ဆောင်းပါး

တပ်မတော်နဲ့ KIA တို့၏ စစ်ပွဲကြားက မြေစာပင်များ

Want create site? Find Free WordPress Themes and plugins.

နှစ်ဟောင်းက မကောင်းမှုပြုသမျှ အညစ်အကြေးတွေကို ဆေးကြောဖို့ အပြန်အလှန်ရေလောင်းပြီး ပျော်ရွှင်ကြတဲ့ သင်္ကြန်ကာလမှာ အရပ်ဒေသ အသီးသီးက လူတွေအားလုံး ပျော်ရွှင်ခဲ့ကြရပေမယ့် မြောက်ဖျားပိုင်းက ကချင်ပြည်နယ်မှာတော့ တိုက်ပွဲတွေကြောင့် ကချင်တိုင်းရင်းသားတွေ အိုးအိမ်စွန့်ရင်း အသက်ဘေး လွတ်ရာကို ထွက်ပြေးနေခဲ့ရပါတယ်။

တပ်မတော်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား မြေပြင်မှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်  ဖြစ်သလို၊ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အထိ စစ်ရေးတင်းမာနေတာကြောင့် တိုက်ပွဲတွေဖြစ်တဲ့ ဒေသက ကချင်တိုင်းရင်းသား ၆၁၀၀ ကျော်လောက် နေအိမ်တွေကို ထားခဲ့ရပြီး စစ်ဘေး လွတ်ရာကို ပြေးခဲ့ရတာပါ။

ပြေးခဲ့ရသူတွေထဲမှာ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ခဲ့ရသူတွေကတော့ တနိုင်းမြို့နယ်၊ အောင်လော့ဒ် ကျေးရွာက စစ်ဘေးရှောင် ဒုက္ခသည် ၂၀၀၀ ကျော်ဖြစ်ပါတယ်။

အင်ဂျန်းယန်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ မိုးကောင်းမြို့နယ်က စစ်ဘေးရှောင် ဒုက္ခသည်တွေက ထွက်ပြေးရင်း စစ်ဘေးရှောင် စခန်းတွေကို ခိုလှုံနိုင်ခဲ့ပေမယ့် အောင်လော့ဒ်ရွာသားတွေကတော့ ပြေးရင်း  တောတောင်ထဲမှာ ရက် ၂၀ ကျော်ကြာ ပိတ်မိနေခဲ့တာကြောင့် အစာငတ်၊ ရေငတ်တဲ့ ဒဏ်ကိုပါ ခံခဲ့ရပါတယ်။

တနိုင်းစစ်မြေပြင်က လွတ်မြောက်ဖို့အတွက် တောတောင်ထူထပ်ပြီး တောဆင်ရိုင်းတွေ၊ ကျားတွေ ပေါလွန်းတဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသကို ခြေလျင်လျှောက်ပြီး ဘေးလွတ်ရာကို ရောက်လာတဲ့ သူတဦးကတော့ အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးအင်ဆန်အောင်လတ်ပါ။

သူ့ ခြေထောက် နှစ်ဘက်စလုံး ယားနာတွေ ပေါက်ပြီး အရေပြားတွေ ကွဲအက်နေတဲ့ သူ့ခြေဖဝါးအစုံနဲ့ ဝါးစိမ်း ရှလို့ ရထားတဲ့ လက်က ဒဏ်ရာတွေက တောခရီးကြမ်းကို ဖြတ်ပြေးခဲ့ရတာ ဖြစ်ကြောင်း သက်သေခံ နေသလိုပါပဲ။

တပ်မတော်နှင့် KIA တို့၏ တိုက်ပွဲများကြောင့် တောနက်တွင်း ထွက်ပြေးပုန်းရှောင်ရာမှ ပြန်လည်လွတ်မြောက်လာသည့် ဦးအင်ဆန်းဆောင်လတ် (ဓာတ်ပုံ- နန်းလွင်နှင်းပွင့်၊ ဧရာဝတီ)

ဦးအင်ဆန်အောင်လတ် က “ကျနော့်ဘဝမှာ အဆိုးဆုံးအချိန်က အဲဒီထွက်ပြေးခဲ့ရတဲ့ အချိန်ပဲ။ ဒီအကြောင်းတွေကို ပြန်မစဉ်းစားချင်ဘူး။ တွေးမိရင် ငိုချင်လာတယ်” လို့ ပြောရင်း သူ့မျက်ဝန်းအစုံကလည်း နီရဲပြီး မျက်ရည်တွေ  ကျလာပါတယ်။

ကျလာတဲ့ မျက်ရည်တွေကို လက်နဲ့ သုတ်ရင်း အောင်လောဒ့်ရွာအနားမှာ လက်နက်ကြီးကျသံတွေ၊ ဗုံးသံတွေကြောင့် ဧပြီ ၁၁ရက်နေ့က သူ့ဇနီးနဲ့ အသက် ၂ နှစ်၊ ၄ နှစ်၊ ၁၄ နှစ်၊ ၁၆ နှစ် ရှိတဲ့ သားသမီး ၄ ဦးကို ခေါ်ပြီး အိမ်က နွားလှည်းနဲ့ လယ်တောတွေဘက်ကို ထွက်ပြေးခဲ့ရတာလို့ ပြောပြပါတယ်။

ဆက်ပြီး သူက “အဲဒီနေ့က နေ့လယ် ၂ နာရီလောက်မှာ လက်နက်ကြီးကျသံတွေ စကြားတယ်။ အသံတွေကြားတော့ ရွာထဲက လူတွေက ဟိုဘက်သွားလိုက်၊ ဒီဘက် သွားလိုက် ဖြစ်နေတာ။ ညနေ ၅ နာရီ လောက်ကျတော့ ဒီအတိုင်းနေလို့ မဖြစ်တော့ဘူးဆိုပြီး ပြေးဖို့ ကျနော် ဆုံးဖြတ်လိုက်တာ” လို့ ဆိုပါတယ်။

ဦးအင်ဆန်အောင်လတ် ကတော့ မပြေးခင် အိမ်ကနေ ဆန်၊ ငရုတ်သီးနဲ့ စားစရာရိက္ခာတွေ များများ သယ်ဖို့၊ ရက်ရှည် ပြေးရမယ်ဆို စားနပ်ရိက္ခာ မပူပင်ရအောင် သူ့အမျိုးသမီးကို ထုတ်ပိုးခိုင်းပြီး သူကတော့ ကလေးတွေ အတွက် အဝတ်အစားတွေ ထည့်ပါတယ်။ သူ့အတွက်ကတော့ ကိုယ်မှာ ဝတ်ထားတဲ့ အဝတ်အစား ကလွဲလို့ အပိုတစုံတောင် မယူလာခဲ့ပါဘူး။

ဦးအင်ဆန်အောင်လတ်တို့ မိသားစုလိုပဲ အောင်လော့ဒ်ရွာသူရွာသား ၂၀၀၀ ကျော်က နှစ်ဖက်ပစ်ခတ်မှုတွေ ကြားမှာ ကြားညပ်မှာ စိုးရိမ်တာကြောင့် ရွာနဲ့ မလှမ်းမကမ်းက လယ်တောတွေထဲကို ပြေးခဲ့ကြပါတယ်။

အနီးအနားကိုပဲ ပြေးရတာက တိုက်ပွဲအခြေအနေတွေ ငြိမ်သက်လာရင် ရွာကို ပြန်ကြဖို့ စိတ်ကူးနဲ့ပါ။

တနိုင်းဒေသတွင်းမှာ တရားမဝင် ရွှေနဲ့ ပယင်းမှော်တွေ လုပ်ကိုင်ရင်း KIA က နှစ်စဉ် ကျပ်သိန်းပေါင်း ၂၈၀၀၀ ခန့် အခွန်ကောက်ခံရရှိပြီး နိုင်ငံဘဏ္ဍာငွေ ဆုံးရှုံးနေတာကြောင့် တနိုင်းက မှော်တွေကို တိုက်ခိုက် သိမ်းယူဖို့ ၂၀၁၇ ခုနှစ်၊ ဇွန်လ ပထမပတ်ကတည်းက တပ်မတော်က ကြေညာပြီး ထိုးစစ်ဆင်ခဲ့တာပါ။

တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန် ၂၀၁၇ ခုနှစ်ကတည်းက KIA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက တပ်မတော်ဟာ KIA ရဲ့ ဝင်ငွေကို ဖြတ်တောက်ချင်လို့ ထိုးစစ်ဆင်တာလို့ ဧရာဝတီကို ပြောဆိုထားပါတယ်။

ပယင်း၊ ရွှေနဲ့ ကျောက်နီတွေ ထွက်တဲ့ ဒေသကို ကုန်စင်အောင် တိုက်ခိုက် သိမ်းယူဖို့ တပ်မတောက ကြွေးကြော်ထားတာကြောင့် ဦးအင်ဆန်အောင်လတ်တို့ အောင်လော့ဒ်ရွာသားတွေ တွေးသလို အိမ်ပြန်ဖို့ တိုက်ပွဲတွေ မငြိမ်သက်ခဲ့ပါဘူး။

အကျိုးစီးပွားကြောင့် အပြန်အလှန်တိုက်ကြတဲ့ တိုက်ပွဲမှာ ပယင်းတွေ ရွှေတွေ ပိုင်ဆိုင်မှု မရှိဘဲ ဘိုးဘွားပိုင် လယ်ယာတွေပဲ လုပ်ကိုင် စားသောက်ကြတဲ့ ဦးအင်ဆန်အောင်လတ်တို့ အောင်လော့ဒ် ရွာသား တွေကတော့ အိုးအိမ်မဲ့ပြီး ဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တောနက်တွင်း ပြေလွှားရင်း ရရှိခဲ့သည့် ဦးအင်ဆန်အောင်လတ်၏ ခြေထောက်မှ ဒဏ်ရာများ (ဓာတ်ပုံ – နန်းလွင်နှင်းပွင့်၊ ဧရာဝတီ)

အခါကြီး ရက်ကြီး သင်္ကြန်အကြိုနေ့၊ ဧပြီလ ၁၃ ရက်မှာ အောင်လော့ဒ်ရွာထဲကို စစ်သားတွေ ဝင်လာတာ မြင်တဲ့အတွက်  ဘေးလွတ်ရာကို ပြေးဖို့ ထပ်မံစဉ်းစားကြသလို  ပြေးတဲ့အခါမှာလည်း အစုလိုက် အပြုံလိုက်  ပြေးတာထက် ကိုယ့်မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေ စုပြီး အဖွဲ့တွေ ခွဲပြီး ပြေးကြဖို့ ရပ်ရွာလူကြီးတွေနဲ့ ဘာသာရေးဆရာတွေက ပြောဆိုခဲ့ပါတယ်။

ဦးအင်ဆန်အောင်လတ်လည်း သူ့မိသားစု ၅ ဦး၊ သူ့မိတ်ဆွေ မိသားစု ၉ ဦး၊ တနိုင်းဒေသမှာ ရွှေလာတူးတဲ့  ရွှေ့ပြောင်းလုပ်သား ၁၁ ဦးတို့နဲ့ အတူ စုစုပေါင်း ၂၆ ဦး တဖွဲ့ ပြေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဦးအင်ဆန်အောင်လတ် က “ကျနော်တို့က ကျနော့်မိတ်ဆွေ မိသားစုနဲ့ ပြေးမလို့ တဖွဲ့စုတယ်။ အဲဒီမှာ အလုပ်သမား တွေကလည်း သူတို့လည်း ကျနော်တို့နဲ့ လိုက်ချင်တယ်ဆိုတာနဲ့ အတူတူ တဖွဲ့ဖြစ်သွားတာ” လို့ ပြောပြပါတယ်။

ရွာကနေ တနိုင်းမြို့ပေါ်ကို သွားမယ့် လမ်းကလည်း တပ်မတော်၊ စစ်ကြောင်းတွေ အပြည့် နေရာယူထားပြီး တချို့ တောလမ်းတွေကလည်း KIA ဘက်က မိုင်းတွေ ထောင်ထားတာကြောင့် ဦးအင်ဆန်အောင်လတ်တို့ အဖွဲ့က လူသူမပေါက်ရောက်ဘဲ တောဆင်ရိုင်းတွေ၊ ကျားတွေ ကျက်စားတဲ့ တောတောင်တွေထဲကနေ ဖြတ်ပြီးဘေးလွတ်မယ့် ရွာကို လမ်းပေါက်တဲ့အထိ ပြေးဖို့ ရွေးချယ်ပြီး ခြေလျှင်ခရီးနှင်ကြပါတယ်။

ဦးအင်ဆန်အောင်လတ် က “စထွက်တာနဲ့ တော်တော်ဒုက္ခရောက်တယ်။ လမ်းမှာလည်း မိုးကရွာ။ တောဆိုတော့ ကျွတ်တွေ ကလည်း ကိုက်တာ ခြေထောက်မှာ အနာတွေ ဖြစ်လာတယ်” လို့  ပြောပါတယ်။

တခြားရွာသူရွာသားတွေနဲ့ ခွဲထွက်ပြီး တောထဲကို ပြေးလာတဲ့ ဦးအင်ဆန်အောင်လတ်တို့ အဖွဲ့ တောထဲရောက်တာနဲ့ လမ်းစရှာမတွေ့တော့အောင် လမ်းပျောက်သွားပြန်ပါတယ်။

ဦးအင်ဆန်အောင်လတ်နဲ့ သူ့မိတ်ဆွေတို့က လမ်းရှာကြပြီး လမ်းတွေ့တာနဲ့ ကလေးတွေ မိန်းမတွေနဲ့ ရွှေ့ပြောင်း   လုပ်သားတွေကို လာခေါ်ပြီး ခရီးဆက်ကြပါတယ်။

ဦးအင်ဆန်အောင်လတ်ရဲ့ အမျိုးသမီး ဖြစ်သူ ဒေါ်ဆိုင်းဂျာက “လမ်းမှာ အရမ်းမောတယ်။ တောက လမ်းပြေပြေလေး မဟုတ်ဘူး။ တောင်တွေလည်း တက်ရဆင်းရတယ်။ နာရီဝက်လောက် လျှောက်ပြီးတာနဲ့ ခဏနားပြီး ပြန်လျှောက် ရတယ်” လို့ ပြောပြပါတယ်။

သူတို့ အဖွဲ့မှာ ဦးအင်ဆန်အောင်လတ်ရဲ့ ၂ နှစ်အရွယ်သားငယ် တဦး ပါသလို၊ သူ့မိတ်ဆွေ မိသားစုမှာလည်း ၆ လသား ရင်ခွင်ပိုက် ကလေးငယ် တဦး ပါလာပါတယ်။

ဦးအင်ဆန်အောင်လတ်နဲ့ ဒေါ်ဆိုင်းဂျာတို့ရဲ့ ၂ နှစ်အရွယ် သားငယ်ကတော့ လမ်းမှာ “လေယာဉ် လာရင် ထွက်ပြေး ရမယ်” ဆိုတဲ့ စကားကိုပဲ ပြောနေတယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ဒေါ်ဆိုင်းဂျာက သူ့သားငယ်ရဲ့ မျက်နှာကို ပွတ်ရင်း “သူ့ ပါးက အနာက လမ်းမှာ အိပ်တော့ ဝါးစိမ်းခြစ်မိတာ” လို့ ပြောပြပါတယ်။

တောလမ်းမှာ အမျိုးသား ဖြစ်သူတွေက လမ်းရှာ၊ တောလမ်းရှင်းသလို အမျိုးသမီးတွေ ကတော့ သယ်လာတဲ့ ကလေး ပစ္စည်းတွေကို ပလိုင်းနဲ့ ကျောမှာ ပိုးပြီး လမ်းမလျှောက်နိုင်တဲ့ ကလေးတွေကို ရင်ခွင်မှာ ပိုက်ပြီး ခရီးနှင်လာရတာပါ။

လမ်းမှာ အမျိုးသမီးတွေက ဆန်ရှိတုန်းက ထမင်းဟင်းချက်ပြီး ရိက္ခာကုန်သွားတော့ တောထဲက အသီးအရွက်တွေကို မီးမွှေး၊ ရေနွေးတည်၊ ပြုတ်ပြီး ဝမ်းရေးကို ဖြေရှင်း ကြပါတယ်။

စားရေးရိက္ခာအပြင် ထပ်ကြုံရတဲ့ အခက်အခဲ တခုကတော့ တောဆင်ရိုင်းတွေ၊ ကျားတွေ၊ မျောက်တွေ၊ မြွေတွေ ပေါတဲ့ ဟူးကောင်းချိုင့်ဝှမ်း တောကြီးထဲမှာ တောကောင် တိရစ္ဆာန်တွေ အန္တရာယ် မပြုအောင် မီးဖိုပြီး ခြောက်လှန့်ရတာပါလို့ ဦးအင်ဆန်အောင်လတ် က ဆိုပါတယ် ။

သင်္ကြန်ကာလဖြစ်တာကြောင့် သင်္ကြန်မိုးက ရွာ၊ တောကြီးထဲမှာ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ဘေးလွတ်တဲ့ ရွာ တရွာကို လမ်းပေါက်ဖို့ မျှော်လင့်ချက်နဲ့ တောတိုးနေတဲ့ ဦးအင်ဆန်အောင်လတ်တို့ အားလုံး မိုးစိုကုန်တာကြောင့် ပိုအခက်တွေ့ရပြန်ပါတယ်။

စုစုပေါင်း ၂၆ ဦးစလုံးမှာ ပလတ်စတစ်အခင်း တခုတည်း ပါတာကြောင့် ညရောက်တဲ့အခါ တော ဆက်မတိုးနိုင်  တော့တာကြောင့် ပလတ်စတစ်ကို အားလုံး စုခြုံပြီး မြေကြီးပေါ်မှာပဲ လှဲလိုက်၊ ထိုင်လိုက်နဲ့ အိပ်ခဲ့ ကြရပါတယ်။

တရက်ပြီး တရက် တောထဲမှာ အချိန်ကုန်လာတဲ့အခါ ကလေးတွေက လမ်းဆက်မလျှောက်နိုင်တော့လို့ ညည်းညူရင်း ငိုတာကြောင့် လူကြီးတွေက အော်ငေါက်ရင်း လမ်းဆက်လျှောက်ဖို့ ပြောခဲ့ရတယ်လို့လည်း ဦးအင်ဆန်အောင်လတ်က ဆိုပါတယ်။

“လမ်းပျောက်ရင်း ရေကလည်း ငတ်။ ညဆို ရေရှိတဲ့ နေရာရှာပြီး အိပ်ရတယ်။ ရေငတ်တာ အဆိုးဆုံးပဲ။ ရေချောင်းမတွေ့ရင် ဆင်တွေ ဆော့ထားတဲ့ မြောင်းထဲ၊ အိုင်ထဲက ရေကို ပုဆိုးနဲ့ စစ်ပြီးကလေးတွေကို ဦးစားပေး တိုက်ရတယ်။ အဲဒီရေနဲ့ပဲ ထမင်းချက်တယ်”လို့လည်း သူက ပြောပြပါတယ်။

လမ်းမှာ ချောင်းရှာတွေ့ဖို့ မလွယ်တာကြောင့် မြောင်းထဲ အိုင်ထဲက ရေကို သဲတွေ၊ အမှုန်တွေ ပါမလာအောင် ပုဆိုးနဲ့ စစ်၊ ဝါးဆစ်ဘူးထဲ ထည့်ပြီး လမ်းမှာ  ရေဆာရင် သောက်ဖို့ သယ်တယ်လို့လည်း ဦးအင်ဆန် အောင်လတ်ကဆိုပါတယ်။

တောထဲမှာ ပြေးရင်း တပတ်အကြာမှာတော့ ဦးအင်ဆန်အောင်လတ်တို့ အဖွဲ့မှာ စားနပ်ရိက္ခာ နည်းလာတာကြောင့် ဆန်ကို ချက်ပြီး ရလာတဲ့ ထမင်းကို ဆားနဲ့ နယ်စားခဲ့ကြရတယ်လို့ သိရပါတယ်။

တောဆက်တိုးရင်း လမ်းကလည်း ပျောက်၊ ရွာရှိမယ်ထင်တဲ့ နေရာကို လမ်းဖောက်ရင်း ဇွတ်တိုးပြီး သူတို့ ၂၉ ဦး တဖွဲ့တည်း ဖြစ်နေတဲ့အပြင် အခြားရွာသူရွာသားတွေနဲ့လည်း မတွေ့တာကြောင့် လမ်းကို ဦးဆောင်သွားနေရတဲ့ ဦးအင်ဆန်အောင်လတ် တယောက် စိတ်ဓာတ် ကျလာ ပြန်ပါတယ်။

တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွေ ဆင်နွှဲပြီး ပျော်ပါးနေကြ၊ ပွဲလမ်းသဘင်တွေ ဆင်နွှဲနေကြတဲ့ အချိန်မှာ ဦးအင်ဆန်အောင်လတ်တို့ မိသားစုနဲ့ ရွာသူရွာသား နှစ်ထောင်ကျော်ကတော့ အသက်ဘေးလွတ်ဖို့အတွက် တောတောင်ထဲမှာ ခြေလျင်လျှောက်ရင်း ပြေးနေခဲ့ ရပါတယ်။

သင်္ကြန်တွင်းမှာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း မဏ္ဍပ်ဖွင့်ပွဲတွေမှာ ဖဲကြိုးဖြတ်ပြီး ရေကစားနေကြတဲ့ အစိုးရ အာဏာပိုင်တွေက ဦးအင်ဆန်အောင်လတ်တို့ကို သင်္ကြန်တတွင်းလုံး မေ့လျော့နေခဲ့ကြပါတယ်။

တနိုင်းမြို့ပေါ်က ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်ကူညီရေး ကော်မတီကတော့ ဦးအင်ဆန်အောင်လတ်တို့ အောင်လော့ဒ်ရွာသားတွေ စတင်ပိတ်မိစဉ်ကတည်းက တပ်မတော်ကို ကူညီပေးဖို့ ဘာသာရေးဆရာတွေနဲ့ သွားညှိနှိုင်းခဲ့သလို ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို ကူညီပေးဖို့လည်း အကူအညီတောင်းတဲ့ စာတွေ ပို့ခဲ့ပါတယ်။

သို့ပေမယ့် အစိုးရအဖွဲ့က ကယ်ဆယ်ခဲ့ခြင်း မရှိသလို တနိုင်းမြို့အခြေစိုက် တပ်မတော်အရာရှိတွေကလည်း မကူညီနိုင်တဲ့ အကြောင်း ဘာသာရေးဆရာတွေကို ငြင်းဆိုခဲ့ကြပါတယ်။

တောထဲမှာ ခြေဦးတည့်ရာ ပြေးနေတဲ့ ဦးအင်ဆန်အောင်လတ် တို့ကတော့ သားသမီးငယ်တွေလည်း ပါလာတာကြောင့် တောထဲက လွတ်အောင် ပြေးရမယ် ဆိုတဲ့ စိတ်နဲ့ လမ်းရှင်းရင်း ရှေ့ဆက်တိုးရင်း ၁၄ ရက် မြောက်ဖြစ်တဲ့ ဧပြီလ ၂၆ ရက်မှာတော့ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာကို ရောက်သွားပါတယ်။

ဒွမ်ဘန်ကျေးရွာကို ရောက်တာနဲ့ သူသိတဲ့ နမ္မတီးမြို့က ဘာသာရေးဆရာတွေဆီ ဖုန်းလှမ်းဆက် အကူအညီ တောင်းပြီး ဘာသာရေး ဆရာတွေက ကားနဲ့ လာကြိုတာကြောင့် နမ္မတီးမြို့၊ စစ်ဘေးရှောင် စခန်းကို ဦးအင်ဆန်အောင်လတ်တို့ ရောက်လာကြတာပါ။

“ဒီကို ရောက်လာတုန်းက အရမ်းကြောက်တယ်။ အစိုးရတွေဘက်က တောထဲကနေ ဘယ်လို လွတ်လာလည်း ဆိုတာ လာမေးမြန်း မလားဆိုပြီး စိတ်က ဆောက်တည်ရာ မရဘူး။ ဒီမှာ တပတ်လောက် နေမှ စိတ်သက်သာလာတယ်”လို့လည်း ဦးအင်ဆန်အောင်လတ်က ဆိုပါတယ်။

ကချင်ပြည်နယ်တွင်းက မြို့နယ်တွေ၊ ရွာတွေမှာ တိုက်ပွဲတွေဖြစ်တိုင်း အရပ်သားတွေကို KIAတွေနဲ့ ဆက်စပ်မှု ရှိမရှိ တပ်မတော်ဘက်က စစ်ဆေးမေးမြန်းသလို၊ ဖမ်းချုပ်ရိုက်နှက်တဲ့ အမှုတွေ အများအပြား ရှိနေတာ တကြောင်း၊ ဘယ်သူမှ လွတ်မြောက်လာခြင်း မရှိသေးတဲ့ တောနက်ထဲကနေ လမ်းတွေ့ပြီး ထွက်လာနိုင်တဲ့ သူ့ကို KIA အဖွဲ့ထဲကလို စွပ်စွဲခံရမှာ၊ မေးမြန်းခံရမှာကိုလည်း ဦးအင်ဆန်အောင်လတ် ကြောက်နေခဲ့တာလို့ သိရပါတယ်။

ဧပြီလ ၃၀ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့မှာ ကချင်လူငယ် ၃၀၀ ကျော် စုစည်းပြီး တနိုင်းမြို့နယ်နဲ့ ဖားကန့်မြို့နယ်ထဲမှာ တိုက်ပွဲတွေကြား ပိတ်မိနေသူတွေကို အစိုးရက ကယ်ထုတ်ပေးဖို့ ထိုင်သပိတ်စခန်းဖွင့်ပြီး တောင်းဆိုခဲ့ကြပါတယ်။

မေလ ၃ ရက်မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်က လူငယ်တွေကိုခေါ်ယူညှိနှိုင်းပြီး ကယ်ထုတ်ခွင့်ပြုတာကြောင့် ဖားကန့်မြို့နယ်ထဲ ပိတ်မိနေသူ ၁၆၀ ကျော်ကို ကယ်ဖို့ ဘာသာရေးဆရာတွေနဲ့ ဆန္ဒပြလူငယ်တွေ သွားခဲ့ပေမယ့် တပ်မတော်က တားဆီးတာကြောင့် ပြန်လှည့်ခဲ့ရပြီး မေလ ၈ ရက်မှာတော့ ပြည်နယ်အစိုးရအဖွဲ့က သွားကယ်ထုတ်ခဲ့ပါတယ်။

အောင်လော့ဒ်ကျေးရွာသားတွေ သတင်းကတော့ ပျောက်ဆုံးနေဆဲပါပဲ။ မေလ ၈ ရက်မှာတော့ အယောက် ၃၀၀ တဖွဲ့၊ မေလ ၉ ရက်မှာတော့ ၂၆၀ ဦး တဖွဲ့ ထပ်မံ ထွက်ပြေးလွတ်မြောက်လာကြပါတယ်။

ကျန်နေတဲ့ တထောင်ကျော်ကတော့ ဘေးလွတ်ရာ တနေရာရာကို ရောက်နေပြီလား၊ တောထဲမှာပဲ ဆက် ပိတ်မိနေပြီး လမ်းရှာနေတုန်းပဲလား ဆိုတာကိုတော့ ဘယ်သူကမှ မသိကြပါဘူး။

တောတောင်ထဲမှာ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ရုန်းကန်ထွက်ပြေးခဲ့တဲ့ ဦးအင်ဆန်အောင်လတ် ကတော့တောထဲမှာ ပိတ်မိနေဆဲ ဖြစ်တဲ့ သူ့ရွာသူရွာသားတွေ၊ မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ပြောပါတယ်။

တောထဲမှာ သူကိုယ်တိုင် ခြေဦးတည့်ရာ ပြေးရင်း တောကောင် ကြောက်ရ၊ လမ်းရှာရ၊ ရေငတ်တဲ့ ဒဏ်ခံရနဲ့ ကြုံခဲ့ရတာကြောင့် ပိတ်မိနေသေးတဲ့ သူတွေ အမြန်ဆုံးလွတ်မြောက်ဖို့ သူယုံကြည် ကိုးကွယ်တဲ့ ယေရှုဘုရား ဆီမှာ နေ့တိုင်း ဆုတောင်းပေးနေတယ်လို့လည်း ဦးအင်ဆန်အောင်လတ်က  ပြောလိုက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading