စိမ်းညို့နေတဲ့ စပါးခင်းတွေ၊ တောင်တန်းတွေခြံရံထားတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းက အဲန်ကျေးရွာဟာ ခိုင်မာလှတဲ့ ယုံကြည်ကိုးကွယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။
လယ်ကွင်းတွေပေါ်က လျှပ်ပြေးတိုက်ခတ်နေတဲ့ လေတွေကြောင့် အဲန်ကျေးရွာကို သွားရာ လမ်းတလျှောက်မှာ စပါးအနံ့တွေ သင်းပျံ့လို့နေတယ်။
အဲန်ကျေးရွာဟာ သွားရေးလာရေး ခက်ခဲတဲ့ကျေးရွာတရွာ ဖြစ်ပေမယ့် နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင် ထားတဲ့ ရွာလေးတရွာဖြစ်ပါတယ်။
အဲန်ဆိုတာကတော့ ရှမ်းလူမျိုးစုတွေထဲက လူမျိုးစုတခုလို့ သိရပါတယ်။ သူတို့တွေကတော့ ရှမ်း စကားနဲ့ အဲန် စကားကို အဓိက ပြောဆိုနိုင်ပါတယ်။
အဲန် ဆိုတာ ရှမ်းဘာသာစကားအရ ပြေးလွှားတယ်လို့ အဓိပ္ပာယ် ရပါတယ်။
သူတို့တွေက နတ်ကိုးကွယ်မှုကို ခိုင်ခိုင်မာမာယုံကြည်နေဆဲဖြစ်ပြီး မိရိုးဖလာ ရိုးရာနတ်တွေက သူတို့ရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ စားဝတ်နေရေး ကိစ္စတွေကို ဖြည့်ဆည်းပေးနေတယ်လို့ ရွာသားတွေက ဆိုပါတယ်။
အဲဒီဒေသကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ထဲက ကျေးရွာတစ်ရွာဖြစ်ပါတယ်။ ကျိုင်းတုံမြို့ကနေ ၄၅ မိနစ်လောက် (ကားနဲ့) သွားမယ်ဆိုရင် ပင်ကောက် ကျေးရွာအုပ်စု နမ့်လင်းမိုင်ရွာဆိုတဲ့ အဲန် ကျေးရွာကို ရောက်ပါတယ်။
ရွာထဲကို အဝင်လမ်းတနေရာမှာတော့ အဲန်ကျေးရွာသားတွေရဲ့ ရိုးရာနတ်စင်တခုဟာ အုတ်နဲ့ခိုင်ခိုင်မာမာ တည်ဆောက်ထားတာကို တွေ့ရပါမယ်။
ရှေးရိုးရာ ဆန်ဆန် ဝတ်စုံ အနက်ရောင် ဝတ်ဆင်ထားတဲ့ အဲန်ရွာသားတွေဟာ သွားမည်းတွေ ပေါ်အောင် ရယ်လျက် လာလည်သူခရီးသွားတွေကို ပျူငှာစွာ ကြိုဆိုနေကြပါတယ်။
အဲန်ကျေးရွာဟာ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အဓိကအကြောင်းအရင်းကတော့ ရွာသားတွေရဲ့ လူနေမှု ပုံစံကြောင့်ပါ။
အဲန်လူမျိုးတွေဆီကို စိတ်ဝင်တစား သွားရောက်လည်ပတ်တဲ့ သူတွေကတော့ နိုင်ငံခြားသားတွေသာ ဖြစ်ပြီး ရှေးကျတဲ့ လူမျိုးစုတခုပုံစံအဖြစ်လေ့လာသူ နိုင်ငံခြားသားတွေရဲ့ စိတ်အာရုံကို ဖမ်းယူထားပါတယ်။
အဲန်လူမျိုးတွေကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့အနီးတဝိုက်နဲ့ မိုင်းဖြတ်ဒေသတွေမှာ တွေ့နိုင်ပါတယ်။
များသောအားဖြင့်တော့ မိရိုးဖလာ နတ်ကိုးကွယ်ကြတဲ့ လူမျိုးစုတခုပါ။ အဲန်ရွာ စုစုပေါင်း ၄၀ ဝန်းကျင်သာရှိပြီး အဲန် လူဦးရေ ၅၀၀၀ ဝန်းကျင် ရှိကြောင်းသိရပါတယ်။
အဲန်တွေက ဝေလံခေါင်ဖျားတဲ့ နေရာမှာပဲ နေထိုင်ကြပါတယ်။ ရွာတရွာမှာ ရွာသူကြီး ရှိပြီး ခွန်ဆောင် လို့ခေါ်တဲ့ နတ်ဆရာလည်းရှိပါတယ်။ သူတို့တွေက အလှည့်ကျ စနစ်နဲ့ တာဝန်ထမ်းဆောင် ကြပါတယ်။
အဲန်ရွာတွေရဲ့ ထူးခြားချက်ကတော့ ရပ်ရွာ အလှူပွဲနဲ့ နတ်ပွဲ ဆိုရင် နတ်ဆရာက ရွာသူကြီးထက် အာဏာ ရှိပါတယ်။
နတ်ဆရာတွေမှာလည်း လက်ထောက် ၂ ယောက်၊ ဒါမှမဟုတ် ၁ ယောက် ထားကြတယ်။ ဘာကြောင့်လဲ ဆိုတော့ နတ်ဆရာ ကွယ်လွန်သွားခဲ့ရင် လက်ထောက် တယောက်က နတ်ဆရာ နေရာကို ပြန်တာဝန် ထမ်းဆောင် ရမယ်လို့ နတ်ဆရာ အိုက်ယီမောက်က ပြောပါတယ်။
အိုက်ယီမောက်က နတ်ဆရာလုပ်တာ ၂၇ နှစ်ရှိပါပြီ။ သူ့လက်အောက်မှာတော့ လက်ထောက် တယောက် ရှိကြောင်း သိရပါတယ်။
“နတ်ဆရာ လက်ထောက် ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ နတ်ပွဲ ပြင်ဆင်ပြီးတော့ နတ်ပင့်ပြီး ရွေးချယ်ရတယ်” လို့လည်း အိုက်ယီမောက်က ပြောပြပါတယ်။
ရွာရဲ့ နတ်ဆရာ အိမ်ထဲကို ဝင်ကြည့်လိုက်ရင်လည်း သူတို့ ပူဇော်တဲ့ နတ်ကို ခေါ်ဖို့အတွက် ဗုံအကြီး တလုံး၊ နတ်စင် ၂ ခု ထားရှိတာကို တွေ့မြင်ရပါတယ်။
“အဲဒီဗုံကို အကြောင်းမဲ့ မတီးရဘူး။ နတ်အလှူပွဲ ရှိမှ တီးရတာ။ ရွာမှာရှိတဲ့ အမျိုးသားပဲ တီးရပါတယ်” လို့ နတ်ဆရာ အိုက်ယီမောက်က ရှင်းပြပါတယ်။
အကြောင်းမဲ့ ဗုံတီးမိခဲ့မယ်ဆိုရင် နတ်ကို ပြန်ပြီး တောင်းပန်ပူဇော် ပသရကြောင်းလည်း သူက ဆိုပါတယ်။
နတ်ပူဇော်တဲ့ အချိန်မှာ ဗုံတီးခြင်းအားဖြင့် မိသားစုထဲမှာ လာဘ်ပွင့်တယ်၊ လူချစ်လူခင် ပေါများတယ်၊ ရွာထဲမှာ မကောင်းဆိုးဝါးတွေ မဝင်ရောက်နိုင်ဘူး၊ ရွာထဲမှာ ကလေး မွေးဖွားတဲ့အခါ စောင့်ရှောက်ပေးတယ်၊ ရန်သူတွေက သူတို့ကို မတွန်းလှန် နိုင်ဘူး၊ ဆန်ရေစပါးတွေ တနှစ်စာ ဖူလုံမယ် စသည်ဖြင့် ယုံကြည်ကြပါတယ်။
သူတို့ရဲ့ ထင်ရှားတဲ့ ရိုုးရာ နတ်ပွဲတွေကတော့ တန်ဆောင်မုန်း လဆန်း ၁၂ ရက်နေ့မှာ ကျင်းပတဲ့ နတ်ပွဲနဲ့ ဆောင်း အကုန် နွေအကူးမှာ အမဲလိုက်ပြီး နတ်ပူဇော်တဲ့ပွဲ ရှိတယ်လို့ နတ်ဆရာက ပြောပြပါတယ်။
သူတို့ ယုံကြည် ကိုးကွယ်တဲ့ နတ်တွေကတော့ ဖီမွန်လို့ခေါ်တဲ့ တောတောင်စောင့်နတ်၊ သေသွားတဲ့ ဘိုးဘေး နတ်တွေပဲ ဖြစ်ပါတယ်။ အဲန် လူမျိုးတွေရဲ့ ၈၀ ရာခိုင်နှုန်းက နတ်ကိုးကွယ်ကြပြီး ကျန်တာတော့ ဗုဒ္ဓဘာသာဝင် အနည်းငယ်နဲ့ ခရစ်ယာန် ဘာသာဝင်တွေပါပဲ။
အဲန် တွေရဲ့သွားဟာ ဘာကြောင့် မည်းနေသလဲဆိုတော့ အဲန်တွေက သွားမည်း စေဖို့အတွက် မိုက်ကော်ရဲ့ အခေါက်က ထွက်လာတဲ့ မှိုင်းဆီကို ယူပြီး သွားကို သုတ်လိမ်းပေးရတယ်လို့ အဲန်လူမျိုး အမျိုးသမီး အီ က ပြောပါတယ်။
“သွားမည်း လုပ်ခါစဆိုရင် တနေ့ ၂ ကြိမ်သုတ်လိမ်းရပါတယ်။ အမည်းရောင် သွားကို ကပ်ပြီးသွားပြီဆိုရင် တပတ် တကြိမ်ပဲ ဆက်လုပ်ရပါတယ်” လို့ အီ က ဆိုပါတယ်။
သွားမည်းအောင် လုပ်ရခြင်းရဲ့ အကြောင်းရင်းကတော့ လူပျိုအပျိုဖော် ဝင်ပြီး အိမ်ထောင်ပြုဖို့ အရွယ်ရောက် လာတဲ့အချိန်မှာ ခံတွင်းနံ့မနံအောင်ရယ်၊ သွားကိုက်လာတဲ့အခါ မှိုင်းဆီ သုတ်လိမ်းလိုက်ရင် သွားနာတာ သက်သာတာကြောင့်လို့ သိရပါတယ်။
သူတို့တွေက သွားမည်းတာကို ဂုဏ်ယူသလို အရင်တုန်းကဆိုရင် အဲန်လူမျိုးတွေ သွားမည်း မလုပ်ထားရင် အဲန်လူမျိုးလို့ မသတ်မှတ်ကြဘူးလို့လည်း သိရပါတယ်။
သွားမည်းကို အသက် ၁၂၊ ၁၃ အရွယ် အပျို၊ လူပျိုဖော် ဝင်ခါစမှာ လုပ်ကြကြောင်း၊ အမျိုးသား၊ အမျိုးသမီး အားလုံး နားဖောက်ကြကြောင်းလည်း နမ့်လင်းမိုင် ကျေးရွာမှာ နေထိုင်သူတွေက ပြောပါတယ်။
အဲန်ရွာရဲ့ ဓလေ့ တခုကတော့ တောင်ယာ စိုက်ပျိုးမှုက ရလာတဲ့ ဆန်ကို ပွဲတော်ကျင်းပဖို့အတွက် ရွာ လယ်ခေါင်မှာ လာရောက်စုပုံကြတယ်လို့လည်း သိရပါတယ်။
“ကျမတို့ဆီမှာ ရလာတဲ့ဆန်ကို ဘုံသဘောနဲ့ စုရတယ်။ အဲဒီဆန်နဲ့ ပွဲတော်ကျင်းပရင် သုံးတယ်။ နောက် စားစရာ မရှိတဲ့သူဆိုရင် လာယူသုံးလို့ရတယ်” လို့ အဲန်အမျိုးသမီး အီက ဆိုပါတယ်။
အဲန်ရွာမှာ နေထိုင်တဲ့ သူတွေက ရွာထဲမှာ ငွေကြေးသုံးစွဲမှု မရှိကြသလို၊ လိုအပ်တာကိုလည်း မျှဝေ သုံးစွဲတာတွေ လက်ရှိ အချိန်ထိ ရှိနေဆဲပါ။