ဆောင်းပါး

ARSA အသံတိတ်နေခြင်းအား စူးစမ်းခြင်း

Want create site? Find Free WordPress Themes and plugins.

လျှို့ဝှက်သည့် လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သည့် ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) က ဆိုရှယ်မီဒီယာတွင် ၎င်းတို့၏ တည်ရှိမှုကို ထင်ထင်ပေါ်ပေါ် ရှိအောင် ထိန်းထားခဲ့သည်။ အထူးသဖြင့် အနောက်တိုင်းကို ဗဟိုပြုသည့် ပလက်ဖောင်းတခု ဖြစ်သော တွစ်တာ Twitter တွင် ဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့် ၃ လအတွင်း ARSA က တွစ်တာတွင် သတိပြုစရာ ကောင်းလောက်အောင် ငြိမ်သက်နေခဲ့သည်။

ပြီးခဲ့သည့် နှစ်အတွင်း အဆိုပါအဖွဲ့၏ တရားဝင် တွစ်တာအကောင့်ဖြစ်သည့် “@ARSA_Official” တွင် အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသော ကြေညာချက်များနှင့် သတင်းထုတ်ပြန်ချက်များကို ပုံမှန် ဆက်တိုက် မြင်တွေ့ခဲ့ရသည်။ ထိုအကောင့်တွင် နောက်လိုက် follower ၁၂၆၀၀ ရှိပြီး ၎င်းတို့ထဲ အနောက်တိုင်းမှ ထင်ရှားသည့် တက်ကြွလှုပ်ရှားသူ ၂၉ ဦး၊ ရန်ကုန် အခြေစိုက် နိုင်ငံခြား ဂျာနယ်လစ်များနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီတို့ပင် ပါဝင်နေခဲ့သည်။

ARSA သည် ၂၀၁၆ ခုနှစ် သြဂုတ်လက ဟာရာကားရ် အယ်လ်ယာကင် Harakah al-Yaqin (ယုံကြည်ချက် လှုပ်ရှားမှု) အမည်ဖြင့် ပထမဆုံး ပေါ်ထွက်လာခဲ့သည့် အဖွဲ့ကို အမည်ပြောင်းလဲထားခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများကို တိုက်ခိုက်မှုများအား ဝန်ခံထားသည်။

အဆိုပါ အသေးစား တိုက်ခိုက်မှုများက ရိုဟင်ဂျာ ၆၇၀၀၀၀ ကျော် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေး၍ အများစုက ဒုက္ခသည်များ ဖြစ်လာစေခဲ့ပြီး လူနည်းစု အသိုင်းအဝိုင်းတခု အပေါ် မြန်မာနိုင်ငံ၏ လူမျိုးဖြုတ် သုတ်သင်မှု အဖြစ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ပြောဆိုမှုတခု ပေါ်ပေါက်စေခဲ့သော မြန်မာ့တပ်မတော်၏ ပြင်းထန်ရက်စက်သည့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ ဖြစ်လာစေရန် လှုံ့ဆော်ပေးခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့် ၃ လအတွင်းတွင် ARSA က ဆိုရှယ်မီဒီယာ လှုပ်ရှားမှုကို အပြည့်အဝ ရှောင်ရှား၍ ငြိမ်သက်နေခဲ့ခြင်းကြောင့် အချို့သော တက်ကြွလှုပ်ရှားသူများက အဆိုပါ လက်နက်ကိုင်အဖွဲ့ တည်ရှိနေဆဲ ဟုတ် မဟုတ် သို့မဟုတ် အမှန်တကယ် တည်ရှိခြင်း ဟုတ် မဟုတ်ကို မေးခွန်း ထုတ်စေခဲ့၏။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများကပင် ARSA ပြုလုပ်ခဲ့သည်ဟု ယူဆရသော ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် ၎င်းတို့၏ ကြေညာချက်များတွင်ပင် “ဟု စွပ်စွဲထားသော” ဆိုသည့် နာမဝိသေသနကို စတင် သုံးစွဲလာကြသည်။

ARSA အဖွဲ့၏ အစောပိုင်း ကြေညာချက်များတွင် ဘာသာရေးစစ်ပွဲ ဆင်နွဲရန် ပြောဟောမှုများကို ထောက်ခံခဲ့သည်။ သို့သော်လည်း မကြာမီမှာပင် ပိုမို၍ တရားဝင်ဖြစ်သည့် ARSA အမည်သို့ ပြောင်းလဲခဲ့ပြီးနောက် သူတို့၏ အင်္ဂလိပ်ဘာသာ ဖြင့် ထုတ်ပြန်သည့် သတင်းစကားများမှာလည်း အကြမ်းဖက်ခြင်းထက် အမှန်တရားအတွက် ခုခံကာကွယ်ခြင်း ဘက်သို့ ပြောင်းလဲလာခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လ ၂၉ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အတွင်းတွင် ARSA က ကြေညာချက် ၂၇ ခု ထုတ်ပြန်ခဲ့သည်။ အချို့သော ထုတ်ပြန်ချက်များမှာ စကားလုံးများကို ဂရုတစိုက် အသုံးပြုထားပြီး နိုင်ငံရေး အသွင်သဏ္ဍန် ဆောင်သည်။ အထူးသဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၂၉ ရက် က ပထမဆုံး ထုတ်ပြန်ချက်တွင် ပါဝင်သော ARSA ၏ ဦးတည် ရည်မှန်းချက် ၂၀ စာရင်းတွင် ဖြစ်သည်။

အဆိုပါ ဦးတည်ချက်များထဲတွင် ရိုဟင်ဂျာများ၏ ဌာနေတိုင်းရင်းသား အဆင့်အတန်း ပြန်လည်ရရှိရေး၊ နိုင်ငံသား မှတ်ပုံတင် ကတ်များ ထုတ်ပေးရေး၊ ကမ္ဘာအနှံ့အပြားတွင် ရောက်ရှိနေသော ရိုဟင်ဂျာ အစစ်အမှန်များ ရခိုင်ပြည်နယ်သို့ ပြန်နိုင်ရေးနှင့် လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ နိုင်ငံရေးပါတီများ ထူထောင်နိုင်ရေး၊ အစိုးရဝန်ထမ်းများအဖြစ် လုပ် ကိုင်နိုင်ရေးနှင့် သိမ်းဆည်းခံ မြေများ ပြန်လည်ရရှိရေးတို့ ပါဝင်သည်။

စာရင်းတွင် ပါသော တောင်းဆိုချက်များမှာ ဖိနှိပ်ခံ လူနည်းစု၏ အခွင့်အရေးအတွက် နိုင်ငံတကာမှ တောင်းဆိုမှုများနှင့် ကိုက်ညီနေပါသည်။

ဇွန်လ ၂၉ ရက်နေ့တွင် ARSA ၏ တပ်မှူး (အာရေဗျ ဘာသာစကားနှင့် ဆိုလျှင် ဖန်တီးခြင်း၏ ဖခင် သို့မဟုတ် တည်ဆောက်သူဟု အဓိပ္ပါယ်ရ သည့်) အဘူအမ်မာ Abu Ammar က ပေးပို့သည့် သတင်းတခုကို အဖွဲ့၏ တွစ်တာအကောင့်တွင် တင်ခဲ့ပြီး “ဗဟိုဌာနချုပ်မှ သတင်းအချက်အလက်နှင့် ကြေညာချက်အားလုံးတို့ကို Twitter စာမျက်နှာမှ ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း” ပြောသည်။ အဆိုပါ သတင်းစကားနှင့် အတူ AK-47 ချေမှုန်းရေး ရိုင်ဖယ် တလက်နှင့် ပစ္စတို တလက် ကိုင်ထားသော အမျိုးသားတဦး၏ ပုံကို တင်ခဲ့သည်။

ARSA က ကုလသမဂ္ဂမှ ဖွဲ့စည်းထားသည့် သတင်းအချက်အလက် ရှာဖွေရေး အဖွဲ့မှ အဖွဲ့ဝင်များအတွက် လုံခြုံရေးကိုပင် အပြည့်အဝ အာမခံခဲ့သည်။ သတင်းထုတ်ပြန်ချက် အမှတ် ၅ တွင် ARSA က ၎င်းတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့် ရက္ခိုင့်တပ်မတော် (AA) ကဲ့သို့ ရခိုင်ပြည်နယ်အတွင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အခြားသော အစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစဉ်အလာ တူညီစွာ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ရန်သူမှာ ရက်စက်သော မြန်မာ့တပ်မတော် ဖြစ်ပြီး ARSA က မြန်မာနိုင်ငံအတွင်းမှ ဖိနှိပ်ခံ ပြည်သူများ အားလုံးအတွက် ၎င်း၏ စစ်မှန်သော စာနာထောက်ထားမှုနှင့် စေတနာကို ကတိပြုပါကြောင်း ဖော်ပြထားသည်။

ARSA ၏ ကြေညာချက်များက စစ်အင်အားတည်ဆောက်မှုနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ အစောပိုင်းတွင် ရသေ့တောင်မြို့ နယ်မှ ရိုဟင်ဂျာ ကျေးရွာတခုကို ဝိုင်းရံမှုတို့ကို သတိပေးခြင်းဖြင့် စတင်ခဲ့သည်။ ထို့နောက် သြဂုတ်လ ၂၄ ရက်နေ့က ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး နာရီ အနည်းငယ် အကြာတွင် ရဲ နှင့် စစ်စခန်း ၃၀ ကို WhatsApp မှတဆင့် စုစည်းထားပြီး ရရာလက်နက် ကိုင်စွဲထားသော လူ ထောင်ပေါင်းများစွာနှင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရဲတပ်ဖွဲ့ဝင် ၁၂ ဦး နှင့် လူဝင်မှု ကြီးကြပ်ရေး အရာရှိတဦး သေဆုံးခဲ့သည်။ သြဂုတ်လ ၂၄ ရက်နေ့တွင် ARSA ၏ ကိုယ် ပိုင် အကောင့်များက တွစ်တာတွင် “လက်ရှိ အချိန်၌ ကျနော်တို့က ဒေသတွင်းရှိ ကွဲပြားသော နေရာ ၂၅ ခုကျော် ရှိ မြန်မာ တပ်ဖွဲ့များကို ကာကွယ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ မကြာမီ ပိုမိုများပြားလာမည်” ဟု တင်ခဲ့ကြသည်။ ထို့ နောက် ထိုညအတွင်းမှာပင် “ယခုကိစ္စသည် ကမ္ဘာ၏ အဖိနှိပ်ခံပြည်သူများကို ကာကွယ်ရန်နှင့် ဖိနှိပ်ခံပြည်သူများ ဖိနှိပ်သူများ၏ လက်မှ လွတ်မြောက်စေရေး အတွက် ကျနော်တို့၏ တရားဝင် ခြေလှမ်းတခု ဖြစ်သည်” ဟု တင်ခဲ့သည်။

မောင်တော ခရိုင်အတွင်း မွတ်ဆလင် မရှိသလောက် နီးပါး ဖြစ်ခဲ့ရသည့် တပ်မတော် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ စတင်ခဲ့ပြီးနောက်တွင် ARSA က ကြေညာချက် ထုတ်ပြန်မှုများကို အရှိန်မြှင့်ခဲ့သည်။ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ARSA က လူသားချင်း စာနာထောက်ထားမှုအရ တိုက်ခိုက်မှုများကို ခေတ္တရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။ သတင်း ထုတ်ပြန်ချက် အမှတ် ၁၀ တွင် မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်မြို့နယ်များတွင် စစ်ဆင်ခြင်းများကို ယာယီရပ်ဆိုင်းကြောင်း ဖော်ပြထားသည်။

ARSA က အယ်လ်ကိုင်းဒါး Al Qaeda၊ အိုင်းစစ် ISIS၊ လက်ရှ်ကား အီး တိုင်ဘာ Lashkar-e-Taiba သို့မဟုတ် မည်သည့် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းနှင့်မျှ ဆက်သွယ်မှု မရှိကြောင်း သေချာစေရန် လိုအပ်သည်ကို သိခဲ့သည်။ ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှ ကြေညာချက် အများစုမှာ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အကူအညီ တောင်းခံခြင်းများ ဖြစ်သည်။

ဇန်နဝါရီလ ၅ ရက်နေ့က တူရင်(Turaing) ကျေးရွာတွင် မြန်မာ့တပ်မတော်ကို ခြုံခိုတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ARSA က ၂၀၁၈ ခုနှစ် အစောပိုင်းတွင် ဝန်ခံခဲ့သည်။ အစိုးရပိုင် မီဒီယာများတွင်လည်း သတင်း ဖော်ပြခဲ့သော အဖြစ်အပျက်တခု ဖြစ်သည်။ နောက်ဆုံး သတင်းထုတ်ပြန်ချက်ကို “ အခြားသော လက်နက်ကိုင်အဖွဲ့များ၊ ဓားပြအဖွဲ့များ၊ လူကုန်ကူးအဖွဲ့များ၊ မူးယစ်ဆေးမှောင်ခိုအဖွဲ့များ နှင့် ARSA ကို နာမည်ဖျက်ရန် အကြမ်းဖက် မြန်မာ အစိုးရက ဖွဲ့စည်းထားသည့် အခြားသော အဖွဲ့အစည်းအချို့သို့ သတိပေးခြင်း” ဟု အတိတ်နိမိတ်ပြ ခေါင်းစဉ်တပ်ထားသည်ကို တွေ့ရသည်။

သတင်းထုတ်ပြန်ချက် အများအပြားတွင် သူတို့ကိုယ်သူတို့ ARSA တပ်မှူးများဟု ပြောသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒုက္ခသည် စခန်းများမှ အမျိုးသားများ၏ အရူးလုပ်ခြင်းကို မခံကြရန် မီဒီယာများ (အတိအကျဆိုရသော် France 24 နှင့် Channel News Asia တို့ကဲ့သို့သော သတင်းအဖွဲ့အစည်းများ)ကို သတိပေးခြင်းနှင့် အတူ သူတို့၏ ကြေညာချက်များတွင် “ARSA အစစ်အမှန်” ဟု ပုံမှန် ထည့်သွင်းလာသည်။

တွစ်တာမှ အစောပိုင်း ပို့စ်များထဲမှ တခုတွင် Dhaka Tribune သည် ARSA အဖွဲ့ဝင် အတုအယောင်များနှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်ပြီး CNN အင်တာဗျူးက သူတို့အဖွဲ့ ပထမဆုံးခွင့်ပြုခဲ့သော မီဒီယာ အင်တာဗျူး ဖြစ်သည်ဟု ဖော်ပြထားသည်။ ၎င်းတို့၏ စစ်ဆင်ရေးများကို အမှိုက်သရိုက်သဖွယ် ရေးသားခဲ့သည့် Frontier မဂ္ဂဇင်းမှ ဆောင်းပါးတခုကိုလည်း ARSA က တွစ်တာတွင် တိုက်ခိုက်ခဲ့သည်။ “အစိုးရ မီဒီယာ၏ ဝါဒဖြန့်ချိမှု လုံးဝ ကျဆုံးရမည်။ ယခု ကျနော်တို့တွင် ပြောဆိုခွင့်ရှိနေပြီ ဖြစ်သည်” ဟုလည်း ဖော်ပြခဲ့သည်။

ARSA ၏ သတင်းထုတ်ပြန်ချက်များတွင် သိသိသာသာ ကင်းမဲ့နေသည်မှာ မီဒီယာ ဆက်သွယ်ရေးတိုင်း၏ အခြေခံ အစိတ်အပိုင်းတခု ဖြစ်သော ဆက်သွယ်ရန် လိပ်စာ/ဆက်သွယ်ရမည့်သူ မပါဝင်ခြင်း ဖြစ်သည်။ သူတို့၏ ကြေညာချက် အားလုံးမှာ အင်္ဂလိပ်ဘာသာနှင့် ဖြစ်ပြီး မြန်မာဘာသာနှင့် တခုသာ ရှိခဲ့သည်။ ထိုတခုမှာလည်း မြန်မာနိုင်ငံတလွှားမှ သူတို့အဖွဲ့ အပေါ် ပြစ်တင်ဝေဖန်မှုများကြောင့် အချည်းနှီး ဖြစ်ခဲ့နိုင်ပါသည်။

ARSA က မြန်မာနိုင်ငံတွင် အလွန်အရေးပါသည့် ဆက်သွယ်ရေး ကြားခံတခု ဖြစ်သော ဖေ့ဘွတ် Facebook တွင် စာမျက်နှာတခုကို ဖန်တီးခဲ့ခြင်း မရှိပါ။ သို့သော်လည်း တွစ်တာအကောင့်တွင်မှု ၎င်း၏ ဗီဒီယိုများ ဖယ်ရှားခံရသည့် အတွက် စိတ်ပျက်ကြောင်းနှင့် အဘယ်ကြောင့်ဆိုသော် ရက်စက်သည့် မြန်မာအစိုးရဖက်တွင် ရပ်တည်သော Youtube ပလက်ဖောင်းကြောင့် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ချစ်ခင်ဖွယ်ရာ အကောင်းဆုံး၊ သနားကရုဏာ အကြီးဆုံး အလ္လာ အရှင်မြတ်၏ နာမတော်အရ ဆိုသည့်စာလုံးများနှင့် အတူ ရခိုင်ပြည်နယ် မြေပုံကို AR-15 ချေမှုန်းရေး ရိုင်ဖယ်(မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ လက်နက်ကိုင် အဖွဲ့အစည်းများအတွက် ပုံမှန်မဟုတ်သည့် လက်နက်) ၂ လက် ကြက်ခြေခတ်ထားသည့် ARSA ၏ အမှတ်တံဆိပ် (logo) က ကြေညာချက် အားလုံးနီးပါးတွင် ပါဝင်သည်။

ထိုသို့ပြုလုပ်ခြင်းက လက်နက်ကိုင် ခုခံမှုသည် တိကျသေချာသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းမျိုး ဖြစ်ကြောင်း တံဆိပ် တပ်ခြင်းပင်။ ကြေညာချက် အများစုတွင် ARSA ၏ ဦးစီးချုပ် အတ္တာအူလ္လာ Atta Ullah ဟု အင်္ဂလိပ် ဘာသာဖြင့် လက်မှတ် ရေးထိုးထားသည်။ အင်တာနက်ပေါ်တွင် တင်ခဲ့သည့် ဗီဒီယို အများအပြားတွင် မြင်ခဲ့ရသူနှင့် အတူတူ ပင်ဖြစ်သည်။

သို့သော်လည်း ယခုအခါ အတ္တာအူလ္လာ နှင့် သူ၏ ARSA အဖွဲ့သားများက ဆိုရှယ်မီဒီယာတွင် လုံးလုံးလျားလျား ငြိမ်သက်နေသည်မှာ ၃လ ရှိပြီ ဖြစ်သည်။ ARSA ၏ ဆိုရှယ်မီဒီယာတွင် ငြိမ်သက်နေမှုက ARSA သည် ဘယ်တုန်းကမျှ မရှိခဲ့ ဆိုသည့် ဇာတ်ကြောင်းတခု ပေါ်ထွက် လာနေခြင်းနှင့် တိုက်ဆိုင်နေသည်။

၂၀၁၇ ခု နှစ် သြဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်မှုများသည် မြန်မာ လုံခြုံရေးတပ်ဖွဲ့များအား သူတို့၏ အင်အား မမျှတသော၊ ရက်စက်သော နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများက တရားမျှတမှု ရှိကြောင်း ပြသရန် လုပ်ဆောင်ခဲ့သော အသွင်ယူ စစ်ဆင်ရေးများ ဖြစ်သည် ဆိုသည့် ဇာတ်ကြောင်းတခုကို ယခုအခါ ရိုဟင်ဂျာ နှင့် အနောက်တိုင်းမှ လူ့အခွင့်အရေး လှုပ်ရှားသူများက ဖြန့်ချိနေကြသည်။

ရိုဟင်ဂျာ သတင်းအဖွဲ့တခု ဖြစ်သည့် Kaladan Press ၏ ၂၀၁၇ ခုနှစ်က သတင်းတခုတွင် “တပ်မတော်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွက် သတိကြီးစွာဖြင့် ကြိုတင် ပြင်ဆင်ခဲ့သည်။ အားလုံးမဟုတ်လျှင်ပင် ARSA တိုက်ခိုက်မှု အများစုသည် ချေမှုန်းရေး အတွက် အကြောင်းပြချက်တခု အနေဖြင့် လုပ်ဇာတ်ခင်းခံရခြင်း ဖြစ်နိုင်ပါသည်” ဟု ရေးသားခဲ့သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရဲတပ်ဖွဲ့ စခန်းများကို တိုက်ခိုက်ခဲ့ခြင်းက ရိုဟင်ဂျာ ပြဿနာတွင် မေ့လျော့ခံထားရသော ရှုထောင့်တခု ဖြစ်သည်။ တပ်မတော်၏ ပြင်းထန်ရက်စက်သော ဆူပူသောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးများတွင် လူ ၈၇၀၀၀ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ အကယ်၍ လုံခြုံရေးတပ်ဖွဲ့များကို နောက်ထပ်တိုက်ခိုက်မှု များပြုလုပ်ခဲ့ပါက ရိုဟင်ဂျာများ အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လိမ့်မည်ဟု အကြိုမြင်ကွင်းတခု ဖြစ်ခဲ့သည်။

ပထမ တိုက်ခိုက်မှုများ အပြီးတွင် ဖြန့်ချိခဲ့သော ARSA ၏ ဗီဒီယိုက ယုံကြည် စိတ်ချရသည့် အသွင်ရှိပါသည်။ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ International Crisis Group (ICG) က ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစောင်၌ အသစ် ပေါ်ပေါက်လာသော လက်နက်ကိုင် အဖွဲ့တခု အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသည်။ နောက်ပိုင်းတွင် အစိုးရပိုင် မီဒီယာများတွင် ပြည့်စုံစွာ မှတ်တမ်းတင် ဖော်ပြမှုများအရ ဆိုလျှင် လပေါင်းများစွာ အတွင်း ARSA က မောင်တောမြို့နယ်မှ အစိုးရ သတင်းပေးဟု သံသယရှိသူများကို လုပ်ကြံ သတ်ဖြတ်ခဲ့သည်။

သို့သော်လည်း သတ်ဖြတ်မှု စွပ်စွဲချက်များကို ARSA က ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။ ARSA ၏ မြင့်မြတ်သော ပုံရိပ်ကို ပျက်စီးစေရန် အကွက်ဆင်ခြင်း ဖြစ်သည်ဟု ပြောသည်။ လုံခြုံရေးတပ်ဖွဲ့များ၏ ရှာဖွေရေး စစ်ဆင်ရေးများအတွင်း မောင်တော ခရိုင်အတွင်း၌ အကြမ်းဖက် လေ့ကျင့်ရေး စခန်း အများအပြား တွေ့ရှိခဲ့ရသည်ဟု အစိုးရပိုင် မီဒီယာများက ဆိုသည်။

မြန်မာအစိုးရက အကြမ်းဖက်မှု နှိမ်နင်းရေး စကားကို တိုး၍ အသုံးပြုလာနေပြီး ပြည်တွင်းတွင် လူကြိုက်များသည့် ဇာတ်ကြောင်းတခု ဖြစ်သော ရိုဟင်ဂျာများ တရားမဝင် ဝင်ရောက်မှုက အစ္စလမ်မစ် အကြမ်းဖက်ဝါဒနှင့် ဆက်စပ်နေသည် ဆိုခြင်းကိုလည်း လက်ခံပေးနေသည်။ နိုင်ငံတကာမှ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စိုးရိမ်မှုများကို ရယူသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုပြုလုပ်ရန် တောင်းဆိုနေသည်။

မြန်မာအစိုးရက ARSA ကို လက်နက်ကိုင် တော်လှန်သူများ၊ လွတ်လပ်ခွင့်အတွက် တိုက်ခိုက်သူများ အနေဖြင့် မဟုတ်ဘဲ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်များအဖြစ် ရည်ညွှန်းရန် မီဒီယာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ညွှန်ကြားခဲ့သည်။ ထိုသို့ ရည်ညွှန်းခြင်းဖြင့် ရိုဟင်ဂျာများ အားလုံးတွင် အပြစ်ရှိသွားစေပြီး ပြစ်ဒဏ်ပေးမှုကို တရားမျှတကြောင်း ပြသနိုင်မည် ဖြစ်သည်။

အလိုရှိသည့် ARSA အကြမ်းဖက်အဖွဲ့ဝင်များ၏ ဓာတ်ပုံများကို အစိုးရပိုင် သတင်းစာများတွင် အချပ်ပို တခုအနေဖြင့် ဆက်တိုက် ထုတ်ပြန်ခဲ့သော ၂၀၁၈ ခု နှစ် အစောပိုင်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး တံဆိပ်တပ်ခြင်းက နောက်ထပ် စိတ်မသက်သာစရာ အခြေအနေတခုသို့ ရောက်ရှိခဲ့သည်။

ရိုဟင်ဂျာ မွတ်ဆလင်များ အရေး နိုင်ငံတကာက ဒေါသတကြီး တုန့်ပြန်ခဲ့ကြသော်လည်း ဂျာနယ်လစ်များ၊ တက်ကြွ လှုပ်ရှားသူများ၊ လေ့လာဆန်းစစ်သူများနှင့် အကူအညီပေးရေး လုပ်သားများက ARSA ၏ သဘောသဘာဝ၊ အရွယ်အစား၊ ဦးတည်ချက်များနှင့် လှုပ်ရှားမှုများ၊ ARSA တွင် မည်သည့် အဆက်အသွယ်ရှိသည် သို့မဟုတ် ၎င်း၏ အဖွဲ့ဝင်များနှင့် မလေးရှား၊ ပါကစ္စတန် နှင့် ဆော်ဒီအာရေးဗီးယားမှ ကြီးမားသော ရိုဟင်ဂျာ အသိုင်းအဝိုင်း ဆက်သွယ်မှု တို့နှင့် ပတ်သက်၍ အရေးပါသော မေးခွန်းများကို မေးမြန်းရန် ပျက်ကွက်ခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ပိုမိုနားလည်ရခက်သည်မှာ ရိုဟင်ဂျာ အများအပြားက ARSA ရှိကြောင်း ဝန်ခံခဲ့ကြပြီး သူတို့ကို တိုင်းပြည်မှ ထွက်ခွာခဲ့ရစေသည့် စစ်ဆင်ရေးများ ဖြစ်ပွားစေခဲ့သည်ဟု ယူဆရသော ARSA ၏ လုပ်ရပ်များ အပေါ် ဒေါသထွက်နေကြခြင်း ဖြစ်သည်။

ARSA က ယုံတမ်းစကားတခု မဟုတ်ဆိုသည်ကို အတည်ပြုခြင်းက မြန်မာ့တပ်မတော်၏ စိတ်ဓာတ်စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနနှင့် သတင်းမှန်ထုတ်ပြန်ရေး အဖွဲ့ကို များစွာ ယုံကြည်လက်ခံမှု ပေးလိုက်ခြင်းလည်း ဖြစ်သွားနိုင်သည်။ သတင်းမှန် ထုတ်ပြန်ရေး အဖွဲ့သည် ပြင်းပြင်းထန်ထန် ငြင်းဆန်ခြင်း၊ ပွင့်ပွင့်လင်းလင်း လူမျိုးရေး ခွဲခြားခြင်းနှင့် သံသယ လွန်ကဲစိတ်ကို လောင်စာဖြည့်ရာတွင် ကျွမ်းကျင်ပါသည်။

တပ်မတော်၏ အကန့်အသတ်ရှိသော ကမ္ဘာ့အမြင်ကြောင့် ယခုကဲ့သို့သော ခေတ်မီဆန်းပြားသည့် လှည့်ကွက်မျိုးကို တွေ့ရှိနိုင်လိမ့်မည် (သို့မဟုတ်) အကောင်အထည်ဖော်နိုင်လိမ့်မည် ဆိုသည်က သံသယ ရှိစရာ ဖြစ်သည်။

သို့သော်လည်း ၂၀၁၇ ခုနှစ် သြဂုတ်လ တိုက်ခိုက်မှုများ နောက်ပိုင်းတွင် တွစ်တာ၌ မြန်မာနိုင်ငံမှ အသုံးပြုသူ အရေအတွက် သိသိသာသာ တိုးပွားလာခဲ့သည်။ နိုင်ငံရေး ကိစ္စနှင့် ပတ်သက်၍ အွန်လိုင်းပေါ်တွင် စကားလုံး စစ်ပွဲဆင်နွဲရန် တွစ်တာကို အသုံးပြုမှု တိုးလာသည်ဟု သုတေသီတဦး ဖြစ်သည့် Ray Serrato က မှတ်သားခဲ့သည်။

အဆိုပါ တွစ်တာ အကောင့်သစ်များထဲမှ အများစုကို တပ်မတော်၏ ညွှန်ကြားမှုဖြင့် ဆော့ဖ်ဝဲ သို့မဟုတ် လူက ထိန်းချုပ်သည့် ဆော့ဖ်ဝဲများဖြင့် လုပ်ဆောင်နေခြင်းဟု အခိုင်အမာ သံသယ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လျှို့ဝှက် ကြံစည်မှု သီအိုရီများက အလွန်ပင် ခေတ်စားကြောင်း သြစတြေးလျ ပညာရှင်တဦး ဖြစ်သည့် Andrew Selth က မှတ်ချက်ချသည်။ တိုင်းပြည် ကာလရှည်ကြာစွာ အထီးကျန်နေခဲ့ခြင်း၏ ရောဂါ လက္ခဏာ တခုဖြစ်ပြီး ၂၀၁၁ ခုနှစ်မှ စ၍ ဆိုရှယ်မီဒီယာမှ တဆင့် ပျံ့ပွားမှု တိုးလာနေခဲ့သည်။ သို့သော်လည်း Andrew Selth ၏ အယူအဆ အတိုင်းဆိုလျှင် လျှို့ဝှက်ကြံစည်မှု သို့မဟုတ် ရှုပ်ထွေးမှုတခုကြား ရွေးရမည် ဆိုပါက မြန်မာနိုင်ငံတွင် ရှုပ်ထွေးသော အခြေအနေဟု ယူဆရမည် ဖြစ်သည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်မှ စတင်သည့် တိုက်ခိုက်မှုများတွင် အကြမ်းဖက်သမား ၆၂၀၀ မှ ၁၀၀၀၀ အထိပါဝင်ခဲ့ သည်ဟု တပ်မတော်မှ သတင်းအချက်အလက် စုံစမ်းစစ်ဆေးရေး အဖွဲ့တခုက ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပြောသည်။ ၁၂ ရက်ကြာ တိုက်ခိုက်မှုများ အတွင်းတွင် လုံခြုံရေးတပ်ဖွဲ့များက ၃၇၆ ဦးကို သုတ်သင်နိုင်ခဲ့၍ ၇၈ ဦး ဖမ်းမိခဲ့သည်ဟု ဆို သည်။

ARSA က လူနည်းစု တိုင်းရင်းသားများနှင့် ဟိန္ဒူအများစု ဖြစ်သည့် အရပ်သား ၁၃၁ ဦးကို သတ်ဖြတ်ခဲ့သည်ဟုလည်း စွပ်စွဲခဲ့သည်။ အဆိုပါ ပြောဆိုမှုက အငြင်းပွားစရာ ဖြစ်သော်လည်း ARSA သို့မဟုတ် ၎င်းကို ထောက်ခံသူများက ရိုဟင်ဂျာ မဟုတ်သည့် ကျေးရွာများကို တိုက်ခိုက်ရာတွင် အရပ်သားများကို ပစ်မှတ်ထားခဲ့ကြောင်း လွတ်လပ်သည့် လေ့လာ စောင့်ကြည့်သူ အများအပြားက သဘောတူခဲ့ကြသည်။

ARSA က မည်သည့်အတွက်ကြောင့် တွစ်တာတွင် ရေးသားမှု ရပ်ဆိုင်းသွားရပါသနည်း။ ဖြစ်နိုင်ချေ သီအိုရီတခုမှာ ၎င်းတို့က အဖွဲ့ကို ပြန်လည်ဖွဲ့စည်းနေပြီး နောက်တကြိမ် လျှပ်တပြက် တိုက်ခိုက်မှု ပြုလုပ်ရန် ပြင်ဆင်သည့် အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်နေသည်၊ အများပြည်သူ ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် အစွန်းမထွက်စေလိုသောကြောင့် ဟူ၍ ဖြစ်သည်။

နောက်ထပ် သီအိုရီတခုမှာ ARSA ၏ ဆိုရှယ်မီဒီယာမှ သတင်းစကားများက အချို့နေရာများတွင် ပြောင်းပြန် အကျိုး သက်ရောက်စေခဲ့သောကြောင့် ၎င်းတို့ သတိထား တည်ဆောက်ခဲ့သည့် အပြစ်မဲ့ ရိုဟင်ဂျာ အရပ်သားများကို ရက်စက်ကြမ်းတမ်းသော မြန်မာ့တပ်မတော်က မောင်းထုတ်ခဲ့သည် ဆိုသော ဇာတ်ကြောင်းကို မထိခိုက်စေလိုသော ကြောင့် ဟူ၍ ဖြစ်သည်။

မသေသပ်သော သို့မဟုတ် ထုတ်ဖော်ပြသလို ဖြစ်နေသော သတင်းစကားများက တပ်မတော်၏ ရက်စက်မှုများကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC) က စစ်ဆေးပေးရန် တောင်းဆိုနေခြင်းကို ထိခိုက်စေနိုင်ပါသည်။ သို့မဟုတ် အချို့က ယူဆကြသလို ယူဂိုဆလားဗီးယား နိုင်ငံဟောင်းမှ ကိုဆိုဗိုတွင် မြင်တွေ့ခဲ့ရသည့်အတိုင်း ကုလသမဂ္ဂက ကြားဝင်စွက်ဖက်၍ ရိုဟင်ဂျာတို့ နေရာတခု ဖြစ်သည့် ရခိုင်ပြည်နယ်မှ မောင်တောခရိုင်ကို ဖဲ့ထုတ်ပေးနိုင်သည့် အလားအလာကို ထိခိုက်နိုင်ပါသည်။

ထိုအချက်များက ARSA ၏ လူသိရှင်ကြား ကြေညာချက်များ မတိုင်မီကတည်းက ထွက်ပေါ်နေသော အိုင်ဒီယာများ ဖြစ်သည်။ ယခုအခါ ပြည်ပရောက် ရိုဟင်ဂျာများနှင့် နိုင်ငံတကာမှ တက်ကြွလှုပ်ရှားသူများထံမှ အလားတူ ကြားရခြင်းက ထူးဆန်းနေပါသည်။

ထို့ကြောင့် တချိန်က တက်ကြွနေခဲ့သော ARSA ၏ တွစ်တာအကောင့် ငြိမ်သက်နေခြင်းက တဦးတယောက်၏ ဆုံးဖြတ်ချက် မဟုတ်ဘဲ စုပေါင်းလုပ်ဆောင်ခြင်း တခု ဖြစ်နိုင်/မဖြစ်နိုင်နှင့် လက်နက်ကိုင် ARSA အဖွဲ့နှင့် ပြင်ပမှ “ငြိမ်းချမ်းစွာ” ဆောင်ရွက်သည်ဟုဆိုသော တက်ကြွလှုပ်ရှားသူများကြား ပူးပေါင်း ဆောင်ရွက်မှု သို့မဟုတ် လျှို့ဝှက်ကြံစည်မှု အတိုင်းအတာအပေါ် မေးခွန်းများ ထွက်ပေါ်စေခဲ့သည်။

(David Scott Mathieson သည် ရန်ကုန် အခြေစိုက် လွတ်လပ်သော လေ့လာဆန်းစစ်သူ တဦးဖြစ်ပါသည်။ Asia Times ပါ သူ၏ The curious disappearance of Myanmar’s Rohingya rebels ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading