အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရသက်တမ်းတဝက် ရောက်ရှိချိန်မှာ ဒုတိယ အကြိမ်မြောက် ကြား ဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ရက် တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။
၂၀၁၈ နိုဝင်ဘာ ၃ ရက်နေ့မှာကျင်းပမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က မေလ ၈ ရက်နေ့ က တရားဝင် သတင်းထုတ်ပြန်ခဲ့တာပါ။
ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်/ပယ်ဖျက်ရေးနဲ့ စီးပွားရေးတွေမှာ အောင်မှတ် မရသေးတဲ့ NLD အစိုးရအတွက် ဒီရွေးကောက်ပွဲဟာ သူ့ရဲ့နိုင်ငံရေးသြဇာလွှမ်းမိုးမှု ဘယ်လောက် ရှိနေသေးလဲဆိုတာ စမ်းသပ်ခွင့်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။
“ဒီနှစ်က NLD အစိုးရရဲ့ သက်တမ်းတဝက်လို့ ပြောလို့ရတယ်ဆိုတော့ သူ့ကိုလူကြိုက် ဘယ်လောက်များသလဲဆိုတာဒီ ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်က အတိုင်းအတာ တခုထိပြောနိုင်မယ်” လို့ စိုင်းရဲကျော်စွာမြင့် က သုံးသပ်ပါတယ်။
စိုင်းရဲကျော်စွာမြင့်ဟာ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အရပ်ဖက် အဖွဲ့အစည်း တခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Election – PACE) ရဲ့ အမှုဆောင် ဒါရိုက်တာ တဦးဖြစ်ပါ တယ်။
PACE အဖွဲ့ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ လေ့လာစောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့သလိုလာမယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း လေ့လာစောင့်ကြည့်ဖို့ပြင်ဆင်နေတဲ့ အဖွဲ့ဖြစ်တယ်။
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် ၈ နေရာ (ရှမ်းတိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် အပါအဝင်) စုစုပေါင်း မဲဆန္ဒနယ် ၁၃ ခုမှာ ကျင်းပမှာဖြစ်ပါတယ်။
“တယောက်ပဲ နှုတ်ထွက်ပါတယ်။ ကျန်တာတွေကတော့ ကွယ်လွန်ပါ” လို့ UEC ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဧရာဝတီကိုပြောပါတယ်။
UEC ရဲ့ ထုတ်ပြန်ချက်အရ ပြည်နယ်တွေထဲမှာ ကချင်ပြည်နယ် မြစ်ကြီးနား၊ ချင်းပြည်နယ် ကန်ပက်လက်နဲ့ မတူပီ၊ ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ရှမ်းပြည်နယ် လဲချားတို့မှာ ကျင်းပမယ်လို့ သိရပါတယ်။
တိုင်းဒေသကြီးတွေထဲမှာတော့ မန္တလေးတိုင်းဒေသကြီး မြင်းခြံ၊ သပိတ်ကျင်း၊ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေနဲ့ ဆိပ်ကမ်းမြို့ နယ်တို့ ဖြစ်ပါတယ်။
လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD ကတော့ ပါတီရဲ့မူအရ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာစလုံးကို ဝင်ပြိုင်ဖို့ရှိတယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဧရာဝတီကို ပြောပါတယ်။
အဓိကယှဉ်ပြိုင်ရမယ့်ပါတီကတော့ USDP ဖြစ်ပြီး တိုင်းရင်းသားဒေသတွေမှာလည်း လစ်လပ်မဲဆန္ဒနယ်တွေများတာမို့ တိုင်းရင်းသားပါတီတွေနဲ့လည်း ယှဉ်ပြိုင်ရဖို့ ရှိတယ်လို့ သူကဆိုပါတယ်။
ဒေါက်တာ မျိုးညွန့်က “ရွေးကောက်ပွဲတိုင်းမှာ ပြည်သူရဲ့အဆုံး အဖြတ်ကို ခံယူဖို့အတွက် အမြဲတမ်းဝင်ပြိုင်ဖို့ ဆုံးဖြတ်ထားတာရှိသလို ရွေးကောက်ပွဲတွေကနေ ပြည်သူတွေရဲ့သဘောထားတွေကို သိရှိပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။
အတိုက်အခံပါတီကြီး တခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ အတိုက်အခံ နိုင်ငံရေးပါတီ တခုအနေနဲ့ ရွေးကောက်ပွဲတွေ ဝင်ပြိုင်ရမယ်ဆိုတဲ့မူရှိပေမယ့် ချိန်ဆရမယ့်အကြောင်းတရားတွေရှိနေ၍ စည်းဝေးဆုံးဖြတ်ပြီးမှ သတင်း ထုတ်ပြန် ပေးမယ်လို့ USDP ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ပြည်သူတွေအနေနဲ့ သူတို့ကို အကောင်းဆုံး လုပ်ပေးနိုင်မယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို မဲပေးကြတာ သဘာဝမို့ USDP အနေနဲ့ ဝင်ပြိုင်ဖြစ်ရင် အကောင်းဆုံး ကြိုးစားသွားမယ်လို့ သူကဆိုပါတယ်။
ဒေါက်တာ နန္ဒာလှမြင့် က “ကျနော်တို့ကတော့ အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမယ်။ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ အလေးအနက် လက်ခံဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။
၁၉ နေရာကျင်းပခဲ့တဲ့ ၂၀၁၇ ကြားဖြတ်မှာ ပါတီတွေရဲ့ အနိုင်ရရှိမှု ရာခိုင်နှုန်းအရ NLD က ၄၇၊ SNLD က ၃၂၊ USDP က ၁၁ ရာခိုင်နှုန်းဖြစ်လို့ NLD အနေနဲ့ ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် အတော်လေး လျော့ကျသွားတာကို တွေ့ရပါတယ်။
၂၀၁၇ ကြားဖြတ်မှာ NLD ဟာ တိုင်းဒေသကြီးက မဲဆန္ဒနယ်တွေမှာပဲ အနိုင်ရရှိခဲ့ပြီး ပြည်နယ်တွေမှာတော့ SNLD က အများဆုံး အနိုင်ရရှိခဲ့ကာ USDP က ၂ နေရာအနိုင်ရရှိခဲ့ကြပါတယ်။
မွန်ပြည်နယ် ချောင်းဆုံပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ USDP ကိုရှုံးနိမ့်ခဲ့ခြင်းက NLD အတွက် အချက်ပေးခေါင်းလောင်းသံ ဖြစ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း တိုင်းရင်းသား ဒေသတွေမှာ NLD က ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတည်ဆောက်နေတာတွေ အပေါ် တိုင်းရင်းသားတွေက အမြင်မကြည်ကြတာတွေ ရှိနေပါတယ်။
ချောင်းဆုံ မဲဆန္ဒနယ်မှာ USDP က ခိုင်လုံမဲ ၇၀၃၁ မဲအကွာနဲ့ NLD ကိုအနိုင်ရရှိခဲ့တာဟာ မဲပေးသူရာခိုင်နှုန်း လျော့ကျတာ၊ ချောင်းဆုံ တံတားကိစ္စနဲ့ ဆက်နွယ်လို့ လူထုရဲ့ထောက်ခံအားပေးမှု လျော့ကျသွားတာတွေက အဓိကအကြောင်းရင်းတွေ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။
အခုကျင်းပမယ့် ၂၀၁၈ ကြားဖြတ်မှာလည်း NLD အနေနဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ USDP နဲ့ ယှဉ်ပြိုင်ရမှာဖြစ်သလို တိုင်းရင်းသား ဒေသတွေမှာလည်း အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
ဒါ့အပြင် ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ရှစ်လေးလုံးပြည်သူ့ပါတီ (The Four Eights People’s Party) က ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာလည်း ယှဉ်ပြိုင်မှု ပြင်းထန်နိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။
ဒါပေမယ့် တရားဝင် မှတ်ပုံတင်မကျသေးတဲ့ ရှစ်လေးလုံးပြည်သူ့ပါတီကတော့ ဘယ်နှစ်နေရာဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုတာ အခုအချိန်ပြောဖို့ စောသေးတယ်လို့ ပါတီတာဝန်ရှိသူတွေက ဆိုပါတယ်။
ဥပဒေအရတော့ တရားဝင် ပါတီမှတ်ပုံတင် ကျပြီးတဲ့အခါ ပထမဆုံးတွေ့ကြုံရမယ့် ရွေးကောက်ပွဲမှာ မဖြစ်မနေ အနည်းဆုံး ၃ နေရာ ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
“ရွေးကောက်ပွဲမတိုင်ခင် တရားဝင်မှတ်ပုံတင် ကျမယ်ဆိုရင်တော့ မဖြစ်မနေဝင်ပြိုင်ရမှာပါ” လို့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ စည်းရုံးရေးတာဝန်ခံ ကိုမာကီက ပြောပါတယ်။
အဲဒီအခါကျမှသာ စည်းဝေးဆုံးဖြတ်ပြီး ၃ နေရာတည်းပြိုင်မလား သို့မဟုတ် နေရာအားလုံးဝင်ပြိုင်မလား၊ ဘယ်နေရာတွေ မှာဝင်ရောက် ယှဉ်ပြိုင်မလဲဆိုတာတွေကို အတိအကျ ပြောလို့ရမယ်လို့ သူကရှင်းပြပါတယ်။
တိုင်းရင်းသားပါတီတွေထဲက အင်အားကြီး ပါတီလည်းဖြစ် NLD နဲ့လည်း အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်တဲ့ SLND ကတော့ ၂၀၁၈ ကြားဖြတ်မှာ ရှမ်းပြည်တောင်ပိုင်းက လဲချားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာနဲ့ မန္တလေးတိုင်းက ရှမ်းရေးရာဝန်ကြီး၂ နေရာ အတွက်ပဲ လောလောဆယ် လျာထားသေးတယ်လို့ သိရပါတယ်။
SNLD ဝင်ပြိုင်မယ့် ရှမ်းပြည်နယ် လဲချားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ SNLD က အနိုင်ရရှိထားတာဖြစ်လို့ လာမယ့်ကြားဖြတ်မှာလည်း SNLD ပဲအနိုင်ရမယ်လို့ ပါတီခေါင်းဆောင်တွေက ယုံကြည်ထားပါတယ်။
မန္တလေးတိုင်း ရှမ်းရေးရာဝန်ကြီး နေရာမှာ အဓိကပြိုင်ဘက်က NLD ဖြစ်ဖို့များပြီးရှမ်းပြည်နယ်မှာတော့ “ထွေထွေ ထူးထူး သိပ်မရှိလောက်ပါဘူး။ အစဉ်ဆက်အားဖြင့်လည်း SNLD က တောက်လျှောက် နိုင်လာတယ်ဆိုတော့ သိပ်ကြီးကြီး မားမား စိန်ခေါ်မှုတွေ မရှိလောက်ဘူး” လို့ SNLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာဆိုရင် လက်ရှိအနေအထားအရ အများစုဖြစ်နေတဲ့ NLD အတွက် ထပ်ပြီးရှုံးသွားလို့ အရေးမကြီးပေမယ့် တခြားနိုင်ငံရေးပါတီတွေ အတွက်ကတော့ ရှေ့ခြေတလှမ်းတိုးဖို့အတွက် အင်မတန် အရေးကြီးပြီး အရေးပါတယ်လို့ ဦးစိုင်းလိတ် က သုံးသပ်ပါတယ်။
စိုင်းရဲကျော်စွာမြင့် ကလည်း “၂၀၂၀ ရွေးကောက်ပွဲအတွက် နှစ်နှစ်ကျော်ပဲ လိုတော့တာ ဆိုတော့ တခြားပါတီတွေ ကိုယ်စားလှယ်လောင်းတွေ အတွက် သူတို့ရဲ့ ကွင်းကို စပြီးစမ်းလို့ရမယ်” လို့ မှတ်ချက်ပြုပါတယ်။
တိုင်းရင်းသားပါတီ တခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကတော့ ဘဏ္ဍာရေး အခက်အခဲကြောင့် ၁၃ နေရာစလုံးကိုဝင် ရောက်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘဲ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် အမတ် တနေရာသာဝင်ပြိုင်မယ် လို့ သိရပါတယ်။
အဲဒီရသေ့တောင် မဲဆန္ဒနယ်ဟာ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ANP ပါတီကိုယ်စားပြု ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးဖိုးမင်း ကွယ်လွန်သွားလို့ လစ်လပ်နေတာ ဖြစ်ပါတယ်။
၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အမ်းမြို့နယ် မဲဆန္ဒနယ်မှာ ဒေါက်တာ အေးမောင် အနိုင်ရခဲ့တာမို့ ၂၀၁၈ ကြားဖြတ်မှာလည်း ANP ကပဲ အနိုင်ရမယ်လို့ ANP ပါတီဒု-ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက တထစ်ချ ယုံကြည်နေပါတယ်။
“ဒီဘက်ပိုင်းမှာက ရခိုင်အမျိုးသားပါတီ နိုင်ထားတဲ့နေရာတွေမှာ တော်ရုံတန်ရုံကတော့ တခြားပါတီတွေ တိုးလို့မရနိုင်ပါဘူး။ ဘာမှ စိုးရိမ်စရာ မရှိပါဘူး” လို့ သူက ဆိုပါတယ်။
သူ့အနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ အင်အားကြီး ပါတီဖြစ်တဲ့ USDP နဲ့ NLD တို့ရဲ့ အားပြိုင်မှု တခုဖြစ်သလို၂၀၂၀ ရွေးကောက်ပွဲကိုလည်း ဒီရလဒ်က အဆုံးအဖြတ် ပေးလိမ့်မယ်လို့ ယူဆထားပါတယ်။
ပြီးခဲ့တဲ့ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်အများစုဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ကိုပုံအောပေးခဲ့ကြတာဖြစ်ပေမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကတော့ NLD အတွက် ယူတတ်ရင်သင်ခန်းစာ ဖြစ်စေခဲ့ပါတယ်။
တတိယအကြိမ်မြောက် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကျင်းပမယ့် ၂၀၂၀ ပြည့်နှစ်မှာ NLD အနေနဲ့ အောင်ပွဲထပ်ဆင့် နိုင်မလားဆိုတာ အတိုင်းအတာ တခုအထိ စမ်းသပ်နိုင်မယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာ NLD အတွက် စိန်ခေါ်မှု တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ။