မနောမြေကို ပထမဆုံးအကြိမ် ရောက်ဖူးသော ကျမအတွက် ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမှ တရုတ်ပြည် ထိန်ခြုံးမြို့အထိ ခြေဆန့်ရေး အတွက် စိတ်လှုပ်ရှား နေမိသည်ကတော့ အမှန်ပင်။
ထိန်ခြုံးခရီးစဉ်ကို နွေဦးနှင့်အတူ စတင်ခဲ့ပါသည်။
ထိန်ခြုံးကို သွားရန်အတွက် အရင်ဆုံး မြစ်ကြီးနားကနေ မြန်မာ-တရုတ် နယ်စပ် မြို့ဖြစ်သော ကန်ပိုက်တီး မြို့ကို ၈ ယောက်စီး အံစာတုံး ပုံစံ လိုင်းကားငယ်ဖြင့် သွားရမည်ဖြစ်သည်။
ကန်ပိုက်တီးသွားရာ လမ်းတလျှောက် ထူးခြားသည့် မြင်ကွင်းမှာ လမ်းများ ကောင်းနေခြင်းဖြစ်သည်။
မနေ့တနေ့ကမှ ဖားကန့်က ပြန်လာသော ကျမအတွက် ကချင်ပြည်နယ် အတွင်း ယခုလိုဖြောင့်ဖြူးသော လမ်းမကြီးကို ပထမဆုံး အကြိမ် သွားလာခွင့် ရသောကြောင့် အံ့သြမိလိုက်သည်။ ထိုအံ့သြမှုသည် တရုတ်နိုင်ငံက ခင်းထားသည့် လမ်းများဟု သိလိုက်ရ၍ ရပ်ဆိုင်း သွားခဲ့ရပါသည်။
လမ်းတလျှောက် အိမ်စီးကား အနည်းငယ်နှင့် ကချင်မှတရုတ်သို့ တင်ပို့မည့် ငှက်ပျော၊ ဖရဲ တွဲကားကြီး များကို အများဆုံး မြင်တွေ့ရပြီး တူညီသော အချက်တခုမှာ တချို့ကားများသည် နံပါတ်မဲ့၊ အချို့က တရုတ် အက္ခရာ နံပါတ် များနှင့်ဖြစ်သည်။ အားလုံးကတော့ များသောအားဖြင့် ကချင်ပြည်နယ်တွင် လိုင်စင်မဲ့ (Without) ကားများကိုသာ အသုံးပြုကြသည်ဟု ဒေသခံများက ဆိုသည်။
တောင်တက် တောင်ဆင်း ပြေပြစ်အောင် ဖောက်လုပ်ထားသည့် လမ်းမကြီး၏ ဘေးတဖက်တချက်တွင် မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့် ရေးသားထားသော သတိပေးလမ်းညွှန် ဆိုင်းဘုတ်များကိုလည်း ကြိုကြားကြိုကြား တွေ့ရ သည်။
အံစာတုံးကား ခေါင်းခန်းက လိုက်လာသည့် ကျမအတွက် လမ်းတလျှောက်လုံးကို မှတ်တမ်းတင်နိုင်ရန် ဖုန်းကင်မရာ ကို အသင့်ထားပြီး လိုက်ပါလာခဲ့သည်။
မြစ်ကြီးနားမှ တနာရီခန့် မောင်းလာပြီး လမ်းတနေရာ အရောက် အရှေ့က မောင်းလာသော ၂၂ ဘီး တွဲကားတန်း ကြောင့် ခပ်လေးလေး နောက်က လိုက်လာရသည့် အတွက် ဖုန်းကင်မရာဖြင့် ဓာတ်ပုံလှမ်းရိုက်စဉ် လမ်းဘေးကနေ အော်သံ တခုကို ကြားလိုက် ရသည်။
“ဘာလဲ … ဘာလုပ်ဖို့ ဓာတ်ပုံရိုက်တာလဲ” ဟု ယူနီဖောင်းဝတ် အမျိုးသားတဦးက ကျမကို လက်ညှိုးထိုးပြီး အော်ပြော လိုက်သည်။
ထိုစဉ် ကျမတို့ ကား၏ ဒရိုင်ဘာက “မဟုတ်ကြောင်း” ပြေရာပြေကြောင်း ပြော၍ ကားကို ရပ်တန့်မပေးဘဲ မောင်း ထွက် လာခဲ့သည်။
ကျမတို့ အဖွဲ့ထဲက ကချင် သတင်းထောက် တဦးက “ဒီနယ်မြေမှာ ဓာတ်ပုံရိုက်လို့မရတဲ့ နေရာတွေ ရှိတယ်။ အခြေ အနေ ကြည့်ပြီးမှ ရိုက်ပါ” ဟု ကျမကို သတိပေးစကား ဆိုသည်။
ကျမတို့ ရောက်ရှိနေသော နေရာသည် နယ်ခြားစောင့် တပ်များ၏ နယ်မြေဖြစ်ပြီး သံသယရှိပါက အစစ်အဆေး အမေး အမြန်း မရှိဘဲ ပြဿနာ တက်သွားနိုင်သည် မဟုတ်ပါလား။
ဇောချွေး အနည်းငယ် ပြန်သွားသော်လည်း ကျမ၏ ခရီးစဉ်က အသက်ဝင်လာသည်ဟု ဆိုရပေမည်။
မြစ်ကြီးနား-ကန်ပိုက်တီး လမ်းကြောတွင် ၅ ဂိတ်ထက်မနည်း ရှိနေသော နယ်ခြားစောင့် တပ်များက ဖြတ်သန်း သွားသမျှ ကားများထံမှ “ထမင်းဖိုး၊ ဟင်းဖိုး” ဆိုသည့်အခွန်ကို ပေးဆောင်ပြီးမှ ဖြတ်ခွင့် ရှိသည်ဟု ကျမတို့ကား၏ ဒရိုင်ဘာက ပြောပြသည်။
“တဂိတ်ကို ငါးရာ၊ တထောင် ကတော့ အနည်းဆုံး ပေးရတယ်။ သူတို့နယ်မြေ ဆိုတော့လည်း မပေးလို့ မရတော့ ပေးနေရတာပဲလေ”ဟု ၎င်းက ပြောသည်။
လမ်းဘေးတွင် စစ်ယူနီဖောင်းဖြင့် သေနတ်ထမ်း၍ လမ်းလျှောက်နေသူ သုံးလေးဦးကို ရံဖန်ရံခါ တွေ့ရ ပြီးနောက် တဖြည်းဖြည်းနှင့် “ဆဒုံး” ကို ရောက်လာသည်။
ဆဒုံးသည် ကန်ပိုက်တီး မရောက်ခင် မြို့ငယ်လေး ဖြစ်ပြီး အလွန်လှသည့် ဆဒုံး ရေတံခွန်ကြောင့်လည်း လူသိများ သည့် မြို့ကလေးဖြစ်သည်။
တရုတ်ပြည်ထဲ မဝင်ခင် တရုတ် ယွမ်ငွေ လဲလှယ်ရန်အတွက် ဆဒုံးတွင် ခဏ ကားရပ်ပေးသည်။ ကျမလည်း တရုတ် ငွေ အနည်းငယ် လဲခဲ့သည်။
မြစ်ကြီးနားမှ သုံးနာရီကျော် ကားမောင်းခဲ့ပြီးနောက် ကန်ပိုက်တီး နယ်စပ်မြို့ကို ရောက်ရှိပြီဖြစ်သည်။
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေထွက်ပြီးနောက် ဆဒုံး၊ ကန်ပိုက်တီး ဒေသတွင် တရုတ်လူမျိုးများ လာရောက်၍ ငှက် ပျော စိုက်ခင်းများကို မြေငှားဖြင့် အများအပြား စိုက်လာကြသည်မှာ ယနေ့အထိဟု ဒေသခံများထံမှ သိရသည်။
ကန်ပိုက်တီးတွင် နယ်စပ်ကုန်သွယ်ရေး စခန်းရှိပြီး တရုတ်ပြည်သို့ ကူးသန်း ရောင်းဝယ်မည့် ကုန်စည်များကို စစ်ဆေး ခြင်း နှင့် နှစ်နိုင်ငံမှ ခရီးသည်များကို နယ်စပ်သွားလာခွင့် လက်မှတ်များ ပြုလုပ်ပေးသည့် ဂိတ်လည်း ဖြစ်သည်။
ကန်ပိုက်တီး နယ်စပ်စခန်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာန (လ.ဝ.က) ဌာနတွင် လက်မှတ်ပြုလုပ်ပြီး တဖက်နိုင်ငံသို့ တကြိမ် ထွက်ခွာလျှင် ၁၄ ရက်ကြာ နေထိုင်ခွင့် ရရှိသည်။
တဖက်နိုင်ငံသို့ သွားရန် အားလုံး အသင့်ဖြစ်ချိန်တွင် မြန်မာ စံတော်ချိန် မနက် ၁၀ နာရီထိုးပြီ။ ကန်ပိုက်တီးသို့ လိုက်ပို့ပေးခဲ့သော ကျမတို့ ကား၏ ဒရိုင်ဘာကို နှုတ်ဆက်ပြီး ထိန်ခြုံးသွားရန် စိုင်းပြင်းရသည်။
ထိန်ခြုံးသို့ လိုက်လံ ပို့ဆောင်ပေးသည့် တရုတ်လူမျိုးများ မောင်းနှင်ပြေးဆွဲသော ၈ ယောက်စီး အငှားကား ငယ်များ ကလည်း ကန်ပိုက်တီး ဂိတ်ပေါက်ဝအနီး စောင့်ဆိုင်းနေကြသည်။
ခရီးသည်တဦးလျှင် ထိန်ခြုံးအထိ ဆိုပါက တရုတ်ငွေ ၄၅ ယွမ် ပေးရသည်။ ကန်ပိုက်တီးမှ နာရီဝက်ခန့် ကားဖြင့် လာ လျှင် “ကူရုံး” ဆိုသည့် တရုတ်နယ်စပ် မြို့ငယ်လေးကို အရင်ရောက်မည်။ ထိုမှတဆင့် တနာရီခန့် ကားထပ်စီးမှသာ “ထိန်ခြုံး” ကို ရောက်ရှိမည် ဖြစ်သည်။
ကျမတို့ အဖွဲ့က ၃ ယောက် ဖြစ်သည့်အတွက် ၈ ယောက်စီး အငှားကားငယ်၏ နောက်ခန်းတွင် နေရာယူ လိုက်ကြ သည်။ ရှေ့ခုံတွင် တရုတ်အမျိုးသားနှင့် မြန်မာတိုင်းရင်းသူ အမျိုးသမီးငယ်တဦးတို့ စုံတွဲ လိုက်ပါ လာသည်။ ခရီးသည် ၅ ဦးနှင့် ကျမတို့စီးလာသော အငှားကားက ကန်ပိုက်တီးဂိတ်မှ စထွက် လာခဲ့သည်။
မြန်မာ – တရုတ် ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်းကို မြင်ရပြီဖြစ်သည်။ ဥမင်ကို ကျော်လိုက်ပါက တရုတ်၏ ပိုက်နက်သို့ အလိုအလျောက် ရောက်ရှိပြီးဖြစ်သည်။ ဥမင်သို့ မရောက်ခင် အပေါက်ဝအနီးတွင် ရဲယူနီဖောင်း ဝတ်ဆင်ထားသော မြန်မာ အမျိုးသား ၅ ဦးတို့က ခရီးသည်များ၏ နယ်စပ်သွားလာခွင့် လက်မှတ်များကို စစ်ဆေးသည်။
တရုတ်ပြည်ထဲ မရောက်ခင် ပြဿနာက စတက်တော့သည်။ ရှေ့ခုံံတွင် ပါလာသည့် တရုတ် အမျိုးသား၏ နယ်စပ်ကူး လက်မှတ်တွင် ထုထားသည့် တံဆိပ်တုံး၏ နေထိုင်ခွင့် သက်တမ်းက ငါးရက်တောင် လွန်နေပြီ။ စစ်ဆေးသည့် ရဲများ ကလည်း တရုတ်စကား မပေါက်၊ သူ့အမျိုးသမီးဟု ဆိုသူ တိုင်းရင်းသူ အမျိုးသမီးကလည်း ရေလည်အောင် တရုတ် စကား မပြောပေးနိုင်တာလား၊ မပြောပေးချင်တာလား မသိ။
“ကျမ မသိဘူး” ဆိုသည့် အဖြေနှင့်အတူ ခေါင်းသာ ကုတ်နေတော့သည်။
ကျမတို့ အဖွဲ့မှာကလည်း ကျမ အပါအဝင် တရုတ်စကားကို “ရှဲရှဲ” ကျေးဇူးတင်ပါသည်ဟု အဓိပ္ပာယ်ရသော တခွန်း လောက်သာ အဟုတ်လုပ် ပြောနိုင်ကြသူတွေချည်းမို့ ဒီတရုတ်အမျိုးသားကြောင့် ခရီး အချိန်ဖင့်မှာကို စိုးရိမ်လာမိ သည်။ အဲဒါကြောင့် ကြားထဲက မနေတတ်သူပီပီ ရဲတဦးကို ယခုလို ဝင်ပြောမိသည်။
“သူတို့စစ်လို့ ကြာနေမယ်ဆိုရင်လည်း ဂိတ်ကိုပြန်ခေါ်ပြီး တံဆိပ်တုံး ပြန်ထုခိုင်းလိုက်ပါလား။ ကျမတို့ ခရီး နောက်ကျ တော့ မယ်” ဆိုပြီး ပြောလိုက်သည်။
၎င်းရဲတပ်သားက “စစ်ဆေးစရာရှိတာ စစ်နေတာမို့ နည်းနည်းတော့ သည်းခံပေးရမှာပေါ့၊ သူတို့နိုင်ငံဆီမှာ အခုလို ရက်လွန်နေကြည့်လေ၊ ရမလား” ဆိုပြီး ကျမကို ပြန်ပြောလေသည်။
သူ့စကားကြောင့် စိတ်ထဲ အတော် လေးစားမိသွားပြီး နယ်စပ်မှာ တာဝန်ကျသည့် တာဝန်ရှိသူတွေကို အဂတိတရား မကင်းဘူးဟု ထင်ကြတဲ့သူတွေ ဒီလိုဝန်ထမ်းမျိုးလည်း ရှိသေးကြောင်း ပြချင်မိသွားသည်။
ကျမတို့ အဲဒီလိုပြောနေရင်းမှ အခြားရဲဝန်ထမ်း တဦးက တရုတ်စုံတွဲကို ကားပေါ်က ဆင်းခိုင်းလိုက်သည်။ ကိုတရုတ် ကြောင့် ကျမတို့အဖွဲ့လည်း ယောင်တောင်တောင်နှင့် ကားပေါ်က လိုက်ဆင်းခဲ့ကြရသည်။
အစ ပထမ ကျမစိတ်ကူးကတော့ တရုတ်-မြန်မာ နယ်စပ်ဥမင်ကို ဓာတ်ပုံရိုက်ဖို့ပင်။ သို့သော် တရုတ် စုံတွဲ၏ အထုပ် အပိုးများကို နေရာတွင် ဖွင့်စစ်ဆေးခြင်း လုပ်နေသည်ကို တွေ့သည့်အခါ စပ်စုချင်စိတ်ဖြင့် အခြေအနေကို မျက်စိ မမှိတ် တမ်း ကြည့်နေမိသည်။
ရဲဝန်ထမ်း ၃ ဦးက တရုတ်၏ဇနီးဆိုသူ အမျိုးသမီးငယ်အား ကားနှင့်ဝေးရာသို့ ခေါ်သွားကာ စကားပြောကြ လေသည်။
“ယွမ် ၂၀၀ တော့ ပေးခဲ့လိုက်” ဆိုသည့် အသံကို နားစွန်နားဖျား ကြားလိုက်ရသည်။
အဲဒီအချိန်မှာပဲ ရဲတဦးက ကျမကို “ဒီနားမှာ လာမနေနဲ့ ကားပေါ်သွားနေ” ဟု လာမာန်လေသည်။ ကားပေါ် တက်ပြီး ဆေးလိပ်ငွေ့တွေလည်း မရှူချင်သေးတာကြောင့် ဥမင်အနားထိ လမ်းလျှောက်သွားကာ ဓာတ်ပုံ ရိုက်နေ လိုက်သည်။ ငါးမိနစ်ခန့်ပင် မကြာလိုက် တရုတ်စုံတွဲ ကားပေါ် ပြန်တက်သွားသည်ကို လှမ်းမြင်လိုက်သဖြင့် ကျမလည်း ကားဆီ အပြေးလာပြီး တက်လိုက်သည်။
နယ်စပ်ဖြတ်ကျော် လက်မှတ် ငါးရက် ရက်လွန်နေသော ကိုရွှေတရုတ်အား တံဆိပ်တုံးလည်း ပြန်မထုခိုင်း၊ တစုံတရာ အရေးယူခြင်းလည်း မခံရဘဲ ကားပေါ် ဒီအတိုင်း ပြန်ပါလာခြင်းကို စိတ်ဝင်စားနေမိတာကြောင့် ကားပေါ် တက်တက် ချင်း အမျိုးသမီးငယ်အား မေးလိုက်မိသည်။
“ဘယ်လောက်ပေးလိုက်ရလဲ” ဟု။ ၎င်းက ထုံးစံအတိုင်း “ကျမ မသိဘူး” ဟုသာ ပြန်အဖြေပေးလေသည်။ သို့သော် ကျမ သိခွင့်ရလိုက်ပါသည်။ ယွမ် ၂၀၀ သည် မြန်မာငွေအားဖြင့် ၄ သောင်းကျပ်ဝန်းကျင်သာ ရှိသော်လည်း အခြေ အနေ နှင့် အချိန်အခါ၏ တွန်းအားပေးခြင်း ခံရသော သမာသမတ်ကျမှု၊ အဂတိတရား ကင်းမှုတို့သည် တိုက်စား ခံခဲ့ရပြီ ဖြစ်သည်။
ကျမတို့ကားလေး တရွေ့ရွေ့နှင့် ဥမင်ထဲသို့ ဝင်ရောက်သွားပါသည်။ ဥမင်ကိုဖြတ်အပြီး ငါးမိနစ် မကြာလိုက်။ ၂၂ ဘီး တွဲကားကြီးများ တန်းစီနေသည့် တရုတ်နိုင်ငံ၏ နယ်စပ်စစ်ဆေးရေး ဂိတ်ကို ရောက်ရှိ လာသည်။
ကားများက သီးသန့်အစစ်ဆေး ခံရသည်မို့ ကားပေါ်မှ ဆင်းကာ ဂိတ် အဆောက်အအုံကြီးထဲသို့ ကျမတို့ ဝင်ခဲ့သည်။ ကျမတို့လွယ်လာသည့် ကျောပိုးအိတ်များကို သုံးကြိမ်တိုင် လေဆာစကင်နာဖြင့် အစစ်ဆေးခံရသလို ကျမတို့လည်း တရုတ် လ.ဝ.က ကောင်တာနှစ်ခုမှာ အစစ်ဆေးခံရသည်။
ပထမ ကောင်တာမှ တရုတ်အရာရှိ တဦးက “ဘာကြောင့် လာတာလဲ” ဟု အင်္ဂလိပ်လို မေးမြန်းရာ “Visiting” ဟု ပြန် ဖြေပေးလိုက်ပြီးနောက် ကျမ၏ နယ်စပ်သွားလာခွင့် လက်မှတ်ပေါ်တွင် တံဆိပ်တုံး ထုပေးလိုက်သည်။
ကျမတို့ တရုတ်ပြည်အတွင်း သွားလာခွင့်များ ရရှိပြီးနောက် တနာရီကြာသည်အထိ ကျမတို့စီးလာသည့် ကားငယ် လေး က စစ်ဆေးရေး ဂိတ်အတွင်းက ထွက်မလာရသေး။ မြန်မာနာရီဖြင့် ၁၁ နာရီခွဲပြီးဖြစ်ရာ တရုတ် စံတော်ချိန်နှင့် တွက်ပါက နေ့လယ် ၁ နာရီထိုးတော့မည် ဖြစ်သည်။
စောင့်ဆိုင်းနေရသည့် ကာလတွင် ထိန်ခြုံးကို အချိန်မီ မရောက်မည်စိုးသဖြင့် ကျမတို့၏ မျက်နှာမှာ အပူသည်ရုပ်များ ပေါက်လာပြီး တဖြည်းဖြည်း အိုစာလာကြသော်လည်း ရှေ့ခုံတွင်ပါလာသော တရုတ်စုံတွဲမှာ ဟန်းနီးမွန်း ထွက်လာ သည့် အလား။ ဂိတ်အနီးက အလှစိုက်ထားသည့် ပန်းပင်များ နောက်ခံထားကာ ဓာတ်ပုံရိုက်လိုက်၊ တယောက်နှင့် တယောက် ရယ်မော စကားပြောလိုက်နှင့်။ ကန်ပိုက်တီးဂိတ် အထွက် မြန်မာရဲများနှင့် ပြဿနာ တက်ခဲ့သူများမှာ သူတို့တွေ မဟုတ်သည့် အလား။
ရှေးလူကြီးများ၏ ပြောစကားအရ “ကိုယ့်အိမ်မှာဆို ကြက်ဖ၊ သူများအိမ် ရောက်ရင်တော့ ကြက်မ” ဆိုသည်မှာ သွေး ထွက် အောင် မှန်သည်ဟု ဆိုရပေမည်။ ဘာသာစကား မတတ်သောကြောင့် လမ်းပြ၊ စကားပြန် ငှားထား သော်လည်း အကြောင်းကြောင်းကြောင့် အဆင်မပြေဖြစ်ခဲ့ပြီး စူးစမ်းချင်စိတ်ကြောင့်သာ ဒီခရီးကို ကျမတို့ အဖွဲ့ ရောက်အောင် လာခဲ့ ကြခြင်းဖြစ်သည်။
နောက်ထပ် ဆယ်မိနစ်ခန့် အကြာတွင် ကျမတို့စီးလာသည့် အငှားကား ရောက်လာလေသည်။ ကျမတို့ ခရီး ဆက် ထွက်ခွင့် ရပြီမို့ ပျော်ကြလေသည်။
ကားထွက်ပြီး ဆယ်မိနစ်ခန့်အကြာ ခြောက်လမ်းသွား လမ်းမကြီး၏ ဘေးတဖက်တချက် စီတွင် အဝါရောင်ပန်းများ ကျိုးတိုးကျဲတဲ စိုက်ထားသည့် မျက်စိတဆုံး လယ်ကွင်းများကို စမြင်ရလေပြီ။ တအောင့်အကြာတွင် “ကူရုံး” ဆိုသည့် နယ်စပ်မြို့လေးကို ရောက်လာသည်။
ထိုနေရာလည်း ရောက်ရော ကျမတို့ ဘတ်စ်ကား ပြောင်းစီးရပြီး ထိုကားက ထိန်ခြုံးအထိ ပို့ဆောင်ပေးမည့် ကား ဖြစ် သည်။ တနာရီခန့် ကားစီးလာခဲ့အပြီးမှာတော့ ကျမတို့၏ ခရီးစဉ် ထိန်ခြုံးသို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိခဲ့ပါပြီ။ ကျမတို့ သွားချင်သည့် နေရာက ထိန်ခြုံးရှိ ကျောက်စိမ်းဈေးကွက်။ ထို့ကြောင့် ထိုနေရာနှင့် အနီးစပ်ဆုံး နေရာကို တည်းလိုသည်ဟု ကားဆရာကို ကန်ပိုက်တီးမှာ ကတည်းက တရုတ်စကား တတ်သော မြန်မာတဦး အကူအညီဖြင့် ပြောထားပြီးဖြစ်၍ ကျောက်စိမ်းဈေးကွက်နှင့် နီးရာ လမ်းထောင့် တနေရာတွင် ကျမတို့ကို ချထားပေးခဲ့သည်။
ထိန်ခြုံးကို ခြေချမိသည့် အချိန်တွင် တရုတ်နာရီအရ နေ့လယ် ၃ နာရီထိုးပြီး ဖြစ်သည်။ တညအိပ်ခရီးစဉ် ဖြစ်၍ တည်းစရာနေရာ ရှာရမည်ဖြစ်သည်။ မရှာခင် ဗိုက်အရင်ဖြည့်ဖို့အတွက် နီးစပ်ရာ ပုံစားထမင်းဆိုင်သို့ ဝင်ထိုင်လိုက်ကြ ပြီး Body Language (လက်ဟန်ခြေဟန်) နှင့် ထမင်းဟင်းများ မှာစားကြသည်။
ကံကောင်း ထောက်မစွာ ထမင်းဆိုင်တွင် အလုပ်လုပ်နေသော ဝန်ထမ်း အမျိုးသမီးနှစ်ဦးက မြန်မာများဖြစ်ရာ ၎င်းတို့ အကူအညီဖြင့် ထမင်းဆိုင်အနီးက ဟိုတယ်တခုတွင် တည်းခွင့်ရလိုက်သည်။ ဟိုတယ်တွင် ပစ္စည်းများ ချထားပြီး ကျောက်စိမ်း ဈေးကွက်ကို သွားရန် ပြန်ထွက်လာခဲ့ကြသည်။
နေရာမလပ် သစ်ပင်များ အစီအရီနှင့် မျက်စိပသာဒ ဖြစ်လှသော ထိန်ခြုံးတွင် လမ်းညွှန်ဆိုင်းဘုတ်များက တရုတ် ဘာသာဖြင့်သာ။
မြန်မာများကို အလုပ်အကိုင် ရှာဖွေပေးသော အေဂျင်စီတခုမှ မြန်မာဝန်ထမ်း အမျိုးသမီး၏ အကူအညီဖြင့် ကျောက်စိမ်း ဈေးကွက်ကို ညနေ ၅ နာရီကျော်မှ ရောက်ခဲ့လေသည်။
မနက်ပိုင်းမှာသာ လူစည်သော ကျောက်စိမ်း ဈေးဖြစ်သောကြောင့် ဓာတ်ပုံ အနည်းငယ်သာ ရိုက်၍ မမှောင်ခင် စားစရာ များ ဝယ်ကာ ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။
ဟိုတယ် ပြန်လာသည့်လမ်းတလျှောက် လမ်းသန့်ရှင်းရေး လုပ်သည့် ကားကြီးဖြင့် လမ်းမကြီးအား သန့်ရှင်းရေး လုပ်နေ သည်က တမျိုး၊ တံမြက်စည်း တချောင်းကိုင်ကာ ရေပိုက်နှင့် ထိုး၍ လမ်းသန့်ရှင်းရေး လုပ်နေသည်က တဖုံ၊ ဆေးလိပ်တိုများ၊ အမှိုက်များကို ညှပ်ဖြင့် လိုက်သိမ်းသူက တသွယ်နှင့် မြို့သန့်ရှင်းရေးကို ပုံစံ အမျိုးမျိုးဖြင့် လုပ်သည် ကို တွေ့ရသည်။
သို့နှင့် ထိန်ခြုံး၏ ညကို ဖြတ်သန်းခဲ့ပြီး မနက် ၇ နာရီခွဲတွင် ဟိုတယ်အခန်းအပ်ကာ ကျောက်စိမ်းဈေးကွက် သို့ ချီတက် ခဲ့သည်။
ထိန်ခြုံး ကျောက်စိမ်းဈေးသည် ရွှေလီလောက်တော့ မခမ်းနား။ ကျောက်စိမ်း အတုံးအခဲကြီးများထက် လက်ကောက်၊ ပုတီးနှင့် အချောထည် လက်ဝတ်ရတနာများကို အဓိက ရောင်းချသည်။
သို့သော် ဘောလုံးကွင်းငယ် တကွင်းစာခန့် ကျယ်သည့် ဈေးအတွင်း ဈေးသည်များကလည်း အပြည့်။ တချို့က ဆိုင်ခန်း ဖွင့်၍ ခန့်ခန့်ထည်ထည် ရောင်းချကြသလို ၃ ပေပတ်လည် အလူမီနီယံ စားပွဲငယ်များခင်း၍ ရောင်းချနေ သော ပျံကျ ဈေးသည် များကိုလည်း တွေ့ရသည်။
ဈေးတောင်ဘက် ခြမ်းက ပယင်းတန်း ဖြစ်သည်။ ပယင်း အရိုင်းတုံးငယ် များကို ဓာတ်မီးဖြင့် ကြည့်နေသော တရုတ် ကုန်သည်များ၊ ပယင်းပုတီး၊ လက်ကောက်များ ရောင်းချနေသည့် ဈေးသည်များကို တွေ့ရသည်။ သို့သော် ဈေးအတွင်း ပယင်းအရိုင်း လာရောင်းချသူ အများစုသည် မြန်မာများပင်ဖြစ်သည်။
ကျမတို့အဖွဲ့လည်း ဈေးအတွင်းပတ်၍ လိုက်ကြည့်ပြီး ဓာတ်ပုံ ရိုက်စရာရှိတာ ရိုက်ကြသည်။ တချို့ လောပန်များက မကြည်သလို ဘုကြည့်ကြည့်ကြ သည်ကိုလည်း ကြုံရသည်။
အားလုံးပြီးစီးတော့ ၉ နာရီ ထိုးတော့မည်။ ပြန်ရန် ကားဂိတ်ကို လမ်းလျှောက်သွားကြပြီး ကန်ပိုက်တီး သွားမည့် ဘတ်စ်ကား ပေါ်သို့ တက်လိုက်ခဲ့ ကြသည်။
အပြန် တရုတ်နယ်စပ် ဂိတ်သို့ရောက်တော့ ထူးခြားချက်ကား တရုတ်ပြည်သို့ ဝင်စဉ်က သုံးလေးဆင့်ထက် မနည်း အစစ်ဆေးခံရသည့် ခရီးသည်တို့သည် မြန်မာပြည်ထဲ ဝင်မည်ဖြစ်၍ လူကော၊ အထုပ်အပိုး အိတ်များပါ အစစ်အဆေး အမေးအမြန်း မရှိ တရုတ် လ.ဝ.က က တံဆိပ်တုံးထုပေးပြီး ပြည်ဝင်ခွင့် ပေးလိုက်ပါသည်။
တရုတ်ပြည်သို့ သွားရောက်သည့် ယခုခရီးစဉ်သည် ကျမအတွက် စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာများနှင့် ကြုံတွေ့ ခဲ့ရသည့် ခရီးစဉ်တခု ဖြစ်ပြီး အပြန်လမ်းတွင်လည်း တရုတ်-မြန်မာ အခြေအနေနှင့် ပတ်သက်၍ စဉ်းစားစရာများ ပါလာခဲ့ပါသည်။ ။