတွင် ကြွက်လည်း ပါဝင်ပါသည်။

သားကောင်ဖမ်းရန် သစ်သား ခလောက်များနှင့် ၃ ခွချွန်လှံများကို အသုံးပြုခြင်း ကဲ့သို့သော သူတို့ အသုံး ပြုခဲ့သော ပုံမှန်မဟုတ်သည့် နည်းလမ်းများကို လူမျိုးစု လေ့လာသည့် ပညာရှင်များက မှတ်တမ်းတင်ခဲ့ကြသည်။ ကျနော် ရန်ကုန်တွင် နေစဉ်က ကျနော်၏ ညစောင့် ကရင်တိုင်းရင်းသား ဒရဝမ်သည် ကျနော့် အိမ်မှ တိုက်ကပ် နွယ်ပင်များကြား ပြေးလွှားနေသော ကြွက်များကို လိုက်သတ်ခြင်းဖြင့် သူ့ကိုယ်သူ နိုးနိုးကြားကြား ဖြစ်နေအောင် ပြုလုပ်လေ့ရှိပါသည်။ အပြင်ဘက် နံရံကို သူ၏ လှံဖြင့် ထိုးမိသည့် အသံများက သံတမန် ညစာစားပွဲများတွင် စိတ်ဝင်စားစရာ စကားပြောဆိုမှုများ ဖြစ်အောင် လှုံ့ဆော်ပေးရန် အသုံးဝင်ခဲ့သည်။

ခေတ်သစ်ရန်ကုန်တွင်လည်း ကြွက်များက ပြဿနာများ၏ အရင်းအမြစ် အဖြစ်ဆက်ရှိနေသည်။ အများစုက ရေဆိုးမြောင်း များအတွင်းတွင်၊ မြို့တော်၏ စရိုက်လက္ခဏာ ဖြစ်သော ကိုလိုနီခေတ် အဆောက်အဦးဟောင်းများ၏ အောက်တွင်နေကြ သည်။ သို့သော်လည်း သူတို့ကို အိမ်များ၊ ဈေးများ၊ ဟိုတယ်များနှင့် ဆိုင်များတွင်လည်း တွေ့ရသည်။ Trip Advisor ဝက်ဆိုက်မှ လတ်တလော ပို့စ် အများအပြားတွင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၌ သူတို့ ကြုံတွေ့ခဲ့ရသော ကြွက်များ နှင့် ပတ်သက်၍ ကမ္ဘာလှည့် ခရီးသည်များက စောဒက တက်ထားကြသည်။

အဆင့်မြင့် စားသောက်ဆိုင်တခုတွင် တပေခန့်ရှည်သည့် ကြွက်တကောင်က နံရံမှဆင်းလာပြီး ထမင်းစားပွဲများ၏ နောက်မှ ခုံတလုံးပေါ်သို့ ရောက်လာကြောင်းနှင့် ပတ်ဝန်းကျင်ကိုလည်း ကြောက်ရွံ့ထိတ်လန့်နေပုံ မရကြောင်း တယောက်က ရေးသားခဲ့သည်။

ကျေးလက်ဒေသတွင် နေထိုင်သူများမှာလည်း လုံခြုံမှု မရှိပါ။ ဥပမာ အားဖြင့် ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုံး မုန်တိုင်း အပြီးတွင် ကျေးလက်ပြည်သူများမှာ သူတို့တွင် မပျက်မစီး ကျန်ရစ်သည့် ကောက်ပဲသီးနှံများနှင့် အစားအစာ အနည်းငယ်မျှကို ကြွက်များက အစုအပုံလိုက် ရောက်လာဖျက်ဆီးခြင်းနှင့် ရင်ဆိုင်ခဲ့ကြရသည်။

သူတို့ကို ရှင်းလင်းသုတ်သင်ရန် ပြီးခဲ့သည့် နှစ် ၁၅၀ အတွင်း အားထုတ်မှု အမျိုးမျိုး ပြုလုပ်ခဲ့သော်လည်း ရန်ကုန်မှ ကြွက် များက သူတို့ ရှိနေဆဲ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။ နောင်လာမည့် အချိန်တခုအထိ သူတို့က မြန်မာ့မြင် ကွင်း၏ အစိတ်အပိုင်းတခု အဖြစ် ဆက်၍ ရှိနေဖွယ်ရာ ရှိပါသည်။

(www.newmandala.org တွင် ဖော်ပြထားသော Andrew Selth ၏ The rats of Rangoon ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ Andrew Selth သည် သြစတြေးလျ Griffith တက္ကသိုလ်ရှိ Griffith Asia Institute နှင့် သြစတြေးလျ အမျိုးသားတက္ကသိုလ်ရှိ Coral Bell School of Asia Pacific Affairs တို့မှ တွဲဖက် ပါမောက္ခ တဦး ဖြစ်ပါသည်။ )

Did you find apk for android? You can find new Free Android Games and apps.
Loading