နှစ်ပေါင်း ၇၀ ကျော်ကြာ နေထိုင်လာတဲ့ ပန်ခိုက်ဆိုတဲ့ရွာလေးကို ဦးအိုက်ခေးတယောက် အဝေးကပင် လှမ်းကြည့်ခွင့် မရတော့ပါ။
ဦးအိုက်ခေးဟာ အနာကြီးရောဂါကုသတဲ့ MDT ဆေးဝါးကို ၆ လကြာ သောက်သုံးဖို့ ကျိုင်းတုံမြို့က နောင်ကန် အနာကြီးရိပ်သာမှာ ဆေးကုသမှုခံယူနေချိန်မှာပဲ သူ့မှာရောဂါရှိနေတာကြောင့် ရွာမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေအားလုံး ပန်ခိုက်ရွာလေးက နှင်ထုတ်ခံလိုက်ရပါတယ်။
ပန်ခိုက်ရွာမှာရှိစဉ်က အတော်အတန်ငွေကြေးပြည်စုံတဲ့ ဦးအိုက်ခေးဟာ ဒီရောဂါစတင်ခံစားနေရချိန်မှာ အနာကြီး ရောဂါမှန်းမသိဘဲ နတ်ဆရာတွေ၊ တိုင်းရင်းဆေးဆရာတွေဆီမှာ တက်နိုင်သမျှ ဆေးမြီးတိုတွေနဲ့ ဆေးကုသခဲ့တာကြောင့် ကျွဲ ၁၀ ကောင်ကျော်နဲ့ ငွေကြေး အတော်အတန် ဆုံးရှုံးခဲ့ရတဲ့အပြင် သူ့ရဲ့ ဘယ်ဘက်မျက်လုံးတလုံးလည်း ဒီရောဂါကြောင့် ဆုံးရှုံးခဲ့ရပါတယ်။
ရောဂါအခြေအနေ မသက်သာဘဲ ပိုမိုဆိုးဝါးလာတာကြောင့် မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံကို သွားပြချိန်မှာတော့ အနာကြီးရောဂါအဖြစ် သံသယရှိလို့ ကျိုင်းတုံဆေးရုံကြီးကိုသွားပြီး ဆေးစစ်ရပါတယ်။ အဲဒီကအဖြေရမှသာ အနာကြီးရောဂါမှန်းသိပြီး ဆေးကုသမှု ခံယူနေစဉ်အချိန် အတွင်းမှာပဲ မိသားစုဝင်တွေကို ရွာကနေနှင်ထုတ်ခံလိုက်ရတဲ့အတွက် ဦးအိုက်ခေးဟာ ဝေဒနာကြောင့် ခံစားရတာထက် သူ့ရောဂါကြောင့် မိသားစုဝင်တွေ နှင်ထုတ်ခံလိုက်ရတဲ့အပေါ် အတော်စိတ်ထိခိုက်ခဲ့ရပါတယ်။
“ကျနော် ဆေးကုနေတုန်းမှာပဲ ကျနော့်သားကလာပြောတယ်။ အဖေ့မှာ ဒီရောဂါရှိလို့ ကျနော်တို့ တမိသားစုလုံး ရွာကထွက်ပေးပါလို့ ခဏခဏ လာပြောလို့ ထွက်ပေးလိုက်ရတယ်လို့ လာပြောတော့ ဒီဝေဒနာခံစားနေရတာထက် အဆပေါင်းများစွာ နာကြင်ခဲ့ရပါတယ်။ နှင်ထုတ်တဲ့အထဲမှာ ကျနော်အမျိုးတွေလည်းပါတယ်။ ဆေးကုပြီး ပြန်လာကတည်းက ပန်ခိုက်ရွာကို ကျနော်လုံးဝမပြန်ရတော့တာ ခုချိန်ထိပါပဲ” လို့ တချိန်ကသူ့အဖြစ်အပျက်တွေကို ဦးအိုက်ခေးက စိတ်မကောင်းစွာ ပြန်ပြောပြပါတယ်။
သူနေထိုင်တဲ့ ပန်ခိုက်ရွာလေးဟာ အိမ်ခြေတရာကျော်ရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ဝအထူးဒေသ (၄)၊ ဝပြည်သူ့စစ်လက်အောက်ခံ နယ်မြေဖြစ်ပြီး မြို့ပြနဲ့အတော်အလှမ်းဝေးတဲ့အတွက် ရွာခံတွေရဲ့ ကျန်မာရေးဗဟုသုတ အသိပညာနည်းပါးမှုတွေကြောင့် သူတို့ဒေသမှာ အနာကြီးရောဂါတယောက် ဖြစ်ပြီဆိုတာနဲ့ တမိသားစုလုံးကို နှင်ထုတ်လေ့ရှိပါတယ်။
၂၀၁၂ ခုနှစ်ထဲမှာပဲ ဦးအိုက်ခေးတို့ မိသားစုတွေနဲ့အတူ အနာကြီးရောဂါဖြစ်တဲ့ မိသားစု ၃ စုဟာ ရွာကနေနှင်ထုတ်ခံခဲ့ရပြီး သူတို့ထက်အရင် နှင်ထုတ်ခံရတဲ့ မိသားစုတွေရှိတဲ့ လူသူကင်းဝေးရာ တောင်တန်းလျှိုမြောင်တွေကြားမှာ ပုန်းခိုနေထိုင်တဲ့ သူတို့ကိုယ်တိုင် နာမည်ပေးထားတဲ့ ပန်လင်ဆိုတဲ့ရွာလေးမှာပဲ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။
လူသူကင်းဝေးရာ တောတောင်လျှိုမြောင်တွေကြား တဲသာသာ အိမ်ကလေးတွေထဲမှာ ပုန်းခိုနေထိုင်ကြရင်း မိုးဒဏ်၊ လေဒဏ်နဲ့ ရှမ်းပြည်အရှေ့ပိုင်းရဲ့ ချမ်းအေးလှတဲ့ရာသီဥတုဒဏ်တွေကို ၃ နှစ်လောက် ခါးစည်းခံခဲ့ရတယ်လို့ ဦးအိုက်ခေးက ပြောပါတယ်။
ပန်လင်ရွာလေးမှာ ၃ နှစ်လောက်ပုန်းခိုနေထိုင်ကြရင်း ဘဝတူအနာကြီးရောဂါသည် အိမ်ထောင်စု ၇ စုလောက်ဖြစ်လာတဲ့အခါမှာတော့ နေရာထိုင်ခင်းနဲ့ စားဝတ်နေရေးအတွက် မြေယာတွေ မလုံလောက်တော့တဲ့ ပြဿနာတွေကြောင့် ရေကြည်ရာမြက်နုရာ နေရာသစ်တခုကို ရွှေ့ပြောင်းနေထိုင်ဖို့ ရေခံမြေခံကောင်းတဲ့ နေရာသစ်တခုကို ရှာဖွေခဲ့ရပြန်ပါတယ်။
အနာကြီးရောဂါထပ်မံမဖြစ်ပွားအောင် ရောဂါတိုက်ဖျက်တဲ့ MDT ဆေးတွေသောက်သုံးပြီးဖြစ်သော်လည်း သူတို့ကို အနာကြီးရောဂါသည်တွေလို့ သတ်မှတ်ထားတဲ့ လူ့အသိုင်းအဝိုင်းနဲ့ ကင်းဝေးရာနေရာတွေမှာပဲ ဘဝသစ်တွေကို ပြန်လည်ထူထောင်ဖို့ကြိုးစား ရုန်းကန်ခဲ့ရပါတယ်။
ဒီလိုလူတောထဲမတိုးရဲတဲ့ အနာကြီးရောဂါသည်တွေကို လိုက်လံရှာဖွေနေတဲ့ ရှမ်းပြည်အရှေ့ပိုင်းက ခရစ်ယာန်သာသနာ အနာကြီးရောဂါ လုပ်ငန်းအဖွဲ့ရဲ့ အကူအညီနဲ့ တုံဖိုင်ဆိုတဲ့ ရွာသစ်လေးတခုကို ၂၀၁၅ ခုနှစ်ကတည်ထောင်ခဲ့ပြီး သူတို့အတွက် ရေအားလျှပ်စစ်၊ အိမ်သာနဲ့ သောက်သုံးရေလှောင်ကန်တွေကို တည်ဆောက်ပေးခဲ့တာကြောင့် အခုအချိန်မှာတော့ တုံဖိုင်ရွာလေးမှာ ဦးအိုက်ခေးတို့အပါအဝင် မိသားစု ၇ စု စိတ်အေးလက်အေး ပျော်ရွှင်စွာနဲ့ အခြေချနေထိုင်လာခဲ့တာ ၃ နှစ်ကျော်ခဲ့ပါပြီ။
သူတို့လို အနာကြီးရောဂါခံစားရသူတွေ အတွက်တော့ ကမ္ဘာကြီးက ပိုပိုပြီး ကျဉ်းလာနေပြီလားလို့ ပြောရမလိုပါ။ တုံဖိုင်ရွာ စတင်တည်ဆောက်နေစဉ်မှာပဲ အနာကြီးရောဂါဖြစ်တဲ့ နောက်ထပ် အိမ်ထောင်စု ၃ စုကို ပန်ခိုက်ရွာက ထပ်မံနှင်ထုတ်ခဲ့ကြပါတယ်။
အသစ်ထပ်မံနှင်ထုတ်ခံရတဲ့ မိသားစုဝင်တွေအထဲမှာ အသက် ၁၄ နှစ်သာရှိသေးတဲ့ နော်ရှမ်းဆိုတဲ့ ကိုရင်တပါးလည်း ရောဂါကူးစက်ခြင်း ခံရတာကြောင့် လူဝတ်လဲပြီး သူတို့ချစ်တဲ့ ရွာလေးနဲ့ ဆွေးမျိုးတွေကို စွန့်ခွာပြီး ဦးအိုက်ခေးတို့နေတဲ့ တုံဖိုင်ရွာနဲ့ ၃ မိုင်လောက်အကွာမှာ နမ့်ခိုလှုံဆိုတဲ့အမည်နဲ့ ရွာလေးတည်ပြီး မိသားစု ၃ စု နေထိုင်နေကြပါတယ်။
“ကျနော် ကိုရင်ဝတ်နေတုန်း ဒီရောဂါဖြစ်လို့ လူဝတ်လဲလိုက်ရတယ်။ ကျနော့်အဖေမှာလည်း ဒီရောဂါဖြစ်နေလို့ ရွာက နှင်ထုတ်ကြလို့ ဒီ (နမ့်ခိုလှုံရွာ) မှာလာနေကြတာပါ။ ဒီကိုရောက်တာ ၄ နှစ်လောက်ရှိပြီ။ ကျနော့်ရဲ့လက်တွေက ရောဂါဖြစ်လို့ ကွေးကုန်တယ်။ အဲဒါကို မော်လမြိုင်က အနာကြီးရောဂါဆေးရုံမှာ ခွဲစိတ်မှုပြုလုပ်ပေးလို့ အခုလို အကောင်းပကတိပြန်ဖြစ်လာတာပါ” လို့ အသက် ၁၈ နှစ်အရွယ်လောက်ရှိပြီဖြစ်တဲ့ နော်ရှမ်းတယောက် သူလက်တွေကို ထိုးပြရင်း ရှင်းပြပါတယ်။
အနာကြီး ရောဂါကြောင့် လက်နှစ်ဘက်က အကြောတွေသေဆုံးခဲ့ရတဲ့ နော်ရှမ်းဟာ မော်လမြိုင်မှာရှိတဲ့ ခရစ်ယာန်သာသနာပိုင် အနာကြီးရောဂါဆေးရုံ (ခေါ်) အရေပြားရောဂါ အထူးကုဆေးရုံးကြီးမှာ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့တာကြောင့် သူ့ရဲ့လက်တွေ အကောင်းပကတိအတိုင်း ပြန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
တုံဖိုင်ရွာလေးက မိသားစု ၇ စုမှာ လူဦးရေ ၄၄ ယောက်ရှိပြီး နမ့်ခိုလှုံရွာလေးမှာ မိသားစုဝင် ၃ စုမှာ လူဦးရေ ၁၈ ယောက် နေထိုင်ကြပါတယ်။ အိမ်ထောင်စု တစုမှာ အနာကြီးရောဂါဖြစ်ပွားသူ တယောက်ရှိပြီး အနာကြီးရောဂါ ပိုးတိုက်ဖျက်ဆေး MDT သောက်သုံးပြီးဖြစ်လို့ ရောဂါပျောက်ကင်းသက်သာပြီး သာမန်လူတွေလိုပဲ စားဝတ်နေရေးအတွက် အလုပ်တွေကို ပြန်လုပ်နေကြပြီဖြစ်ပေမယ့်လည်း လူတွေရဲ့ ခွဲခြားဆက်ဆံခံရမှုတွေကြောင့် တောတွင်းထဲမှာ သီးခြားကမ္ဘာလေးအဖြစ်သာ သူတို့ ရပ်တည်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
“ရွာထဲက မထွက်ခင်ကဆို ကျနော်တို့ မိသားစုကို စကားမပြောကြတော့ဘူး။ တရွာလုံးက သူတို့အိမ်ပတ်ဝန်းကျင်မှာ ထုံးတွေဖြူးတယ်။ အိမ်တိုင်တွေမှာ ထုံးတွေကွင်းတယ်။ ရွာထဲကထွက်သွားဖို့လည်း ခဏခဏလာပြောတယ်။ ကျနော့်မှာ သားသမီး ၈ ယောက်ရှိတယ်။ သားအကြီး ၃ ယောက်က အိမ်ထောင်ခွဲတွေ။ သူတို့ကရော၊ ကျနော်ညီမနဲ့ အမျိုးတွေကပါ ရွာကနေ ထွက်သွားစေချင်တာလေ” လို့ ဦးအိုက်ခေးက ပြောပါတယ်။
ရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး သူတို့အထဲက တစုံတယောက် ဆုံးပါးတဲ့အခါမှာတောင် ဘာသာရေး ထုံးတမ်း အစဉ်အလာတွေ အတိုင်း ပြုလုပ်ဖို့ သံဃာတော်တွေပင့်ဖိတ်တဲ့အခါမှာလည်း လာရောက်ဖို့ အခက်အခဲတွေရှိတာကြောင့် ဘာသာရေး ထုံးတမ်း အစဉ်အလာတွေ မပြုလုပ်နိုင်ဘဲ ရွာမှာရှိတဲ့လူတွေနဲ့ မြေမြှုပ်သင်္ဂြ ိုဟ်တာတွေ ပြုလုပ်ခဲ့ရပါတယ်။
လူသူကင်းဝေးရာ တောတောင်လျှိုမြှောင်တွေမှာ ပြောင်းရွှေ့နေထိုင်ရတာကြောင့် ဘဝကိုအသစ်က ပြန်စခဲ့ရသလို နှင်ထုတ်ခံရစဉ်က မိသားစုဝင်တွေက အပြစ်မပြောဘဲ ပြုစုစောင့်ရှောက်ပေးတာတွေကြောင့် အခုလိုပြန်လည်ရပ်တည် လာနိုင်တာလို့ ဦးအိုက်ခေးက ပြောပါတယ်။
ပတ်ဝန်းကျင်အသိုင်းအဝိုင်းတခုလုံးက ပြစ်တင်ပြောဆိုနေကြပေမယ့် မိသားစုဝင်တွေရဲ့ မားမားမတ်မတ်ရပ်တည်ပေးမှုနဲ့ ဒုက္ခတွေကို အတူခံစားပေးတာကြောင့်သာ လမ်းဘေးကို ရောက်မသွားဘဲ အခုလို နေထိုင်နိုင်တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“ဒီရောဂါဖြစ်လို့လည်း အပြစ်မတင်သလို အပြစ်တင်စရာအကြောင်းလည်းမရှိပါဘူး။ စွန့်ပစ်မှာလည်းမဟုတ်ဘူး။ ရောဂါဖြစ်ရင်လည်း အတူတူပဲနေမယ်၊ ဒုက္ခရောက်ရင်လည်း အတူတူပဲနေမယ်” လို့ ဦးအိုက်ခေးရဲ့ ဇနီးက ပြောပါတယ်။
တဖက်မှာ မိသားစုဝင်တွေရဲ့ ပြုစုစောင့်ရှောက်မှုတွေကြောင့် ဘဝသစ်ကိုပြန်လည်ထူထောင်ခွင့်ရသူတွေရှိသလို၊ မိသားစုကပါ စွန့်ပစ်ခဲ့တဲ့ အနာကြီးရောဂါသည်တွေကတော့ ခိုးကိုးရာမဲ့ လမ်းဘေးမှာ တောင်းရမ်းစားသောက် ရတဲ့သူတွေ၊ ခရစ်ယာန် အနာကြီးဂေဟာတွေမှာ ခိုလှုံနေရတဲ့ သူတွေလည်းရှိပါသေးတယ်။
ကျိုင်တုံမြို့ရဲ့ အပြင်က နောင်ကန်ရွာလေးဟာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း တရာကျော်ကတည်းက အနာကြီးရောဂါသည် တွေရဲ့ သီးခြားကမ္ဘာလေးအဖြစ်တည်ရှိခဲ့တာပါ။
၁၉၃၄ ခုနှစ်မှာ American Baptist Mission ခရစ်ယာန်သာသနာပြု ဒေါက်တာ အာရ် အက်စ် ဘတ်ကာက နောင်ကန် အနာကြီး ရိပ်သာအဖြစ် စတင်တည်ထောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလမှာတော့ ဒေါက်တာ ဘတ်ကာ ရွာကနေထွက်ခွာသွားခဲ့တာကြောင့် ၁၉၄၅ ခုနှစ်မှာ ရိုမန်ကက်သလစ်ခရစ်ယာန် သီလရှင် Sister Maria Bambina က အနာကြီးရောဂါသည်တွေကို ပြန်လည်စောင့်ရှောက် ပေးခဲ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ အီတလီ ရိုမန်ကသစ်လစ်ခရစ်ယာန် ဘုန်းတော်ကြီး Father Cesare Colombo က ၁၉၄၆ ခုနှစ်မှာ အသစ်ပြန်လည် တည်ထောင်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ နိုင်ငံခြားသားတွေ နေထိုင်ခွင့် မရရှိတော့တာကြောင့် Father Cesare Colombo ဟာ မြန်မာပြည်က ထွက်ခွာသွားခဲ့ရပြီး မြန်မာပြည်တွင်း ကျန်ခဲ့တဲ့ ရိုမန်ကသလစ်ရစ်ယာန် သာသနာပြုအဖွဲ့တွေကို ပြန်လည်လွှဲအပ်ပေးခဲ့ကာ ဒီကနေ့အထိ သူတို့ကပဲ အနာကြီးရောဂါ သည်တွေကို ကြည့်ရှုစောင့်ရှောက်နေတာပါ။
လက်ရှိ နောင်ကန်ရွာမှာတော့ အိမ်ခြေတရာကျော်၊ လူဦးရေ ၅၀၀ ကျော်နေထိုင်ကြပြီး ခိုကိုးရာမဲ့ မိသားစုမရှိတဲ့ သက်ကြီးရွယ်အို အနာကြီးရောဂါသည် ၃၀ ဦးရှိကာ မိသားစုဝင်များနဲ့အတူနေထိုင်နေကြပါတယ်။
အနာကြီးရောဂါသည်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေဟာ ဒီနေ့ခေတ်အထိရှိနေဆဲပဲ ဖြစ်ပြီး ရောဂါမရှိတဲ့ သူတို့ရဲ့ မိသားစုဝင် တွေကိုပါ ခွဲခြားဆက်ဆံကြတာတွေကြောင့် မိသားစုဝင်တွေကိုယ်တိုင်ကစွန့်ပစ်ခဲ့တာတွေရှိသလို၊ မစွန့်ပစ်တဲ့ မိသားစုတွေကိုတော့ မိသားစုလိုက် ဖယ်ကျဉ်တာမျိုးတွေ ခံခဲ့ရပါတယ်။ ဒီလိုခွဲခြားဆက်ဆံမှုတွေကြောင့် အနာကြီးရောဂါသည် တွေရဲ့ မိသားစုဝင်တွေထဲက မျိုးဆက်သစ်ရင်သွေးငယ်တွေဟာ ဆုံးခန်းတိုင်အောင် ပညာသင်ကြားခွင့်မရကြဘူးလို့ နောင်ကန်အနာကြီးရိပ်သာ တာဝန်ခံ စစ္စတာနာတလီနာအာပိုက ပြောပါတယ်။
“ဒီမှာက ကျမတို့က ၆ တန်းအထိပဲရှိတယ်။ မြို့မှာ ကျောင်းသွားတက်ပြီဆိုတာနဲ့ ဘယ်ကလာလဲ မေးခံရပြီး နောင်ကန်ကဆိုတာနဲ့ လူတွေကသိပြီ။ ဝင်ကတည်းက မုခ်ဦးကလည်း အနာကြီးရိပ်သာ ဆိုတာကြီးက ဖြုတ်ဖို့ကောင်းပြီ။ သူတို့အတွက်က ဘောင်တခုလိုမျိုးလည်း ဖြစ်နေတယ်။ အဲဒါကြောင့် သူတို့ ၃ တန်းဆို ကျောင်းထွက်ကြတယ်၊ နွားကျောင်း၊ ကျွဲကျောင်းတွေလုပ်ကြတယ်။ ပညာဆုံးတယ်ဆိုတာ မရှိကြဘူး။ သူတို့ရဲ့ ပညာရေးလေးကိုလည်း လုပ်ပေးစေချင်တယ်။ မိန်းကလေးတွေဆို ထိုင်းဘက်မှာအလုပ်သွားလုပ်၊ ဒီအဆင့်ကနေကို တက်မလာနိုင်ကြတော့ဘူး” လို့ စစ္စတာ နာတလီနာအာပိုက ပြောပါတယ်။
ယခင်ဝန်ကြီးချုပ်ဦးနုလက်ထက်က နောင်ကန်အနာကြီးရိပ်သာမှာ ရောဂါသည်တွေနဲ့ မိသားစုဝင်တွေ နေထိုင်ဖို့ အုတ်ကြွပ်မိုး ပျဉ်ထောင်အိမ် ၁၀ လုံးကို အစိုးရက ဆောက်လုပ်ပေးခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်က ဟောင်းနွမ်းနေတဲ့ အဲဒီအိမ်တွေကို အခုထိ အသုံးပြုနေရတာကြောင့် NLD အစိုးရလက်ထက်မှာတော့ လွှတ်တော်ကိုယ်စားလှယ် တွေက အဲဒီနေအိမ် ၁၀ လုံးကို အစိုးရစရိတ်နဲ့ ပြန်လည်ပြုပြင်ပေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းက ကျိုင်းတုံခရိုင်နဲ့ တာချီလိတ်ခရိုင်အတွင်းမှာ လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်က လူ ၁၀၀ မှာ ၆ ယောက် အနာကြီးရောဂါ ဖြစ်ပွားမှုနှုန်းရှိခဲ့တဲ့ ဒေသဖြစ်တာကြောင့် မိုင်းပျဉ်း၊ တုံတာ၊ ကျိုင်းတုံ၊ တာလေနဲ့ တာချီလိတ်မြို့နယ်တွေမှာ အနာကြီးရောဂါ ဖြစ်ပွားခဲ့ကြ တယ်လို့ မှတ်တမ်းတွေရှိခဲ့ဖူးပြီး အဲဒီဒေသတွေမှာ အနာကြီးရောဂါသည်တွေ သီးသန့်စုပေါင်းနေထိုင်တဲ့ရွာကြီးတွေနဲ့ ခရစ်ယာန် သာသနာပြု ဆေးရုံးကြီးတွေရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်နောက်ပိုင်းမှာတော့ ရောဂါကူးစက်ခံရမှုနှုန်းတွေ ကျဆင်းလာခဲ့တာလို့ သိရပါတယ်။
ဝန်ကြီးချုပ်ဦးနု လက်ထက်ပြီးနောက်ပိုင်းမှာတော့ အနာကြီးရောဂါသည်တွေနဲ့ ပတ်သက်လို့ အစိုးရဆီက ရောဂါတိုက်ဖျက်ဆေး MDT ဆေးဝါး ပေးတာကလွဲရင် ဘာအထောက်အပံ့ အကူအညီမှ မရရှိခဲ့ကြပါဘူး။ အနာကြီးရောဂါ ကူးစက်ခံရသူတွေနဲ့ သူတို့ရဲ့ဘဝပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဖို့၊ ခွဲခြားဆက်ဆံခံရမှုတွေ ပပျောက် လျော့နည်းလာစေတဲ့ လှုပ်ရှားမှုမျိုးတွေကိုတော့ ရိုမန်ကသလစ် ခရစ်ယာန် သာသပြုအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံ ခရစ်ယာန် အနာကြီးသာသနာစတဲ့ ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတွေလောက်သာ ကူညီမှုှုတွေကို တွေ့ရှိခဲ့ရပါတယ်။
အစိုးရအနေနဲ့လည်း အနာကြီးရောဂါဖြစ်ပွားခဲ့သူတွေ အတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းပိုင်းတွေ၊ စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ရောဂါကူးစက်ခံရသူတွေရဲ့ မိသားစုဝင်တွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးလုပ်ငန်းတွေအပြင်၊ ရောဂါသည်တွေရဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေနဲ့ ပညာရေးကဏ္ဍတွေမှာ ကူညီထောက်ပံ့ပေးစေချင်ကြောင်း စစ္စတာနာတလီနာအာပိုက ဆက်ပြောပါတယ်။
“ကျိုင်းတုံဆေးရုံက ရောဂါဖြစ်တဲ့လူနာတွေကို ကျမတို့ဆီပဲလွှတ်တာ၊ နိုင်ငံတော်က ရောဂါရပ်တန့်သွားအောင် ၆ လစာ ဆေးတွေ ပေးတာရှိပေမယ့် ရောဂါဖြစ်ပွားတဲ့နှုန်းက မရပ်သွားကြဘူး။ သူတို့က ဆေးပဲပေးတာ ကျန်တာအားလုံး ကျမတို့က တာဝန်ယူထားရတာ။ ရေရှည်မှာ ကျမတို့လည်း ဒီလောက်အထိမလုပ်ပေးနိုင်ဘူးလေ။ ရောဂါရှိတဲ့လူတွေကိုပဲ ပြုစုတယ်၊ ကျွေးမွေးတယ် ဒီလောက်ပဲ တက်နိုင်တယ်။ လုံးဝပပျောက်သွားအောင်လုပ်ဖို့ဆိုတာ နိုင်ငံတော်နဲ့ ကျမတို့လက်တွဲမှ နိုင်ငံတော်ကလည်း ကျမတို့ကို စိတ်ဝင်စားမှ ဆက်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ အထူးသဖြင့်တော့ ပညာရေးပေါ့။ ဒီကလေးတွေရဲ့ ပညာရေးကို အစိုးရအနေနဲ့ စိတ်ဝင်စားစေချင်တယ်” လို့ နောင်ကန်အနာကြီးရိပ်သာ တာဝန်ခံ စစ္စတာနာတလီနာအာပိုက ပြောပါတယ်။
၂၀၀၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် ၁၃ နှစ်အတွင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်က အနာကြီးရောဂါ တိုက်ဖျက်ရေးဌာန National Leprosy Control Program ရဲ့ စာရင်းဇယားတွေအရ အနာကြီးရောဂါတိုက်ဖျက်ဆေး MDT ဆေးဝါး သောက်သုံးပြီး ရောဂါပျောက်ကင်းသွားသူဦးရေ ၃ သိန်းကျော်ရှိပြီး အဲဒီအထဲမှာ အနာကြီးရောဂါပိုးတိုက်ခိုက်ခံရမှုကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ မသန်စွမ်းသူ ၁ သိန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
၂၀၀၃ နောက်ပိုင်း မြန်မာနိုင်ငံမှာ အနာကြီးရောဂါဖြစ်ပွားသူ လူနာသစ် တနှစ်ကို ၂၅၀၀ ကနေ ၃၀၀၀ ဖြစ်ပွား နေပြီး ဒီရောဂါတွေနဲ့ ပတ်သက်လို့ လူနာသစ်ရှာဖွေးရေး၊ ကုသရေး၊ ပြန်လည်ထူထောင်ရေးတွေမှာ အစိုးရအနေနဲ့ တာဝန်ယူမှုတွေ နည်းပါးကြောင်း၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆေးရုံကြီးများအဖြစ် မန္တလေးတိုင်း ရေနံ့သာ ဆေးရုံတရုံသာရှိပြီး မော်လမြိုင်မှာက ခရစ်ယာန်အနာကြီးဆေးရုံ (ခေါ်) အရေပြားအထူးကု ဆေးရုံကတော့ ခရစ်ယာန်သာသပိုင်ဖြစ်တယ်လို့ အနာကြီးရောဂါသည်တွေကို ပြုစုစောင့့်ရှောက်ပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
အနာကြီးရောဂါသည်တွေနဲ့ပတ်သက်လို့ ကူညီထောက်ပံ့ပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အင်မတန်နည်းပါးကြောင်း၊ အစိုးရအဖွဲ့ အစည်းတွေထဲမှာလည်း ရောဂါသည်အသစ်တွေကို ရှာဖွေဆေးကုပေးတဲ့ ဝန်ထမ်း ၃၀၀ လောက်သာရှိပြီး အနာကြီးရောဂါကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားပြီး မသန်စွမ်းဖြစ်သွားသူတွေ ပြန်လည်ထူထောင်ရေးလုပ်ပေးတဲ့ နေရာမှာ တော်တော်လေး အားနည်းတာတွေ့ရတယ်လို့ The Leprosy Mission Myanmar ရဲ့ Country Director ဒေါက်တာ ဇော်မိုးအောင် က ပြောပါတယ်။
“ကျန်းမာရေးဝန်ထမ်းတွေကြားထဲမှာ၊ အထူးသဖြင့် အနာကြီးရောဂါနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေမရှိကြဘူး၊ နောက်ပြီး သာမန်လူတွေကို ဆေးရုံဆေးခန်းတွေမှာ ဆေးကုသမှုခံယူဖို့ ကျန်းမာရေးဝန်ထမ်းတွေကလည်း ကြောက်ကြသလို အနာကြီးရောဂါသည် တွေကလည်း ခွဲခြားဆက်ဆံခံရမှာ ကြောက်ကြတာတွေကြောင့် သူတို့လိုအပ်တဲ့ ဝန်ဆောင်မှုတွေရယူဖို့ အခက်အခဲတွေရှိနေဆဲပါပဲ” လို့ ဒေါက်တာဇော်မိုးအောင်က ပြောပါတယ်။
သူကဆက်ပြီး “မြန်မာနိုင်ငံမှာ ၂၀၁၄ သန်းခေါင်းစာရင်းအရ ၂.၃ သန်းကျော်လူဦးရေဟာ မသန်စွမ်းတွေဖြစ်ပြီးတော့ မသန်းစွမ်း ၂၄ ယောက်မှာ ၁ ယောက်ဟာ အနာကြီးရောဂါကြောင့် ဆိုတာတွေ့ရတယ်။ မသန်စွမ်းသူတွေ လူအုပ်စုကြားထဲမှာ အနာကြီးရောဂါကြောင့် မသန်စွမ်းသူပါဖို့ အလွန်အရေးကြီးပါတယ်။ အနာကြီးရောဂါကြောင့် မသန်စွမ်းဖြစ်သွားသူတွေရဲ့ အခွင့်အရေးတွေအတွက် လုပ်စရာတွေအများကြီးပဲ ကျန်ပါသေးတယ်” လို့လည်း သိရပါတယ်။
မသန်စွမ်းသူတွေ ကြားထဲမှာပဲ အနာကြီးရောဂါကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူတွေဟာ လူတောတိုးနိုင်ဖို့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးရရှိနိုင်ဖို့တောင် စိတ်ပိုင်ဆိုင်ရာ အားပေးမှုတွေ အများကြီးလိုအပ်နေဆဲဆိုရင် မှီခိုရာမဲ့လို့ အနာကြီး ရိပ်သာတွေမှာ ခိုလှုံနေထိုင်ကြတဲ့ သူတွေနဲ့ ဦးအိုက်ခေးတို့လို တောကြိုအုံကြား လူသူကင်းဝေးရာအရပ်မှာ နေထိုင်နေရတဲ့ လူတွေဆိုရင် ပိုလို့တောင် လိုအပ်နေမှာသေချာပါတယ်။
ဦးအိုက်ခေးတို့တွေကတော့ ခွဲခြားဆက်ဆံမှု ကင်းမဲ့ဇုန်ထဲက စွန့်ပစ်ခံ သီးခြားကမ္ဘာလေးထဲမှာ ဘဝတူ မိသားစုဝင်တွေနဲ့အတူ ဖြတ်သန်းနေကြပါတယ် ….။
ဆက်စပ် ဖတ်ရှုရန် – အပယ်ခံ မာယား