ဒီနှစ်ထဲမှာတော့ တောင်ပေါ်ဒေသကို လပိုင်းပဲခြားပြီး ရောက်ဖို့အကြောင်း ဖန်လာတာကြောင့် မရောက်ဘူးသေးတဲ့ ချင်းပြည်နယ် တောင်ပိုင်းက နတ်မတောင်ကို တက်ဖို့ ဖြစ်လာပါတယ်။
သွားလာရ ခက်ခဲလွန်းတဲ့ ချင်းပြည်နယ်မြောက်ပိုင်းကို ပြီးခဲ့တဲ့လက ရောက်ပြီးကတည်းက လမ်းကြမ်း ပင်ပန်းပြီး ချင်း တောင်တွေဆို နည်းနည်း ကြောက်သလိုလိုတောင် ဖြစ်နေလို့ သွားဖို့အစီအစဉ် မရှိတော့တဲ့ ကျမက အိမ်သားတွေ ကောင်းမှု နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းပြည်နယ် တောင်ပိုင်းကို ရောက်ခဲ့ရပါတယ်။
ချင်းပြည်နယ် တောင်ပိုင်းရဲ့ ကန်ပက်လက်မြို့ကတော့ မြေပြန့်နဲ့ အနီးဆုံးမို့ သွားလာရ လွယ်ကူတယ်လို့ပဲ အကြမ်းဖျင်း ပြောရမှာပါ။
ချင်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ တီးတိန်မြို့နဲ့စာရင် ကားနဲ့သွားရင် လမ်းကောင်းပြီး တိုတောင်းတာမို့လို့ ချင်း တောင် တန်းတွေပေါ် လည်ပတ်ချင်သူတွေဟာ ဒီလမ်းကြောင်းကို အသွားများကြ ပါတယ်။ ပြီးတော့ လေ့လာ လည်ပတ်စရာ တွေလည်း များတယ်လေ။
ကျမတို့မိသားစုဟာ ရန်ကုန်ကနေ နေပြည်တော်၊ အဲဒီကနေ ပုဂံမြို့ကိုဝင်ပြီး ပုဂံမှာ တည အနားယူလိုက် ကြပါတယ်။
နွေရာသီဖြစ်လို့ ဧည့်ပါးနေတဲ့ ကာလဖြစ်တဲ့အခါ သွားလာရကောင်းသလို ကျမတို့ ရောက်တဲ့အချိန်က မိုးလေး တဖျောက် နှစ်ဖျောက် ရွာချလိုက်လို့ မြေသင်းနံ့လေး သင်းပြီး အပူဒဏ် လျော့သွားတာဟာ ပုဂံကို ဒီအချိန် ရောက်လို့ ကြည်နူးရတဲ့ အခိုက်ပေါ့။
နောက်တနေ့မနက်မှာတော့ ကျမတို့ဟာ ပုဂံကနေ ချောက် – ဆိတ်ဖြူ – ဆော လမ်းကြောင်းအတိုင်း ချင်း ပြည်နယ်ကို တက်ကြပါတယ်။ ပုဂံကနေ ၄ နာရီ ကျော်မောင်းရင်ပဲ ကန်ပက်လက်မြို့ကို ရောက်ပါပြီ။
လမ်းတွေကတော့ သွားလာရ လွယ်ကူတာကြောင့် ကားနဲ့သွားရပေမယ့် မပင်ပန်းပါဘူး။ ကျမတို့ မိသားစုဟာ ကားလမ်း ခရီးတွေသွားတိုင်း မတူညီတဲ့ ရသကိုခံစားဖို့ ကြိုးစားလေ့ရှိပါတယ်။
ဒီတခေါက်ကတော့ မိသားစု ၇ ယောက် တက်ညီလက်ညီနဲ့ မနက်စာ၊ နေ့လယ်စာ စားချိန်တွေကို လမ်းဘေးမှာ ချက်ပြုတ် စားသောက်ကြဖို့ ကြံစည်လာတာကြောင့် ရှုခင်းကောင်းတဲ့ နေရာတိုင်းဟာ ကျမတို့ အတွက်တော့ လေ တဖြူးဖြူးနဲ့ စားသောက်ဆိုင်တွေပဲပေါ့။
ပုဂံကနေ မနက် ၈ နာရီလောက် ထွက်လာတဲ့ကျမတို့က နေ့လယ် ၁၂ နာရီ ကျော်ကျော်မှာ ကန်ပက်လက် မြို့ကို ရောက်ပါတယ်။ နွေနေ့လယ်ခင်းပေမယ့် ပေ ၅၀၀၀ ကျော် အမြင့်ရှိတဲ့ ကန်ပက်လက်မြို့ဟာ အေးမြ နေပါတယ်။
ကန်ပက်လက်မြို့ကတော့ ချင်းပြည်နယ်ရဲ့ အမြင့်ဆုံးတောင်၊ နတ်မတောင် (ခေါ်) ခေါနုသုမ် (ခေါ်) ခေါ်နူးစုမ် (ခေါ်) ဝိတိုရိယ တောင်ကြောင့် နာမည်ရပြီးသားပါ။
အခုနောက်ပိုင်း ခရီးသွားအေဂျင်စီတွေရဲ့ ကြော်ငြာကောင်းမှု၊ Travel Blogger တွေရဲ့ ဆွဲဆောင်မှုတွေနဲ့ ခရီးသွားတွေ များလာတာကြောင့် လည်ပတ်လာသူ ပိုများ လာပါတယ်။
ကန်ပက်လက်မြို့ဟာ ထင်းရှူးပင်တွေ အစီအရီနဲ့ အတော်လှပါတယ်။ လေထဲမှာတင် မွှေးမြနေတဲ့ ထင်းရှူးနံ့ဟာ မြေပြန့် သူတွေအတွက် သိပ်ကို ဆွဲဆောင်လွန်းပါတယ်။ ကန်ပက်လက်မြို့ထဲမှာတင် ဘန်ဂလို ပုံစံလေးတွေနဲ့ ချစ်စရာ ကောင်းတဲ့ ဟိုတယ်တွေက တောင်စောင်းမှာ အစီအရီပါ။
ကျမတို့ကတော့ ထင်းရှူးတောကြီးရှိတဲ့ Mountain Oasis Resort မှာ တည်းဖြစ်ပါတယ်။ လျှပ်စစ်မီးကို အချိန်နဲ့ ရပေမယ့် နေရထိုင်ရ တည်းခိုရတာ အတော် အဆင်ပြေပါတယ်။
ကျမတို့က ကန်ပက်လက်မြို့ကို နေ့လယ်ဘက်ရောက်တော့ နေ့လယ်စာ စားပြီးတာနဲ့ မြို့ထဲတဝိုက်နဲ့ အနီးအနား ရွာတွေကို လည်ပတ်ဖို့ စီစဉ်လိုက်ပါတယ်။
ကန်ပက်လက်မြို့ အနီးနားက Community Base Tourism လုပ်နေတဲ့ ဆော်လော်ရွာရယ် တမျက်နှာလုံး ပါးရဲ ထိုးထားပြီး နှာခေါင်းနဲ့ ပလွေမှုတ်ပြတဲ့ ချင်းအမျိုးသမီးတွေ နေတဲ့ရွာရယ်၊ မိဘမဲ့ကလေး ဂေဟာတခုက ကလေးတွေ ကို သွားလှူဖြစ်တဲ့ နေရာတွေ ရောက်ဖြစ်ပါတယ်။
နှာခေါင်းနဲ့ ပလွေ မှုတ်ပြတဲ့ ချင်းအမျိုးသမီးကြီးကတော့ ခရီးသွားတွေကြားမှာ လူသိများပါတယ်။ ရွာထဲ ရောက် ရောက် ချင်း တောင်ပိုင်းချင်းတွေရဲ့ အသုံးအဆောင်တွေ ပြထားတဲ့ ပြတိုက် သေးသေးလေးထဲမှာ ခဏ ထိုင်နေတုန်း ပါးရဲတွေ တမျက်နှာလုံး ထိုးထားတဲ့ ပွတ်ထန်းဆိုတဲ့ အဲဒီအမျိုးသမီးကြီး ရောက်လာပါ တယ်။
သူက ရောက်တာနဲ့ ချင်းဓလေ့ ဆေးတံရှည်ကြီးကို တရှူးရှူးနဲ့ မှုတ်ပြပါတော့တယ်။ ရေတွေလည်း ပါတာကြောင့် ရေသံ ကလည်း တဘုတ်ဘုတ်နဲ့ပါ။ ပြီးတာနဲ့ သူက ပလွေကို နှာခေါင်းနဲ့ မှုတ်ပြပါတော့တယ်။ မိနစ် ပိုင်းလေးပါပဲ။ ဒါပေမယ့် နားထောင်လို့ ကောင်းလှပါတယ်။
ဒီ ချင်းအမျိုးသမီးကြီးနဲ့ ဓာတ်ပုံတွေဘာတွေ တွဲရိုက်ကြနဲ့ ပျော်စရာကောင်းလှပါတယ်။ အဲဒီကနေတဆင့် ကျမတို့က မိဘမဲ့ ကလေးဂေဟာလေး တခုကိုရောက်ကြပြီးတော့ လှူဖို့ပါလာတာတွေ လှူပါတယ်။ မိဘမဲ့ ကလေး ၅၉ ယောက်ကို စောင့်ရှောက်ထားတဲ့ ဆရာမ တွီးတွီးက ကရုဏာရှင်မလေး တဦးလည်း ဖြစ်ပါတယ်။
အဲဒီနေရာကနေ ကျမတို့က CBT လုပ်ထားတဲ့ ဆော်လော်ရွာက ချင်းပုံစံ ဘန်ဂလိုလေးတွေ ဆောက်ထား တဲ့ Resort တခုကို သွားလည်ပါတယ်။
တောင်စောင်းမှာ ဆောက်ထားတဲ့ ဒီ Resort က လတ်တလော မိုးတွင်း စတော့မှာမို့ ပိတ်ထားပါတယ်။ တောတောင် သဘာဝကို ရှုစားဖို့ အခန်း ၆ ခန်းဆောက်ထားတဲ့ ဒီနေရာမှာ တခါတည်းရင် တညကို ၁၁၀၀၀၀ ကျပ်ပါတဲ့။ ညစာကို တော့ ဟိုတယ်မှာ ချင်းပြည်နယ်ရဲ့ နာမည်ကျော် နွားနောက်သား သုပ်ရယ် ခေါင်ရည်ရယ်နဲ့ ဇိမ်တွေ့ခဲ့ရ ပါသေးတယ်။
နောက်နေ့ မနက်မှာတော့ မူလပထမ ရည်ရွယ်ချက်ဖြစ်တဲ့ နတ်မတောင်ကို တက်ဖို့လုပ်ပါတယ်။
ဟိုတယ်ကနေ မနက် ၇ နာရီ ထွက်လာပြီးတော့ တနာရီသာသာလောက် မောင်းလိုက်တဲ့ အခါမှာ ပေ ၈၀၀၀ မြင့်တဲ့ နတ်မတောင် တောင်ခြေကို ကားနဲ့ရောက်ပါပြီ။ ဒီတောင်ခြေကိုရောက်ဖို့ ကားနဲ့တက်တာက တော်တော် လေးတော့ အဆင်ပြေပါတယ်။ တောင်စောင်းတွေမှာရှိတဲ့ တောင်ဇလပ်ပင်တွေကိုငေးရင်း ထင်းရှူးနံ့ ခံစားရင်း မမြင်ဘူးတဲ့ ငှက် ကလေးတွေ ကြည့်ရင်းနဲ့ပေါ့။
တောင်တက်သမားတွေ အတွက် နတ်မတောင်ဟာ တကယ့်ကို ဆွဲဆောင်တဲ့ နေရာတခုဖြစ်သလို ငှက်ကြည့် သမား တွေ အတွက်လည်း အတော်လေ့လာစရာ ကောင်းတဲ့နေရာပါ။ ကျမတို့ကတော့ ငေးမော ရင်းပဲ ပါလာ ရပါတယ်။
တောင်ခြေ ရောက်တဲ့အခါ မနက်ပိုင်းမို့ မြူတွေဆိုတာ ဖွေးဖွေးလှုပ်နေပါတယ်။ ဒီတောင်ခြေကနေ ဆိုင်ကယ် နဲ့ မိနစ် ၂၀ လောက် တက်ရပါမယ်။ ၃ မိုင် ၆ ဖာလုံကျော်ဆိုတော့ တော်တော်တက်ရမယ့် သဘောပါ။
ဆိုင်ကယ်သမားတွေ ကျွမ်းကျင်မှသာ အလွယ်တကူ ရောက်နိုင်တဲ့ နေရာတွေပါ။ ချမ်းက ချမ်းရတဲ့အထဲ အပြေး မောင်း တဲ့ ဆိုင်ကယ်ဆရာတွေကြောင့် အတော်လေးကို ကျောချမ်းခဲ့ရတဲ့ ခရီးပါ။
နတ်မတောင် ကတော့ တောင်တက်တာ သဘောကျသူတွေကြား နာမည်သိပ်ကြီးတော့ ကျမတို့မှာ ခြေလျင် မတက် နိုင် ပေမယ့် ဖြစ်တဲ့နည်းနဲ့တော့ ရောက်အောင်သွားဖို့ ဆန္ဒရှိပါတယ်။ တောင်ရဲ့ အမြင့်ပေ ၁၀၂၀၀ ရှိတော့ တက်နိုင် ပါ့ မလား စိုးရိမ်ပေမယ့် ကားနဲ့ပဲ တက်တက် ဆိုင်ကယ်နဲ့ပဲတက်တက် တောင်ပေါ် ရောက်ဖို့ အဓိကဆိုပြီး တက်ခဲ့ကြပါ တယ်။
ဆိုင်ကယ် မိနစ် ၂၀ စီးပြီးတဲ့ အခါမှာတော့ ခြေလျင် ၅ မိနစ်ကျော် ထပ်တက်ရမယ့် နေရာ ရောက်လာပါတယ်။
တောင် တခုလုံး မြူခိုးတွေဝေပြီး ချမ်းစီးလှတာကြောင့် ခိုက်တုန်နေတဲ့ကြားက တောင်ပေါ် ရောက်ခဲ့ပါတယ်။ လူသူ မရှိ တာကြောင့်ရယ် ချမ်းလှတာကြောင့် နာရီဝက်လောက်ပဲ နေပြီး ပြန်ဆင်းခဲ့ကြပါတယ်။ တောင်ပေါ်မှာတော့ အရင်လတွေ က ရောက်ခဲ့သူတွေ မီးလှုံခဲ့တဲ့ ထင်းပုံတွေ အမှိုက်ပုံးတွေ တွေ့ခဲ့ရပါတယ်။
အမှိုက်တွေတော့ မတွေ့ရပါဘူး၊ မြူတွေဖုံးနေလို့ ဘေးပတ်ဝန်းကျင်ကို မမြင်ရတော့ တောင်ထိပ်တက်ပြီး နည်းနည်း တော့ ကသိကအောက် ဖြစ်ရပါတယ်၊ ဘယ်လိုပဲပြောပြော မြန်မာနိုင်ငံမှာ အမြင့်ဆုံး တောင်တွေထဲ စာရင်းဝင်တဲ့ နတ်မ တောင်ထိပ်ထိ ရောက်ခဲ့ရတာကိုက တကယ့်မှတ်တိုင်ပါ။
ပျော်စရာ အင်မတန်ကောင်းလှပါတယ်။ ကျမ အချိန်ရရင် ထပ်ပြီးသွားချင်ပါသေးတယ်။ ပူအိုက်လွန်းတဲ့ မြေပြန့်ကနေ ခဏတဖြုတ် ရှောင်ချင်တယ် ဆိုရင်တော့ ဒီနေရာလေးက အတော်လေးကို သာယာလှတဲ့ နေရာလေးလို့ပဲ ပြောချင်ပါ တယ်။ ။