ဆောင်းပါး

မော့ဆက်တွေ ဘယ်လို လုပ်ကြံသတ်ဖြတ်သလဲ

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူတွင် အသက် ၃၅ နှစ်အရွယ် ပါလက်စတိုင်း သိပ္ပံပညာရှင် ဖာဒီအယ်လ်ဘက်ရှ် (Fadi al-Batsh) ကို သတ်ဖြတ်ခြင်းသည် ခြိမ်းခြောက်မှုတခု ဖြစ်သည့် အပြင် ပါလက်စတိုင်းများကို ပစ်မှတ်ထား သတ်ဖြတ်နေသည့် အစ္စရေးနိုင်ငံ၏ လျှို့ဝှက် အစီအစဉ်ကို ဖွင့်ပြလိုက်ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံတွင် လျှပ်စစ် အင်ဂျင်နီယာပါရဂူဘွဲ့ အတွက် သွားရောက်လေ့လာခြင်း မပြုမီ အယ်လ်ဘက်ရှ်သည် ဂါဇာတွင် လျှပ်စစ်အင်ဂျင်နီယာ ပညာရပ်ကို လေ့လာဆည်းပူးခဲ့သည်။ သူသည် လျှပ်စစ်ဓာတ်အား စနစ်များနှင့် စွမ်းအင်ချွေတာရေးတို့ကို အထူးပြု လေ့လာခဲ့ပြီး ထိုဘာသာရပ်အတွက် စာတမ်း အများအပြားလည်း ရေးသားခဲ့သည်။

ဂါဇာမှ အာဏာရ ဟားမားစ်အဖွဲ့က အယ်လ်ဘက်ရှ်သည် ၎င်းတို့၏ အရေးပါသော အဖွဲ့ဝင် တဦးဖြစ်ပြီး ဧပြီလ ၂၁ ရက်က ဖြစ်ပွားသည့် ထိုလုပ်ကြံသတ်ဖြတ်မှု နောက်ကွယ်တွင် အစ္စရေး မော့ဆက် ထောက်လှမ်းရေး အဖွဲ့သည် ရှိနေသည် ဟု ပြောကြားသည်။

သစ္စာရှိသော အဖွဲ့ဝင်တဦး အဖြစ် ဖော်ပြပြီး အယ်လ်ဘက်ရှ်သည် ပါလက်စတိုင်း လူငယ်ပညာရှင်များ၏ သိပ္ပံပညာရှင်တဦး ဖြစ်ပြီး စွမ်းအင်ပညာရပ်ဆိုင်ရာ နိုင်ငံတကာ ညီလာခံတွင် ပါဝင်ခဲ့ပြီး အကျိုးပြု လုပ်ငန်း အများအပြား ဆောင်ရွက်ပေးခဲ့သည်ဟု ဟားမားစ် အဖွဲ့က ပြောသည်။

သူ၏သား လုပ်ကြံသတ်ဖြတ်ခံရခြင်း နောက်ကွယ်တွင် မော့ဆက်ထောက်လှမ်းရေး အဖွဲ့ ရှိနေသည် ဟု အယ်လ်ဘက်ရှ်၏ ဖခင်က ပြောပြီး လုပ်ကြံသတ်ဖြတ်မှုကို အမြန်ဆုံး ဖော်ထုတ်ရန် မလေးရှား အာဏာပိုင်များကို မေတ္တာရပ်ခံသည်။

အယ်လ်ဘက်ရှ်ကို သတ်ဖြတ်ခြင်းတွင် မော့ဆက်၏ ခြေရာလက်ရာများ အားလုံး ရှိနေသည်ဟု Rise and Kill First အမည်ရှိ စာအုပ်ကို ရေးသားသူ အစ္စရေး ထောက်လှမ်းရေး ဆိုင်ရာများကို ကျွမ်းကျင်သူ အစ္စရေး သတင်းစာဆရာ ရိုနန် ဘာ့ဂ်မင်း (Ronen Bergman) ၏ အဆိုအရ သိရသည်။

“ယခင် မော့ဆက် စစ်ဆင်ရေးတွေလိုပဲ ပစ်မှတ်ကို သတ်ဖြတ်ရန် လူသတ်သမားများက မော်တော်ဆိုင်ကယ် အသုံးပြုတာ၊ အစ္စရေးနိုင်ငံရဲ့ အဝေးဒေသတွေမှာ ကျွမ်းကျွမ်းကျင်ကျင် သပ်သပ်ရပ်ရပ် သတ်ဖြတ်ခြင်းတွေဟာ မော့ဆက် ပါဝင် ပတ်သက်နေတာကို ပြနေတယ်” ဟု ဘာ့ဂ်မင်းက အယ်လ်ဂျာဇီးယားသို့ ဖုန်းဖြင့်ပြောသည်။

ပစ်မှတ် သတ်မှတ်ခြင်း

အစ္စရေး ထောက်လှမ်းရေးများက ပစ်မှတ်ကို သတ်မှတ်ရာတွင် မော့ဆက်အဖွဲ့၊ ပိုမိုကျယ်ပြန့်သော အစ္စရေး ထောက်လှမ်းရေး အသိုင်းအဝန်းနှင့် နိုင်ငံရေး ခေါင်းဆောင်ပိုင်း စသည်ဖြင့် အဆင့်ဆင့်ကို ဖြတ်သန်း အတည်ပြုရသည်။ တခါတရံတွင်မူ ပစ်မှတ်ကို အစ္စရေး ပြည်ထဲရေး သို့မဟုတ် စစ်ဘက် ဌာနများက သတ်မှတ်သည်။

ဥပမာအားဖြင့် ဆိုရပါ အယ်လ်ဘက်ရှ်ကို ပစ်မှတ်အဖြစ် သတ်မှတ်ရာတွင် ဟားမားစ်အဖွဲ့နှင့် ပတ်သက်ပြီး ထောက်လှမ်းနေသော အစ္စရေး စစ်တပ်နှင့် ထောက်လှမ်းရေး အဖွဲ့အစည်းများက သတင်းစုဆောင်းခြင်းများ ပြုလုပ်ပြီး သတ်မှတ်ခဲ့နိုင်သည်။

အယ်လ်ဘက်ရှ်ကို ကမ္ဘာတဝန်းရှိ အစ္စရေး ထောက်လှမ်းရေး အဖွဲ့များနှင့် သူလျှိုကွန်ရက်များက ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ ခြင်းလည်း ဖြစ်နိုင်သည်။

ဟားမားစ် အဖွဲ့၏ ဂါဇာ၊ အစ္စတန်ဘူလ်( တူရကီ) နှင့် ဘေရွတ် (လက်ဘနွန်) တို့ အကြား ဆက်သွယ်ရေးများကို အစ္စရေး ထောက်လှမ်းရေးများက တင်းကျပ်စွာ ထိန်းချုပ်ထားသည် ဟု သတင်းရင်းမြစ်များက ဆိုသည်။ ထို့ကြောင့် အယ်ဘက်ရှ်ကို ပစ်မှတ်အဖြစ် ကနဦး အဆင့် ရွေးချယ်ခဲ့ခြင်းကို ထိုလမ်းကြောင်းများက ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်။

အယ်လ်ဘက်ရှ်သည် သူနှင့် ဟားမားစ် အဖွဲ့အကြား အဆက်အသွယ် ရှိနေသည်ကို ဖုံးကွယ် မထားသူ ဖြစ်သည်ဟု အယ်ဂျာဇီးယား သတင်းဌာနနှင့် ပြောဆိုခဲ့သော အမည်မဖော်လိုသော အယ်ဘက်ရှ်၏ သူငယ်ချင်းများက ပြောသည်။

“သူဟာ ဟားမားစ်နဲ့ အဆက်အသွယ်ရှိတယ် လို့ ပါလက်စတိုင်း အသိုင်းအဝန်းကြားမှာ လူသိများတယ်” ဟု သူ၏ သူငယ်ချင်းတဦးက ဆိုသည်။

လုပ်ကြံသတ်ဖြတ်မှု အဆင့်ဆင့်

အယ်ဘက်ရှ်ကို ပစ်မှတ်အဖြစ် သတ်မှတ်ပြီးသောအခါ သူ့ကို သတ်သင့် မသတ်သင့်၊ သူ့ကို သတ်ဖြတ်ခြင်းကြောင့် ရရှိမည့် ကောင်းကျိုးများနှင့် သတ်ဖြတ်ရမည့် အကောင်းဆုံး နည်းလမ်းတို့ကို ဆုံးဖြတ်ရန် မော့ဆက်က အကဲဖြတ်ရသည်။

မော့ဆက်၏ အထူးတပ်ဖွဲ့များ ပစ်မှတ်နှင့်ပတ်သက်သော ဖိုင်များကို ပြုစုပြီးသောအခါ ၎င်းတို့သည် တွေ့ရှိချက်များကို ထောက်လှမ်းရေး ကော်မတီ အကြီးအကဲများ ထံသို့ တင်ပြရသည်။ ထိုထောက်လှမ်းရေး ကော်မတီ အကြီးအကဲများတွင် အစ္စရေး ထောက်လှမ်းရေး အဖွဲ့အစည်းများမှ အကြီးအကဲများ ပါဝင်ပြီး ၎င်းတို့ကို ဟီဘရူးဘာသာဖြင့် အတိုကောက် VARASH သို့မဟုတ် Vaadan Rashei Ha-sherutim ဟု သိကြသည်။

VARASH သည် စစ်ဆင်ရေး လုပ်ငန်းကိုသာ ဆွေးနွေးပြီး အကြံပြုချက်များ ပေးမည် ဖြစ်သည်။
သို့သော် ထိုသို့သော စစ်ဆင်ရေးများကို အတည်ပြုပေးရန် ဥပဒေအရ အခွင့်အာဏာ VARASH တွင် မရှိပေ။ အစ္စရေး နိုင်ငံ၏ ဝန်ကြီးချုပ်သည်သာ ထိုကဲ့သို့သော စစ်ဆင်ရေးများကို အတည်ပြုနိုင်သည်။

အစ္စရေးဝန်ကြီးချုပ်များသည် နိုင်ငံရေးနှင့် ဆိုင်သော အကြောင်းများကြောင့် ထိုဆုံးဖြတ်ချက်ကို ကိုယ်တိုင် ချမှတ်ခြင်းကို လိုလားလေ့ မရှိကြကြောင်း ဘာ့ဂ်မင်းက ပြောသည်။

“များသောအားဖြင့် ဝန်ကြီးချုပ်က အခြားဝန်ကြီး တဦး သို့မဟုတ် နှစ်ဦးကို တာဝန်ပေးတတ်ပြီး အဲဒီတာဝန်ပေးအပ်တဲ့ ဝန်ကြီးတွေထဲမှာ ကာကွယ်ရေးဝန်ကြီး ပါဝင်လေ့ရှိတယ်” ဟု ဘာ့ဂ်မင်းက ပြောသည်။

အတည်ပြုချက်ရရှိပါက စစ်ဆင်ရေးကို စီမံအကောင်အထည်ဖော်ရန် မော့ဆက်အဖွဲ့သို့ ပြန်လည်ပေးပို့လိုက်ပြီး ပစ်မှတ်ပေါ်မူတည်ပြီး ထိုသို့လုပ်ဆောင်ရန် ရက်သတ္တပါတ်၊ လ၊ နှစ် အတန်ကြာတတ်သည်။

ဆီဇေရီယာ (Caesarea) တပ်ဖွဲ့

ဆီဇေရီယာ တပ်ဖွဲ့သည် အာရပ်နိုင်ငံများနှင့် အခြားသော နိုင်ငံများတွင် သူလျှိုများ ထားရှိစီမံရေး အတွက် တာဝန်ခံသော မော့ဆက်အတွင်း လျှို့ဝှက်စစ်ဆင်ရေးဌာန ဖြစ်သည်။

ထိုတပ်ဖွဲ့ကို ၁၉၇၀ ခုနှစ်များ အစောပိုင်းတွင် တည်ထောင်ခဲ့ပြီး ၎င်း တပ်ဖွဲ့ကို တည်ထောင်သူများအနက် တဦးမှာ ကျော်ကြားသော အစ္စရေး သူလျှို မိုက်ဟာရာရီ (Mike Harari) ဖြစ်သည်။

ဆီဇေရီယာ တပ်ဖွဲ့သည် အရှေ့အလယ်ပိုင်းနှင့် အာရပ်နိုင်ငံများ အကြား ၎င်း၏ ကျယ်ပြန့်လှသော ကွန်ရက်ကို အသုံးပြုပြီး သတင်း အချက်အလက်များ စုဆောင်းကာ လတ်တလောနှင့် အနာဂတ် ပစ်မှတ်များနှင့် ပတ်သက်သော ထောက်လှမ်းရေး သတင်းအချက်အလက်များ စုဆောင်းသည်။

ထို့နောက် ဟာရာရီသည် ဆီဇေရီယာ တပ်ဖွဲ့၏ အောက်တွင် ဟီဘရူးဘာသာဖြင့် ကီဒွန် (လှံစွပ်) တပ်ဖွဲ့ခွဲကို ဖွဲ့စည်းသည်။ ယင်း တပ်ဖွဲ့ခွဲသည် အန္တရာယ် အရှိဆုံးဖြစ်ပြီး အဖျက်အမှောင့် လုပ်ငန်းများနှင့် လုပ်ကြံသတ်ဖြတ်မှုများကို ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည်။

ကီဒွန် တပ်ဖွဲ့ဝင်များကို ကြည်းတပ်နှင့် အထူး တပ်ဖွဲ့များ အပါအဝင် အစ္စရေး တပ်မတော်မှ တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။

ကီဒွန်တပ်ဖွဲ့ဝင်များက ကွာလာလမ်ပူတွင် အယ်လ်ဘက်ရှ်ကို သတ်ခဲ့သည်ဟု သတင်းရင်းမြစ်များက အယ်လ်ဂျာဇီးယားသို့ ပြောသည်။

မော့ဆက်သည် ပါလက်စတိုင်း ခေါင်းဆောင်များနှင့် လှုပ်ရှားသူများကို သာမက ဆီးရီးယား၊ လက်ဘနွန်၊ အီရန်နှင့် ဥရောပမှ ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကိုလည်း ပစ်မှတ်ထားသည်။

ပစ်မှတ်ထား သတ်ဖြတ်မှု စစ်ဆင်ရေးများ

ဆီဇေရီယာ တပ်ဖွဲ့သည် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ အထူးလှုပ်ရှားမှု ဌာန (SAC) နှင့် ဆင်တူသည်။ SAC ကို ၂၀၁၆ ခုနှစ်တွင် ပြန်လည် ဖွဲ့စည်း အမည်ပြောင်းသည် အထိ အထူးလှုပ်ရှားမှုဌာနခွဲ (Special Activities Division) ဟု ခေါ်ခဲ့သည်။

CIA သည် ၎င်း၏ ပစ်မှတ်ထား သတ်ဖြတ်မှုများ အပါအဝင် ထိပ်တန်းလျှို့ဝှက် စစ်ရေး အထောက်အကူပြု စစ်ဆင်ရေးများကို အထူးစစ်ဆင်ရေးအုပ်စု (Special Operation Group-SOG) မှ တဆင့် လုပ်ဆောင်သည်။ SOG သည် SAC ၏ အစိတ်အပိုင်း တခုဖြစ်ပြီး မော့ဆက်၏ ကီဒွန်တပ်ဖွဲနှင့် တူညီမှုများ ရှိသည်။

ဒုတိယ အင်တီဖာဒါး လှုပ်ရှားမှု၏ အစဖြစ်သော ၂၀၀၀ ပြည့်နှစ် အထိ အစ္စရေးသည် ပါလက်စတိုင်း ပိုင်နက်များတွင် လုပ်ကြံသတ်ဖြတ်မှု ၅၀၀ ကျော်ပြုလုပ်ခဲ့ပြီး ထိုလုပ်ကြံသတ်ဖြတ်မှုများ အတွင်း ပစ်မှတ်နှင့် ဘေးလူများ အပါအဝင် လူ ၁၀၀၀ ကျော် သေဆုံးစေခဲ့သည် ဟု ဘာ့ဂ်မင်းက ရေးသည်။

ဒုတိယ အင်ဒီဖာဒါး လှုပ်ရှားမှု အတွင်း အစ္စရေးသည် စစ်ဆင်ရေး ၁၀၀၀ ကျော်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အနက် ၁၆၈ ခုအောင်မြင်သည်ဟုလည်း သူ၏ စာအုပ်တွင် ဖော်ပြထားသည်။

ထိုမှ စတင်ပြီး အစ္စရေးသည် ဂါဇာနှင့် ပြည်ပတွင် ဟားမားစ် အရပ်ဘက်နှင့် စစ်ဘက်ခေါင်းဆောင်များကို သတ်ဖြတ်ရန် ရည်ရွယ်သည့် စစ်ဆင်ရေး အနည်ဆုံး ၈၀၀ ကျော်ဆောင်ရွက်ခဲ့သည်။

အာရပ်-မော့ဆက် ပူးပေါင်းဆောင်ရွက်မှု

မော့ဆက်သည် အာရပ် ထောက်လှမ်းရေး ဌာန အများအပြားနှင့် တရားဝင် အဖွဲ့အစည်း ဆိုင်ရာနှင့် သမိုင်းဆိုင်ရာ အချိတ်အဆက်များ ထူထောင်ထားရှိပြီး အထူးသဖြင့် ဂျော်ဒန်နှင့် မော်ရိုကို သူလျှိုဌာနများနှင့် အဆက်အစပ် ရှိသည်။

ဒေသအတွင်း မဟာမိတ် ဖွဲ့စည်းမှု ပြောင်းလဲလာခြင်းနှင့် နိုင်ငံတော် မဟုတ်သော လက်နက်ကိုင်များထံမှ ခြိမ်းခြောက်မှု မြင့်မားလာခြင်းတို့ကြောင့် မကြာသေးမီက မော့ဆက်သည် အာရပ်ထောက်လှမ်းရေးဌာနများနှင့် အချိတ်အဆက်များကို တိုးချဲ့ခဲ့ပြီး ပင်လယ်ကွေ့အာရပ်နိုင်ငံများနှင့် အီဂျစ်တို့နှင့်ပါ ဆက်ဆံလာသည်။

မော့ဆက်သည် ၎င်းတို့၏ အရှေ့အလယ်ပိုင်း စစ်ဆင်ရေးများ အတွက် ဗဟိုချက်ကို ဂျော်ဒန်မြို့တော် အမ်မန်တွင် ထားရှိသည်။

၁၉၉၇ ခုနှစ်က ဟားမားစ် ခေါင်းဆောင် ခါလစ် မက်ရှ်လင် အမ်မန် (Khaled Meshaalin Amman) ကို မော့ဆက်က နားအတွင်း အဆိပ်ပက်ဖျန်း လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသောအခါ ကွယ်လွန်သူ ဂျော်ဒန် ဘုရင်ဟူစိန်က အစ္စရေးနှင့် ငြိမ်းချမ်းရေး စာချုပ်ကို ဖျက်သိမ်းပြီး အမ်မန်ရှိ မော့ဆက်စခန်းများကို ပိတ်ကာ မော့ဆက်နှင့် အဆက်အသွယ်ဖြတ်မည်ဟု ခြိမ်းခြောက်သဖြင့် အစ္စရေးက အဆိပ်ဖြေဆေး ထုတ်ပေးခဲ့ပြီး မက်ရှ်လင် အသက်ချမ်းသာရာ ရခဲ့သည်။

ထိုစဉ်က ဂျော်ဒန် သူလျှိုအကြီးအကဲ ဆာမိဘတီခီ (Samih Batikhi) သည် ထို လုပ်ကြံသတ်ဖြတ်မှုကို မော့ဆက်က သူ့ကို ကြိုတင် အသိမပေးသောကြောင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသဖြင့် မော့ဆက်ကို စိတ်ဆိုးခဲ့သည်ဟု ဘာ့ဂ်မင်းက မော့ဆက် သတင်းရင်းမြစ်များကို ကိုးကား၍ ရေးသားသည်။

၁၉၆၀ ခုနှစ်များမှ စတင်ပြီး မော့ဆက်နှင့် ခိုင်မာသော ဆက်ဆံရေး ထားရှိသော နိုင်ငံမှာ မော်ရိုကိုနိုင်ငံ ဖြစ်သည် ဟု ဘာ့ဂ်မင်း၏ သုတေသနအရ သိရသည်။

“မော်ရိုကိုနိုင်ငံဟာ အစ္စရေးထံမှ အဖိုးမဖြတ်နိုင်သော ထောက်လှမ်းရေး သတင်းနှင့် နည်းပညာများ ရရှိပြီး အပြန်အလှန် အားဖြင့် ကွယ်လွန်သူ ဘုရင်ဟူစိန်သည် မော်ရိုကိုရှိ ဂျူးများကို အစ္စရေးသို့ သွားရောက်နေထိုင်ခွင့်ပေးခဲ့သည်။ မော့ဆက်သည် မြို့တော် ရာဘတ်တွင် စခန်းဖွင့်ခွင့် ရရှိခဲ့ပြီး ထိုမှတဆင့် အာရပ်နိုင်ငံများကို ထောက်လှမ်းနိုင်ခဲ့သည် ဟု ဘာ့ဂ်မင်းက ရေးသည်။

၁၉၆၅ ခုနှစ် ရာဘတ်မြို့တွင် ကျင်းပသည် အာရပ်အဖွဲ့ချုပ် ထိပ်သီး ဆွေးနွေးပွဲတွင် အာရပ်နိုင်ငံ အကြီးအကဲများ၊ ၎င်းတို့၏ စစ်ဦးစီးချုပ်များ၏ အစည်းဝေးခန်းများနှင့် တဦးချင်း နားနေခန်းများတွင် လျှို့ဝှက် အသံဖမ်းခွင့်ကို မော်ရိုကိုက မော့ဆက်အား ပေးခဲ့ပြီးနောက် နှစ်ဖက်ဆက်ဆံရေးသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။

ထို ထိပ်သီးဆွေးနွေးပွဲသည် အာရပ်ပူးတွဲ စစ်ဌာနချုပ် တည်ထောင်ရန် ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲ ဖြစ်သည်။

CIA နှင့် မော့ဆက်နည်းလမ်းများ

အမေရိကန် CIA ထောက်လှမ်းရေးဌာနသည် CIA ၏ အကြံပေး အရာရှိချုပ်၊ အမေရိကန် တရားရေးဌာနနှင့် အိမ်ဖြူတော် ဥပဒေ အကြံပေးရုံး စသည်တို့ ပါဝင်သော ဥပဒေဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကို လုပ်ဆောင်ရပြီး မည်သူ့ကို သတ်ဖြတ်ရမည်ကို ဆုံးဖြတ်ရာတွင် ကြီးမားစွာ လွတ်လပ်ခွင့် ရရှိထားသော မော့ဆက်နှင့် အခြားသော အစ္စရေး ထောက်လှမ်းရေးများနှင့် မတူပေ။

CIA ၏ ပစ်မှတ်ထား တိုက်ခိုက်မှုကို အကောင်အထည် ဖော်ခြင်းသည် သမ္မတ၏ ဆုံးဖြတ်ချက် အခွင့်အာဏာ ပေးအပ်ခြင်း (Presidential Finding Authorization – PFA) အပေါ်တွင် မူတည်ပြီး ထိုစာရွက်စာတမ်းကို CIA ၏ အကြံပေး အရာရှိချုပ်ရုံးနှင့် တရားရေး ဌာနတို့က မူကြမ်း ရေးသားပေးလေ့ ရှိသည်။

သမ္မတ၏ ဆုံးဖြတ်ချက် အခွင့်အာဏာဖြင့် ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ရန် CIA ကို ဥပဒေအရ အခွင့်အာဏာ ပေးသည်။

တရားရေးဌာန၊ အိမ်ဖြူတော်နှင့် CIA မှ ရှေ့နေများက အများစု လုပ်ကိုင်သော ထိုဌာန ပေါင်းစုံ သုံးသပ်ခြင်းကို သမ္မတက PFA ကို လက်မှတ်ရေးထိုးခြင်း မပြုမီ လုပ်ဆောင်သည်။

သမ္မတ ဘားရက်အိုဘားမားသည် အဓိကအားဖြင့် မောင်းသူမဲ့ လေယာဉ်သုံးသော ပစ်မှတ်ထား သတ်ဖြတ်မှု ၃၅၃ ခုကို ခွင့်ပြုခဲ့သည် ဟု ခန့်မှန်းကြသည်။

သူ၏ယခင် သမ္မတ ဘုရှ်သည် ပစ်မှတ်ထား သတ်ဖြတ်မှု ၄၈ ခုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဥပဒေလုပ်ငန်းအဆင့်ဆင့်

မည်သူကို သတ်ဖြတ်မည်ကို CIA က မဆုံးဖြတ်ကြောင်း အမည် မဖော်လိုသော CIA အရာရှိတဦးက Al Jazeera သတင်းဌာနသို့ ပြောသည်။ “CIA အနေနဲ့ သတ်ဖြတ်ရမယ့်သူတွေဟာ လူဆိုးတွေလို့ စုံစမ်းသိရှိပြီးသား ဖြစ်နေတောင်မှ ဥပဒေလုပ်ငန်း အဆင့်ဆင့်ကို ဆောင်ရွက်ရတာ ခက်ခဲတယ်” ဟုလည်း သူက ပြောသည်။

CIA ၏ ပစ်မှတ်ထား သတ်ဖြတ်မှုများတွင် မောင်းသူမဲ့ လေယာဉ်များကို သုံးပြီး သမ္မတ၏ ခွင့်ပြုချက်အပေါ် မူတည်သည်။

“ဘယ်ပစ်မှတ်ထား သတ်ဖြတ်မှုကို မဆို အိမ်ဖြူတော်က လက်မှတ်ထိုးရတယ်။ အထူးသဖြင့် တန်ဖိုးမြင့်တဲ့ ပစ်မှတ်တွေ ဆိုရင် ပိုလိုတယ်” ဟု CIA စစ်ဆင်ရေး အရာရှိဟောင်း ရောဘတ်ဘေအာ (Robert Baer) က ပြောသည်။

“အာဖဂန်လို အီရတ်လို စစ်မြေပြင်မျိုးမှာ ကျတော့ မတူတော့ဘူး၊ စစ်မြေပြင်ကို ကွပ်ကွဲတဲ့ သူတွေရဲ့ ဥပဒေဆိုင်ရာ အခန်းကဏ္ဍ ဖြစ်သွားပြီ” ဟုလည်း သူက ပြောသည်။

မော့ဆက်တွင်မူ မည်သည့် ပစ်မှတ်ကို မဆို လုပ်ကြံသတ်ဖြတ်ဖို့ ပိုမိုလွတ်လပ်ပြီး CIA ကဲ့သို့ လိုက်နာရသည့် ဥပဒေ ကန့်သတ်ချက်များ မရှိကြောင်း ထိုလုပ်ငန်း အဆင့်ဆင့်နှင့် နီးစပ်သော သတင်းရင်းမြစ်တခုက ဆိုသည်။

“ဒါက သူတို့ရဲ့ အမျိုးသားမူဝါဒရဲ့ အစိတ်အပိုင်းပဲ” ဟု ဘေအာက အစ္စရေးနိုင်ငံ၏ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ရေး မူဝါဒကို ရည်ညွှန်းပြောကြားသည်။

(www.aljazeera.com တွင် ဖော်ပြသော How Mossad carries out assassinations ကို ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading